အခန်း၃၂
Viewers 14k

အခန်း(၃၂)

 

“ရှင်… ရှင် နိုးလာပြီလား”

 

“အမ်…” လုလီရှင်းသည် နှာသံဖြင့် ပြန်ဖြေလိုက်သည်။ သူက ခြုံထားသောစောင်ကို ဖယ်လိုက်ပြီး အိပ်ရာထဖို့ ပြင်ဆင်လိုက်သည်။

 

“ဟေး… ရှင် ဘာလုပ်နေတာလဲ”

 

လုလီရှင်းသည် ပြတင်းပေါက်နားက စားပွဲခုံကို ကြည့်လိုက်သည်။

 

“မလုပ်ရဘူး။” ကျီချင်းချင်းသည် သူ့စောင်ကို ပြန်ဆွဲယူလိုက်သည်။ “ကျွန်မ ရှင့်ကို ကောင်းကောင်းဂရုစိုက်ပေးပါ့မယ့်လို့ အကြီးအကဲလုကို ကတိပေးထားတယ်။ ရှင် အခု‌ ဖျားနေတယ်။ ရှင် ဘာမှလုပ်စရာ မလိုဘူး။ ရှင် အိပ်ရာထဲမှာ လှဲလျောင်းပြီး အနာယူဖို့လိုအပ်နေတယ်။”

 

“ကိုယ့်မှာ လုပ်စရာအလုပ်တွေရှိတယ်”

 

“ရှင် ဘာပဲလုပ်ချင်ချင် ကျွန်မ ရှင့်အတွက် လုပ်ပေးမယ်” ကျီချင်းချင်းသည် အလွန်စိတ်ပိုင်းဖြတ်ထားပြီး လုံးဝမတုန်လှုပ်ပေ။ “ရှင့်ရဲ့အခြေအနေကြောင့် အကြီးအကဲလု စိတ်တော်‌တော်လေး ပင်ပန်းနေတယ်။ သူ့ကို စိတ်အေးရအောင် လုပ်ပေးစမ်းပါရှင်”

 

“အဖိုး အဆင်ပြေရဲ့လား”

 

“သူ နေကောင်းပါတယ်။ ဆရာဝန်ပြောတာကတော့ သူ အခုတစ်လော အရမ်းစိတ်ပင်ပန်းတာ များနေတယ်လို့ပြောတယ်။ ခဏလောက် ကောင်းကောင်းအနားယူလိုက်ရင် သူ သက်သာသွားလိမ့်မယ်”

 

လုလီရှင်းသည် ခေါင်းညိမ့်လိုက်သည်။ သူက အနားယူရန် အိပ်ရာပေါ်တွင် တိတ်တဆိတ် ပြန်လှဲလျောင်းနေခဲ့သည်။ ကျီချင်းချင်းသည် သူမမျက်နှာပေါ်တွင် အပျော်များကို မဖျောက်နိုင်ပဲ ပြုံးပျော်နေသောကြောင့် လုလီရှင်းက သူမကို မေးလိုက်သည်။

 

“မင်း ဘာလို့ ဒီလောက်ပျော်နေရတာလဲ။”

 

“ရှန်းဝေဝေက ကျွန်မကို ဘယ်လို တရားစွဲထားတယ်ဆိုတာကို ရှင် မှတ်မိတယ်မလား”

 

ကျီချင်းချင်းက သူ့ကုတင်စွန်း ဝင်ထိုင်လိုက်သည်။ သူမမျက်လုံးများသည် ပျော်ရွှင်မှုကြောင့် လခြမ်းကွေးလေးလို ကွေးညွတ်နေသည်။ သူမသည် ယုံကြည်အားထားရသောသူကို ထူးထူးခြားခြား အဖြစ်အပျက်ကို ပြောဆိုဟန်ဖြင့် တိုးတိုးလေး ပြောပြလိုက်သည်။

 

“ကုမ္ပဏီက ဒီကိစ္စကို စုံစမ်းစစ်ဆေးပြီးတဲ့နောက်မှာ ကျွန်မအတွက် အမှန်တရားကို ရှာဖွေတွေ့ရှိသွားခဲ့ကြတယ်။ ကုမ္ပဏီက ရှင်းလင်းပြတ်သားတဲ့ ထုတ်ပြန်ချက်တစ်ခုကို ထုတ်ပြန်ခဲ့ပြီးတော့ ကျွန်မကို ကူညီပေးခဲ့တယ်။ ကျွန်မ ပိုက်ဆံလည်း ပေးစရာမလိုတော့ဘူး။ ထောင်ထဲဝင်စရာလည်း မလိုတော့ဘူး။”

 

ကျီချင်းချင်း၏အပြုံးကို ကြည့်ရင်း လုလီရှင်း မသိလိုက်မသိဖာသာပဲ သူ့အလိုလို ပြုံးမိသွာသည်။ သူက တိတ်တဆိတ်ရှိနေခဲ့သည်။

 

“ကျွန်မကို ကူညီခဲ့တဲ့သူက အကြီးအကဲလုဆိုတာ သေချာတယ်” လို့ ပြောပြီးနောက်မှာ ကျီချင်းချင်းသည် သူမ၏ဝေ့ပေါ်ကို စိတ်မရှည်စွာ ဖွင့်ကြည့်လိုက်သည်။

 

သေချာတာကတော့ ထျန်းယွိအင်တာတိန်းမန့်ရဲ့ တရားဝင်အကောင့်မှာ ရှင်းလင်းထားတဲ့ ထုတ်ပြန်ကြော်ငြာချက်တစ်ခုရှိသည်။ ဒါပေမယ့် ဒီပြဿနာဖြစ်ပွားခဲ့တာက တစ်လလောက် ရှိနေပါပြီ။ အင်တာနက်အသုံးပြုသူများစွာက ကျီချင်းချင်းကို ပက်ပက်စက်စက် ကျိန်ဆဲခဲ့ပြီးကြပြီ။ သူတို့က သူမသည် ရက်စက်ယုတ်မာသော အမျိုးသမီးတစ်ယောက်ဟုပင် ပြောဆိုခဲ့ကြသည်။

 

အကောင်းဆုံးကတော့ ကျီချင်းချင်းသည် ဖျော်ဖြေရေးအသိုင်းအဝိုင်းတွင် ဒုတိယအဆင့် ကြယ်ပွင့်တစ်ယောက်သာဖြစ်ခဲ့သည်။ ပြီးခဲ့သည့်နှစ်များအတွင်း သူမသည် အခြားသရုပ်ဆောင်များ၏ ကျော်ကြားမှုကို လျှောကျစေခဲ့ပြီး သူမ၏အနုပညာအလုပ်အား အောင်မြင်စေရန် အခြားမင်းသမီးများကို ခြောက်ချခဲ့သည်။ သူမကို ထိုမင်းသမီးများ၏ပရိသတ်များက မုန်းတီးနေသည်မှာ ကြာပါပြီ။

 

လွန်ခဲ့သောတစ်လက ရှန်းဝေဝေနှင့် ဖြစ်ပျက်ခဲ့သော ပြဿနာသည် လူသိရှင်ကြား ပွက်လောရိုက်ခဲ့သည်။ တန်းတူညီမျှကြမ်းတမ်းစွာဖြင့် နှစ်ပေါင်းများစွာ ဖိနှိပ်ခံရမှုများ ခံခဲ့ရသော ထိုမင်းသမီးများ၏ ပရိသတ်များသည် ကျီချင်းချင်းအား အပြစ်ပြောဆိုထိုးနှက်ရန် သူတို့၏ စည်းလုံးညီညွှတ်မှုကို ပြသခဲ့သည်။ သူတို့က ကျီချင်းချင်းကို ပျက်စီးသွားစေဖို့ ရည်ရွယ်ပြီး သူမကို ရွှံ့ထဲသို့ တွန်းချခဲ့ကြသည်။ သူတို့က သူမရဲ့ကံကြမ္မာကို ပြောင်းပြန်လှည့်ဖို့ မျှော်လင့်ချက် မရှိတာကို သိရှိခဲ့ကြသောကြောင့် ကျီချင်းချင်းကို အကြိမ်အနည်းငယ်လောက် တွန်းချဖို့ထက် ဘာမှကို မလုပ်ချင်ခဲ့ကြဘူး။

 

ကျီချင်းချင်းမှာ အစစ်အမှန် ပရိသတ်များ မရှိပါ။ သူမတွင် ပရိသတ် အတုအယောင်များသာရှိပြီး နာမည်ကျော်ကြားရန် သူမ၏ပရိသတ်များသည် ဝေ့ပေါ်စီမံခန့်ခွဲရေးအဖွဲ့မှ ဝယ်ယူထားတာဖြစ်သည်။ ဖြစ်ကောင်းဖြစ်နိုင်တကတော့ သူမရဲ့အရည်အချင်း အစစ်အမှန်ကြောင့် မဟုတ်ပဲ သူမရဲ့ အဖိုးတန်မျက်နှာလေးကြောင့် ရရှိသည့် ပရိသတ်အနည်းငယ်တော့ ရှိကောင်းရှိနိုင်ပါသည်။ ဒါပေမယ့် သူတို့က အခြားအင်တာနက်အသုံးပြုသူလူအုပ်စုကြီးကြောင့် အမြှောက်စာများပင် ဖြစ်သွားကြလိမ့်မည်။

 

ရှန်းဝေဝေသည် သူမထွက်ကျရာမှ ပြန်သတိရလာသောအခါ မုန့်ရွှင်းသည် အမှန်တရားကို တန်ဆာဆင်ရန် ရေတပ်များကို ဝယ်ယူခဲ့သည်။ မည်သူမျှ သတိမပြုခဲ့မိသော မင်းသမီးတစ်ယောက်ဖြစ်သည့် ရှန်းဝေဝေသည် စိတ်ဝင်စားဖွယ်ကောင်းသောခေါင်းစဥ်တစ်ခုကြောင့် ချက်ချင်းပင် ကျော်ကြားမှုများ ရရှိခဲ့သည်။ ဒီအဖြစ်အပျက်ကြောင့် သူမရဲ့ဝေ့ပေါ်ပရိသတ်ဟာ အရေအတွက် တစ်သန်းထိ တက်သွားခဲ့သည်။

 

ဒါပေါ့၊ ဒီပရိသတ်အသစ်အများစုကတော့ ရှန်းဝေဝေကို တကယ်ကြိုက်နှစ်သက်လို့ မဟုတ်ပါဘူး။ သူမသည် ကျီချင်းချင်း၏ ဆန့်ကျင်ဖက်မှာ ရပ်တည်နေသောကြောင့်သာ သူတို့က သူမကို ဂရုစိုက်ခဲ့ကြတာဖြစ်သည်။

 

လွန်ခဲ့သောလများက ဤအဖြစ်အပျက်အား စိတ်ကုန်စရာကောင်းအောင် ဆွေးနွေးခဲ့ပြီးဖြစ်သောကြောင့် ဤအကြောင်းအရာအပေါ် စိတ်ဝင်စားမှုမှာ စတင်ကျဆင်းလာခဲ့သည်။ လူနည်းစုကသာလျှင် ဒီကိစ္စကို အာရုံစိုက်နေဆဲဖြစ်သည်။

 

အံ့သြစရာကောင်းတာက ဒီနေ့မှာတော့ ထိုဇာတ်လမ်းဟာ ပြောင်းပြန်ဖြစ်သွားခဲ့သည်။

 

ကျီချင်းချင်းသည် ထျန်းယွိအင်တာတိန်းမန့်၏ တရားဝင် ဝေ့ပေါ်အကောင့်မှ မှတ်ချက်များကို ဖတ်ရှူခဲ့သည်။ ရှန်းဝေဝေ၏မှတ်ချက်သည် ကြိုက်နှစ်သက်မှုနှင့် ပြန်လည်ဝေမျှ အများဆုံး ရရှိခဲ့သည်။

 

ရှန်းဝေဝေ၏တရားဝင်အကောင့်: ဒီကိစ္စအတွက် ကျွန်မ အရမ်းဝမ်းနည်းမိပါတယ်။ အဲ့ဒီအချိန်တုန်းက မစ်ကျီက ကျွန်မကိုတွန်းခဲ့တယ်လို့ ကျွန်မ တကယ်ထင်ခဲ့တာ။ လွန်ခဲ့သောလအတွင်း မစ်ကျီကို ဖြစ်ပေါ်စေခဲ့သော ပြဿနာများတွေနဲ့ ရှုပ်ထွေးခက်ခဲစေတာတွေအတွက် ကျွန်မမှာ အရမ်းအပြစ်ရှိတယ်လို့ ခံစားရပါတယ်။ အကယ်၍ မစ်ကျီက ဒီကိစ္စကို တစ်ယောက်ယောက်ကို တာဝန်ယူစေချင်ရင် ကျွန်မ တစ်ဦးတည်း တာဝန်ယူပေးပါ့မယ်။

 

ရှန်းဝေဝေ၏မှတ်ချက်ကြောင့် အောက်ပါမှတ်ချက်များအားလုံးသည် သူမအား နှစ်သိမ့်ပေးခဲ့ကြသည်။

 

[ဒါက မင်းအပြစ်မဟုတ်ပါဘူး။ ကျီချင်းချင်းက အဲ့ဒီဗီဒီယိုထဲမှာ အရမ်းရန်လိုနေခဲ့တာပဲ။ မင်း မတော်တဆလဲကျသွားခဲ့တာက မင်းကို သူမက စိတ်အနှောင့်အယှက်ပေးပြီး ပျာယာခတ်စေတာကြောင့်ပဲ။ ဒါက နားလည်မှုလွဲသွားတာပဲ။]

 

[ဗီဒီယိုမှာ မှတ်တမ်းတင်ထားတဲ့ အခြေအနေက အရမ်းရှင်းလင်းပါတယ်။ ကျီချင်းချင်းက မင်းကို ရန်မရှာခဲ့ဘူးဆိုရင် မင်းလဲကျမှာ မဟုတ်ဘူး။ ကျီချင်းချင်းက ဘာမှဖြစ်တာ မဟုတ်ဘူး။ မင်း သူ့ကို တောင်းပန်စရာ မလိုပါဘူး။]

 

[ဒီအခြေအနေမှာဆိုရင် တစ်စုံတစ်ယောက်က မင်းကို တွန်းချခဲ့တယ်လို့ ထင်မိကြမှာပဲ။ ဒါ့အပြင် ကျီချင်းချင်းက ဒီလိုဖြစ်ခဲ့ရတာက ထိုက်တန်ပါတယ်။ ရန်ပွဲစတင်သူက အမြဲတမ်း အပြစ်ရှိသူပဲ။ သူမကသာ မင်းကို လာမရှာခဲ့ဘူးဆိုရင် ဘာမှဖြစ်မှာ မဟုတ်ဘူး။]

 

ဟေး… ဘာဖြစ်သွားတာလဲ။ မူလခန္ဓာကိုယ်ပိုင်ရှင်သည် အပြစ်အကင်းဆုံးပဲ၊ ဟုတ်ပြီလား။