အခန်း၄၈
Viewers 14k

အခန်း(၄၈)

ကျီချင်းချင်းသည် လုလီရှင်း၏အခြေအနေကို အကြိမ်ပေါင်းများစွာ စဉ်းစားကြည့်နေသော်လည်း သူမခေါင်းထဲတွင် ပဟေဠိဖြစ်နေခဲ့သည်။ သူမ၏မျက်လုံးထောင့်စွန်းကနေ လုလီရှင်းဟာ လှေကားကနေ ဆင်းလာပြီး သူမအနားသို့ လျှောက်လာတာကို တွေ့လိုက်ရသည်။

 

သူမ မနက်စာစားရင်း သူ့ကိုမမြင်ချင်ယောင်ဆောင်လိုက်သည်။ သူ့ကို သူမစကားမပြောချင်ဘူး။

 

လုလီရှင်းသည် တိတ်တဆိတ် ခေါင်းငုံ့ပြီး မနက်စာစားနေတဲ့ ကျီချင်းချင်းကိုကြည့်ရင်း တိုးညင်းစွာ ပြောလိုက်သည်။ 

 

“ခဏနေရင် ကိုယ်ဆေးရုံကို သွားမလို့။ မင်းလည်း အတူလိုက်ခဲ့ရင်ကောင်းမယ်။”

 

ကျီချင်းချင်းသည် သူ မနက်တုန်းက နမ်းခဲ့တဲ့အနမ်းကို သတိရသွားပြီး ကျွန်မ မလိုက်ချင်ဘူး။ လို့ ငြင်းဆိုလိုက်သည်။

 

အကြီးအကဲလုက လုလီရှင်းနောက်ကနေ အောက်ထပ်သို့ လိုက်ပါလာခဲ့ပြီး ကျီချင်းချင်း၏ ငြင်းဆိုချက်ကို ကြားသွားသည်။ ထို့နောက် အကြီးအကဲလုက သူမကို ကြင်နာစွာပြုံးပြပြီး မေးလိုက်သည်။

 

ချင်းချင်းရေ မနက်စာစားပြီးရင် အဖိုးတို့နဲ့အတူ ဆေးရုံကို လိုက်ခဲ့ပေးလို့ရမလား။

 

ကျီချင်းချင်းသည် သူမပါးစပ်ထဲမှနွားနို့ကို မြိုချလိုက်သည်။ အကြီးအကဲလု၏ တောင်းဆိုမှုကိုတော့ သူမ မလွန်ဆန်နိုင်ခဲ့ပေ။ လုလီရှင်းကိုပဲ စူးစိုက်ကြည့်နိုင်ခဲ့သည်။

 

ကောင်းပါပြီ အကြီးအကဲလု

 

နာရီဝက်ကြာခန့်အကြာတွင်  သူတို့သည် ဆေးရုံသို့ရောက်ရှိလာပြီး လုလီရှင်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို စစ်ဆေးမှုပြုလုပ်ရန် ဆောင်ရွက်ခဲ့သည်။ အကြီးအကဲလုသည် ဆေးရုံအုပ်ချန်းကို ဆက်သွယ်ခဲ့ပြီး ကြိုတင်ပြင်ဆင်ထားခဲ့သည်။

 

ကျီချင်းချင်းနှင့် အကြီးအကဲလုတို့သည် ရလဒ်ကိုနားထောင်ရန် ဆေးရုံအုပ်ရုံးခန်းသို့ ရောက်နေခဲ့သည်။

 

အကြီးအကဲလုဟာ တိတ်ဆိတ်စွာ သူ့စိပ်ပုတီးကိုပဲ အာရုံစိုက် စိပ်နေခဲ့သည်။

 

အကြီးအကဲလု စိတ်မပူပါနဲ့။ မစ်စတာလုက ဒီရက်ပိုင်းအတွင်းမှာ ကျန်းမာရေးကောင်းနေတာပဲ။ အံဩစရာဖြစ်ရပ် ဖြစ်ပေါ်လာတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်......

 

အကြီးအကဲလုသည် သူပုတီးစိပ်နေတာကို ရပ်တန့်လိုက်ပြီး ကျီချင်းချင်းဆီသို့ သူ့ရဲ့ကြင်နာသောအကြည့်များ ရောက်သွားခဲ့သည်။ လီရှင်းမှာ အံ့ဩဖွယ်အဖြစ်အပျက်မျိုး ဖြစ်လာလိမ့်မယ်လို့ မင်း တကယ်ယုံကြည်လို့လား။

 

ဒါပေါ့ရှင်။ စိတ်‌ထားကောင်းတဲ့လူတွေက ကြာကြာမနေရဘူးဆိုပေမယ့် လူဆိုးတွေကတော့ နှစ်ပေါင်း ထောင်ချီကြာ အသက်ရှင်ကြလိမ့်မယ်။

 

အကြီးအကဲလုသည် ခေါင်းညိတ်လိုက်သည်။

 

အင်း သမီးလည်း ဒီမှာရှိနေတာပဲ။ လီရှင်းက သေချာပေါက် အံ့ဖွယ်ကောင်းစွာ ပြန်သက်သာပါလိမ့်မယ်။”

 

အိမ်ထောင်ပြုတာက နာမကျန်းသူအား ကံကောင်းခြင်းအား ဆောင်ယူလာပေးသည်ဟု အယူသီးသော ဟောပြောထားခြင်းကို အကြီးအကဲလုတွေးနေမှန်း ကျီချင်းချင်းသိသည်။ သူမ ဘာမှထပ်မပြောခဲ့ပါ။ သက်ကြီးရွယ်အိုများသည် မျှော်လင့်ချက်ပိုထားခြင်းကသာလျှင် သူတို့အတွက် ပိုကောင်းပေလိမ့်မည်။

 

နာရီဝက်ခန့်အကြာတွင် စစ်ဆေးမှုများ ပြီး‌ဆုံးသွားခဲ့ပြီး သူနာပြုတွေက သူတို့နှစ်ယောက်ကို စစ်ဆေးမှုပြုလုပ်သည့်အခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။

 

စစ်ဆေးခန်းထဲမှာတော့ လုလီရှင်းဟာ သူချွတ်ထားသည့်အင်္ကျီကို ပြန်ဝတ်ဆင်နေခဲ့သည်။ ကြယ်သီးကို တစ်လုံးချင်း ပြန်တပ်နေခဲ့သည်။ သူ့ရဲ့သန်မာသည့် ဗိုက်ကြွက်သားများဟာ မြင်သူတိုင်း မူး‌မေ့လဲသွားစေလောက်သည်။

 

ကျီချင်းချင်းကတော့ ထိုမြင်ကွင်းကိုမြင်ပြီး သူမခေါင်းထဲတွင် မြင်းအုပ်လိုက်ကြီး ကဆုန်ပေါက်ပြေးနေသလိုမျိုး ခံစားနေရသည်။ သူမသည် ဒီမနက်ခင်းတုန်းက ဝေယောင်ဝေဝါးခံစားချက်များကို ပြန်တွေးမိသွားသည်။

 

တစ်ဖက်တွင်မူ ဆေးရုံအုပ်ချန်းဟာ လုလီရှင်း၏ ဆေးစစ်ချက်ကို အပြန်ပြန်အလှန်လှန် ကြည့်နေခဲ့သည်။ ဆေးရုံအုပ်ကြီးသည် သူ့မျက်ခုံးကို အကြိမ်ကြိမ်တွန့်နေခဲ့ပြီး အချက်အလက်များကို သေသေချာချာ စစ်ဆေးကြည့်ရှုနေခဲ့သည်။ သူ့မျက်နှာက အံ့အားသင့်နေပုံပါပဲ။

 

ဆေးရုံအုပ်ကြီးက လုလီရှင်းကို တစ်ချက်ကြည့်ပြီး အကြီးအကဲလုကို တိုးတိုးလေး ကပ်ပြောလိုက်သည်။ ကျွန်တော်တို့ အပြင်ဘက်ကို ခဏလောက်ထွက်ပြီး ပြောကြမလား။

 

သို့သော် လုလီရှင်းက ဒီမှာပဲပြော ဟုအေးစက်စွာပြောဆိုလိုက်သည်။

 

အကြီးအကဲလုသည် လုလီရှင်းကို စိုက်ကြည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။

 

မစ်စတာလု ကားမတော်တဆဖြစ်ပြီး ဆေးရုံကိုရောက်လာတုန်းက သူ့ဒဏ်ရာက တော်တော်ပြင်းထန်တယ် အထူးသဖြင့် သူ့ရဲ့နှလုံး၊ အဆုတ်၊ ကျောက်ကပ်တွေက တော်တော်အခြေအနေဆိုးနေခဲ့တယ်။ သူ့ကိုယ်တွင်းအင်္ဂါတွေ ပျက်စီးလုနီးပါး ဖြစ်သွားခဲ့တယ်။ အခုတစ်လကြာ ကုသမှုခံယူပြီးတဲ့နောက်မှာတော့ တစ်ချို့အားနည်းနေတဲ့နေရာတွေမှလွဲပြီး မစ်စတာလု... သူ... ဆေးရုံအုပ်ကြီးသည် တံတွေးတစ်ချက်မျိုချလိုက်ပြီး သူ့ကျန်းမာရေးအခြေ‌အနေ‌ဟာ ကောင်းမွန်တဲ့အနေအထားကို ရောက်ရှိသွားပါပြီ ဆိုပြီးပြောလိုက်သည်။

 

ဒီလိုအခြေ‌အနေမျိုးသည် အံ့ဖွယ်ဖြစ်ရပ်ထက်ကို ကျော်လွန်ခဲ့သည် ....ဒီကိစ္စသည် သာမန်မဟုတ်ပဲ မထင်မှတ်ထားလောက်ကိုပင် ဆန်းကြယ်နေခဲ့သည်။

 

ဆေးရုံအုပ်ချန်းသည် ဆေးပညာကို လေ့လာနေတာ နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီး ကုသရခက်ခဲသည့် ကိစ္စများစွာ ကြုံတွေ့ခဲ့ဖူးသော်လည်း အခုလိုထူးခြားဆန်းကြယ်သည့် အဖြစ်မျိုးတော့ သူ တစ်ခါမှမကြုံခဲ့ဖူးပေ။

 

‌လုလီရှင်းသည် လွန်ခဲ့သောသုံးရက်ခန့်က ဆေးရုံမှမဆင်းမီတွင် စစ်ဆေးမှုများစွာ ပြုလုပ်ခဲ့ပြီး ရလဒ်များအရ သူသည် ကိုယ်တွင်းအင်္ဂါများ စတင်ပျက်စီးယိုယွင်းနေပြီဖြစ်ကြောင်း သိရသည်။ သို့သော် ယခုသုံးရက်တာအတွင်း ဆေးကုသမှု ခံယူခြင်းမရှိပဲ သူက ထူးခြားဆန်းကြယ်စွာ နေပြန်ကောင်းလာခဲ့သည်။ ဒီသတင်းသာ ပြန့်သွားရင် ဆေးဖက်ဆိုင်ရာ နယ်ပယ်တစ်ခုလုံး တုန်လှုပ်သွားကြလိမ့်မယ်။

 

လုလီရှင်း၏ ကျန်းမာရေးပြန်လည်ကောင်းမွန်လာခြင်းသည် အနှစ်၄၀ကျော် ဆရာဝန်လုပ်လာခဲ့ပြီး လူ့ခန္ဓာကိုယ်ဗဟုသုတများစွာရှိသည့် သူ့ကို တိုက်ရိုက်ချိုးဖျက်လိုက်သလိုမျိုး ခံစားခဲ့ရသည်။

 

ဆေးရုံအုပ်ချန်းသည် သူ့စိတ်အရမ်းလှုပ်ရှားနေတာကို ဖုံးကွယ်ရန် တုန်ရီနေသောလက်များဖြင့် သူ့ရဲ့ရွှေရောင်အနားကွတ်မျက်မှန်ကို တွန်းတင်လိုက်သည်။

 

သို့သော် စိပ်ပုတီးကို ကိုင်ထားသော အကြီးအကဲလုဟာ ကျီချင်းချင်းကို ထူးဆန်းသည့်အပြုံးမျိုး ပြုံးပြလိုက်ပြီး ကြီးမားတဲ့ စွမ်းအားတွေ ပိုင်ဆိုင်တာပဲ။ဆိုပြီးပြောလိုက်သည်။

 

ဆေးရုံအုပ်ချန်း၏ စကားကိုကြားရပြီးနောက် ကျီချင်းချင်းဟာ အေးခဲသွားခဲ့သည်။ မိုးကြိုးပစ်ချလိုက်သလို သူမ ခံစားလိုက်ရသည်။

 

သူ အသက်ရှင်တော့မှာလား။

 

သူ ကျန်းမာရေး ပိုကောင်းလာပြီလား။

 

သူ ပြန်သက်သာလာမှာလား။

 

မသေနိုင်တော့ဘူးလား။

 

မုဆိုးမတစ်ယောက်အဖြစ် ဓလေ့ထုံးတမ်းအစဉ်အလာများကို လိုက်နာရန် မလိုအပ်ရုံသာမက အသက်ရှည်ကျန်းမာသော ခင်ပွန်းသည်ကိုပါ ရရှိရတော့မှာပါလား။