အခန်း၄၂
Viewers 16k

အခန်း(၄၂)

ကျီချင်းချင်းသည် စောင်ကို‌ခေါင်းမြီးခြုံလိုက်သည်။ သူ့ကိုယ်အလေးချိန်ကြောင့် ခုတင်ထဲတွင် နစ်ဝင်နေသောချိုင့်ကွက်ကို သူမ အာရုံခံစားမိနေသည်။ အမျိုးသားတစ်ယောက်ရဲ့ကိုယ်သင်းရနံ့သည် စောင်အောက်သို့ပျံ့နှံ့သွားပြီး သူမဆီသို့လည်း ထိုရနံ့ရောက်ရှိလာခဲ့သည်။ သူမ၏နှလုံးသားသည် ဘာကြောင့်မှန်းမသိ အခုန်မြန်လာခဲ့သည်။ သူမ၏မျက်နှာပူလောင်လာသော်လည်း သူမ မထိမကိုင်ရဲ ဖြစ်နေခဲ့သည်။

ဒီတစ်‌ကြိမ်က အမျိုးသားတစ်ယောက်နှင့် တစ်စောင်တည်းခြုံပြီးအိပ်စက်တာ သူမအတွက် ပထမဦးဆုံးပင်ဖြစ်သည်။

အချိန်အနည်းငယ်အကြာမှာတော့ ကျီချင်းချင်းဟာ စောင်‌အပြင်ဘက်သို့ ခေါင်းပြူထွက်လာခဲ့သည်။ လုလီရှင်းကိုကြည့်လိုက်ပြီး အကြံပြုပြောဆိုလိုက်သည်။ “ကျွန်မ စာကြည့်ခန်းထဲမှာဖြစ်ဖြစ် ဧည့်ခန်းမှာပဲဖြစ်ဖြစ် သွားအိပ်လိုက်ရမလားဟင်။”

လုလီရှင်း မျက်ခွံလှုပ်လာပြီး ”အိပ်တော့” ဟု ပြောလိုက်သည်။

“...အိုး”

အခန်းထဲရှိ မီးများအားလုံးကို ပိတ်လိုက်သည်။

ကျီချင်းချင်း သူမမျက်လုံးတွေကို ဖွင့်ထားပြီး သူမ မအိပ်စက်ရဲဘူးဖြစ်နေခဲ့သည်။

လုလီရှင်းက သူ့မျက်လုံးကိုတော့ ပိတ်ထားပေမယ့် သူလည်း‌ပဲ အိပ်မရဘူး ဖြစ်နေခဲ့သည်။

ကျီချင်းချင်း၏မျက်လုံးများဟာ ပင်ပန်းနွမ်းနယ်လာခဲ့သည်။ သူမ အရမ်းအိပ်ချင်နေသော်လည်း သူမစိတ်ထဲတွင် အတွေးများစွာက ခြောက်လှန့်နေခဲ့သည်။

လုလီရှင်းကတော့ အားအင်အပြည့်ဖြစ်နေသည်။ သူသည် ဒီအချိန်ဆို အိပ်လေ့အိပ်ထမရှိခြင်းကြောင့်ဖြစ်သည်။ ၁နာရီ မတိုင်ခင် အိပ်ရာဝင်ခြင်းဟာ သူ့အတွက် တော်တော်ကြာမှ ပထမဆုံးအကြိမ် အိပ်ရာဝင်ဖြစ်ခြင်း ဖြစ်လေသည်။

နာရီဝက်ခန့်ကြာသော် ကျီချင်းချင်းသည် ထုံနေသည့် သူမလက်ကို ဖြေးဖြေးချင်း ဂရုတစိုက်ရွေ့လိုက်ပြီး စောင်အောက်တွင်နေရတာ အရမ်းအသက်ရှူရမွန်းကျပ်သဖြင့် ခေါင်းပြူထွက်လာခဲ့ပြီး လေကိုအနည်းငယ်ရှူရှိုက်လိုက်သည်။

သူမခေါင်းအုံးဘေးမှာတော့ လုလီရှင်းက အိပ်ပျော်သွားပုံရသည်။ သူ့အသက်ရှူနှုန်းဟာနှေးပြီး မျက်နှာဟာ တည်ငြိမ်နေသည်။ ကျီချင်းချင်းသည် သူ၏အသက်ရှူနှုန်းကို စစ်ဆေးကြည့်ရန်အတွက် သူမလက်ကို‌ တိတ်တိတ်လေးဆန့်ထုတ်လိုက်သည်။

တော်သေးတယ်။ သူ အခုထိ အသက်ရှုနေသေးတယ်လို့တွေးပြီးနောက်မှာ သူ့နဖူးအပူချိန်ကိုပါ သူမ စမ်းသပ်ကြည့်နေခဲ့သည်။

လုလီရှင်းက မျက်လုံးဖွင့်လိုက်ပြီး “စိတ်အေးအေးထားပါ။ ကိုယ် မသေသေးပါဘူး။” ဟု တိုးတိုးလေး ပြောလိုက်သည်။

ကျီချင်းချင်းရဲ့မျက်နှာ‌ပေါ်မှာ ရှက်ပြုံးတစ်ခု ပေါ်ပေါက်လာတာကို တွေ့မြင်လိုက်ရသည်။ သူ့နဖူးပေါ်မှာတင်ထားသည့် သူမလက်ကို နောက်ပြန်ဆုတ်လိုက်သည်။

“ရှင် အိပ်‌မပျော်သေးဘူးလား။ ကျွန်မက ဒီတိုင်းစိတ်ပူလို့ စမ်းသပ်ကြည့်တာ....”

လုလီရှင်း သူ့မျက်လုံးကိုပြန်ပိတ်လိုက်ပြီး ပြောလိုက်သည်။

“အင်း... ကိုယ် သေသွားပြီလား မသေသေးဖူးလားဆိုတာကို မင်း မစစ်ဆေးကြည့်ရင် ကိုယ် သေချာပေါက် အိပ်ပျော်သွားလောက်ပြီ။”

“...”

ကျီချင်းချင်း စကားပြောတာ ရပ်သွားခဲ့သည်။

အခန်းက အရမ်းတိတ်ဆိတ်သွားခဲ့ပြီး သူတို့ရဲ့အသက်ရှူသံတွေပဲ ကြားရတော့သည်။

ကျီချင်းချင်းဟာ သူမဘက်ခြမ်းမှာလှဲလိုက်ပြီး လုလီရှင်း၏မျက်နှာကို ကြည့်နေခဲ့သည်။ သူ့ရဲ့နှာတံကရှည်ပြီး သူ့ရဲ့အကြည့်တွေဟာ နက်ရှိုင်းလှသည်။ ဒီရက်ပိုင်းအတွင်းမှာ သူက အေးစက်ပြီး နီးစပ်ဖို့ ခက်ခဲမယ့်ပုံပေါ်ပေမယ့် အခုအချိန်မှာတော့ အရင်ရက်‌များနှင့်မတူပဲ သူ့ရဲ့မျက်နှာက အတော်လေး နူးညံ့နေပုံပေါက်သည်။

အကယ်၍ ဆရာဝန်၏ ထပ်ခါတလဲလဲစစ်ဆေးခြင်းကြောင့်သာ မဟုတ်ပါက လုလီရှင်းသည် သေအံ့မူးမူး အချိန်သို့‌ရောက်ရှိနေသည့် လူတစ်ဦးလို့ သူမယုံကြည်ရန် ခက်ခဲပေလိမ့်မည်။

ကျီချင်းချင်းသည် လူတစ်ဦး၏သေခါနီးအချိန်ကို တွေ့ခဲ့ဖူးသည်။

အဲ့ဒီအ‌ဖြစ်အပျက်သည် သူမငယ်ရွယ်စဉ်အချိန်က ဖြစ်သည်။ သူမအိမ်နီးနားချင်းဖြစ်သည့် သစ်သီးသကြားချောင်းကိုလုပ်ရောင်းသော သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦး ရှိလေသည်။ ထိုအမျိုးသမီးသည် လချီကြာအောင် ဖျားနာနေခဲ့သော်လည်း တစ်ရက်မှာတော့ သူမဟာ အိပ်ရာထဲ‌လှဲနေရာမှ ထူထူထောင်ထောင် ပြန်ထနိုင်ခဲ့သည်။ ထိုအမျိုးသမီးသည် သူမနှင့် စကားပြောနေချိန်တွင် အားအင်အပြည့်ဖြစ်နေခဲ့ပြီး သူမ သဘောကျနှစ်ခြိုက်သည့် သစ်သီးသကြားချောင်းကိုပင် ထိုအမျိုးသမီးက သူမအား ပေးခဲ့ဖူးသည်။ ထိုအချိန်မှာ သူမ အသက်ငယ်‌သေးတော့ ထိုအမျိုးသမီး နေပြန်ကောင်းလာလိမ့်မယ်လို့ပဲ သူမထင်ခဲ့သည်။ သူမအတွက် သစ်သီးသကြားချောင်း ထပ်လုပ်ပေးရန်ပင် ထိုအဘွားအိုအား သူမတောင်းဆိုခဲ့သေးသည်။ သို့သော် နောက်တနေ့မှာတော့ ထိုအမျိုးသမီးကြီး ဘဝတစ်ပါးသို့ ကူးပြောင်းသွားတာကို ရှာတွေ့ခဲ့ရသည်။

သူမ အရွယ်ရောက်ပြီးသည့်နောက်ပိုင်းမှ သိလာရတာကတော့ ထိုအချိန်တုန်းက ၎င်းသည် အဘွားအို၏ နောက်ဆုံးအသက်စွမ်းအင် လောင်ကျွမ်းသည့် အခိုက်အတန့်လေးဖြစ်တယ်ဆိုတာကို သူမနားလည်သဘောပေါက်ခဲ့ရသည်။ ထိုအဖြစ်အပျက်သည် နေမင်း၏ နောက်‌ဆုံးရောင်ခြည်နှင့် ဆင်တူသည်။

လုလီရှင်းကော အဲလိုမျိုးပဲ ဖြစ်သွားမှာလား။

သူမ အတွေးများကြားမှာ သွေးရူးသွေးတန်းဖြစ်နေသည်။

လုလီရှင်းလည်း အဲ့တုန်းက အဘွားအိုလိုမျိုး ရုတ်တရက်ကြီး သေသွားမှာလား။

သူ.....

ကျီချင်းချင်းမျက်လုံးကို ရုတ်တရက် ဖွင့်လိုက်ပြီး သူမဘေးနားမှာ အိပ်နေသည့်အမျိုးသား‌လေးကို ကြည့်လိုက်သည်။

သူ မဖြစ်လောက်ပါဘူး။ လုလီရှင်းက ဒီရက်ပိုင်းမှာ အရမ်းကျန်းမာနေ‌တာပဲလေ။ သူ အခုညတွင်းချင်း ရုတ်တရက်ကြီးတော့ မသေလောက်ပါဘူး။

သေချာစွာတွေးတောပြီးနောက်မှာ ကျီချင်းချင်းသည် လုလီချင်းကိုကျောပေးထားပြီး သူမဖုန်းကို ထုတ်လိုက်သည်။

သူမ ရှေးဦးသူနာပြုသင်တန်းကို မသင်ကြားခဲ့ရသော်လည်း ဆရာဝန်ပေးသည့် ညွှန်ကြားချက်များကို ဂရုတစိုက် နားထောင်ခဲ့သည်။ လုလီရှင်း၏ ယခုရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေကို တစ်စုံတစ်ယောက်က တစ်နာရီခြားတစ်ခါ စစ်ဆေး‌ပေးနေရင် အကောင်းဆုံးပဲ လို့ပြောသည့် ဆရာဝန်၏ညွှန်ကြားချက်ကို ကျီချင်းချင်း မှတ်မိနေသေးသည်။

သူမ ဖုန်းကို မနက်ဖြန်မနက် ၇နာရီထိတိုင်‌အောင် တစ်နာရီခြားတစ်ခါ မြည်အောင် တုန်ခါမှုမုဒ်ဖွင့်ထားလိုက်သည်။ ထို့နောက် သူမဖုန်းကို ခေါင်းအုံးအောက်တွင် ဖိထားလိုက်သည်။

သူမ အိပ်စက်ရန် မျက်လုံးများကို ပိတ်လိုက်သည်။

ကျီချင်းချင်း အိပ်မောကျသွားသည့်အသံကို ကြားရချိန်တွင် လုလီရှင်းသည် သူ့မျက်လုံးကိုဖွင့်လိုက်ပြီး သူမကို စိုက်ကြည့်နေခဲ့သည်။

လုလီရှင်းသည် သူတစ်‌ယောက်တည်း အိပ်စက်လာတာ အနှစ်၃၀နီးပါးလောက်ရှိနေပြီ။ ပါတီပွဲတွေမှာ တွေ့သည့်မိန်းကလေးများကို သူ စိတ်မဝင်စားခဲ့ပေ။ ထိုမိန်း‌ကလေးများဟာ မိတ်ကပ်အထူကြီးလိမ်းခြယ်ထားပြီး ရေမွှေးများစွာ အသုံးပြုကြသည်။ ကျီချင်းချင်းကို သူ တွေ့ရတာကတော့ သူမသည် သက်သာချောင်ချိသည့် ညဝတ်ဝတ်စုံကိုသာ ဝတ်ဆင်ထားပြီး သူမကိုကြည့်ရတာ သူမ၏ အပြင်ပန်းပုံသဏ္ဍာန်အား လုံးဝဂရုမစိုက်ပုံပေါ်သည်။ သူ မထင်မှတ်ပဲ သူမ၏ ဒီလိုမြင်ကွင်းလေးကို သဘောကျမိသွားသည်။