အခန်း၄၄
Viewers 16k

အခန်း(၄၄)

ဒုတိယအကြိမ် ဖုန်းတုန်ခါလာသည့်အချိန်တွင် ကျီချင်းချင်းသည် မျက်လုံးမဖွင့်နိုင်တော့ပေ။ မှုန်မှုန်ဝါးဝါးဖြင့် ဖုန်းအသံကိုရပ်ရန် ပိတ်လိုက်သည်။ သူမလက်တွေ ဖုန်းကိုပိတ်ပြီးသွားသော်လည်း သူမမျက်လုံးတွေကတော့ ပိတ်ထားဆဲပါ။

လုလီရှင်းဟာ သူမ ပြန်အိပ်ပျော်သွားပြီလို့ ထင်ထားခဲ့သည်။ ကျီချင်းချင်းသည် သူမမျက်လုံးကို ပြန်ပွင့်လာဖို့ သူမကိုယ်သူမ အတင်းတွန်းအားပေးနေသည်။ သူမကိုယ်သူမ နိုးထနိုင်ရန်အတွက် သူမမျက်နှာကို သူမဘာသာ ဖြေးဖြေးချင်း ရိုက်နေခဲ့သည်။ ကျီချင်းချင်းဟာ ခေါင်းမူးမူးနဲ့ထထိုင်လိုက်ပြီး လုလီရှင်း၏ အပူချိန်နှင့်အသက်ရူနှုန်းကို စမ်းဖို့ထလာခဲ့ပြန်သည်။ နှလုံးခုန်နှုန်းနား‌ထောင်ရန်အတွက် သူ့ရဲ့ရင်ဘတ်ပေါ် လှဲချလိုက်သည်။ အရာအားလုံး အဆင်ပြေတယ်ဆိုတာကို သူမအတည်ပြုပြီးနောက်မှပဲ သူမစိတ်အေးလက်အေးဖြင့် ပြန်အိပ်စက်လိုက်သည်။

ငွေရောင်အဆင်းရှိသည့်လရောင်သည် လိမ္မော်ဖျော့ရောင်သန်းနေသည့်လိုက်ကာကို ဖြတ်သန်းလာပြီး ပြတင်းပေါက်အောက်ဘက်ကြမ်းပြင်တွင် ငွေရောင်အလင်း ပေါ်နေသည့်နေရာလေး ရှိသည်။

လုလီရှင်းသည် သူ့မျက်လုံးများကိုဖွင့်ကာ လရောင်အလင်းသဲ့သဲ့ကိုအသုံးပြုပြီး ကျီချင်းချင်းကို ကြည့်လိုက်သည်။ လုလီရှင်းတစ်‌ယောက် သူမအိပ်ရာဘက်ခြမ်းကို လှည့်လိုက်ပြီး ခေါင်းကိုလက်ထောက်ကာ သူမကိုစိုက်ကြည့်နေခဲ့သည်။

သူဘယ်လိုခံစားချက်မျိုး ခံစားနေရလဲဆိုတာ ရှင်းရှင်းလင်းလင်း နားမလည်ဘူး။

ခဏအကြာမှာ သူ့လက်ကိုအကြောဆန့်လိုက်ပြီး ခေါင်းအုံးအောက်မှာထားထားသည့် ကျီချင်းချင်း၏

ဖုန်းကို ယူလိုက်ပြီး ကျန်ရှိနေတဲ့alarm၅ခုကို ပိတ်လိုက်သည်။

နောက်တစ်နေ့မနက်မှာတော့ အရောင်စုံလင်သော လင်းရောင်ခြည်တန်းများသည် မိုးကုတ်စက်ဝိုင်းပေါ်မှ ပေါ်ထွက်လာသည်။ အန်တီဖေး မနက်စာပြင်ဆင်ပြီးသည့်အချိန်တွင် လုလီရှင်း၏ အပေါ်ထပ်အခန်းသို့ သူမ စားစရာများ ယူလာခဲ့သည်။ သူမအခန်းတံခါး တွန်းဖွင့်လိုက်သည့်အချိန်မှာ အခန်းထဲမှာ ဘယ်သူမှမရှိနေတာကို သူမမြင်လိုက်ရသည်။

“သ‌ခင်လေး” ရေချိုးခန်းတံခါးကို အန်တီဖေးတွန်းဖွင့်လိုက်သော်လည်း ထိုနေရာတွင် သူ မရှိနေပါ။

အန်တီဖေးတစ်ယောက် စိုးရိမ်တကြီးဖြင့် အစေခံတွေကို ရှာဖွေခိုင်းလိုက်သည်။ ဗီလာကြီးတစ်ခုလုံးကို သူတို့ရှာခဲ့သော်လည်း လုလီရှင်းကို ရှာမတွေ့ခဲ့ပေ။

နေမကောင်းတဲ့လူက မနက်အစောကြီး ဘယ်နေရာကို ထသွားတာလဲ။

အန်တီဖေး အရမ်းစိုးရိမ်ပူပန်‌သွားမိခဲ့သည်။ လုလီရှင်း ပျောက်သွားသည့်‌အကြောင်းကို မဖုံးကွယ်ထားရဲပါ။ သူမ အကြီးအကဲလုဆီသို့ အပြေးအလွှားသွားပြီး အဖြစ်အပျက်အလုံးစုံကို ပြောပြလိုက်သည်။

အကြီးအကဲလုသည် ထိုသတင်းကိုကြားလိုက်ရသောအခါ အန်တီဖေးလောက်တော့ သူ စိုးရိမ်ပူပန်မဖြစ်ခဲ့ပါ။ အန်တီဖေးကို အရင်ဆုံး စိတ်အေးအေးထားဖို့ ပြောလိုက်သည်။ လုလီရှင်းက စဉ်းစားချင့်ချိန်တတ်သူ ဖြစ်သည်။ သူ့လက်ရှိရုပ်ပိုင်းဆိုင်ရာ ရောဂါအခြေအနေနဲ့ တစ်နေရာရာကို မဆင်မခြင် ထွက်သွားမှာ မဟုတ်ဘူး။

အကြီးအကဲလုက မေးလိုက်သည်။ “မင်း နေရာတိုင်းကို ရှာခဲ့ပြီးပြီလား။”

‌အန်တီဖေးသည် သေချာစဉ်းစားပြီးနောက် ပြန်ဖြေလိုက်သည်။ “ဒုတိယသ‌ခင်လေးရဲ့အခန်းနဲ့ သခင်မလေးအခန်းကိုတော့ ကျွန်မတို့ မရှာကြည့်ရသေးဘူး။”

“အဲဒီနေရာတွေကို အရင်သွားရှာကြည့်လိုက်ပါဦး။”

အန်တီဖေးသည် အိမ်ဖော်အုပ်စုလိုက်ကြီးကိုဦးဆောင်ပြီး လုလီထင်အခန်းကို သွားလိုက်သည်။ လုလီရှင်းပျောက်နေရုံသာမက လုလီထင်ကလည်း သူ့အခန်းတွင် ရှိမနေခဲ့ပါ။

“သူက အမြဲတမ်း အပြင်ကိုပဲ ထွက်နေတာပဲ။” ဘယ်သူမှရှိမနေသည့် အခန်းလွတ်ကိုမြင်ပြီး အကြီးအကဲလု ဒေါသထွက်သွားခဲ့သည်။

သူ့အစ်ကိုက ဆိုးဆိုးရွားရွားနေမကောင်းဖြစ်နေတာကို အိမ်မှာ‌နေပြီး ဂရုစိုက်ပေးမယ်မရှိဘူး။

လုလီထင်ဘက်ကို အန်တီ‌ဖေးကာပြီး မပြောပေးရဲပါဘူး။ သူမပြုံးပြီး ပြောလိုက်သည်။ “အကြီးအကဲလု အခုချိန်မှာ သခင်လေးကိုရှာဖို့က ပိုအရေးကြီးပါတယ်။”

အကြီးအကဲလုသည် လုလီထင်အခန်းကနေ လှည့်ထွက်သွားခဲ့သည်။

ကျီချင်းချင်းအခန်းသို့ ရောက်သောအခါ အန်တီဖေးသည် အခန်းတံခါးကို ခေါက်လိုက်သည်။ ကျီချင်းချင်းက တံခါးလာမဖွင့်ပေးတော့ တစ်ခုခုထူးဆန်နေတယ်ဆိုပြီး အန်တီဖေး သူမကိုယ်သူမ တီးတိုးရေရွတ်နေခဲ့သည်။

ကျီချင်းချင်းသည် ပုံမှန်၇နာရီဆိုရင် အိပ်ရာထနေကျ ဖြစ်သည်။ အခုဆို ၈နာရီတောင် ထိုးနေပြီ။ သူမအခန်းထဲက ဘာအသံမှ ဘာလို့မကြားရတာလဲ။

 အန်တီဖေး‌သည် အခန်းတံခါးကို နောက်တစ်ခါ ထပ်ခေါက်လိုက်သော်လည်း မည်သည့်တုံ့ပြန်မှုမှမရှိပေ။

အန်တီဖေးသည် အကြီးအကဲလုကို တချက်ပြန်ကြည့်လိုက်ပြီး အခန်းတံခါးကို ဖွင့်လိုက်သည်။

“ဟယ်....သခင်လေး......... အိုး ...သခင်မလေး.....” အန်တီဖေးသည် သူမမြင်လိုက်ရသည့်မြင်ကွင်းကြောင့် မျက်လုံးပြူးသွားသည်။

၅ပေ ၁၁လက်မသာရှိသည့် ခုတင်ပေါ်မှာ စောင်ကလည်း အိပ်ရာရဲ့ထောင်စွန်းကို ရောက်နေခဲ့ပြီး တွဲလောင်းကျနေသည်။ ကျီချင်းချင်းသည် ရေဘဝဲတစ်ကောင်လို လုလီရှင်းကို တွယ်ကပ်နေခဲ့သည်။ သူမရဲ့ခြေထောက်တစ်ချောင်းဟာ လုလီရှင်း၏‌ပေါင်ပေါ်ရောက်နေပြီး သူမ၏လက်များဟာလည်း လုလီရှင်း၏ခါးကို ဖက်ထားခဲ့သည်။ သူမခေါင်းဟာ သူ့ရဲ့ပခုံးပေါ်မှီ‌ပြီး အိပ်နေခဲ့သည်။ သူမသည် လုလီရှင်း၏ခန္ဓာကိုယ်တစ်ခုလုံးကို ဖက်တွယ်ထားခဲ့သည်။

လုလီရှင်း၏ညဝတ်ဝတ်စုံသည် အပေါ်သို့ လိပ်တက်နေခဲ့သည်။ သူရဲ့ သန်မာသော ဝမ်းဗိုက်ကြွက်သားများ ပေါ်ထွက်နေပြီး သွယ်လျသော လက်မောင်းလေးက သူ့ခါးပေါ်မှာ ရှိနေသည်။

သူတို့နှစ်ယောက်လုံး အိပ်မောကျနေခဲ့တော့ ခုနက တံခါးခေါက်သံများကို မကြားခဲ့ကြခြင်း ဖြစ်သည်။

တစ်စုံတစ်ယောက်ရဲ့ အသံကိုကြားလိုက်ရတော့ လုလီရှင်းသည် အရင်ဆုံး အိပ်ရာမှ နိုးလာခဲ့သည်။

နိုးနိုးချင်း ပထမဆုံးမြင်သည့်အရာကတော့ ဖြူ‌သွယ်သွယ်လက်လေးပင်ဖြစ်သည်။ ရှုပ်ပွနေပေမယ့် နူးညံ့ပျော့ပျောင်းသည့် ဆံနွယ်များဟာ သူ၏မျက်နှာတစ်ဝက်ကို ဖုံးအုပ်ထားသည်။ သူမျက်နှာပေါ်မှဆံပင်များကို ဖယ်လိုက်ပြီးသောအခါ သူကြားလိုက်ရသည့် အသံလာရာဆီသို့ မှုန်ရီနေသောမျက်လုံးဖြင့် ကြည့်လိုက်သည်။ မျက်လုံးပြူးနေသည့် အန်တီဖေးနှင့် အကြီးအကဲလုကို လုလီရှင်း တွေ့လိုက်ရသည်။ ထိုသူနှစ်ဦးမှာ ထိုမြင်ကွင်းကိုမြင်ပြီး ဝမ်းသာကြည်နူးနေခဲ့ကြသည်။

“ဘာလို့ အရမ်းဆူညံနေရတာလဲ...?” ကျီချင်းချင်းသည် အိပ်ချင်မူးတူးအသံဖြင့် နိုးလာသည်။ သူမမျက်ခုံးများ တွန့်နေပြီး အိပ်ရာနိုးနိုးချင်း စိတ်မကြည်လင်ပေ။ သူမမျက်လုံးများကို ပေကလတ်ပေကလတ်ဖြင့် ဖြေးဖြေးချင်း ဖွင့်ကြည့်‌လိုက်သည့်အခါတွင် ဗလာဖြစ်နေသော အသားအရေနှင့် သန်မာပြီးခွန်အားပြည့်နေတဲ့လက်၊ ခိုင်မာသောလက်မောင်းအပြင် လုလီရှင်းရဲ့မျက်နှာဟာ သူမမြင်ကွင်းထဲသို့ ဝင်ရောက်လာခဲ့သည်။

“လုလီရှင်း!!!လူဆိုးကောင်!!!”

လုလီရှင်း : ???