အခန်း(၅၁)
“ကျွန်တော်က ခင်ဗျားအတွက် သချိုင်းရွေးပေးတယ်လား။” အချိန်အတော်ကြာအထိ
မစ်စတာဝမ်သည် တစ်ဖက်လူအား ပြန်လည်ဖြေကြားဖို့ မေ့လျော့နေခဲ့သည်။
“လီရှင်း သချိုင်းရွေးဖို့အကြောင်း နောက်မှပြောကြမယ်လေ။ မင်း အခုမှ
ဆေးရုံကပြန်ရောက်တာ။ ဒီအကြောင်းကို နားထောင်နေရတာ ကံဆိုးစေတယ်!” ဒီအကြောင်းကို သေခြင်းတရားနှင့် တစ်ခါကြုံတွေ့ရခဲ့ဖူးသူ လုလီရှင်းအား
ဖုံးကွယ်နေစရာမလိုပါ။ သူ့အဖိုးအား တဲ့တိုးပြောလိုက်သည်။ “အဖိုး အယူသီးနေစရာ မလိုပါဘူး။ သေခြားတရားက
ဘဝရဲ့သာမန်အစိတ်အပိုင်းတစ်ခုပါပဲ။ တစ်ချိန်ချိန်မှာတော့ လူဆိုတာ သေရမှာပါပဲ။
ကျွန်တော့်နာရေးကို ကိုယ်တိုင်စီစဉ်ဖို့ အချိန်စောမနေပါဘူး။” ဟု လုလီရှင်းက ပြောလိုက်သည်။
တစ်ဖက်မှ
မစ်စတာဝမ်သည် ထိုစကားဝိုင်းအား
နားထောင်နေခဲ့သည်။ သူ စကားဆက်မပြောရဲတော့ပါ။ သူ အရာအားလုံးကို
သိသွားခဲ့ပြီး သူ့ရဲ့စကားမဆင်ခြင်မှုကို နားလည်သွားခဲ့သည်။ သေခါနီးလူမမာဖြစ်တဲ့
လုလီရှင်းက ပြန်လည်သက်သာလာခဲ့ပြီဖြစ်သောကြောင့် သင်္ချိုင်းမြေနေရာကို ဘာ့ကြောင့်
လိုအပ်နေဦးမှာလဲ။ သူက သင်္ချိုင်းမြေနေရာများကို စိတ်ပါလက်ပါ အကြံပြုခြင်းဖြင့်
ဖြစ်နိုင်သမျှ ဆိုးရွားအောင် လုပ်ဆောင်နေမိတာပဲ။ မိနစ်အနည်းငယ်အတွင်း ဒီနေရာကနေ
ကန်ထုတ်ခံရတော့မည်ဟု မစ်စတာဝမ်က ခန့်မှန်းနေခဲ့သည်။
“ဖန်လုံထိုက်သင်္ချိုင်းမြေနေရာကို ယူလိုက်မယ်”
မစ်စတာဝမ်က
ခေါင်းကို ထပ်ခါတလဲလဲ ညိတ်လိုက်ပြီး လီလုရှင်းကိုင်ထားခဲ့သောစာရွက်ကို
ပြန်ယူလိုက်သည်။
“ကောင်း...ကောင်းပါပြီခင်ဗျ။ ကျွန်တော်ရုံးကိုပြန်ပြီး မင်းအတွက်
စာချုပ်ကို အခုချက်ချင်း ပြင်ဆင်လိုက်ပါ့မယ်။”
လုလီရှင်းက
သူ့မျက်ခွံကို ပင့်ကြည့်တဲ့အချိန်မှာ မစ်စတာဝမ်သည် တုန်တုန်ယင်ယင်ဖြစ်သွားခဲ့သည်။
”အာ... ကျွန်တော်အချိန်ယူပြီး အဲ့အရာကို ပြင်ဆင်လိုက်ပါ့မယ်။”
ကျီချင်းချင်းသည်
အရီကြောကို အောင့်ထားရသည့်အတွက် တော်တော်နေရခက်နေခဲ့သည်။ လုလီရှင်းသည်
သူမကိုအေးစက်စွာကြည့်ပြီး “မင်းရယ်ချင်ရင် ရယ်ချလိုက်ပါ” ဟု ပြောလိုက်သည်။
“ဟားဟားဟား...”
“သူမအတွက်လည်း အဲ့သင်္ချိုင်းမှာ နေရာတစ်ခု စီစဉ်ပေးလိုက်ပါ။” ဟု လုလီရှင်းက ပြောလိုက်သည်။
ကျီချင်းချင်း”...”
“ဒီမိန်းကလေးက...”
လုလီရှင်းက
မိတ်ဆက်ပေးလိုက်သည်။ “ငါ့ဇနီးပါ”
“အော် သခင်မလုပဲ” မစ်စတာဝမ်သည် ပြုံးပြီးပြောလိုက်သည်။ “ဒါဆိုရင် ကျွန်တော် သခင်လေးတို့ ဇနီးမောင်နှံအတွက်
စုံတွဲသင်္ချိုင်းမြေနေရာ ရှာထားပေးရင်ကော ဘယ်လိုလဲခင်ဗျ။
ပင်လယ်ကြီးကိုမျက်နှာမူပြီး နွေဦးအချိန်အခါရောက်ရင် ပန်းပွင့်လေးတွေကြွေတဲ့နေရာဆို
ဘယ်လိုနေလဲဗျ။”
...
ယခုအချိန်မှာ နောင်နှစ်ပေါင်းတစ်ရာခန့်တွင် သူမဟာ တစ္ဆေသရဲအဖြစ်နဲ့
လုလီရှင်းနဲ့အတူ ညသန်းခေါင်အချိန်မှာ ပင်လယ်ကြည့်ရှုဖို့ သူတို့ရဲ့အခေါင်းထဲကနေ
ထွက်လာရမှာလား။
ခေါင်းထဲမှာ
ဒီစိတ်ကူးကို ပုံဖော်လိုက်ရုံနဲ့တင် ကျီချင်းချင်းသည် စိတ်ခံစားချက်မကောင်းတော့ပေ။
“ကျွန်တော်တို့ အဲဒီနေရာကိုယူမယ်။ စည်းမျည်းစည်းကမ်းနဲ့အညီ
သင်္ချိုင်းမြေကွက်စာချုပ်လုပ်ပြီးရင် ကျွန်တော့်ဆီယူလာပေးပါ။” လို့ လုလီရှင်းက ပြောလိုက်သည်။
မစ်စတာဝမ်သည်
ခေါင်းကို အကြိမ်ကြိမ်ညိမ့်လိုက်ပြီး “ကောင်းပါပြီခင်ဗျ” ဆိုသည့်စကားကို ထေ့ငေါ့စွာ ပြောခဲ့သည်။
ကိစ္စများအတည်ပြုပြီးနောက်တွင်
မစ်စတာဝမ်သည် ရင်တွေတဒိန်းဒိန်းခုန်နေပြီး ဗီလာထဲကနေ သုတ်သုတ်ပျာပျာ
ပြေးထွက်သွားခဲ့သည်။ အကြီးအကဲလုနဲ့ အန်တီဖေးတို့၏ ကျောချမ်းစရာအကြည့်များကြောင့်
မစ်စတာဝမ်သည် သူတို့ကိုဆက်ပြီး မျက်နှာချင်းမဆိုင်ရဲတော့ပဲ
ချက်ချင်းပြေးထွက်သွားခဲ့သည်။
“သခင်လေးက အရမ်းငယ်ရွယ်သေးတာကို ဘာလို့ သင်္ချိုင်းမြေနေရာကို
ဝယ်ထားရတာလဲ။ အဲလိုအရာက မဝယ်ကောင်းဘူး။” ဟု အန်တီဖေးက ပြောသည်။
အကြီးအကဲလုက
လက်ဝှေ့ယမ်းပြပြီး “ကောင်းပြီ၊
ဒီကိစ္စကို ဒီလောက်နဲ့တင် တော်လိုက်တော့။ သူကဝယ်ဖို့ စိတ်ဆုံးဖြတ်ပြီးပြီပဲ။ အစေခံတွေကိုခေါ်ပြီး ဟိုဖက်အဆောက်အဦးထဲမှာ
သိုလှောင်ထားတဲ့ပစ္စည်းတွေကို မီးရှို့ခိုင်းလိုက်ပါ။”
ဗီလာ၏ဘေးဖက်တွင်
သေးငယ်သော အဆောက်အဦးငယ်လေးတစ်ခုရှိသည်။ ထိုအဆောက်အဦးသည်
အစေခံများနေသောနေရာဖြစ်သည်။ လွန်ခဲ့သောသုံးရက်က အကြီးအကဲလုသည် ဈာပနအခမ်းအနားအား
စတင်ပြင်ဆင်ရန် ညွှန်ကြားထားသောကြောင့် ဈာပနအခမ်းအနားတွင် အသုံးပြုသည့်
ပစ္စည်းအမြောက်အမြားကို ဝယ်ယူထားခဲ့ပြီး ထိုအဆောက်အအုံတွင် သိုလှောင်ထားခဲ့သည်။
အကြီးအကဲလုက
သူ့မြေးကိုလှမ်းကြည့်လိုက်ပြီး “လီရှင်း မင်းအခုမှ ဆေးရုံကနေ ပြန်ရောက်လာတာ အခန်းထဲပြန်ပြီး
အနားယူတော့” လို့ ပြောလိုက်သည်။
ထို့နောက်
သူက ကျီချင်းချင်းကို ကြည့်လိုက်သည်။ ”ချင်းချင်းရေ အဖိုး မင်းကိုပြောစရာတစ်ချို့ရှိတယ်။
အဖိုးနဲ့စကားပြောဖို့ စာကြည့်ခန်းထဲကို လိုက်လာခဲ့ပေးပါလား။”
ကျီချင်းချင်းသည်
ခေါင်းညိတ်လိုက်သည်။ စာကြည့်ခန်းသို့မသွားခင် သူမအတွက်
သင်္ချိုင်းမြေနေရာဝယ်ပေးသည့် လုလီရှင်းကို စိုက်ကြည့်လိုက်သေးသည်။
စာကြည့်ခန်းထဲသို့
ရောက်သွားသည့်အချိန်တွင် အကြီးအကဲလုဟာ စကားမပြောခင် သူမကို စာကြည့်ခန်းထဲရှိ
ဆိုဖာပေါ်တွင် အရင်ဆုံး ထိုင်ခိုင်းလိုက်သည်။
အဘိုးအိုသည်
ဖော်ရွေပြီး ကြင်နာတတ်သူတစ်ဦးဖြစ်သည်။ ကျီချင်းချင်းကို
သူ့မြေးမအရင်းတစ်ယောက်လိုကြည့်ပြီး မေးလိုက်သည်။ “သမီး နေရထိုင်ရတာ ဘယ်လိုလဲ။
သမီး ဒီမှာနေရတာ အဆင်ပြေရဲ့လား။”
ကျီချင်းချင်းသည်
အကြီးအကဲလုက သူမအား ဘာပြောချင်နေတာလဲဆိုတာကို အနည်းနဲ့အများတော့
ခန့်မှန်းမိလိုက်သည်။ သူမသည် ခေါင်းညိတ်လိုက်ပြီး ပြန်ဖြေခဲ့သည်။ “ဟုတ် နေရတာ တော်တော်လေး အဆင်ပြေပါတယ်။”
“ကောင်းတယ် ကောင်းတယ်။ သမီး တစ်ခုခုလိုအပ်တာရှိရင်
အန်တီဖေးကိုသာပြောလိုက်။ သူမက အစေခံတွေကို ညွှန်ကြားပြီး သမီးကိုစီစဉ်ပေးလိမ့်မယ်။” အကြီးအကဲလုဟာ သူမကို ကြင်နာသောအကြည့်များဖြင့် ကြည့်ပြီး
ပြုံးပြလိုက်သည်။ ”ကဲ
ချင်းချင်းရေ အဖိုး ဒီနေ့ မင်းကိုသီးသန့်ခေါ်ပြီး ပြောနေချင်တဲ့အကြောင်းကို
ဝှေ့ဝိုက်ပြီး ပြောမနေတော့ဘူး။ လွန်ခဲ့တဲ့သုံးရက်က မင်းကိုဘာလို့လာရှာပြီး
အဲ့ဒီအချိန်တုန်းက ဆေးရုံကိုလိုက်လာဖို့ တောင်းဆိုခဲ့တဲ့ အကြောင်းရင်းကို မင်းသေချာပေါက်သိမယ်
ထင်ပါတယ်။ လီရှင်းက ငယ်ငယ်လေးတည်းက အဖိုးကိုယ်တိုင် ပြုစုပျိုးထောင်လာပေးခဲ့တဲ့ကလေးပါ။
အဲ့အချိန်တုန်းက ကားမတော်တဆမှုကြောင့် ဒဏ်ရာအပြင်းအထန်ရသွားခဲ့တယ်။
အဲ့အချိန်တုန်းက မျှော်လင့်ချက်ရေးရေးလေး ရှိနေခဲ့တာကြောင့် အဲ့အရာပေါ် အလွယ်တကူ
စွန့်လွှတ်နိုင်တဲ့စိတ်ဆန္ဒမရှိခဲ့ဘူး။”
“အကြီးအကဲလု ဘယ်လိုခံစားနေရမလဲဆိုတာကို သမီးနားလည်ပါတယ်။”