အခန်း(၄၃)
ကျီချင်းချင်းရဲ့ခန္ဓာကိုယ်ပေါ်မှ ကိုယ်သင်းရနံ့ဖျော့ဖျော့ဟာ ဖြေးဖြေးချင်း သူ့နှာခေါင်းထဲသို့ ကျူးကျော်ဝင်ရောက်လာခဲ့သည်။ ထိုရနံ့ဟာ သူ့ရဲ့ နေ့တိုင်းလိုလို တင်းမာနေသည့် သူ့အာရုံကြောများအား ဖြေးဖြေးချင်း ပြေလျော့သွားစေသည်။ စိတ်ဖိစီးမှုများ လျော့ကျသွားသဖြင့် လုလီရှင်းသည် သူ့ကိုယ်နေဟန်ထားကို ပိုသက်တောင့်သက်သာရှိမည့် အနေအထားသို့ပြောင်းလိုက်ပြီး သူ့မျက်လုံးများကို မှိတ်လိုက်သည်။
သူ အိပ်ချင်စပြုလာခဲ့သည်။
ဒီနေ့မှာတော့ သူ စောစောအိပ်ပျော်ကောင်းပြုနိုင်သည်။
စက္ကန့်အနည်းငယ်အကြာမှာတော့ နူးညံ့သည့်လက်မောင်းတစ်ဖက်ဟာ ဆန့်ထုတ်လာပြီး လုလီရှင်း၏ခါးကို ဖက်တွယ်လိုက်သည်။
ကျီချင်းချင်းသည် လက်ရှည်အင်္ကျီကို ဝတ်ဆင်ထားသော်လည်း ထိုအရာမှာ သူမ၏ဂနာမငြိမ်ခြင်းကြောင့် လိပ်တက်သွားခဲ့သည်။ ထို့ကြောင့် သူမ၏ပူနွေးနေသော လက်မောင်းလေးဟာ လုလီရှင်း၏အသားကို ထိတွေ့နေမိခဲ့သည်။ ကျီချင်းချင်းသည် သူမ အေးစက်နေသည့်အရာတစ်ခုခုကို ထိမိနေတယ်ဆိုတာကို ယဲ့ယဲ့လေး ခံစားမိခဲ့သည်။ ထိုအရာနှင့်ထိတွေ့နေရတာ အရမ်းသက်တောင့်သက်သာဖြစ်တယ်လို့ ခံစားမိသောကြောင့် သူမလက်ဖြင့်ပွတ်သပ်နေခဲ့ပြီး သူမလက်က အပေါ်ကိုတက်သွားခဲ့သည်။
လုလီရှင်းသည် သူ့၏ဝမ်းဗိုက်အောက်ပိုင်းမှ အပူများထွက်လာခဲ့သည်။ လုလီရှင်းသည် တိတ်တဆိတ် ညည်းညူလိုက်မိသည်။ သူ့ခေါင်းကိုငုံ့ကြည့်လိုက်တော့ ကျီချင်းချင်းရဲ့လက်ဟာ သူ့ညအိပ်ဝတ်အင်္ကျီရဲ့ အောက်ခြေကနေ အပေါ်အထိ ရောက်လာတာကို တွေ့လိုက်ရသည်။ သူမလက်ဟာ အပေါ်သို့ ဖြေးဖြေးချင်း.....
လုလီရှင်းသည် သူမ၏ဂနာမငြိမ်ဖြစ်နေသောလက်ကိုရပ်တန့်ရန် သူမလက်ကို ဖမ်းဆုပ်လိုက်သည်။ သူ့ရဲ့အသက်ရှူနှုန်းက ပြင်းထန်လာခဲ့သည်။ လုလီရှင်းဟာ တံတွေးမျိုချလိုက်မိသည်။ အဘယ်ကြောင့်ဆိုသော် နားလည်ရခက်သည့်အပူက သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ပျံ့နှံ့သွားသောကြောင့်ပင် ဖြစ်သည်။
သူသည် ယောကျာ်းသားတစ်ယောက်ဖြစ်ပြီး ယောကျာ်းလေးတစ်ယောက်၏ ပင်ကိုယ်ဗီဇရှိသည်။
သူမလက်ကို တစ်ယောက်ယောက် ဆုပ်ကိုင်ထားသလို ခံစားလိုက်ရတော့ ကျီချင်းချင်းဟာ ရင်ထိတ်သွားမိခဲ့သည်။
လုလီရှင်းဟာ အသက်ပြင်းပြင်းရှူရှိုက်လိုက်သည်။
တစ်ချို့မိန်းကလေးများသည် အိန္ဒြေသိက္ခာရှိသည် ဟုထင်ရသော်လည်း သူတို့အိပ်သည့်အချိန်မှာတော့ သူတို့ဟာ တကယ်ကိုပဲ.......
ပူနေတာလား။
လုလီရှင်းက ဘာစကားမှ ပြောမနေချင်တော့ဘူး။ သူ့အင်္ကျီဝမ်းဗိုက်အောက်ပိုင်းသို့ တဖြေးဖြေးရောက်လာသော သူမလက်ကို ပုတ်ထုတ်လိုက်သည်။
ကျီချင်းချင်းသည် လူးလိမ့်နေပြီး လုလီရှင်းကိုယ်ပေါ်မှာ ရှိနေသည့်စောင်ကိုပါ ဆွဲယူသွားခဲ့သည်။
ဆောင်းဦးရာသီ၏ အပူချိန်သည် အနည်းငယ်နိမ့်တာကြောင့် ညသန်းခေါင်ရောက်လျှင် အနည်းငယ် အေးစိမ့်စိမ့်ဖြစ်သည်။ ကျီချင်းချင်းဆွဲယူသွားသည့်စောင်ကို လုလီရှင်းပြန်ယူဖို့ ကြိုးစားသော်လည်း ကျီချင်းချင်း၏ခန္ဓာကိုယ်မှ ထိုစောင်အား ဖိထားခဲ့သည်။ ထိုအချိန်တွင် သူ ဘယ်လိုမှ သူမဆီက စောင်ကို ပြန်ဆွဲယူလို့မရနိုင်ခဲ့ပါ။
လုလီရှင်းသည် ကျီချင်းချင်း၏ အအိပ်သောင်းကျန်းသည့် အိပ်စက်ပုံကိုယ်နေဟန်ထားကို ကြည့်ပြီးနောက် ပက်လက်လန်မအိပ်မီ စည်းတားထားသည့်ဖက်လုံးကို မနေနိုင်စွာ ကြည့်လိုက်မိသည်။
ငါးမိနစ်ကြာသော် ခြေထောက်တစ်ဖက်ဟာ သူအိပ်သည့်ဘက်ခြမ်းသို့ ဆန့်တန်းရောက်ရှိလာသည်။
လုလီရှင်းသည် သူမခြေထောက်ကို သူ့ပေါင်ပေါ်ကနေ ဖယ်လိုက်ပြီး စောင်ကို ဆတ်ခနဲဆွဲယူနိုင်မည့် အခွင့်ကောင်းအား ချောင်းနေခဲ့သည်။
အဲဒီနောက်မှာတော့ သူ့တစ်ကိုယ်စာခြုံလို့ရနိုင်သည့်စောင်ကို ရရှိသွားခဲ့သည်။ သူမခြေလက်တွေဟာ သူ့ဘက်ခြမ်းသို့ ထပ်ရောက်လာပြန်သည်။ စောင်ကိုခြုံထားသည့် သူ့ကိုယ်အား ဖက်တွယ်ထားခဲ့သည်။ အဲ့တာတင် မကသေးပါဘူး။ သူမခေါင်းဟာ သူ့ရဲ့ခေါင်းအုံးပေါ်မှာပါ ရောက်နေခဲ့သည်။
ကျီချင်းချင်း၏လှုပ်ရှားမှုတွေကြောင့် လုလီရှင်းဟာ စောင်ထဲမှာပိတ်မိနေပြီး သူ့ခေါင်းပဲ အပြင်မှာရှိနေနိုင်ခဲ့သည်။ သူ့ကိုယ်သူ လွတ်မြောက်အောင်လည်း လုပ်လို့မရနိုင်ပေ။
“ကျီချင်းချင်း!” လုလီရှင်းသည် အံ့ကြိတ်ပြီး သူမကိုတွန်းလိုက်သည်။
ထိုသို့တွန်းလိုက်သော်လည်း ကျီချင်းချင်းသည် ပြန်လည်တုံ့ပြန်ခြင်းမရှိ အိပ်မောကျနေခဲ့သည်။
လုလီရှင်းသည် အသက်ပြင်းပြင်းရှု၍ ရုန်းကန်လိုက်ပြန်သည်။ ရုန်းကန်ပြီးသည့်နောက်မှာ သူ့ရဲ့လက်ကို စောင်အောက်ကနေ ထုတ်နိုင်ရန် ကြိုးစားနေသည်။ သူမ၏ခန္ဓာကိုယ်ကို သူ့ဘေးကတွန်းထုတ်လိုက်ပြီး သူမဘက်သို့ ပြန်ရွေ့ပေးလိုက်သည်။ သူကတော့ အိပ်ရာအခြားတစ်ဖက်မှာနေလိုက်ပြီး ကျီချင်းချင်းနှင့် အထူးသဖြင့် ဘေးကင်းလုံခြုံနိုင်လောက်သည့် အကွာအဝေးကို ထိန်းသိမ်းထားသည်။
ခုနတုန်းက ကျီချင်းချင်းအား အိပ်ရာတစ်ခုလုံးပေးထားရပြီး ခုမှနေရာပြန်ရတာ သူမ ထပ်ပြီးတော့ အဲ့လိုမလုပ်နိုင်တော့ပါဘူးလို့ အတွေးများနေမိသည်။
၁၀မိနစ်လောက်အကြာမှာ ကျီချင်းချင်းဟာ နောက်ထပ်တစ်ကြိမ် လိမ့်လာပြန်သည်။
လုလီရှင်း: ........
ဘာဖြစ်လို့ ဒီလောက်တောင် အအိပ်ကြမ်းရတာလဲ။
လုလီရှင်းသည် ကျီချင်းချင်းပြောခဲ့သည့် “ကျွန်မကအိပ်ရင် ကောင်းကောင်းအိပ်တာ အအိပ်မဆော့တတ်ဘူး ဟိုရွေ့ဒီရွေ့လည်းမအိပ်တတ်ဘူး” ဆိုသည့်စကားကို အမှတ်ရသွားမိခဲ့သည် ။
တကယ့်လက်တွေ့ကျတော့ သူမပြောခဲ့တဲ့စကားလုံးတွေနဲ့ တော်တော်လေး ကွာခြားနေခဲ့သည်။
လုလီရှင်းသည် လုမိသားစု၏စီးပွားရေးလုပ်ငန်းထက် အမျိုးသမီးတစ်ဦးက ကိုင်တွယ်ရပိုခက်ခဲတယ်လို့ သူခံစားရတာ ပထမဦးဆုံးအကြိမ်ပါပဲ။
စိတ်အနှောက်အယှက် ပေးလည်းပေးနိုင်လွန်းတဲ့မိန်းကလေးပဲ။
တော်တော်အနှောက်အယှက်ပေးတယ်။
ထိုသို့ဒုက္ခပေးမှုကြောင့် ကြံရာမရ ဖြစ်နေမိသည်။
သူ အရမ်းပင်ပန်းနေခဲ့သည်။ တစ်ညလုံး အလုပ်လုပ်နေရတာထက် ဒါက သူ့အတွက် ပိုပင်ပန်းစေသည်။
ကျီချင်းချင်းကို နောက်တစ်ခါ ထပ်တွန်းထုတ်ပြီးနောက်တွင် လုလီရှင်း ငုတ်တုတ်ထထိုင်လိုက်သည်။ သူမ ဘယ်လောက်ထိ လှိမ့်နေနိုင်မလဲဆိုတာကို သူကြည့်ချင်နေလို့ပင်ဖြစ်သည်။
တစ်ညလုံးမအိပ်ပဲနေလိုက်ခြင်းဟာ သူ့အတွက်တော့ ကြီးမားသည့်ကိစ္စကြီးတစ်ခုတော့ မဟုတ်ပါ။
ကျီချင်းချင်းက သူ့အိပ်ရာဘက်ခြမ်းကို ထပ်ပြီးလှိမ့်လာမယ်ဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် သူအိပ်လို့ရမှာ မဟုတ်လောက်တော့ဘူး။
မနက်၁နာရီထိုးသော် ကျီချင်းချင်းလုပ်ထားသည့် alarmသံသည် သူမခေါင်းအုံးအောက်ကနေ ထွက်လာခဲ့သည်။ သူမ ရုတ်တရက် နိုးသွားခဲ့သည်။ ရှုပ်ပွနေသည့်အိပ်ရာကိုကြည့်ပြီး သူမ မူးနောက်သွားခဲ့သည်။
အချိန်အတော်ကြာအောင် ခုတင်ပေါ် ငုတ်တုတ်ထိုင်နေပြီး ဘေးဘီဝဲယာ ဟိုကြည့်ဒီကြည့် လှည့်ပတ်ကြည့်နေခဲ့သည်။ အဆုံးမှာတော့ သူမအကြည့်တွေဟာ လုလီရှင်းဆီသို့ ကျရောက်သွားခဲ့သည်။ သူမစိတ်တွေရှုပ်ထွေးနေခဲ့ပေမယ့် နောက်ဆုံးမှာတော့ သူမလုပ်စရာရှိသည့်အလုပ်ကို စတင်လုပ်ခဲ့သည်။ လုလီရှင်း အသက်ရူမရူစမ်းကြည့်ဖို့ရာအတွက် သူမလက်ညိုးကို လုလီရှင်း၏နှာခေါင်းနားကိုထားလိုက်ပြီးနောက် ကိုယ်အပူချိန်ကိုလည်း စမ်းသပ်ကြည့်လိုက်သည်။ သူ့အခြေအနေက ပုံမှန်ဖြစ်တယ်လို့ သေချာသွားသည့်နောက်မှ သူမသက်ပြင်းချပြီး ပြန်အိပ်သွားခဲ့သည်။
တစ်မိနစ်တောင်မကြာလိုက်ဘဲ သူမ ပြန်အိပ်ပျော်သွားခဲ့သည်။