အခန်း(၄၆)
-- “ကျီချင်းချင်းနဲ့အတူအိပ်တာ
၈နာရီကျော်ကြာတော့ မင်းအတွက် အသက်ရမှတ် ၈မှတ်ပေးမယ်။ ဒီအချိန်နာရီများက မင်းအသက်ရှင်ဖို့အတွက်
အထောက်အပံပေးလိမ့်မယ်”
“မင်း သွားသေလိုက်…”
-- “ကျေးဇူးပြုပြီး ဒီsystemကို မကျိန်ဆဲပါနဲ့။”
လုလီရှင်း၏မျက်နှာမှုန်မှိုင်းသွားခဲ့ပြီး
“ဂုဏ်သရေရှိလှပါသောsystemကြီးရေ မင်း ငါ့ကို လာနောက်နေတာလား။” ဆိုပြီးပြောလိုက်သည်။
-- “မင်းဘာဆုံးရှုံးမှုကိုမှ
မခံစားခဲ့ရပါဘူး။ မင်း ကျီချင်းချင်းနဲ့ အတူအိပ်စက်ရင်း ၈နာရီကြာ ဘဝသက်တမ်းကို
ရရှိသွားတယ်။ ဒါ့အပြင် မင်းရဲ့ကျန်းမာရေးကို ပြန်ကောင်းအောင် ငါ ကူညီပေးမယ်။”
လုလီရှင်းသည်
စိတ်ကိုတည်ငြိမ်အောင် အစွမ်းကုန်ကြိုးစားပြီး အသက်ရှူနှုန်း
ပုံမှန်ပြန်ဖြစ်သွားအောင် လုပ်ခဲ့သည်။ စောင်အောက်မှာ ပုန်းနေသည့် ကျီချင်းချင်းကို
ကြည့်လိုက်ကာ သူက သူမခြုံထားသည့်စောင်ကို ဆွဲလှန်လိုက်သည်။
ကျီချင်းချင်းသည်
မြေကြီးထဲမှာ ခေါင်းဝှက်ထားသော ငှက်ကုလားအုတ်တစ်ကောင်ကဲ့သို့ စောင်ထဲမှ
ထွက်လာသည်။ စောင်အောက်မှာ အကြာကြီးနေလိုက်ရတော့ သူမမျက်နှာဟာ နီရဲနေခဲ့သည်။
သူမလေကို အပြည့်အဝရှူရှိုက်ပြီးသည့်နောက်မှာ လုလီရှင်းက သူ၏လက်ဖဝါးနှစ်ဖက်ကို
လက်ခုပ်ပုံသဏ္ဌာန်ဖြင့် သူမ၏ပါးနှစ်ဖက်ပေါ်ကို အတင်းအကြပ်ဖိလိုက်သည်။
သူမနဖူးကို
ဖိကပ်နမ်းလိုက်သည်။
ကျီချင်းချင်း :
!!!
လုလီရှင်းသည်
အံကြိတ်ပြီး ပြောလိုက်သည်။ “ကောင်းသောမနက်ခင်းလေးပါ ကိုယ့်ရဲ့အမျိုးသမီးလေးရေ”
-- “တာဝန်ပြီးမြောက်သွားပါပြီ။
မင်းဘဝသက်တမ်းထဲကို ၁မှတ် ပေါင်းထည့်လိုက်ပါပြီ။ အခုလက်ရှိ မင်းအသက်ရှင်ဖို့ ၃နာရီ
ပိုတိုးသွားပါပြီ”
ဒါက...
မနက်ခင်းအနမ်းလား။
ကျီချင်းချင်းသည်
ကျောက်ရုပ်ဖြစ်သွားခဲ့သည်။ လုလီရှင်း၏မျက်နှာနှင့်
အံကြိတ်ထားသောမေးရိုးကိုကြည့်ရင်း သူပေးသည့် မနက်ခင်းအနမ်းဟာ
သူ့ရဲ့စိတ်ရင်းမှန်ဖြစ်ပုံမပေါ်ဘူးဆိုပြီး တွေးနေခဲ့သည်။ ပြီးတော့ သူမ
မလှုပ်ဝံ့ပေ။
အကြီးအကဲလုနှင့်အန်တီဖေးတို့ကလည်း
ခုနကမြင်ခဲ့သည့်မြင်ကွင်းကို ထူးဆန်းနေတယ်လို့ ခံစားနေရသည်။
“ငါ ဘာပြန်ပြောရင် ကောင်းမလဲ။” ဆိုပြီး ကျီချင်းချင်းက အတွေးများနေခဲ့သည်။
အချိန်ခဏလောက်
ကြက်သေသေပြီးနောက် ”ကောင်းသောနံနက်ခင်းပါ” ဟု ပြောထွက်လာသည်။
“တစ်ခြား ဘာပြောစရာကျန်သေးလဲ။”
ကျီချင်းချင်းနှုတ်ခမ်းထောင့်စွန်းလေးတွေ
တုန်ရီနေလျှက် “ကောင်းသောနံနက်ခင်းပါ ခင်ပွန်း” ဟု ပြောလိုက်သည်။
-- “မင်းဘဝသက်တမ်းထဲကို ၁မှတ် ပေါင်းထည့်ပြီးပါပြီ။ အခုလက်ရှိ သင်
လေးနာရီကြာ အသက်ရှင်သန်ခွင့် ရရှိသွားပါပြီ။”
“အဲဒါကို နောက်တစ်ခွန်းလောက် ထပ်ခေါ်ပေးပါလား။”
“...
ကောင်းသောနံနက်ခင်းပါ ခင်ပွန်းရေ”
-- “မင်းဘဝသက်တမ်းထဲကို ၁မှတ်
ပေါင်းထည့်ပြီးပါပြီ။ အခုလက်ရှိ သင် ငါးနာရီကြာ အသက်ရှင်သန်ခွင့် ရရှိသွားပါပြီ။”
“ထပ်ခေါ်ပေးရဦးမှာလား။”
ကျီချင်းချင်းသည်
ဒေါသထွက်သွားခဲ့သည်။ လုလီရှင်း ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။ အကြီးအကဲလုနှင့်
အန်တီဖေးတို့အားကိုးနဲ့ ငါ့ကိုခြိမ်းခြောက်ပြောဆိုလို့ရတဲ့ အခွင့်အရေးကို
ယူနေတာလား။
သူတို့နှစ်ယောက်ကြားမှာ
ဘာခံစားချက်မှမရှိတာ မသိတဲ့လူရှိလို့လား။ သူတို့ကြားမှာ လက်ထပ်စာချုပ်တစ်ခုပဲ
ရှိတာ။ သူက ဘာကြောင့် အရမ်းချစ်မြတ်နိုးတဲ့ ဇနီးမောင်နှံအဖြစ်
ရှိုးလုပ်လိုက်ရတာလဲ။
ကြင်နာတတ်တဲ့
အကြီးအကဲလုက သူတို့နှစ်ယောက်ကို နှောက်ယှက်ဖို့ ချောင်းဆိုးလိုက်သည်။
သူတို့နှစ်ယောက် အပြန်အလှန်ချစ်ပြနေတဲ့မြင်ကွင်းကို သူဆက်မကြည့်ချင်တော့လို့
ချောင်းဆိုးနှောက်ယှက်လိုက်ခြင်းဖြစ်သည်။ သူနဲ့အန်တီဖေးနှစ်ယောက်လုံး အခန်းထဲမှာ
ရှိနေခဲ့တာဖြစ်သည်။ သူ့မြေးက ဘာလို့ သူ့ကို မမြင်ချင်ယောင်ဆောင်နေရတာလဲ။
မနက်စောစောစီးစီး သူ့မြေးက ကျီချင်းချင်းကိုပွေ့ဖက်ပြီး နမ်းရှုံ့နေခဲ့သည်။ ဒါက
ဘယ်လိုမသင့်လျော်တဲ့ အပြုအမူမျိုးပါလိမ့်။
“လီရှင်း ဒေါက်တာကျိုးက မင်းကိုတွေ့ဖို့ စိတ်စောနေပုံပဲ။”
လုလီရှင်းသည်
ကျီချင်းချင်းကို လွှတ်ပေးလိုက်ပြီး သူ့လက်ထဲမှာ ထွက်သွားခွင့်ပေးလိုက်သည်။
လုလီရှင်းသည် အိပ်ရာပေါ်ကနေ ထသွားခဲ့သည်။
ခြေသံတွေဟာ
နီးရာကနေ တဖြေးဖြေး အလှမ်းဝေးသွားသည်။ အိပ်ခန်းထဲမှာ ဘာအသံမှမကြားရတော့ပဲ
တိတ်ဆိတ်သွားခဲ့သည်။
ကျီချင်းချင်းက
လူတွေအားလုံးထွက်သွားပြီလို့ ထင်ခဲ့ပေမယ့် သူမခေါင်းကို လှည့်လိုက်သည့်အချိန်တွင်
အခန်းထဲမှာ မတ်တပ်ရပ်ကျန်နေခဲ့သည့် အန်တီဖေးကို သူမတွေ့လိုက်ရသည်။ အန်တီဖေးက
သူမကို အလွန်ရွှင်မြူးနေတဲ့အပြုံးဖြင့် ပြုံးပြလိုက်သည်။
“အန်တီဖေး...” ကျီချင်းချင်းသည် အနေရခက်စွာ ခေါ်လိုက်သည်။
အန်တီဖေးက
ပြုံးပြနေရင်း ကျီချင်းချင်းပုခုံးပေါ်မှ လျှောကျနေသည့် အင်္ကျီကြိုးကို
ဆွဲတင်ပေးလိုက်သည်။ “ချင်းချင်းရေ
မကြောက်ပါနဲ့။ အကြီးအကဲလုနဲ့အန်တီတို့ နှစ်ယောက်စလုံး သမီးကိုနားလည်ပါတယ်။”
သူမသက်တမ်းတစ်ဝက်လုံး
လုမိသားစုအတွက် အလုပ်လုပ်ပေးလာသည့် မိန်းမတစ်ယောက်အနေဖြင့် ကျီချင်းချင်းက
ဘယ်လိုမိန်းကလေးမျိုးလဲဆိုတာ သူမ
မသိပဲနေပါ့မလား။ သူမက ဖြစ်ပျက်ခဲ့သည့်ကိစ္စကို ရှင်းရှင်းလင်းလင်း
နားလည်ပေးနိုင်ပါသည်။
သူမတောင်
နားလည်ပေးနိုင်တာ သူမထက် အသက်ပိုကြီးသည့် အကြီးအကဲလုက နားလည်မှုလွဲမှာ
မဟုတ်လောက်ပါဘူး။
ကျီချင်းချင်းသည်
သူမရင်ဘတ်ထဲမှ အလုံးကြီးကျသွားခဲ့သည်။ သူတို့က သူမကို သွေးဆောင်ဖြားယောင်းတတ်တဲ့
အမျိုးသမီးလို့မထင်သရွေ့တော့ အဆင်ပြေပါတယ်။
“အန်တီဖေး ကျေးဇူးတင်ပါတယ်ရှင့်။”
အန်တီဖေးသည်
ပြုံးလိုက်ပြီး “ယဉ်ကျေးနေဖို့
မလိုပါဘူး။ မျက်နှာသစ်ဆေးကြောပြီးရင် အောက်ထပ်ကို မနက်စာစားဖို့အတွက် ဆင်းလာခဲ့ပါ။”
ဒါကိုပြောပြီးတာနဲ့
သူမအခန်းထဲမှ ထွက်သွားခဲ့သည်။
အန်တီဖေး
ထွက်သွားသွားချင်းမှာပဲ လုလီရှင်းအိပ်ခဲ့သည့်နေရာကို ရင်ထဲက ဒေါသတွေထွက်သွားအောင်
လက်သီးဖြင့် ထိုးနေလိုက်သည်။ မနက်ခင်းမှာ သူမရဲ့ပုံမှန်ကောင်းမွန်နေတဲ့
စိတ်အခြေအနေကို လုလီရှင်းက လုံးလုံးလျားလျား ဖျက်စီးသွားခဲ့တယ်။
ဒီတစ်ခေါက်ကိစ္စကို သူမသေသည်အထိ ဒေါသထွက်သွားမယ်!!!!!!!
ဘာမနက်ခင်းအနမ်းတစ်ပွင့်လဲ။
ဒီစိတ်တိုစရာကောင်းတဲ့ လူကတော့!
ဘယ်လိုယောကျာ်းကများ
ကိုယ့်မိန်းမကို အဲ့လိုမျက်နှာထားကြီးနဲ့နမ်းမှာတဲ့လဲ။
မနက်ခင်းအနမ်းက
အဲလိုမျိုး နမ်းရတာပဲလား။ လုလီရှင်းကြည့်ရတာတော့ သူမကိုဝါးစားတော့မည့်အတိုင်းပင်!
ကျီချင်းချင်းသည်
လုလီရှင်း၏ခေါင်းအုံးကို ဒေါသတကြီး ကန်ထုတ်လိုက်သည်။ သူမ အရမ်းဝမ်းနည်းသလို
ခံစားရသည်။
သူမ
မနေ့ညက စိတ်ပျော့ပြီး လုလီရှင်းကို သူမခုတင်ပေါ် အိပ်ခွင့်မပြုလိုက်သင့်ဘူး။
အနာဂတ်တွင်
သူမသက်ညှာမှုကို လုလီရှင်းမရရှိဖို့ မျှော်လင့်ထားလိုက်တော့!