အခန်း၄၅
Viewers 15k

အခန်း(၄၅)

အကြီးအကဲလုနှင့် အန်တီဖေးတို့နှင့် မျက်နှာချင်းဆိုင် ရင်ဆိုင်တွေ့လိုက်ရသည့်အတွက် ကျီချင်းချင်းဟာ အလွန်စိတ်မသက်မသာဖြစ်သွားခဲ့ရသည်။

ဒါက ဘယ်လိုဖြစ်ရတာလဲ?!

ဒါက ဘယ်လိုအခြေအနေမျိုးလဲ?!

သေလုမြောပါးခင်ပွန်းသည်အား သူနဲ့အိပ်ရာအတူဝင်ဖို့ သွေးဆောင်ဖြားယောင်းတဲ့ ဆာလောင်နေသော အမျိုးသမီးတစ်ယောက်လို့များ သူတို့မြင်သွားကြမလား။

အကြီးအကဲလုနှင့် အန်တီဖေးအား ကျီးချင်းချင်းသည် မျက်နှာချင်းမဆိုင်ဝံ့ပေ။ သူမ‌ခန္ဓာကိုယ်တစ်ခုလုံးကို စောင်ဖြင့်လွှမ်းခြုံထားလိုက်ပြီး ဘောလုံးတစ်လုံးလို ကွေးနေခဲ့သည်။ ကျီချင်းချင်းသည် သူမကိုယ်သူမ ပိုးအိမ်လေးလိုထုပ်ပိုးထားပြီး အပြင်ဘက်ကမ္ဘာနှင့် ပြောဆိုဆက်ဆံရန် ငြင်းဆိုလိုက်သည်။

အရမ်းရှက်စရာကောင်းလိုက်တာ!

တကယ့်ကို ရှက်စရာကောင်းလွန်းတယ်!!

ကျီချင်းချင်းသည် အနှစ်နှစ်ဆယ်ကျော် ကြာရှည်ခဲ့သည့် သူမအသက်ထက် ဒီနေ့တွေ့ကြုံရသည့် အဖြစ်အပျက်ဟာ သူမအတွက် ပိုပြီးရှက်စရာကောင်းနေခဲ့သည်။

သူမမှာ ထားစရာမျက်နှာမရှိတော့ပါ။

သူမနိုးလာသည့်အချိန်တုန်းက ဘယ်လိုအနေအထားမျိုး ဖြစ်နေတာလဲ။

သူမလက်တွေက လုလီရှင်းခါးပေါ်မှာ ရှိနေတာလား။

သူမခြေထောက်တစ်ဖက်က လုလီရှင်းရဲ့ပေါင်ပေါ်မှာလား။

သူမခေါင်းကရော...

သူမခေါင်းက ဘယ်နေရာမှာ ရှိနေခဲ့ပါလိမ့်။

ကျီချင်းချင်းသည် ဖြစ်ပျက်ခဲ့သည့် မြင်ကွင်းတစ်ခုလုံးကို သူမ သေသေချာချာ စဉ်း‌စားကြည့်နေခဲ့သည်။ လုလီရှင်းအသက်ရှူလိုက်လျှင် သူ့ရဲ့ဝမ်းဗိုက်ကြွက်သားဟာ အပေါ်ရောက်လိုက် အောက်ရောက်လိုက် ဖြစ်နေသည့်မြင်ကွင်းကို သူမမြင်ခဲ့မိသည်။ ထိုမြင်ကွင်းကိုမြင်သည့်အချိန်မှာ သူမ နှလုံးခုန်နှုန်းတွေ မြန်ဆန်နေခဲ့သည်။

လုလီရှင်း၏ပခုံး (သို့မဟုတ်) လက်မောင်းပေါ်မှာ သူမခေါင်းက မှီတွယ်အိပ်စက်အနားယူခဲ့တယ်လား။

ဒါမှမဟုတ် သူ့ရင်ဘတ်ပေါ်မှာလား။

ငါ့ကံက ဒီလောက်တော့ မဆိုးလောက်ပါဘူး ဟုတ်တယ်မလား။

ကျီချင်းချင်းသည် အတွေးများစွာနှင့်ငိုချင်စိတ်တွေဖြစ်ပေါ်နေသည်။

ပုံမှန်ဆိုရင် သူမက အေးဆေးအိပ်တတ်သည့်သူတစ်‌ယောက် ဖြစ်သည်။ လုလီရှင်းနဲ့ အတူတူအိပ်တဲ့ညကျမှသာ သူမအိပ်သည့်ပုံစံအနေအထားသည် ဘယ်‌လို‌အကြောင်းမျိုးကြောင့် ဒီလိုဖြစ်သွားခဲ့ရလဲဆိုတာကိုတွေးပြီး သူမ ခေါင်း‌ခြောက်သွားခဲ့သည်။ ထို့အပြင် ထိုအ‌ဖြစ်အပျက်ကိုလည်း လူအများကြီးရှေ့မှာ သူမ အမိခံလိုက်ရသေးသည်။

အကယ်၍ လုလီရှင်းသာ သူမမွေးဖွားထားသည့် သားတစ်ယောက်ဖြစ်သည် ဆိုပါစို့။ မိန်းမတစ်ယောက်က သူ့သား အလွန်နေမကောင်းဖြစ်နေသည့်အချိန်မှာ ဆွဲဆောင်နေမယ်ဆိုရင် ထိုမိန်းမကို အပိုင်းပိုင်းဖြတ်ပစ်မှာ အသေအချာပင်။

အခုချိန်မှာတော့ အကြီးအကဲလု ဘာတွေးနေမလဲ ဒါမှမဟုတ် သူမကို အခုအချိန်မှာ ဘယ်လိုမြင်နေမလဲဆိုတာကို သူမ တွေးတောင်မတွေးရဲဘူး ဖြစ်နေခဲ့သည်။

သူ့မြေးကို အဆက်မပြတ် မြူဆွယ်ဖြားယောင်းနေသည့် မိန်းကလေးလို့ သူထင်နေပေလိမ့်မည်။

ကျီချင်းချင်းသည် အလွန်မသက်မသာ ခံစားနေရသည်။

ကျီချင်းချင်းက သူ့ကို ”လူဆိုးကောင်” လို့ခေါ်ပြီး စောင်အောက်မှာ ဘောလုံးတစ်လုံးလို ကွေးနေသည့် သူမပုံစံကိုကြည့်ပြီး လုလီရှင်းသည် ရယ်ချင်နေခဲ့သည်။

ဒီအမှုမှာ နစ်နာသူအား ပြန်လည်တရားစွဲဆိုခြင်းလို့ ဆိုလို့ရနိုင်ပါသလား။

သူက လူယုတ်မာလား။

ဒီနေရာမှာ ဘယ်သူက လူဆိုးလဲ။

မနေ့ညက သူ အကျင့်စာရိတ္တကောင်းမွန်စွာ အိပ်စက်ခဲ့ပြီး သူမအား ဘာမှအသားယူခဲ့ခြင်း မရှိပေမယ့် အခု သူ လူဆိုးကောင် ဖြစ်သွားပြီလား။

သူမသည် ကြောက်စရာကောင်းသော အိပ်စက်ခြင်း အလေ့အထမျိုးရှိသူ ဖြစ်သည်။ သူမကုတင်ပေါ်တွင် ဆက်တိုက်လှိမ့်နေခဲ့ပြီး လုလီရှင်းကို ”လူသားဖက်လုံး”အဖြစ် သဘောထားကာ ဖက်အိပ်နေခဲ့သည်။ အခုချိန်မှာတော့ သူမ‌ မနေ့ညက ဖက်အိပ်ခဲ့သည့်ထိုလူသားအား လူဆိုးကောင်ဟု ခေါ်ဆိုနေခဲ့သည်။

ဒီအခန်းထဲမှာ ကင်မရာမရှိတာကိုတော့ စိတ်မကောင်းဖြစ်မိတယ်။ မဟုတ်ရင် ကျီချင်းချင်းရဲ့ မနေ့ညက အအိပ်ကြမ်းပုံကို သူမအား ပြသနိုင်မှာပဲ။ သူမ လူဆိုးကောင်လို့ ခေါ်သည့်ဒီလူသားကို သူမဘယ်လိုဖက်အိပ်နေခဲ့လဲဆိုတာကို လုလီရှင်းသည် သူမကိုယ်တိုင် ထိုမြင်ကွင်းအား မြင်စေချင်နေခဲ့သည်။

သို့သော်လည်း မနေ့ညက ဖြစ်ပျက်ခဲ့သည့်ကိစ္စတွင် သူပါဝင်သည့်အတွက်ကြောင့် တာဝန်ယူရသည့်ကိစ္စကိုတော့ သူရှောင်ပြေးလို့မရနိုင်ပါ။ ကျီချင်းချင်းသည် မနေ့ညက ဘယ်ချိန်လောက်ထိ ကုတင်ပေါ်ကို လှည့်ပတ်နေမလဲဆိုတာ သူသိချင်လို့ စောင့်ကြည့်နေခဲ့ပေမယ့် သူစောင့်ကြည့်နေသည့်အချိန်‌တွင်းမှာပဲ သူလည်း အိပ်ပျော်သွားခဲ့သည်။ ကျီချင်းချင်းက သူ့ကို ဖက်လုံးလိုသဘောထားပြီး ဖက်တွယ်နေခဲ့ပေမယ့် သူကတော့ တစ်ရေးမှနိုးလာခဲ့ခြင်းမရှိပေ။

လုလီရှင်းသည် အိပ်ရာနိုးလာပြီးနောက် အိပ်ရေးဝပြီး စွမ်းအားတွေပြည့်နေတယ်လို့ ခံစားလိုက်ရသည်။

သူ့ရဲ့ နိုးကြားတက်ကြွသောအာရုံက တဖြေးဖြေး ပိုဆိုးရွားလာတာပဲ။

လုလီရှင်းက အသက်ပြင်းပြင်းရှူလိုက်ပြီး တံခါးဝမှာရပ်နေသော ထိုလူနှစ်ဦးကို ရှင်းပြလိုက်သည်။ “အဘိုး အန်တီဖေး ကျွန်တော် မနေ့ညက ကုတင်ပေါ် မတော်တဆ ရေမှောက်ကျသွားခဲ့တယ်။ ညဖက်အချိန်မတော်ကြီး အန်တီဖေးကိုလည်း ဒုက္ခ‌မပေးချင်တော့ အဲ့ဒါကြောင့် ကျွန်တော်......”

အကြီးအကဲလုနှင့်အန်တီဖေးတို့သည် စောင်အောက်မှာ ပုန်းနေသည့် အလွန်ရှက်ရွံ့နေသော ကျီချင်းချင်းအား သူတို့ကြည့်နေခဲ့ကြသည်။ သူတို့နှစ်‌ယောက် ဘယ်လိုခံစားနေရလဲဆိုတာ သူတို့ကိုယ်တိုင်ပင် နားမလည်နိုင်ခဲ့ပါ။

ကျီချင်းချင်းအကြောင်းကို သူတို့ကောင်းကောင်းမသိသော်လည်း သူတို့လက်ထဲမှာ ကြီးပြင်းလာသည့် လုလီရှင်းအကြောင်းကိုတော့ သူတို့ ကောင်းကောင်းသိသည်။

လုလီရှင်းကို တစ်ယောက်ယောက်က အတင်းအကြပ်လုပ်ချင်ရင်တောင်မှ လုလီရှင်းက ဆန္ဒရှိမှသာလျှင် ထိုကိစ္စကဖြစ်မြောက်မှာဖြစ်သည်။

သူ တစ်ခုခုကို မလုပ်ချင်ဘူးဆိုရင်တော့ သူ့ကို တွန်းအားပေးနိုင်မယ့်သူ အရမ်းနည်းပါတယ်။

“သခင်လေး ကျွန်မကိုဒုက္ခပေးမိမှာဆိုးတယ်လို့ ဘယ်လိုတောင် တွေးလိုက်မိတာလဲရှင်။” အန်တီဖေးသည် စောင်အောက်တွင် ပုန်းနေဆဲဖြစ်သည့် ကျီချင်းချင်းအားကို တစ်ချက်ကြည့်လိုက်ပြီး “ကျွန်မ အခုပဲ သခင်လေးရဲ့ အိပ်ယာခင်းကို သွားလဲလိုက်ဦးမယ်။ ဆရာဝန်တွေ အောက်မှာရောက်နေပြီ။ သူတို့ကို စာကြည့်ခန်းထဲ လွှတ်လိုက်ပါ့မယ်။ သခင်လေး စာကြည့်ခန်းမှာ သွားနားလို့ရပါတယ်” ဟုပြောလိုက်သည်။

လုလီရှင်း ခေါင်းညိတ်လိုက်သည်။ ကျီချင်းချင်းအခန်းထဲကနေ‌ ထွက်သွားခါနီးအချိန်မှာ Little Aထံမှ အကြောင်းကြားစာကို လက်ခံရရှိခဲ့သည်။

-- “သေဆုံးခါနီးသတိပေးချက်: ကျီချင်းချင်းအား မနက်ခင်းအနမ်းတစ်ပွင့်ကို ၅မိနစ်အတွင်းပေးရန်။ ထို့အပြင် ကောင်းသောမနက်ခင်းလေးပါဟု သူမကိုပြောရန်”

လုလီရှင်း ဒေါသထွက်သွားသည်။ “သူမနဲ့ တစ်ကုတင်တည်း အတူတူအိပ်တဲ့ဆုကရော ဘယ်မှာလဲ?”