အခန်း(၃၇)
လုလီထင်သည် နံနက် ၉နာရီတွင် ဆေးရုံသို့ရောက်လာသည်။ မုန့်ရွှင်း၏ဖုန်းခေါ်ဆိုမှုကိုရရှိပြီးနောက် သူက ဒီနေရာသို့ အပြေးအလွှားလာခဲ့သည်။
ဆေးရုံစင်္ကြံတစ်ခုတွင် လုလီထင်သည် မုန့်ရွှင်းနှင့်ဆုံတွေ့ခဲ့ပြီး “ဝေဝေ ဘယ်မှာလဲ” လို့ မေးခဲ့သည်။
မုန့်ရွှင်းသည် ပိတ်ထားသော ဆေးရုံအခန်းတံခါးကို မေးထိုးပြ၍ “သူမ အထဲမှာ” လို့ ပြောလိုက်သည်။
“ဘာဖြစ်သွားတာလဲ။”
မုန့်ရွှင်းက သူမရှေ့မှာရပ်နေတဲ့ ခန့်ညားတဲ့လူကိုကြည့်ပြီး တိုးတိုးလေး ပြောပြလိုက်သည်။ “ထျန်းယွိအင်တာတိန်းမန့်က ဝေ့ပေါ်မှာ ပြီးခဲ့တဲ့တစ်လအကြာကဖြစ်ခဲ့တဲ့ ဝေဝေရဲ့ဒဏ်ရာတွေအကြောင်း ဒီနေ့ရှင်းလင်းချက်တစ်ခု ထုတ်ပြန်ခဲ့တယ်။ အဲဒီတုန်းက ဝေဝေမှာ ဒဏ်ရာတွေအများကြီးရခဲ့ပြီး သူမမျက်နှာမှာလည်း ဒဏ်ရာရသွားတယ်။ အဲ့တာက ဖျော်ဖြေရေးအသိုင်းအဝိုင်းမှာ သူမရဲ့အနာဂတ်ကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်တယ်။ အဲ့တာကြောင့် သူမ အဲဒီအချိန်ကတည်းက စိတ်အခြေအနေမကောင်းခဲ့ဘူး။ ကံကောင်းထောက်မစွာပဲ ကျွန်မက သူမအတွက် ထောက်ခံချက်တွေနဲ့ သရုပ်ဆောင်နေရာအချို့ကို ရထားခဲ့တယ်။ ဝေဝေက မသက်သာသေးပေမယ့် အဲဒီအင်တာဗျူးတွေအတွက် ပြင်ဆင်နေတာကြာပြီ။ ဒါပေမယ့် ကုမ္ပဏီက ရှင်းလင်းချက်ထုတ်ပြန်ပြီးတဲ့အခါမှာ ဝေဝေရဲ့ထောက်ခံချက်တွေနဲ့ သရုပ်ဆောင်နေရာအားလုံးကို ကျီချင်းချင်းကို ပေးလိုက်တယ်။ ကျီချင်းချင်းရဲ့ကိုယ်စားလှယ်က ကျွန်မကိုဖုန်းဆက်ပြီးတော့ သူတို့က ဝေဝေကို ဖြစ်ပျက်ခဲ့တာတွေအတွက် တာဝန်ယူဖို့ပြောတယ်။ ဝေဝေကို အဲ့ဒီသတင်းကို မဖုံးထားမိတဲ့ ကျွန်မအပြစ်ပါပဲ။ ဝေဝေက အဲ့သတင်းကိုသိလိုက်ရတော့ သူမအရမ်းစိတ်ထိခိုက်သွားပြီး သူမက...”
လုလီထင်၏မျက်နှာသည် ကြောက်စရာကောင်းလောက်အောင် မည်းမှောင်သွားကာ “ငါ နားလည်ပြီ”
ထိုသို့ပြောပြီးနောက် သူက တံခါးကိုတွန်းဖွင့်ပြီးနောက် အထဲကိုဝင်သွားခဲ့သည်။
မုန့်ရွှင်းသည် ဆေးရုံအခန်းတံခါးအပြင်ဖက်တွင် ရပ်နေသည်။ အခန်းပြတင်းပေါက်ကနေ သူမသည် ရှန်းဝေဝေက လုလီထင်၏ရင်ခွင်ထဲသို့ သူမကိုယ်သူမ ပစ်ဝင်လိုက်သည်ကို မြင်တွေ့လိုက်ရသည်။ သူမ၏နှုတ်ခမ်းများက အဓိပ္ပါယ်ရှိသောအပြုံးတစ်ခုအသွင် ကွေးညွှတ်သွားသည်။
ဆေးရုံအခန်းထဲတွင် လုလီထင်သည် ရှန်းဝေဝေကိုပွေ့ဖက်လိုက်သည်။ သူမ၏လက်ကောက်ဝတ်ရှိ ပိတ်ကျဲစကိုမြင်ပြီး သူက “ဒီလောက်မိုက်မဲတဲ့အရာကို မင်း ဘာကြောင့်လုပ်ရတာလဲ” လို့ စိတ်ဆိုးဒေါသထွက်စွာ ပြောလိုက်သည်။
ရှန်းဝေဝေသည် လုလီထင်၏ရင်ဘတ်၌ သူမမျက်နှာကို အပ်လိုက်သည်။ သူမခေါင်းကိုခါယမ်းပြီး ငိုကြွေးလိုက်သည်။
ဆေးရုံအခန်း၌ တစ်လအကြာတက်ခဲ့ရသော ရှန်းဝေဝေ၏ခန္ဓာကိုယ်သည် ပိုပိုပြီးပိန်ပါးလာသည်။ သူမရဲ့မျက်နှာသေးသေးလေးက ပိုလေးထောင့်ဆန်လာပြီးတော့ သူမရဲ့မျက်နှာက သိသိသာသာဖြူဖျော့လာသည်။ ဆေးရုံဝတ်စုံသည် သူမ၏ပါးလျသောခန္ဓာကိုယ်ထက်ဝယ် လျော့ရဲနေသောတဲအိမ်တစ်လုံးနှင့်တူသည်။ လုလီထင်က သူမအား ထိုမေးခွန်းကိုမေးမြန်းပြီးနောက် သူမမျက်ဝန်းမှာ မျက်ရည်များစီးကျလာသည်။ သူမ၏နုနယ်မှုက သူမအား သနားစဖွယ်ဖြစ်စေပြီး ကာကွယ်ပေးလိုသောဆန္ဒကို ဖြစ်ပေါ်စေသည်။
လုလီထင် သူ့ကိုယ်သူပင် သတိမထားမိပဲ သူ့လေသံက ပျော့ပျောင်းသွားသည်။ သူ့ဒေါသများပျောက်ကွယ်သွားပြီး သူမအတွက် သူခံစားခဲ့ရသော ပူပင်သောကများသာ ကျန်ရှိတော့သည်။ သူမကိုပွေ့ဖက်ရင်း သူက သူမကုတင်ဘေးမှာ ထိုင်လိုက်သည်။ “မကြောက်ပါနဲ့။ ဘာဖြစ်တာလဲ ကိုယ့်ကိုပြော ကိုယ်ကူညီပေးမယ်။”
ရှန်းဝေဝေဟာ ပိုပိုပြီးငိုကြွေးလာလေသည်။ သူမမျက်နှာရဲ့ညာဖက်အခြမ်းကို ဖုံးကွယ်ထားသည်။ အဲ့ဒီဖက်မှာ ရှည်လျားတဲ့အမာရွတ်တစ်ခုရှိတယ်။”
သူမက လုလီထင်ကိုကြည့်ပြီး ပြောလိုသောစကားကို ရင်ဖွင့်ပြောလိုသော်လည်း မပြောခင်မှာ ရပ်တန့်သွားသည်။ သူမမျက်လုံးများတွင် မျက်ရည်များပြည့်လျှံနေခဲ့သည်။ သူမသည် ဝမ်းနည်းနာကျင်နေရသည့် မကျေနပ်ချက်များကို သူ့ကိုပြောပြချင်ဟန်တူသော်လည်း နောက်ဆုံးတွင် သူမတစ်ယောက်တည်း ထိုဝန်ကိုထမ်းရန် ပြောစရာစကားတို့ကိုမျိုချလိုက်သည်။ သူမက “ကျွန်မ အဆင်ပြေပါတယ်” လို့ ခေါင်းမာစွာပြောသည်။
လုလီထင်က သက်ပြင်းချလိုက်သည်။ ဝေဝေသည် သူ့ရှေ့၌ ဤကဲ့သို့ အမြဲပြုမူသည်။ သူမ ဘယ်လိုအဆက်အခဲတွေပဲကြုံကြုံ သူမက ထိုအခက်အခဲများကို သူမတစ်ယောက်တည်းရင်ဆိုင်ချင်တယ်။ သူမသည် သူမရဲ့ဒုက္ခများနှင့် သူ့ကိုအနှောင့်အယှက်မဖြစ်စေလိုပေ။ ဘာဖြစ်ခဲ့တာလဲဆိုတာကိုသိချင်ရင် သူက သူ့ဖာသာသူစစ်ဆေးဖို့ အမြဲလိုအပ်တယ်။
“ဝေဝေ ကိုယ်က မင်းရဲ့ကောင်လေးပါ။ မင်း အခက်အခဲတွေကြုံတွေ့တဲ့အခါကျရင် ဘာဖြစ်ခဲ့တာလဲဆိုတာကို မင်း ကိုယ့်ကို အမြဲပြောပြနိုင်မယ်လို့ ကိုယ်မျှော်လင့်တယ်။ ကိုယ် မင်းကိုကာကွယ်ပေးမှာပါ။’
ရှန်းဝေဝေသည် သူမခေါင်းကိုခါလိုက်သည်။ သူမက ခေါင်းမာစွာ ရယ်မောကာ “ကျွန်မမှာ ဘာပြဿနာမှမရှိပါဘူး။” လို့ ပြောလိုက်သည်။
“မင်း ကိုယ့်ကို အမှန်တရားကို ဘယ်လောက်ကြာကြာ ဖုံးကွယ်ထားဖို့ စိတ်ကူးထားတာလဲ။’
“ကျွန်မ…”
“မင်းရဲ့ကိုယ်စားလှယ်က ကိုယ့်ကို အဖြစ်အပျက်အားလုံးပြောပြပြီးပြီ။ မင်းဒဏ်ရာရတာက ကျီချင်းချင်းကြောင့် ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ အဲ့တာက အရေးမကြီးဘူး။ သူက မင်းကို ပြဿနာရှာလို့ မင်း တောင်ကုန်းပေါ်က ထွက်ကျသွားတာပဲ။ ပြီးတော့ အခုတော့ သူမက မင်းကို အဲ့အတွက် တာဝန်ယူခိုင်းချင်တယ်တဲ့လား။”
အရင်တုန်းက သူ မျက်မမြင်ဖြစ်ခဲ့တယ်။ သူ ကျီချင်းချင်းကို ပထမဆုံးအကြိမ်တွေ့ဆုံသောအခါက သူမသည် ရံဖန်ရံခါ ပြဿနာသေးသေးလေးပဲလုပ်တတ်တယ်လို့ သူထင်ခဲ့သည်။ ဒါပေမယ့် အမှန်တရားကတော့ သူမဟာ ရက်စက်တတ်တယ်။ သူမဟာ မနာလိုမှုဖြင့် အရာအားလုံးကို သေးသေးလေးကစလို့ အပြစ်ရှာတတ်လေသည်။
“ဒါက ကျွန်မအမှားပါပဲ။ အဲ့ဒီတုန်းက အခြေအနေက ဖရိုဖရဲဖြစ်နေခဲ့တယ်။ အဲ့တာကြောင့် သူမက ကျွန်မကို တောင်ကုန်းပေါ်ကနေ တွန်းချခဲ့တယ်လို့ မှားယွင်းထင်ခဲ့တယ်။ ကျီချင်းချင်းကို ရဲစခန်းမှာ ရက်အနည်းငယ်လောက်ထိန်းသိမ်းထားရုံသာမကပဲ သူမကို လူတွေအားလုံး ကျိန်ဆဲအောင်လုပ်မိတယ်။ အကယ်၍ သူမက ကျွန်မကိုတာဝန်ယူစေချင်ရင် ကျွန်မတာဝန်ယူပေးပါ့မယ်။ ကျွန်မ မငြင်းပယ်ပါဘူး... ဒါတွေအားလုံးရဲ့...”
“ဝေဝေ…”
ရှန်းဝေဝေသည် သူမနှုတ်ခမ်းလေးကိုအတင်းပြုံးလိုက်တာက သူမ၏ညာဖက်ပါးက အမာရွတ်ကို ပိုသိသာစေသည်။ “လီထင်း ကျွန်မအတွက် စိတ်မပူပါနဲ့။ ဒီအဖြစ်အပျက်တွေနဲ့ကြုံရတာက ကျွန်မအတွက် အတွေ့အကြုံတစ်ခုလို့ပဲ သတ်မှတ်ထားတယ်။ အဆင်ပြေသွားမှာပါ။ အဆိုးဆုံးကြုံရရင်တောင် ကျွန်မတို့ငှားထားတဲ့တိုက်ခန်းကို ပြန်သွားရုံပဲ။ ကျွန်မတို့အတွက် သင့်တော်တဲ့အလုပ်တစ်ခုကို ရှာနိုင်မှာပါ။ နောက်တော့ ကျွန်မတို့ငွေစုဆောင်းနိုင်လိမ့်မယ်။ ကျွန်မတို့တွေ ကောင်းမွန်တဲ့ဘဝလေးကို ပိုင်ဆိုင်နိုင်တုန်းပါပဲ။”