အခန်း၄၀
Viewers 16k

အခန်း(၄၀)

ကျီချင်းချင်းသည် ပျားရည်၏ချိုမြိန်တဲ့အရသာလေးကို မြည်းစမ်းနေရသလို ခံစားရသည်။

ဒီလိုအကာအကွယ်ပေးတာခံရတဲ့ ခံစားချက်မျိုးကို သူမ တစ်ခါမှမကြုံတွေ့ခဲ့ဖူးပါ။

လုလီရှင်းဟာ အသက်မရှည်နိုင်ပေမယ့် သူအသက်ရှင်နေစဥ်အတွင်းမှာ သူက ဒီလိုကာကွယ်ပေးလိမ့်မယ်ဆိုတာကပင် သူမကို အရမ်းကျေနပ်နှစ်သိမ့်နေမိသည်။

လုလီထင်းသည် လုလီရှင်းကို မှိုင်းညို့နေသောမျက်နှာဖြင့် ကြည့်လိုက်သည်။ “အစ်ကိုကြီး မင်း သူ့ကိုဘယ်လိုလုပ်ပြီး ယုံကြည်နိုင်ရတာလဲ။ မင်း သူမကိုကောင်းကောင်းမသိပါဘူး။ ဒီမိန်းမနဲ့ပတ်သက်ပြီး လူပြောသူပြောများပြီးတော့ ကြားရတဲ့သတင်းတွေကလည်း မကောင်းမွန်ဘူး။ သူမက ဘယ်လိုလူမျိုးဆိုတာသိဖို့ ခက်ခက်ခဲခဲကြိုးစားစရာတောင်မလိုဘူး။ မင်း နေမကောင်းဘူးဆိုတာကို မသိတဲ့သူမရှိဘူးမလား။ သူမက ဒီအခွင့်အရေးကိုအသုံးချပြီးတော့ မင်းနဲ့လက်ထပ်ရဖို့ကြံစည်ခဲ့တာဖြစ်နိုင်တယ်။ သူမက မင်းရဲ့ပိုက်ဆံတွေအတွက်ကြောင့် မင်းနဲ့လက်ထပ်လိုက်တာပဲ။ မင်းက သူမကို ဘာဖြစ်လို့ အဖိုးတန်ပစ္စည်းတစ်ခုလို ဆက်ဆံနေရတာလဲ။”

လုလီရှင်းက သူ့ကို ရှုပ်ချတဲ့အကြည့်တစ်ချက် ပေးလိုက်တယ်။ “သူမက ပိုက်ဆံအတွက် လက်ထပ်တယ်ဆိုတာကို ငါသိတယ်။ အဲ့တော့ ဘာဖြစ်လဲ။ ငါ့မှာပိုက်ဆံရှိတယ်လေ။”

“ဒါပေမယ့် လုမိသားစုက...”

“လုမိသားစုက မင်းနဲ့ပဲသက်ဆိုင်တာ မဟုတ်ဘူး။ အကယ်၍ ငါသေဆုံးသွားခဲ့ရင်တောင် ချင်းချင်းက ငါ့စည်းစိမ်ဥစ္စာတွေကိုဆက်ခံရမယ့်သူတွေထဲက တစ်ယောက်ဖြစ်လိမ့်မယ်။”၏

လုလီထင်ဟာ ပြောစရာစကားပျောက်ရှသွားလေသည်။

“ကောင်းပြီ။ ဘာမှထပ်ပြောနေစရာ မလိုတော့ဘူး။ ရှင့်ရဲ့ကျန်းမာရေးက မကောင်းသေးဘူး။ ရှင် အပေါ်ထပ်ကိုပြန်သွားပြီးတော့ အနားယူသင့်တယ်။” ကျီချင်းချင်းသည် ဤညီအစ်ကိုနှစ်ယောက်မှာ ကောင်းမွန်သည့်ဆက်ဆံရေးမျိုးမရှိမှန်းကိုသိသော်လည်း တစ်ယောက်ကိုတစ်ယောက် ကြမ်းတမ်းခက်ထန်စွာ အတိုက်အခံလုပ်လိမ့်မည်ကို သူမ မသိခဲပေ။ အမှိုက်ကောင်လုလီထင်းကို ဒေါသအထွက်လွန်းပြီး သူ့အစ်ကိုကြီး ဘဝတစ်ပါးသို့ကူးပြောင်းသွားမှာကို သူမစိုးရိမ်မိသောကြောင့် လုလီရှင်းကို သူ့အခန်းထဲသို့ အတင်းဆွဲခေါ်သွားခဲ့သည်။

လုလီရှင်းသည် လုလီထင်းနှင့် စကားဆက်လက်ပြောဆိုရန် အစီအစဥ်မရှိပေ။ လွန်ခဲ့သောနှစ်များစွာက အိမ်မှထွက်သွားခဲ့သော ဤညီငယ်အား ချစ်ခင်မှုမရှိပါ။ သူ့ကို သတိပေးစကား အနည်းငယ်ပြောရုံနဲ့တင် လုံလောက်သည်။ ချင်းချင်းက သူ့ကိုထိန်းကူဖို့ လက်မောင်းကိုဆုပ်ကိုင်ပေးရင်း သူက အပေါ်ထပ်သို့ ပြန်တက်လာခဲ့သည်။

ကျီချင်းချင်းက တိုးတိုးလေးပြောလိုက်သည်။ “ရှင့်ရဲ့အကူအညီကို ကျွန်မ ဘယ်လိုပြန်ဆပ်မလဲမသိဘူး။”

လုလီရှင်းက “မလိုပါဘူး” ဟု အမှုမထားသလို ပြန်ဖြေလိုက်သည်။

ကျီချင်းချင်းဟာ ပြုံးလိုက်မိသည်။ လုလီရှင်းက တကယ့်ကို မှန်ကန်ဖြောင့်မတ်တဲ့လူသားတစ်ယောက်ပဲ။

---

အမှောင်ထု၏ကန့်လန့်ကာက တဖြည်းဖြည်း ကျဆင်းလာသည်နှင့်အမျှ အိမ်တော်ကြီးသည် တိတ်ဆိတ်ငြိမ်သက်သောညအချိန်သို့ ချဥ်းနင်းဝင်ရောက်သွားခဲ့သည်။

တိုင်ကပ်နာရီ၏လက်တံသည် ဆယ့်တစ်ဂဏန်းသို့ ကျရောက်သွားပြီ။

လုလီရှင်းသည် ဆေးရုံတွင်တက်နေရစဥ်က စုပုံနေသောစာရွက်စာတမ်းများကို ယခုသက်သာလာစဥ်တွင် အကုန်ပြီးအောင်ဖတ်ရှုစစ်ဆေးခဲ့သည်။ ယခုအခါတွင် ကုမ္ပဏီ၏အရေးကြီးသော ပရောဂျက်များစွာ၏တိုးတက်မှုများကို သိရှိခဲ့ရသည်။

သူစိုးရိမ်နေရတာ တစ်ခုပဲရှိတော့တယ်။ သူ့အဖိုးကို သူရုံးပြန်တက်ဖို့ ဘယ်လိုမျိုး စည်းရုံးနိုင်မလဲ။

ခေတ်မီဆေးဖက်ဆိုင်ရာကိရိယာများဖြင့် စစ်ဆေးကြည့်ရာ သူ့အတွင်းအင်္ဂါအစိတ်အပိုင်းများ ချို့ယွင်းပျက်စီးလုနီးပါးဖြစ်နေပြီဟု ဆိုသောကြောင့် သူ့အဖိုးကို အလုပ်ပြန်ဝင်ဖို့သဘောတူရန် မည်သို့လုပ်ဆောင်နိုင်မည်နည်း။

-- “သေဆုံးခါနီးသတိပေးချက်: ညသန်းခေါင်မတိုင်မီ မင်းရဲ့ဇနီးဖြစ်သူကျီချင်းချင်းနဲ့ အတူအိပ်စက်ပါ။”

လုလီရှင်း၏မျက်လုံးများ အနည်းငယ်ကျဥ်းမြောင်းသွားသည်။ “Little A ဆေးဖက်ဆိုင်ရာကိရိယာတွေနဲ့ ငါ့ခန္ဓာကိုယ်ကိုစစ်ဆေးကြည့်တဲ့အခါကျရင် ငါ့ခန္ဓာကိုယ်ရဲ့အခြေအနေကို ပုံမှန်ဖြစ်‌အောင် ဘယ်လိုလုပ်ရမလဲ။”

-- “ငါလုပ်ပေးမယ်။ မင်းတာဝန်ကိုပြီးမြောက်ခဲ့ရင် မင်း ဆုတစ်ခုရလိမ့်မယ်။”

လုလီရှင်းသည် မတ်တပ်ထရပ်ပြီး သူ့အခန်းထဲမှ ထွက်မသွားမီ အချိန်အတော်ကြာ စဥ်းစားနေခဲ့သည်။

သို့သော် အခန်းတံခါးဝသို့ရောက်ပြီးနောက်တွင် တစ်စုံတစ်ခုကို သတိပြုမိသွားပုံရသည်။ သူက သပ်ရပ်နေတဲ့သူ့အိပ်ရာကို ခေါင်းလှည့်ကြည့်လိုက်သည်။ ထို့နောက် သူ့စားပွဲဆီသို့လျှောက်သွားကာ ရေတစ်ခွက်ဖြည့်လိုက်ပြီး အိပ်ယာဆီသို့လျှောက်သွားကာ ကုတင်ပေါ်သို့ ရေတစ်ခွက်ကို လောင်းချလိုက်သည်။

အိပ်ရာခင်းများပေါ်မှရေများသည် လျင်မြန်စွာ စိမ့်ဝင်သွားပြီး ကုတင်ပေါ်တွင် စိုစွတ်နေသောနေရာတစ်ခုပေါ်လာခဲ့သည်။

လုလီရှင်းက ကျီချင်းချင်း၏အိပ်ခန်းတံခါးဝသို့ရောက်သောအခါတွင် ကျီချင်းချင်းသည် ခြေလက်သန့်စင်ပြီး၍ အိပ်ရာဝင်ဖို့လုပ်နေတာဖြစ်သည်။ သူမသည် နှေးကွေးလေးလံသော တံခါးခေါက်သံကို ကြားလိုက်ရသည်။

သူမတံခါးကိုဖွင့်ကြည့်လိုက်တော့ လုလီရှင်းကို တွေ့လိုက်ရသည်။

“မစ်စတာလု ရှင်ဘာလို့ ဒီနေရာကိုရောက်နေတာလဲ။” အပြင်းဖျားနာနေတဲ့လူတစ်ယောက်က ဘာကြောင့် ညနက်သန်းခေါင်မှာ လမ်းလျှောက်လာတာလဲ။ သူ မြန်မြန်သေဆုံးဖို့ ကြိုးစားနေတာလား။

လုလီရှင်းသည် သူမအခန်းတံခါးအပြင်ဖက်တွင်ရပ်ကာ သူမကို လေးလေးနက်နက် စိုက်ကြည့်နေသည်။

နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။

ဆယ်စက္ကန့်အကြာမှာတော့ လုလီရှင်းက ပြောလိုက်သည်။ “မင်း ကိုယ့်ကို စောစောတုန်းက ပြန်လည်ပေးဆပ်မယ်လို့ပြောခဲ့တယ်လေ။ အဲ့တာက အခုအကျုံးဝင်သေးရဲ့လား။”

“... အင်း၊ ရတာပေါ့။”

“တစ်ညလောက်... အတူအိပ်ကြရအောင်။”

တိတ်ဆိတ်ငြိမ်သက်သွားသည်။

နောက်ထပ်ဆယ်စက္ကန့်ကြာပြီး‌နောက်...

*Bang*

လုလီရှင်း၏မျက်နှာရှေ့တည့်တည့်တွင် သူမက တံခါးကို စောင့်ပိတ်လိုက်သည်။