အခန်း(၅၂)
အကြီးအကဲလုသည်
စိတ်သက်သာရစွာ ပြုံးလိုက်မိသည်။ “ကလေးရေ အဖိုးကို နားလည်ပေးတဲ့အတွက် ကျေးဇူးတင်ပြီး
ငါ့ရဲ့တောင်းဆိုချက်ကို လိုက်လျောပေးခဲ့တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
သမီးကြောင့်သာမဟုတ်ရင် လီရှင်း နိုးထလာမှာမဟုတ်ဘူး။”
ကျီချင်းချင်းသည်
အလောတကြီး ပြောလိုက်သည်။ “အဲ့လိုမပြောပါနဲ့။ သမီး ဘာတစ်ခုမှတောင် မလုပ်ပေးရသေးပါဘူး။”
အကြီးအကဲလုသည်
လျှို့ဝှက်စွာ ပြုံးလိုက်သည်။ “လီရှင်းနဲ့သမီးတို့ရဲ့ အိမ်ထောင်ရေးက သူ့အတွက် အကြီးမားဆုံးအကူအညီပဲ။
အခုလီရှင်းက ပြန်လည်သက်သာလာပြီဆိုတော့ အဖိုးမေးချင်တာက သမီး ဒီမှာဆက်နေဖို့
စိတ်ဆန္ဒရှိနေသေးရဲ့လား။”
ကျီချင်းချင်းသည်
အနည်းငယ် တုန်လှုပ်သွားခဲ့သည်။
“အထင်မလွဲပါနဲ့။ အဖိုးထင်တာက အခုခေတ်လူငယ်တွေက တစ်ဦးနဲ့တစ်ဦး
အပြန်အလှန်ချစ်ကြိုက်ပြီး လက်ထပ်တာကို လိုချင်ကြတယ်။ အဖိုးက သမီးကို လီရှင်းနဲ့အတူ
အတင်းအကြပ် ဆက်နေခိုင်းမယ်ဆိုရင် သမီးဆက်နေဖို့ဆန္ဒမရှိဘူးလို့ ယူဆမိလို့
မေးကြည့်တာပါ။” ဟု အကြီးအကဲလုမှ ကျီချင်းချင်းအား ပြောလိုက်သည်။
ကျီချင်းချင်းသည်
အနေခက်စွာ ပြုံးပြလိုက်ပြီး ဘာမှပြန်မပြောနိုင်တော့ပါ။
“တကယ်တော့ အရင်ခေတ်တွေတုန်းကဆို လက်ထပ်ထိမ်းမြားရင် တစ်ဦးနဲ့တစ်ဦး
ချစ်ခြင်းမေတ္တာရှိမရှိကို ထည့်မစဥ်းစားကြဘူး။ အရင်တုန်းဆိုရင်
အဖိုးရဲ့မင်္ဂလာပွဲကို မိဘတွေပဲဆုံးဖြတ်ပြီး သူတို့ လက်ထပ်ထိမ်းမြားခိုင်းတဲ့
မိန်းကလေးကိုပဲ လက်ထပ်ခဲ့ရတယ်။ အဖိုးရဲ့ဇနီးကို မင်္ဂလာပွဲနေ့မရောက်ခင်အချိန်ထိ တစ်ခါမှမတွေ့ခဲ့ဖူးဘူး။
စကားလည်း တစ်ခါမှမပြောဖူးဘူး။ မင်္ဂလာအခမ်းအနားကျင်းပပြီး သုံးရက်အကြာမှ
သူမနဲ့အပြန်အလှန် စကားပြောဖြစ်ခဲ့ကြတယ်။ မင်္ဂလာပွဲမတိုင်ခင်မှာ
အဖိုးတို့နှစ်ယောက် တစ်ဦးနဲ့တစ်ဦး ခံစားချက်တွေမရှိခဲ့ကြဘူး။ နှစ်ဖက်မိဘတွေပေးစားလို့
လက်ထပ်ယူခဲ့ရပေမယ့် နောက်ပိုင်းမှာ အဘိုးက သူမကိုချစ်တာရပ်လို့ကိုမရနိင်တော့ဘူး။
အချင်းချင်းချစ်ကြိုက်လို့ ယူကြတာပဲဖြစ်ဖြစ် လက်ထပ်ပြီးမှ ချစ်သွားကြတာပဲဖြစ်ဖြစ်
သမီးနဲ့သင့်တော်တဲ့လက်တွဲဖော်ကို ရှာတွေ့ဖို့ကသာ တကယ်အရေးကြီးတဲ့ကိစ္စပါပဲ။”
အကြီးအကဲလုသည်
စကားကို ခဏရပ်လိုက်သည်။ “အချိန်တွေက ပြောင်းလဲကုန်ပြီ။ လူငယ်တွေရဲ့ ကိုယ်ပိုင်ရွေးချယ်မှုနဲ့
လွတ်လပ်ခွင့်ကို လေးစားပါတယ်။ တစ်ချို့လူငယ်တွေက အချင်းချင်းချစ်ကြိုက်လို့
လက်ထပ်ကြတယ်။ သမီးနဲ့လီရှင်းမှာ ဘာခံစားချက်မှမရှိပေမယ့် သမီး သူနဲ့ဆက်နေဖို့
ဆန္ဒရှိသေးရဲ့လား။ လီရှင်းကို အခွင့်အရေးပေးလို့ရမလား။” အကြီးအကဲလုက ပြုံးလိုက်သည်။ “သမီးက ဆက်မနေချင်ဘူးဆိုလည်း အဖိုးက တွန်းအားမပေးပါဘူး။
သမီးနဲ့လီရှင်းက လက်ထပ်ထားကြတာပဲ။ အကယ်၍ သမီးက ကွာရှင်းတဲ့လမ်းကို ရွေးလိုက်ပြီဆိုရင်လည်း
သမီးရသင့်ရထိုက်တဲ့ရှယ်ယာကို အဖိုးပေးမှာပါ။”
သမီး
ရသင့်ရထိုက်တဲ့ရှယ်ယာလား။
ကျီချင်းချင်း၏
နှလုံးခုန်သံဟာ ကျယ်လောင်စွာ ခုန်နေခဲ့သည်။
လုလီရှင်းနဲ့သူမက
လင်မယားတွေ ဖြစ်ကြသည်။ လုလီရှင်းကို သူမကွာရှင်းလိုက်ရင် တရားရုံးက
သူ့ပိုင်ဆိုင်မှုရဲ့တစ်စိတ်တစ်ပိုင်းကို သူမအား ပေးအပ်မှာပဲဖြစ်သည်။
လုလီရှင်းသည်
အရမ်းချမ်းသာသည်။ သူပိုင်ဆိုင်သည့်စည်းစိမ်၏ အသေးငယ်ဆုံး အစိတ်အပိုင်းကို သူမ
ရခဲ့တောင်မှ သူမ တစ်ဘဝလုံး သက်တောင့်သက်သာ နေထိုင်ရန် လုံလောက်သည်။ သူမသာ
လုလီရှင်းရဲ့ ပိုင်ဆိုင်မှုတစ်စိတ်တစ်ပိုင်းလောက်ကို ရခဲ့မယ်ဆိုရင်...
“အဖိုးရဲ့မြေးအပေါ် တာဝန်မကျေဘူးလို့ အမြဲခံစားနေရတယ်။
သူ့အဖေဆုံးပါးသွားချိန်ကတည်းက ဒီမိသားစုရဲ့ကိုယ်စား လေးလံတဲ့တာဝန်တွေကို သူက
ထမ်းဆောင်ခဲ့ရတယ်။ သူ့အတွက် တစ်စုံတစ်ယောက်နဲ့ ချစ်ကြိုက်ပြီး
ရည်းစားထားတဲ့အချိန်ဆိုတာ မရှိခဲ့ဘူး။ အဖိုးက သူ့ကိုတစ်ယောက်ယောက်နဲ့ လက်ထပ်ပြီး
မိသားစုတစ်စုတည်ဆောက်ဖို့ကို မျှော်လင့်နေမိတာ။ ဒါပေမယ့် သူ့ကို
အဲ့အကြောင်းပြောလိုက်တာနဲ့ အမြဲအလုပ်ကိုပဲ အကြောင်းပြချက်ပေးနေခဲ့တယ်။ ဒါပေမယ့်
သမီးကတော့ မတူဘူး။” ဟု
အကြီးအကဲလုက ပြောလိုက်သည်။
“သမီးလား၊ အကြီးအကဲလုရယ် မနောက်ပါနဲ့ရှင့်။ သမီးနဲ့ကျ ဘယ်လိုမတူတာလဲ။”
“သေချာပေါက် သမီးက တစ်ခြားလူတွေနဲ့ မတူဘူး။ ချင်းချင်း လုလီရှင်းက
မိန်းကလေးတွေကို ချဉ်းကပ်ဖို့ ဘယ်တုန်းကမှ သူ့ဘက်ကခြေလှမ်း စမလှမ်းဖူးဘူး။ သမီးက
ပထမဦးဆုံးပဲ။”
မိန်းကလေးကို
ချဉ်းကပ်ဖို့ ခြေလှမ်းစလှမ်းတယ်လား။
ကျီချင်းချင်းသည်
ထိုအကြောင်းအား သေသေချာချာ တွေးနေခဲ့သည်။ အကြီးအကဲလုက သူမနဲ့လုလီရှင်း
တစ်ခုတင်တည်းမှာ အတူတူအိပ်ပြီး မနက်ခင်းအနမ်းပေးတဲ့အကြောင်းကို ပြောချင်နေတာလား။
သူမသိတဲ့
လုလီရှင်းနဲ့ အကြီးအကဲလုပြောပြသော လုလီရှင်းတို့ဟာ မတူညီကြပေ။ လုလီရှင်းက
အမျိုးသမီးများကို ရှောင်ဖယ်တတ်တဲ့ ယောကျာ်းတစ်ယောက်လို့တော့ သူမ မထင်ဘူး။
“အဖိုးကတော့
သမီး ဒီကိစ္စကို သေချာစဉ်းစားစေချင်တယ်။ လီရှင်းက တာဝန်ယူတတ်တဲ့
အမျိုးသားတစ်ယောက်ပါ။ သူက မကောင်းတဲ့လက်တွဲဖော် မဟုတ်ပါဘူး။”
လုလီရှင်းက
ပုံမှန်အတိုင်း မကောင်းသတင်း ဘာတစ်ခုမှမရှိပါ။ မကောင်းသတင်းများမရှိသည့်အပြင် သူက
အကောင်းဆုံး အမျိုးသားတစ်ယောက်ဖြစ်သည်။
အိမ်ထောင်ရေးအတွက်ပဲဖြစ်ဖြစ်
ငွေကြေးဥစ္စာကြောင့်ပဲဖြစ်ဖြစ် လက်ထပ်သင့်သောသူတစ်ယောက် ဖြစ်သည်။ အကောင်းဆုံးကတော့
နှစ်ခုလုံးအတွက် ဖြစ်မှာပါ။ လုလီရှင်းဟာ ပိုက်ဆံလည်းရှိပြီး ရုပ်ရည်ချောမောတဲ့
အမျိုးသားဖြစ်သည်။ သူမ ဘယ်လိုပဲတွေးကြည့်ကြည့် သူမကသာ လုလီရှင်းနဲ့ဆက်နေမယ်ဆိုရင်
အကျိုးအမြတ်ရမည့်သူက သူမတစ်ဦးတည်းသာ ဖြစ်သည်။ သို့သော် အကြီးအကဲလု၏ စကားသံက
လုလီရှင်းက သူမကိုရတာ ကံကောင်းတယ်လို့ ထင်နေပုံရသည်။
“အကြီးအကဲလုက သမီးရဲ့ကိစ္စကို ဖြေရှင်းပေးလို့ အမြဲကျေးဇူးတင်နေတာပါ။
အကြီးအကဲလု စိတ်ပူစရာ မလိုပါဘူး။ ကျွန်မ ဒီမှာဆက်နေပြီး ရှေ့လျှောက် အဖိုးကို
ဂရုစိုက်ပြုစုသွားမှာပါ။”
ဒီကိစ္စကို
လက်ခံလိုက်ပြီလို့ သတ်မှတ်နိုင်သည်။