အခန်း(၅၀)
သူမ
ထိုအကြောင်းကို စဉ်းစားလေလေ လုလီရှင်း၏ ကျန်းမာရေးအခြေအနေဟာ တဖြေးဖြေး
ကောင်းမွန်လာလေလေဟု သူမ ခံစားနေမိသည်။
လွန်ခဲ့သောလက
အကြီးအကဲလုအပေါ်တွင် အုပ်ဆိုင်းနေသော အမှောင်ထုများ ဖယ်ရှားသွားခဲ့ပြီဖြစ်သည်။ သူက
အပြုံးလေးဖြင့် ပြန်ဖြေလိုက်သည်။ “ဆရာဝန်ကတော့ လီရှင်းက ပြန်သက်သာကောင်းမွန်လာပြီလို့ ပြောလိုက်တယ်။
သေရေးရှင်ရေးအခြေအနေကို ကျော်လွန်ပြီး အခုအဆင်ပြေသွားပြီ။”
အန်တီဖေးသည်
ထိုစကားများကို ကြားလိုက်ရသောအခါတွင် အံ့ဩလွန်းလို့ အလွန်အေးခဲသွားပြီး
ထိုစကားများကို သူမ အထပ်ထပ် အခါခါ ထပ်ကြားချင်နေခဲ့သည်။ သူမ ထိုအကြောင်းအား
ယုံကြည်ရန်ခက်ခဲနေခဲ့သည်။
“အဲ့ဒါအမှန်ပဲလား သခင်လေး တကယ်အမှန်ပဲလား။”
လုလီရှင်းသည်
ခေါင်းညိတ်ပြလိုက်ပြီး ”အန်တီဖေးကို ကျွန်တော်စိတ်ပူအောင်လုပ်မိလို့ တောင်းပန်ပါတယ်” ဟု ပြောလိုက်သည်။
အန်တီဖေးသည်
ဆုတောင်းသည့်လက်ဟန် အနေအထားဖြင့် ရင်ဘတ်ကိုဖိလိုက်ပြီး
သက်ပြင်းအရှည်ကြီးချလိုက်သည်။ “ကျွန်မ သိတယ်။ ကျွန်မ သိနေတယ်။ သခင်လေး ပြန်လည်ကျန်းမာလာမယ်ဆိုတာ
ကျွန်မ သိတယ်။ ကောင်းကင်ဘုံက လူကောင်းသူကောင်းတွေကို
ကြည့်ရှုစောင့်ရှောက်လိုက်တာပဲ။ မိုးနတ်မင်းများအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။” ဟု ပြောလိုက်သည်။
ထိုစကားများပြောပြီးနောက်
အန်တီဖေးသည် တစ်စုံတစ်ခုကို သတိရသွားပုံရသည်။ “အော် ဟုတ်သားပဲ။ ကျွန်မ ကျွဲကော်ရွက်တွေကို သွားပြင်ဆင်ရဦးမယ်။ ဒါမှ
သခင်လေးရဲ့ ကံဆိုးမှုတွေကို ဆေးကြောပေးနိုင်မှာ” လို့ပြောလိုက်သည်။
(T/N: တရုတ်လူမျိုးတွေဟာ ကျွဲကောရွက်နှင့် ရေချိုးလျှင် ကံဆိုးခြင်းတွေကို
ဆေးကြောပေးတယ်ဆိုသည့် အယူသီးမှုတစ်ခုရှိသည်။)
“အန်တီဖေး အဲ့တာ လုပ်စရာမလိုပါဘူး။”
“လုပ်စရာမလိုဘူးဟုတ်လား။ ဘယ်လိုလုပ် လုပ်စရာမလိုပဲ နေမှာလဲ။ သခင်လေး
အခုမှ ဆေးရုံကပြန်ရောက်တာ ပိုးသတ်ဆေးအနံ့တွေနံ့နေတယ်။ သွား သွား ရေချိုးပြီး
ကံဆိုးမှုတွေကို ဆေးချလိုက်ပါ။”
အန်တီဖေး၏
ပွစိပွစိပြောဆိုခြင်းနှင့် ရင်ဆိုင်ခဲ့ရပြီး လုလီရှင်းတစ်ယောက် သဘောတူလိုက်လျောပေးလိုက်ရသည်။
အစေခံတစ်ယောက်သည်
ဗီလာအတွင်းသို့ဝင်လာပြီး အကြီးအကဲလုထံသို့ လာရောက်တွေ့ဆုံသည့်လူတစ်ယောက်
ရှိနေကြောင်းကို သတင်းပေးပို့ခဲ့သည်။ ထိုဧည့်သည်နှင့် ကြိုတင်ချိန်းဆိုထားတာဖြစ်သည်။
အကြီးအကဲလုသည်
လွန်ခဲ့သော ရက်အတော်ကြာက နေမကောင်းဖြစ်နေခဲ့သည်။ သူ့အခန်းထဲမှာပဲ
အနားယူအားဖြည့်နေခဲ့ရာ သူချိန်းဆိုမှုပြုလုပ်ထားသည့် ကိစ္စအားလုံးကို
မေ့လျော့နေခဲ့သည်။
ထိုဧည့်သည်သည်
ဝတ်စုံအသစ်ကို ဝတ်ဆင်ထားကာ အနည်းငယ်ဝသည့် သက်လတ်ပိုင်းအရွယ်
အမျိုးသားတစ်ဦးဖြစ်ပြီး ခရီးဆောင်လက်ဆွဲအိတ်အသစ်ကို ကိုင်ဆောင်ထားသည်။
သူ့ရဲ့ကျဉ်းမြောင်းသောမျက်လုံးဖြင့် လုအိမ်တော်ကို ဟိုဟိုဒီဒီ
စစ်ဆေးကြည့်နေခဲ့သည်။ အန်တီဖေး ယူလာပေးသော လက်ဖက်ရည်ကို စိတ်မသက်မသာဖြင့်
ယူလိုက်သည်။
အကြီးအကဲလုက
မေးလိုက်သည်။ “မင်းက ဘယ်သူ...”
ဧည့်သည်သည်
အကြီးအကဲလုကို လေးနက်စွာကြည့်ကာ သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။ “အကြီးအကဲလု ကျွန်တော်၏ မျိုးရိုးနာမည်က ဝမ်,ပါ။ ကျွန်တော်ကို
ဝမ်လေးလို့ ခေါ်ဆိုနိုင်ပါတယ်။ အကြီးအကဲထံမှာ ဒီလိုကိစ္စတွေ ဖြစ်သွားခဲ့တာ
ကျွန်တော် တကယ်စိတ်မကောင်းပါဘူး။ အကြီးအကဲ မကြာမီနေပြန်ကောင်းလာဖို့ကို
ကျွန်တော်မျှော်လင့်ပါတယ်။ ကျွန်တော်တို့ကုမ္ပဏီကို အပ်နှံထားတဲ့အရာက
ပြီးသွားခဲ့ပါပြီ။”
“ငါက မင်းတို့ကုမ္ပဏီကို ဘာကိစ္စအပ်ထားခဲ့တာလဲ။” ဟု အကြီးအကဲလုက မေးလိုက်သည်။
လူကြီးမင်းဝမ်ဟာ
စာချုပ်စာတမ်းများကို သူ့ရဲ့ခရီးဆောင်အိတ်ထဲမှ ထုတ်လိုက်ပြီး ပုံများကို
လက်ညှိုးဖြင့်ညွန်ပြလိုက်သည်။ ”ဒီဟာကို တစ်ချက်ကြည့်ကြည့်ပါ။ အကြီးအကဲက ကျွန်တော်တို့ကို
သချိုင်းမြေကွက်လပ်ကို ရှာခိုင်းထားခဲ့တာပါ။ ဒီပုံတွေကတော့ ကျွန်တော်တို့
အကြီးအကဲအတွက် ရှာပေးထားတဲ့ မြေနေရာတွေပါ။ ဒီနေရာတွေက တစ်ဖက်က တောတောင်တွေနဲ့
တစ်ဖက်က ရေကန်တွေရှိပြီး ကြည်နူးစရာကောင်းတဲ့ မြေနေရာတွေပါပဲ။
ဖန်လုံထိုက်သင်္ချိုင်းရဲ့ အကောင်းဆုံးနဲ့ မြင်ကွင်းအကောင်းဆုံးနေရာက သင့်အတွက်
ကျန်ရှိနေပါသေးတယ်။ ဒါကတော့ ရှီးရွှေဝမ်သင်္ချိုင်းပါ။ ကျွန်တော်ပြလိုက်တဲ့နေရာတွေအားလုံးဟာ
ပထမတန်းအဆင့်မြင့်သင်္ချိုင်းတွေပါပဲ။ သဘာဝရှုခင်းအရပဲကြည့်ကြည့်
ပထဝီအနေအထားအရပဲကြည့်ကြည့် အဲ့နေရာတွေက အထူးကောင်းမွန်ပါတယ်။ ကျေးဇူးပြုပြီး
ကြည့်ပါ။ ဘယ်နေရာကို သဘောကျလဲခင်ဗျ။”
လူကြီးမင်းဝမ်ကတော့
ထိပ်တန်းသင်္ချိုင်းမြေနေရာတွေကိုပဲရောင်းချဖို့ကိုပဲ အာရုံရှိနေခဲ့သည်။
သူ့ဘေးနားမှာ ထိုင်နေတဲ့လူရဲ့ မျက်နှာအနေအထားကို သူ ဂရုမပြုမိပါ။ သူရဲ့ဘေးမှာ
ထိုင်နေသည့်ဖောက်သည်ဟာ သူ့ရဲ့မိတ်ဆက်ပြောဆိုနေခြင်းအကြောင်းကို နားထောင်ရင်း
သူ့ကို အပြုံးတုဖြင့် ကြည့်နေတာကိုလည်း သူ မသိခဲ့ပါ။
အကြီးအကဲလုက
ဘာမှဆက်မပြောတော့ပေမယ့် သူ့မျက်နှာပေါ်ရှိအပြုံးကို မစ်စတာဝမ်က
လုံးဝဖယ်ရှားပစ်လိုက်သည်။
လွန်ခဲ့သောသုံးရက်က
လုလီရှင်း ဆေးရုံမှဆင်း၍ အိမ်သို့ပြန်လာခဲ့သောအချိန်လောက်တွင် လုလီရှင်း၏ဈာပနကို
ကိုင်တွယ်ပေးဖို့ ချင်းရှောက်ကို တာဝန်ခွဲဝေပေးထားခဲ့သည်။ သို့သော် အခုချိန်တွင်
သူ့မြေးက နေပြန်ကောင်းလာပြီဖြစ်သည့်အတွက် ဒီလိုအရာကိုဆက်ပြီး စီစဉ်နေရင်
ကံဆိုးမှုတွေ ဖြစ်လာနိုင်သည်။
အကြီးအကဲလုဆီမှ
တစ်စုံတစ်ရာ တုံ့ပြန်မှုကိုမှ မကြားရသေးသော မစ်စတာဝမ်သည် နောက်ဆုံးတွင်
တစ်ခုခုမှားယွင်းနေပြီဆိုတာကို သတိထားမိသွားသည်။ သူ ဈေးရောင်းနေတာကို ရပ်လိုက်ပြီး
အကြီးအကဲလု၏ မှုန်ရီနေသောမျက်နှာထားကို ကြည့်လိုက်သည်။ သူ အကြောင်းရင်းကို
သေသေချာချာမေးလိုက်မိသည်။ “အကြီးအကဲလု ကျွန်တော်ပြသခဲ့တဲ့ သင်္ချိုင်းနေရာတွေကို
သဘောမတွေ့ဘူးလား။ မပြေဘူးဆိုရင်လည်း အဆင်ပြေပါတယ်ခင်ဗျ။ ကျွန်တော်တို့ကုမ္ပဏီမှာ
ဒီထက်မြေနေရာကောင်းတဲ့ သင်္ချိုင်းနေရာတွေလည်း ရှိနေပါသေးတယ်။ သခင်လေးလုရဲ့
ဈာပနပွဲအစီအစဥ်တွေ အရာအားလုံး အဆင်ပြေသွားပါလိမ့်မယ်။””
“ဟားဟား... ဟားဟား” ကျီချင်းချင်းသည် သူမရယ်ချင်နေတာကို ဘယ်လိုမှ မထိန်းထားနိုင်တော့ပါ။
လုလီရှင်းဟာ
သူ့မျက်ခုံးကို တွန့်လိုက်သည်။ လုလီရှင်းဟာ လူကြီးမင်းဝမ် တင်ဆက်ပြသသွားခဲ့တဲ
ပုံတွေနဲ စာရွက်စာတမ်းများကို ကောက်ယူလိုက်သည်။ “ဖန်လုံထိုက်သင်္ချိုင်းမြေနေရာက ကြည့်ရတာမဆိုးဘူးပဲ။ အဲဒီနေရာပဲ
ရွေးလိုက်တော့မယ်” ဟု
ပြောလိုက်သည်။
လုလီရှင်းကို
ဒီနေ့အချိန်ထိ လူကြီးမင်းဝမ်သည် သေချာမမြင်ခဲ့ရဖူးသေးပါ။ “ဆရာ မင်းက အမြင်ကောင်းကောင်းရှိတာပဲ။ ဖန်လုံထိုက်သင်္ချိုင်းက
အခုပြသသွားတဲ့အထဲမှာ အကောင်းဆုံးပဲ။ ဒါကိုရွေးတာ အမှန်ကန်ဆုံးဆုံးဖြတ်ချက်ပါပဲ။
အင်း.... ဒါနဲ့ ခင်ဗျားက....”
“ခင်ဗျားက
ကျွန်တော့်အတွက် သင်္ချိုင်းမြေနေရာတွေ ရွေးပေးနေတာလေ။ ဒါတောင် ကျွန်တော့်က ဘယ်သူလဲဆိုတာ
ခင်ဗျားမသိဘူးလား။