အခန်း၄၉
Viewers 14k

 

အခန်း(၄၉)

 

ဗီလာသို့ပြန်လာနေသည့် လမ်းတစ်လျှောက်လုံးတွင် ကျီချင်းချင်း၏ ဦးနှောက်ထဲတွင် လုံးဝဗလာဖြစ်နေခဲ့သည်။

 

လုလီရှင်း၏ ရောဂါအခြေအနေကို အနည်းငယ် သံသယဝင်နေခဲ့သော်လည်း ထိုအရာသည် သံသယများနေခြင်းသာဖြစ်သည်။ ‌ခေတ်မီဆေးပညာ၏ အခြေအနေများအောက်တွင် ကျီချင်းချင်းသည် ဟိုင်ပင်းမြို့တော်၏ အကြီးဆုံးဆေးရုံသည် ဒီလောက်အမှားကြီးတစ်ခုကို ပြုလုပ်မိလိမ့်မယ်လို့ သူမ မယုံကြည်ခဲ့ပေ။ ထို့ပြင် လုလီရှင်းသည် အခုချိန်လောက်ဆို ဝထ္ထုထဲမှာ သေသွားခဲ့ပြီးပြီ။

 

ဒါဆို လုလီရှင်းက ဘာလို့ အခုထိ အသက်ရှင်နေသေးရတာလဲ?

 

သူမ လုလီရှင်းကို လက်ထပ်လိုက်လို့ သူပြန်သက်သာသွားတာတော့ မဖြစ်နိုင်လောက်ဘူးမလား။

 

ကျီချင်းချင်းသည် သူမစိတ်ကူးထဲက ထိုအတွေးများကို ဖျက်ပစ်လိုက်သည်။ အိမ်ထောင်ပြုခြင်းသည် နာမကျန်းသူအား ကံကောင်းခြင်းများ ယူ‌ဆောင်ပေးနိုင်သည်ဟူသော သိပ္ပံနည်းကျမဟုတ်သော အကြောင်းအရာများသည် ယုတ္တိမရှိပေ။ အဲ့တာက ယုံကြည်ချင်စရာမရှိဘူး။

 

မင်းဘာတွေစဉ်းစားနေတာလဲ။ ဆိုသည့် အမေးကိုကြားလိုက်ရချိန်မှ ကျီချင်းချင်းသည် သတိပြန်ကပ်လာခဲ့သည်။

 

ကျီချင်းချင်းသည် သတိပြန်ကပ်လာပြီး သူမကိုမေးခွန်းထုတ်သော အကြည့်ဖြင့်ကြည့်နေခဲ့သည့် လုလီရှင်းကို ပြန်ကြည့်လိုက်သည်။ အကြီးအကဲလု၏ ကြင်နာသောအကြည့်အောက်မှာ ထိုမေးခွန်းကို ပေါ့ပါးစွာ ပြန်ဖြေလိုက်သည်။

 

ဘာမှမဟုတ်ပါဘူး။ ဒီအတိုင်းပဲ ဒီကိစ္စကို နည်းနည်းထူးဆန်းတယ်လို့ ထင်နေလို့ပါ။ မစ်စတာလု မြန်မြန်ပြန်သက်သာလာတဲ့ကိစ္စကြောင့်ပါ။ ဆရာဝန်ရဲ့ ဆေးစစ်ချက်အဖြေ မှားနေတာတော့ မဟုတ်လောက်ပါဘူးနော်။ ဟု ကျီချင်းချင်းက ပြောလိုက်သည်။

 

သေဆုံးခါနီးလူနာတစ်ယောက်ဟာ ဆေးကုသမှု မခံယူတော့ပဲ ဆေးရုံမှဆင်း‌သွားခဲ့သည်။ သုံးရက်ဆိုသည့်အချိန်ကာလအတွင်းမှာ မည်သည့်ဆေးကုသမှုမှမခံယူပဲ အရှင်း‌ပျောက်ကင်းသွားတော့မည်အထိ သူ့အခြေအနေဟာ တဖြေးဖြေးတိုးတက်လာခဲ့သည်။

 

ဆေးပညာလောကမှာ လုလီရှင်းရဲ့သတင်းသာ ပြန့်သွားခဲ့ရင် ဆေးဖက်ဆိုင်ရာအသိုင်းအဝိုင်းကလူတွေ တော်တော်ထိတ်လန့်အံ့ဩသွားလောက်သည်။

 

ဆေးစစ်ချက်အမှားလား။ ဘာကြောင့်လဲ။ ကိုယ် မကြာခင်သေတော့မှာလို့ မင်းထင်နေတုန်းပဲလား။  ကိုယ်နေပြန်ကောင်းလာဖို့ မျှော်လင့်နေတာလို့ မင်းပဲပြောခဲ့တာ မဟုတ်ဘူးလား။ ကိုယ်ကငယ်ရွယ်ပြီး အလားအလာကောင်းတဲ့လူမို့ အသက်ရာချီနေ‌နိုင်မှာ သေချာတယ်ဆိုပြီး မင်းပဲပြောခဲ့တာလေ။ ဖြစ်နိုင်မယ်ဆိုရင် မင်းရဲ့သက်တမ်းတစ်ဝက်ကိုတောင် ပေးချင်မိတယ်လို့ မင်းပဲပြောခဲ့တယ်လေ။ အဲ့စကားတွေအားလုံးကို မင်းပဲပြောခဲ့တာ မဟုတ်ဘူးလား။ ဟု လုလီရှင်းသည် မေးခွန်းများစွာထုတ်ပြီး ပြောဆိုလိုက်သည်။

 

အာ မဟုတ်ဘူး။ ကျွန်မ အဲလိုဆိုလိုချင်‌တာ မဟုတ်ပါဘူး။ ကျွန်မ ရှင်သက်သာလာဖို့ သေချာပေါက် မျှော်လင့်နေခဲ့တာ အမှန်ပဲလေ။ ကျွန်မပြောချင်တဲ့သဘောက‌ ရှင် လွန်ခဲ့တဲ့သုံးရက်ကမှ ဆေးရုံကဆင်းလာတာ ဆရာဝန်ရဲ့ဆေးစစ်ချက်က မှန်တာဖြစ်နိုင်ပါ့မလားဆိုပြီး နည်းနည်းသံသယဝင်မိရုံလေးပါ။ ဟု ကျီချင်းချင်းက ပြောလိုက်သည်။

 

အဲဒါက မထူးဆန်းပါဘူး။ ပြီးတော့ ဆေးစစ်ချက်အမှားလည်းမဟုတ်ဘူး။

 

အကြီးအကဲလုကလည်း သူမကိုပြုံးပြီး စကားတစ်ခွန်းပြောလိုက်သည်။ “ချင်းချင်း  မင်းမှာမြင့်မားတဲ့ စွမ်းအားတွေ ပိုင်ဆိုင်ထားတာပဲ။”

 

ကျီချင်းချင်းသည် ပြုံးနေလိုက်သည်။ အကြီးအကဲလုဟာ သူအယူသီးနေသည့်ယုံကြည်မှုကိုပဲ ရည်ညွန်းနေတာကို ကျီချင်းချင်းသိနေသည်။

 

ဘယ်လိုပဲဖြစ်ဖြစ် လုလီရှင်း နေပြန်ကောင်းပြီး မသေတော့ဘူးဆိုတော့ သူမ မုဆိုးမတစ်ယောက် လိုက်နာကျင့်သုံးရမည့် ဝမ်းနည်းခြင်းဓလေ့ထုံးတမ်းများကို လိုက်နာရန် မလိုအပ်တော့ပါ။

 

လုလီထင်ကတော့ လုမိသားစု၏ အမွေဆက်ခံနိုင်မည့် အခွင့်အလမ်းကို မရရှိနိုင်တော့ပါ။ လုလီထင်ဟာ ရှန်းဝေဝေကို နောက်ကွယ်ကနေ မကူညီနေခဲ့ဘူးဆိုရင် သူမဟာ ကြီးမားကျယ်ပြန့်တဲ့ ဖျော်ဖြေရေးနယ်ပယ်ထဲတွင် ကြီးကြီးမားမား အောင်မြင်ဖြစ်မြောက်လာနိုင်မည် မဟုတ်ပေ။ သူမသည် အမျိုးသားဇာတ်လိုက်နှင့် အမျိုးသမီးဇာတ်လိုက်ကို ရှောင်ရှားဖို့ ပိုက်ဆံစုပြီး အဝေးပြေးမယ့်ကိစ္စကိုလည်း သူမ ဆက်တွေးနေဖို့ မလိုအပ်တော့ပါဘူး။

 

ဒါက တကယ့်ကို... အံ့ဩစရာကောင်းလွန်းတယ်။

 

သူမနှင့် လုလီရှင်းကြားမှာ ဘာခံစားချက်မရှိတာက အရေးမကြီးပါ။  ဝတ္ထုထဲကကျီချင်းချင်းလို သူမ

မမိုက်မဲချင်ပါ။ ဝတ္ထုထဲကကျီချင်းချင်းသည် အချစ်ကိုရှာသင့်သည့်အချိန်တွင် ငွေနောက်ကိုလိုက်ခဲ့သည်။ ငွေရှာသင့်သည့်အရွယ်တွင် အချစ်ကို လိုက်ရှာခဲ့သည်။ လုလီရှင်းသည် အင်မတန်ချမ်းသာသည်။ သူမသည် သူ့ကိုမချစ်ပဲ သူ့ပိုက်ဆံတွေကိုသာ နှစ်သက်သည်။ လုလီရှင်းက သူမအတွက် သူ့ပိုက်ဆံတွေ သုံးစွဲပေးဖို့ဆန္ဒမရှိရင်လည်း အဆင်ပြေပါတယ်။ ဖျော်ဖြေရေးအသိုင်းအဝိုင်းထဲတွင် သူမကိုယ်တိုင် ဝင်ငွေရှာနိုင်သည်။ ဝတ္ထုထဲကကျီချင်းချင်းထက် သူမက ပိုမိုသဘောပေါက် နားလည်လွယ်သည်။ ထို့ကြောင့် သူမကိုယ်တိုင် သေချာပေါက် ဝင်ငွေရှာဖွေနိုင်လိမ့်မည်။

 

ဒါကိုတွေးရင်း သူမရဲ့ရယ်သံတွေ ထွက်အံကျလာတာကို မတားဆီးနိုင်ခဲ့ပါ။

 

အမျိုးသားဇာတ်လိုက်နှင့် အမျိုးသမီးဇာတ်လိုက်တို့၏ ခြိမ်းခြောက်မှုမရှိနိုင်တော့တာကြောင့် ကျီချင်းချင်းသည် သူမ၏ တောက်ပသောအနာဂတ်ကို လက်တွေ့ကျကျ မြင်မက်နိုင်ပြီဖြစ်လေသည်။

 

ကျီချင်းချင်းရဲ့အပြုံး‌ကို‌ကြည့်ပြီး အကြီးအကဲလုဟာ အဘိုးတစ်ယောက်အနေဖြင့် သူမကို ပိုပြီး သဘောကျချစ်မြတ်နိုးလာခဲ့သည်။

 

လုလီရှင်းသည် ကားပြတင်းပေါက်မှ အပြင်သို့မကြည့်မီ သူမကို အသာလေး လှမ်းကြည့်လိုက်သည်။

 

မကြာခင်မှာပဲ သူတို့လုအိမ်တော်သို့ ပြန်ရောက်လာကြသည်။

 

အန်တီဖေးက ဧည့်ခန်းထဲတွင်ထိုင်ကာ သတင်းစကားကို စိုးရိမ်တကြီးစောင့်ဆိုင်းနေခဲ့သည်။ ကားသံကို သူမကြားလိုက်တာနဲ့ သူမဟာ အလျင်အမြန်ပဲ သူတို့ကိုကြိုဖို့ ထွက်လာခဲ့သည်။

 

အကြီးအကဲလု ဆေးစစ်တာ အခြေအနေ ဘယ်လိုလဲ။

 

လွန်ခဲ့‌သောနာရီအနည်းငယ်ခန့်က လုလီရှင်း ဆေးရုံသို့ စစ်ဆေးမှုခံယူရန် ဆေးရုံသို့သွားချိန်အတွင်းမှာ အန်တီဖေးသည် လုလီရှင်း ဆေးရုံမှဆင်းပြီးနောက် ရောဂါအခြေအနေအားလုံးကို ချင့်ချိန်‌စဉ်းစားနေခဲ့သည်။ လူတိုင်းက လုလီရှင်းကို မသေခင် နောက်ဆုံးဆီမီးထတောက်တာလို့ ပြောနေခဲ့သော်လည်း သေခါနီးလူနာတစ်ယောက်ဟာ လုလီရှင်းလောက် နလန်ပြန်ထူပြီး ပြန်ကောင်းတာမျိုး သူမ‌ မတွေ့ဖူးခဲ့ပါ။