အခန်း၃၈
Viewers 14k

အခန်း(၃၈)

လုလီထင်သည် ပို၍ပင်အပြစ်ရှိသလို ခံစားလိုက်ရသည်။

သူသာ လုအိမ်တော်သို့ပြန်သွားလိုသည့်ဆန္ဒရှိလျှင် ဝေဝေဟာ ဗီလာတစ်လုံးမှာနေထိုင်နိုင်ပြီး ဇိမ်ခံကားစီးနိုင်ပြီးတော့ အမျိုးသမီးဇာတ်လိုက်နေရာများနှင့် ထောက်ခံချက်များကို ရရှိနိုင်လိမ့်မည်။ သို့သော်လည်း ဝေဝေသည် သူနှင့်ဤမျှကြာအောင်အတူရှိနေခဲ့ပြီး ဆင်းရဲဒုက္ခများကိုသာ ခံစားခဲ့ရသည်။ သူက သူမ ဖျော်ဖြေရေးအသိုင်းအဝိုင်းမှာ အသက်မွေးဖို့ ရုန်းကန်နေရတာကို ကြည့်နေခဲ့ရတယ်။ သူမအား အနိုင်ကျင်ခံနေရသည်ကို ကြည့်နေခဲ့ရသည်။ သူမသည် သူမ၏ဝမ်းနည်းပူဆွေးနေမှုများကို ဖုံးကွယ်ထားပြီး သူမ၏ဒုက္ခများကို တစ်ယောက်တည်းရင်ဆိုင်ခဲ့သည်။ သူမမှာ မကောင်းတဲ့အရာတစ်ခုခုတွေ့ကြုံနေခဲ့ရရင်တောင် သူ့ကို ဘာတစ်ခုမှမပြောခဲ့ဘူး။

သူသက်ပြင်းချလိုက်ပြီး ရှန်းဝေဝေ၏ပါးလွှာသောပုခုံးလေးပေါ်လက်တင်ကာ “ဝေဝေ စိတ်မပူပါနဲ့။ ဒီပြဿနာကို ကိုယ် မင်းအတွက်ဖြေရှင်းပေးမယ်။”

နေသားမကျစွာ ရှန်းဝေဝေက ဆိုလိုက်သည်။ “မလုပ်ပါနဲ့။ ဖျော်ဖြေရေးအသိုင်းအဝိုင်းအကြောင်းကို ရှင်နားမလည်ပါဘူး။ ဒါကို ဝင်မစွက်ဖက်ပါနဲ့။ ဒီပြဿနာကို ကျွန်မကိုယ်တိုင်ပဲဖြေရှင်းမယ်။ အဆိုးဆုံးက ကျွန်မ သူမကို တောင်းပန်လိုက်ရုံပါပဲ။ ပြီးတော့ သူမရဲ့နစ်နာမှုအတွက် လျော်ကြေးပေးလိုက်ပါ့မယ်...”

လုလီထင်း၏အသံဟာ တဖြည်းဖြည်းကျဆင်းလာသည်။ “တော်လောက်ပြီ။ ဆက်မပြောနဲ့တော့။ ကိုယ်က မင်းကောင်လေးပါ။ မင်းအနိုင်ကျင့်ခံရတာကို ကိုယ်ဆက်မကြည့်နိုင်ဘူး။ စိတ်မပူပါနဲ့။ ဒီအခြေအနေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာကို ကိုယ်သိတယ်။ ကိုယ် မင်းအတွက် ဒီပြဿနာတွေကို ဖြေရှင်းပေးနိုင်တယ်။”

သူက ပူပင်သောကရောက်စွာ ရှန်းဝေဝေ၏ ပတ်တီးစည်းထားသော လက်ကောက်ဝတ်ကို ကြည့်လိုက်သည်။ “အနာဂတ်မှာ ဒီလိုမိုက်မဲတဲ့အရာတွေကို မလုပ်ပါနဲ့၊ ဟုတ်ပြီလား။”

မျက်လုံးမှာမျက်ရည်များအပြည့်နှင့် ရှန်းဝေဝေဟာ ခေါင်းညိတ်လိုက်သည်။

လုလီထင်သည် သူမ၏သဘောတူညီမှုအတွက် စိတ်လုံခြုံမှု မခံစားရပေ။ သူက သူမကိုပြုစုစောင့်ရှောက်ရန် ဆေးရုံ၌ တစ်နေ့ခင်းလုံးနေခဲ့သည်။ ထိုအချိန်အတွင်း လွတ်သွားသော ဖုန်းခေါ်ဆိုမှုဆယ်ကြိမ်ခန့်ရှိခဲ့သည်။ သူသည် နောက်ဆုံးတွင် သူ၏အခြားကိစ္စများအား နောက်ထပ်မနှောင့်နှေးစေလိုသောအခါမှသာ ဆေးရုံမှထွက်ခွာလာခဲ့သည်။

လုလီထင်ထွက်သွားသည်နှင့် မုန့်ရွှင်းသည် ရှန်းဝေဝေ၏ဆေးရုံအခန်းအတွင်းသို့ ပြန်ဝင်လာခဲ့သည်။ မျက်ရည်တွေသုတ်နေတဲ့ အမျိုးသမီးကိုကြည့်ကာ မုန့်ရွှင်းဟာ ပြုံးရယ်ရင်း “အခြေအနေ ဘယ်လိုရှိလဲ” လို့ မေးလိုက်သည်။

ရှန်းဝေဝေသည် ပျင်းရိစွာ ‌ကျောခင်းလိုက်သည်။ ကွေးညွတ်နေသော သူမမျက်ခုံးများနှင့် သူမပုံသဏ္ဌာန်မှာ စောစောက လုလီထင်၏လက်ထဲတွင် ထွေးပွေ့ထားသော သနားစရာကောင်းပြီး အားနည်းနေသောအမျိုးသမီးနှင့် လုံးဝကွဲပြားခြားနားလေသည်။ သူမက ပိတ်ကျဲစပတ်ထားသောလက်ကောက်ဝတ်ကိုကြည့်ရင်း သူမနှုတ်ခမ်းက စွဲမက်ဖွယ်ကောင်းတဲ့အပြုံးတစ်ခုကို ပြုံးလိုက်လေသည်။ “ရှင် မေးစရာတောင်လိုသေးလို့လား။ ဒါက မြေကြီးလက်ခန် မလွဲတဲ့ကိစ္စပဲလေ။ သူက ယောကျာ်းသားတစ်ယောက်ပဲလေ။”

---

လုလီထင်း ဆေးရုံမှအိမ်သို့ပြန်ရောက်ချိန်က ည ၇နာရီထိုးနေပြီ။ သူ့ဖုန်းတွင် လွတ်သွားသော ဖုန်းခေါ်ဆိုမှုဆယ်ကြိမ်ကျော်ရှိခဲ့သည်။

သူပြန်ရောက်ချိန်တွင် အိမ်တော်တစ်ခုလုံး လျှပ်စစ်မီးအလင်းရောင်များ ထိန်ညီးနေခဲ့သည်။ ဧည့်ခန်းထဲသို့ဝင်လာပြီး‌နောက် သူက အန်တီဖေးနှင့်ဝင်တိုက်လုနီးပါး ဖြစ်ခဲ့သည်။ “သခင်ငယ်လေး ကျွန်မ ရှင့်ကို ဖုန်းအကြိမ်ကြိမ်ခေါ်ခဲ့တယ်။ မင်း ဘာလို့ အခုမှပြန်လာရတာလဲ။”

“အန်တီဖေး ဘာဖြစ်နေလို့လဲ။”

ဘာမှတော့ ကြီးကြီးကျယ်ကျယ်မဖြစ်ခဲ့ပါဘူး။ ယခုမနက်က သူမသည် လုလီရှင်း ဘဝတစ်ပါးသို့ကူးပြောင်းသွားသည်ဟုထင်ခဲ့သောကြောင့် လုလီထင်းကို ဖုန်းအကြိမ်ကြိမ်ခေါ်ဆိုခဲ့တာဖြစ်သည်။

“အကြီးအကဲလု နေမကောင်းဖြစ်နေတယ်။ သူအခု သူ့အခန်းထဲမှာ အနားယူနေတယ်။ ဒုတိယသခင်လေးမှာအချိန်ရှိရင် အကြီးအကဲကိုသွားကြည့်လိုက်ပါဦး။”

လုလီထင်း ခေါင်းညိတ်လိုက်သည်။

ကျီချင်းချင်းဟာ ပျော်ရွှင်စွာဖြင့် အိမ်အောက်ထပ်သို့ ဆင်းလာသည်။

လုလီထင်သည် သူမအပြုံးတွေကတောက်ပနေပြီးတော့ သူမနှုတ်ခမ်းစွန်းတွေက နားအထိရောက်လုနီးပါး ပြုံးပျော်နေတာကို တွေ့လိုက်ရသည်။ သူမခြေလှမ်းတွေဟာလည်း ပေါ့ပါးနေခဲ့သည်။ သူမစိတ်ပျော်ရွှင်နေတယ်ဆိုတာကို မြင်လိုက်ရတာနဲ့ သိသာလွန်းပါသည်။

“သခင်မလေး... ဘာဖြစ်လို့လဲ။ အဆင်ပြေရဲ့လား။”

“ဟမ်... ကျွန်မ... ကျွန်မအဆင်ပြေပါတယ်။ ကျွန်မ ဘာမှမဖြစ်ပါဘူး။”

“ရာသီဥတုက အရမ်းပူနေလား။ သခင်မလေး ကျွန်မကို အိမ်အတွင်းအပူချိန်ကို လျှော့စေချင်လား။ ဒါမှဟုတ် အဲ့တာက ဓာတ်မတည့်တဲ့တုံ့ပြန်မှုလား။ ရှင့်မျက်နှာက ဘာလို့အရမ်းနီနေတာလဲ။”

“ဒါက... ရာသီဥတုနည်းနည်းပူလို့ပါ။ ဒါပေမယ့် ကျွန်မအဆင်ပြေပါတယ်။ ကျွန်မ မကြာခင်သက်သာသွားမှာပါ။”

“ကောင်းပြီလေ။ ဒါဆို သခင်မလေး အရင်သွားစားသင့်တယ်။ ကျွန်မ နောက်မှ အကြီးအကဲလုနဲ့ သခင်လေးအတွက် အစားအစာကို ကျွန်မယူခဲ့မယ်။ သခင်မလေး ဒီနေ့တော်တော်ပင်ပန်းသွားပြီ။ ကောင်းကောင်းအနားယူပါ။”

“ကျေးဇူးပါ အန်တီဖေး”

လုလီထင်းသည် သူ့မျက်လုံးကို အနည်းငယ်မှေးကျဥ်းလိုက်သည်။ သူသည် ကျီချင်းချင်းနောက်ကနေ ထမင်းစားခန်းထဲသို့ လိုက်ပါသွားသည်။ စားပွဲပေါ်မှ သူ့လက်ဆစ်ခေါက်သံဟာ အလွန်သတိပြုစရာပင်။

ကျီချင်းချင်းသည် လုလီထင်၏တည်ရှိမှုကို သူမသတိပြုမိခဲ့ဟန်တူသည်။ သူမရဲ့ပြုံးရယ်နေတဲ့မျက်နှာထားကို ဖယ်ရှားလိုက်ပြီး မေးလိုက်သည်။ “အိုးမို... ကျွန်မတို့ရဲ့ဒုတိယသခင်လေး ပြန်ရောက်လာပြီလား။”

ရှန်းဝေဝေထံမှ ပြန်လာကတည်းက လုလီထင်းရဲ့နှလုံးသားထဲမှာ ဖိနှိပ်ထားတဲ့ဒေါသတွေ ရှိနေလေသည်။ ကျီချင်းချင်း၏ထူးဆန်းသောအမူအရာကိုမြင်လိုက်ရတာက ထိုဒေါသတွေကို လောင်စာထပ်ဖြည့်လိုက်သလိုပဲ။

“ကျီချင်းချင်း မင်းလေကျယ်မနေနဲ့။ မင်း လုအိမ်တော်မှာနေနေတာ နှစ်ရက်ရှိနေပြီ။ မင်းက ဧည့်သည်တစ်ယောက်ပဲ။ မင်းကိုမင်း လုအိမ်တော်သားတစ်ယောက်လို့ထင်နေတာလား။ မင်း ဘာတွေတွေးနေလဲ ဘာတွေကြံစည်နေလဲဆိုတာကို ငါမသိဘူးလို့မထင်နဲ့။ ဖျော်ဖြေရေးအသိုင်းအဝိုင်းမှာ ကျင်လည်ဖို့ မလွယ်ကူတဲ့အတွက် မင်း sugar daddyတစ်ယောက်ရှာဖို့ အကောင်းဆုံးကြိုးစားခဲ့တယ်။ မင်း ကျောထောက်နောက်ခံကောင်းကောင်းကို တကယ်ပဲတွေ့ခဲ့ပါတယ်။ သူက မင်းအတွက် ကိစ္စတော်‌တော်များများကို ဖြေရှင်းပေးခဲ့တယ်။ သူက မင်းအတွက် ဒီဗီဒီယိုကိုတောင်မှတွေ့ခဲ့တယ်။ မင်း ကိုယ့်ကိုယ်ကို အရမ်းဂုဏ်ယူနေတာ ဟုတ်တယ် မဟုတ်လား။ မင်းကလူအားလုံးကို အောင်မြင်စွာ လှည့်စားပြီးတော့ သူတို့ကို မင်းရဲ့အစစ်အမှန်ပုံရိပ်ကို မတွေ့အောင် တားဆီးခဲ့တယ်။”