အခန်း(၄၁)
ကျီချင်းချင်းသည် အကြင်နာကင်းမဲ့စွာဖြင့် လုလီရှင်းကို အခန်းအပြင်ဖက်မှာ ထားရစ်ခဲ့သည်။
ဒီည အတူတူအိပ်လို့ရမလား။
ဘယ်လို ပြောလိုက်တာလဲ။
ယောကျာ်းနဲ့မိန်းမလက်ထပ်ပြီး ရက်အနည်းငယ်အကြာမှာ ခုတင်တစ်ခုတည်း အတူတူအိပ်ရတော့မှာပဲလေ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီကိစ္စကို တစ်သက်လုံး ရှောင်လွဲနိုင်မှာမဟုတ်ဘူး။
ကျီချင်းချင်း အရမ်းဒေါသထွက်သွားခဲ့သည်။
စိတ်တိုနေသောကြောင့် သူမအခန်းကို တစ်ပတ်ပတ်ကာ လမ်းလျှောက်လိုက်ပြီးမှပဲ သူမ စိတ်ပြန်တည်ငြိမ်သွားခဲ့သည်။
လွန်ခဲ့သည့်ရက်များက လုလီရှင်းရဲ့ကျန်းမာရေး အခြေအနေကောင်းလွန်းနေသောကြောင့် လုလီရှင်းဟာ မကြာခင်သေတော့မည့်သူဆိုတာကို သူမမေ့လျော့နေခဲ့သည်။
သူမ တံခါးကိုဆောင့်ဖွင့်လိုက်ပြီး အကျီပွပွဝတ်ဆင်ထားသည့် သူမအခန်းရှေ့တွင် ရစ်သီရစ်သီလုပ်နေသည့်သူကို သူမ စိုက်ကြည့်လိုက်သည်။
စင်္ကြံလမ်း၏အလင်းရောင်ဟာ မှုန်မှုန်ဝါးဝါးဖြစ်နေခဲ့သည်။ မီးအလင်းရောင်ဟာ လိမ္မော်ရောင်သန်းနေပြီး လုလီရှင်းပေါ်ကိုသာ ထိုအလင်းဟာ ကျရောက်နေခဲ့သည်။
သူမဟာ မှိန်နေသည့်အလင်းရောင်ကြောင့် လုလီရှင်း၏မျက်နှာအမူအရာကို မမြင်ရပေ။ မှိန်ဖျော့ဖျော့အလင်းရောင်အောက်က အထီးကျန်နေသည့်သူ့၏ပုံရိပ်ကိုသာ သူမ တွေ့ခဲ့ရသည်။
သူမ တံခါးကိုဖွင့်လိုက်တဲ့အချိန်မှာ စင်္ကြံလမ်းတစ်လျှောက်လုံးကို တောက်ပသည့်အလင်းရောင်များဖြာကျလာခဲ့ပြီး လုလီရှင်းအပေါ် ကျရောက်နေသည့်အမှောင်ရိပ်ကို ဖြိုခွဲပစ်လိုက်သည်။
“ရှင် ခုနကဘာပြောလိုက်တာလဲ။”
“တစ်ညလောက် အတူတူအိပ်ကြရအောင်လို့ ပြောလိုက်တာလေ။”
“ဘယ်လိုမျိုး အိပ်ကြမှာလဲ။” ဆိုပြီး ကျီချင်းချင်းက မေးလိုက်သည်။
“မင်း ဘယ်ဖက်မှာအိပ်ရင် ကိုယ် ညာဖက်မှာ အိပ်မယ်လေ။”
“အိပ်ရုံပဲမလား။” ကျီချင်းချင်း မျက်လုံးလေး ပေကလတ် ပေကလတ်လုပ်ပြီး မေးလိုက်သည်။
လုလီရှင်းသည် သူမမေးခွန်း၏အဖြေကို နောက်ထပ်မေးခွန်းတစ်ခုနှင့်ပြန်ဖြေလိုက်သည်။ “မင်းက တခြားအရာတစ်ခုခုကို မျှော်လင့်နေသေးတာလား။”
“...” သူ့စကားကိုကြားလိုက်ရတာက ဘယ်သူက ဒေါသမဖြစ်ချင်ပဲနေမလဲ။
“ကိုယ် ရေသောက်နေရင်းနဲ့ မတော်တဆ အိပ်ရာပေါ်ကို ဖိတ်ကျမိသွားတယ်။ အချိန်ကလည်း အရမ်းနောက်ကျနေပြီဆိုတော့ အန်တီဖေးကိုလည်း အနှောက်အယှက်မပေးချင်တော့ဘူး။ တကယ်လို့ မင်း အဆင်မပြေဘူးဆိုရင်လည်း...”
ကျီချင်းချင်း တံခါးရှေ့ကနေ ဘေးဖယ်လိုက်ပြီး ”ဝင်လာလေ” ဆိုပြီးပြောလိုက်သည်။
သူမက နေမကောင်းတဲ့လူကို စာကြည့်ခန်း (သို့မဟုတ်) ဧည့်ခန်းမှာ အိပ်ခိုင်းလို့မဖြစ်ဘူးလေ ဟုတ်တယ်မလား။
ကျီချင်းချင်းသည် အန်တီဖေး သူမအတွက် အထူးတလည်သေသပ်အောင် ရှင်းလင်းပေးထားသည့်အခန်းတွင် နေထိုင်နေခြင်းဖြစ်သည်။ ထိုအခန်းတွင် ရေချိုးခန်းအိမ်သာပါ တွဲရက်ပါရှိလေသည်။ ရေချိုးခန်းသည် မျက်နှာကြတ်အထိ မြင်နိုင်သောမှန်ခန်းဖြင့် တည်ဆောက်ထားပြီး အိပ်ခန်းထဲတွင် ကြီးမားသည့်ဗီရိုကြီးနှင့် မှန်တင်ခုံပါရှိသည်။ ထိုအခန်းသည် လုလီရှင်း၏မာစတာအိပ်ခန်းကို မယှဉ်နိုင်သော်ငြားလည်း သပ်ရပ်သန့်ရှင်းပြီး ကောင်းမွန်သည့်အခန်းတစ်ခန်းဖြစ်သည်။
အမျိုးသမီးအလုပ်သမားမှလွဲပြီး လုမိသားစုအိမ်တော်မှာ အမျိုးသမီးရှိမနေခဲ့တာ အချိန်အတော်ကြာခဲ့ပါပြီ။ ကျီချင်းချင်းအခန်းနှင့် အမျိုးသားတွေနေသည့်အိပ်ခန်းမှာ ကွာခြားပါသည်။ အကြီးမားဆုံးခြားနားမှုတစ်ခုကတော့ ကျီချင်းချင်းခြုံသည့်စောင်၏ရနံ့ဟာ အရမ်းကိုမှဆွဲဆောင်မှုရှိလှသည်။
ထိုရနံ့သည် ဈေးကြီးသည့်ရေမွှေးမှရသည့်အနံ့မဟုတ်သော်လည်း အမျိုးသမီးများ နှစ်သက်သဘောကျသည့် ထူးခြားသည့်ရနံ့မျိုး ဖြစ်သည်။
၎င်းအနံ့လေးသည် အခန်းတစ်ခန်းလုံးကို ပျံ့နှံ့နေခဲ့သည်။
လုလီရှင်းသည် ကျီချင်းချင်းအခန်းထဲကို ခြေလှမ်းတစ်လှမ်းလှမ်းပြီး မကြာမီအချိန်လေးမှာပဲ ထိုနှစ်လိုဖွယ်ကောင်းသည့်ရနံ့ကို ရသွားခဲ့သည်။
သူမ အိပ်စက်တော့မှာဖြစ်သည့်အတွက် ညဝတ်အင်္ကျီလက်ပြတ်ပိုးထည်ပန်းရောင်လေးနှင့် သူမပေါင်နားထိရောက်သည့် အပေါ်ထပ်အလွှာပါးပါးလေးကို သူမ ဝတ်ဆင်ထားခဲ့သည်။ ညအိပ်ဝတ်စုံများသည် ဝတ်ရတာပေါ့ပါးပြီး ဝတ်ရသည့်လူနှင့် အံဝင်ဂွင်ကျဖြစ်စေသည့်လက္ခဏာများရှိသည်။ သူတို့ကိုကိုင်ကြည့်လိုက်သည့်အချိန်တွင် နူးညံ့ပေါ့ပါးပြီး အိစက်နေပေသည်။ ကျီချင်းချင်းသည် ပုံမှန်အချိန်တွင် ညဝတ်ဝတ်စုံက သူမအတွက် နေရထိုင်ရသက်တောင့်သက်သာရှိသည့်အတွက် အလွန်သဘောကျသည်။ သို့သော် ယခုအချိန်တွင် သူမ တစ်စုံတစ်ယောက်နှင့်တစ်ခုတင်တည်းမှာ အတူတူအိပ်ရတော့မှာဆိုတော့.....…....
သူမ ထိုဝတ်စုံကိုဝတ်ပြီး မအိပ်စက်ရဲပေ။
သူမ ထိုအကြောင်းကိုတွေးပြီးသွားချိန်မှာ ရေချိုးခန်းထဲကိုဝင်သွားခဲ့ပြီး ရှေးရိုးဆန်သည့် ကော်တွန်အကျီလက်ရှည် ဘောင်းဘီရှည်အပွကို သူမ ပြောင်းလဲဝတ်ဆင်လာခဲ့သည်။ ထိုအချိန်မှာပဲ အိပ်ရာပေါ်တွင် ရှိနေသည့် လုလီရှင်းကို သူမ မြင်သွားခဲ့ပြီး အတွေးများစွာဖြင့် ကြည့်နေခဲ့သည်။
နှစ်ယောက်စလုံး အိပ်ရာပေါ်ရောက်သောအခါ တိတ်ဆိတ်ငြိမ်သက်နေပြီး အပြန်အလှန်စကားတစ်ခွန်းမှမပြောပဲ အခြေအနေကို နားလည်သဘောပေါက်နေကြသည်။ သူတို့နှစ်ယောက်လုံး တစ်အိပ်ရာတည်းမှာ တူတူအိပ်စက်တာကို တစ်ဦးမှသိပ်မမျှော်လင့်ထားကြဘူး။
“ဘာမှသိပ်စိတ်မပူနေပါနဲ့။ ကျွန်မက ငြိမ်ငြိမ်လေးအိပ်တတ်တဲ့သူမျိုးပါ။ အအိပ်မဆော့တတ်ဘူး။ ဟို
ရွေ့ဒီရွေ့လည်း မလုပ်ဘူး။ ဒီအိပ်ရာက ၁.၈မီတာ (၅ပေ ၁၁လက်မ)ကျယ်တယ်။ ကျွန်မတို့နှစ်ယောက်အိပ်ဖို့အတွက် လုံလောက်တဲ့နေရာအကျယ်တော့ရှိပါတယ်။ ကျွန်မက ဒီဘက်ခြမ်းမှာအိပ်မယ်။ ရှင်က ဟိုဘက်မှာအိပ်ပေါ့။ ကျွန်မ ဖက်လုံးကို အလယ်မှာစည်းတားထားတဲ့သဘောနဲ့ ထားထားလိုက်မယ်။ ဖက်လုံးကိုကျော်လာပြီးတော့ ကျွန်မကိုထိတွေ့ပြီး အခွင့်အရေးယူတာမျိုးတို့လုပ်မယ်တော့မကြံနဲ့။” ဆိုပြီး ကျီချင်းချင်းက ပြောလိုက်သည်။
လုလီရှင်းက သူမကိုစိုက်ကြည့်လိုက်ပြီး “ဘယ်လိုအခွင့်အရေးမျိုး မင်းဆီက ကိုယ်ကယူပေးရမှာလဲ။” ဆိုပြီးမေးလိုက်သည်။
“ကျွန်မက မိန်းကလေးလေ။ ပြီးတော့ ရှင်ပဲ ကျွန်မကဆွဲဆောင်မှုရှိပြီး ယောက်ျားတွေအကုန်လုံးက ကျွန်မလိုမိန်းကလေးမျိုးကို သဘောကျကြတာဆိုပြီး ပြောခဲ့တယ်လေ။”
“ကိုယ် မင်းအပေါ် အခွင့်အရေးမယူပါဘူး။” လုလီရှင်းသည် သူ ဒီနေ့ ကျီချင်းချင်းကို သူ ရွေးချယ်ပြောဆို ချီးမွမ်းလိုက်သည့်စကားလုံးကို စိတ်ရင်းအမှန်နှင့်နောင်တရလိုက်မိသည်။
“အဲဒါဆို အိပ်ကြရအောင်လေ။”
သူတို့နှစ်ဦး အိပ်ရာဝင်သွားကြသည်။
သူမ ခုတင်ပေါ်မှပြုတ်ကျရန် လက်တစ်ကမ်းအလိုမှာပဲ သူမကိုယ်သူမ ခုတင်အနားကိုပြန်ကပ်ပြီး မပြုတ်ကျဖို့ ထိန်းထားနိုင်လိုက်သည်။
လုလီရှင်း: ”...”
သူက ဒီလိုကြောက်စရာကောင်းတဲ့လူမျိုးလား။ ပျားများနှင့် လိပ်ပြာများကို ဆွဲဆောင်နိုင်သော ပျိုတိုင်းကြိုက်နှင်းဆီခိုင်ဖြစ်သည်ဟု သူ မပြောဆိုသော်လည်း ပါတီပွဲများတွင် အမျိုးသမီးအများအပြားက သူ့အနားမှာ လာရောက်ရစ်ဝဲနေတတ်ကြသည်။
အဲဒါကလည်း ကျီချင်းချင်းရဲ့အမှားမဟုတ်ပါဘူး။ ကလေးဘဝမှ အသက်ကြီးလာသည်အထိ ယောကျာ်းသားနဲ့ထိတွေ့ဖူးသည့် အကြိမ်အရေအတွက်ကို လက်တစ်ဖက်နဲ့တောင် ရေတွက်လို့ရနိုင်ပါသည်။ ဘယ်ယောကျာ်းလေးရဲ့လက်ကိုမှ ထိတွေ့ဖူးခြင်းမရှိခဲ့ပါ။ အခုတော့ ရည်းစားထားသည့်အချိန်ကာလကိုကျော်ပြီး အသက်၂၀ကျော်ထိ တစ်ကိုယ်တည်းနေလာခဲ့ရာမှ အိမ်ထောင်သည်အမျိုးသမီးအဖြစ်သို့ ရောက်သွားခဲ့သည်။
သူမ ထိုဘဝကို နေသားမကျသေးပါဘူး။ သူမ လွတ်လွတ်လပ်လပ်နေထိုင်ရသည့်ဘဝက ကျော်လွန်သွားခဲ့ပြီ။