Chapter 100.1
-----------------------
လင်းရုဖေးသည်လည်း မည်သို့ပြောရမည်မသိသဖြင့် သက်ပြင်းချရုံသာတတ်နိုင်၏။
"လူတွေက ပြောင်းလဲတတ်ကြတယ်"
"ဟုတ်တယ်"
ဖူယွိက ခေါင်းညိမ့်လိုက်ရင်း : "လူတွေက ပြောင်းလဲတတ်ကြတယ်"
ဖူဟွားက မော့မော့အား တွန့်ဆုတ်စွာဖြင့်ပင် နှုတ်ဆက်စကားဆိုလိုက်၏။ သူမက မော့မော့နှင့်ဖူယွိကြားမှ ဆက်ဆံရေးအား မသိသဖြင့် သူတို့သည် အဖေနှင့်သားဟုသာ တွေးလိုက်မိသည်။ သူမက ထလိုက်ပြီး ဖူယွိအား ကလေးများအာရုံစိုက်ရန် လိုအပ်သည့်အရာများအား အလေးထားပေးရန် သေသေချာချာ အကြံပေးလိုက်၏..အထူးသဖြင့် မော့မော့၏ခန္ဓာကိုယ်မှာ အားနည်းကာ အအေးစာများမစားနိုင်ချေ..မဟုတ်ပါက အစာအိမ်နာလာပေလိမ့်မည်။ သူက ညအိပ်ရာဝင်ရာတွင်လည်း အေးအေးလေးနေရသည်အား နှစ်သက်ကာ အမြဲတမ်း သူ့ဗိုက်ကလေးအား လှန်လှန်ထားတတ်သဖြင့် သူ့ကိုစောင့်ကြည့်ထားရပေမည်။
လင်းရုဖေးက ဖူယွိစိတ်မရှည်ဖြစ်လာမည်အား စိုးရိမ်မိသော်ငြား သူက အဆုံးထိနားထောင်ပြီးသည်တွင် ဖူဟွားအား စိတ်ရင်းဖြင့် ကျေးဇူးတင်လိုက်လေ၏။ ဖူဟွားက အပြီးသတ်ပြီးသည့်နောက်တွင် သူမမှာ ရှက်သွေးဖြာသွားမိသည်။
သူမက လက်ကလေးအား မြောက်လိုက်ကာ နားပတ်လည်ရှိ ဆံနွယ်စုလေးအား သပ်တင်လိုက်ရင်းမှ ရှက်ရွံ့စွာဖြင့် : "ဖူကုန်းဇီ...ကျွန်မ စကားတွေအများကြီးပြောနေလို့ စိတ်မကွက်လိုက်ပါနဲ့...ဒါက ကျွန်မအတွက် ကလေးတစ်ယောက်ကိုဂရုစိုက်ပေးရတာ ပထမဆုံးအကြိမ်မို့ပါ ပြီးတော့မော့မော့လေးကလည်း ကောင်းကောင်းပြုမူတတ်တယ်လေ...ရက်နည်းနည်းလောက် သူနဲ့နေရတာ နေသားကျသွားတော့ ကျွန်မလည်း လွှတ်ပေးရမှာ တော်တော်တွန့်ဆုတ်နေမိတယ်"
ဖူယွိက မော့မော့အား တစ်ချက်ကြည့်လိုက်ပြီး : "ဒီလို မျောက်ပိန်ခြောက်ကလေးက ကောင်းကောင်းပြုမူတတ်တယ်တဲ့လား"
မော့မော့က ဤသည်အားကြားရာတွင် သူ၏ညက်ညောသောမျက်လုံးနက်နက်ကလေးများမှာ ချက်ချင်းပင် ပြူးကျယ်လာ၏။
"မော့မော့က မျောက်မဟုတ်ဘူး"
သူက မကျေနပ်မှုအပြည့်ဖြင့် ဖူယွိပုခုံးအား ထိုးနေပြီး လက်မောင်းအား ကိုက်တော့သည်။ သို့သော်ငြား ကျင့်ကြံခြင်းအဆင့်ခြောက်ရှိသည့် ဖူယွီအနေနှင့် မော့မော့၏သွားဖြူဖြူလေးမှ ကိုက်ရာမှာ ယား၍ကုတ်နေသမျှသာ ရှိပေသည်။
ဖူယွိ၏မျက်နှာသွင်ပြင်မှာ ပြောင်းလဲမှုမရှိသော်လည်း ဖူဟွားအား ဆက်၍ကျေးဇူးတင်စကားဆိုလိုက်သည်။
သို့သော်ငြား ဖူဟွားမှာ ပူပန်မှုအကြီးကြီးအား ပြသထားဆဲပင်။ သူမက အနှီငယ်ရွယ်လွန်းလှသည့် ဖခင်မှာ လွန်စွာ ယုံကြည်အားထားဖွယ်မရှိကြောင်းအား စဥ်းစားနေပုံရသည်။ မည်သူကများ သူတို့ကလေးအရှေ့မှာ မျောက်တစ်ကောင်နှင့် တူသည်ဟုပြောမည်နည်း။ ထို့အပြင် မော့မော့ကလည်း ပိန်လွန်းလှကာ ဝဝကစ်ကစ်လေးဖြစ်လာပါက သူသည်လည်း နာခံမှုရှိသည့်ကလေးတစ်ယောက်ဖြစ်လာမည်မှာ အသေအချာပင်။ သူမက ထိုသို့ပြောသော်လည်း အဆုံးတွင်မူ ဤသည်က အခြားတစ်ယောက်၏ကလေးဖြစ်နေဆဲပင်။ သူမက ဆက်ပြောရန် မကောင်းသဖြင့် မျက်လုံးထောင့်အနားကိုသာ သုတ်ရန်တတ်နိုင်လေ၏။
ဖူယွိက မော့မော့အားချီကာ လင်းရုဖေးအား နှုတ်ဆက်စကားဆိုရာတွင် လင်းရုဖေးက သူ့အား ဘယ်ကိုသွားမည်နည်းဟု မေးလာသည်။
သူက ဦးစွာ တည်တည်ငြိမ်ငြိမ်စဥ်းစားနေပြီးမှ ခေါင်းခါပြကာ သွားရမည့်နေရာ တိတိကျကျ မရှိသေးဟု ဆိုလာသည်။သူက ဤနေရာတွင် ဆက်မနေချင်တော့သည်ဖြစ်၍ တစ်နေရာမျှ အရင်ရှာလိုက်ပြီး အစီအစဥ်မဆွဲမီ တစ်ခဏမျှအားပြန်ပြည့်အောင်လုပ်မည်ဖြစ်သည်။
“ဒါဆိုရှင် နေရာကောင်းကောင်းလေးတစ်ခု အရင်ရှာရမှာပေါ့"
ဖူဟွားက အမြန်ပင် ဆိုလာ၏ : "ကလေးက သေးလွန်းလှတယ်...ခရီးသွားပြီးဒုက္ခခံရတာက သူ့ကို လွယ်လွယ်ဖျားစေလိမ့်မယ်"
ဖူယွိက ပြုံးလိုက်ရင်း : "ဒီက မိန်းကလေးက မော့မော့ကို ရက်နည်းနည်းလောက် ကူထိန်းပေးမယ်ဆိုရင်ရော..."
ဖူဟွားက ဒေါသတကြီးဆိုလိုက်သည်။
"ဖူကုန်းဇီ ကျွန်မကို လာမနောက်နေနဲ့..."
သူမသိပါသည်...ဖူယွိကားသူမအား ရန်စနေခြင်းသာ..။
လင်းရုဖေးက အတွင်းရှိဇာတ်လမ်းအား သိသော်လည်း ဘေးမှနေ၍ မည်သည်မှဝင်မပြောချေ။ သူ၏နှလုံးသားထဲတွင် ဖူယွိက ဤသို့ပြောလိုက်ချိန်တွင် ဖူဟွားက ဟုတ်ပြီဟု ပြောလာမည်အား မစိုးရိမ်ပေဘူးလား ဟူ၍စဥ်းစားနေမိသည်။ သို့စေကာမူ သူမက သဘောတူချင်သော်လည်း အဆုံးတွင်မူ သူမသည် မော့မော့ကဖူယွိအားပိတ်ထိုးသည်အား တွေ့ရမည်ဖြစ်ကာ အသေအချာဖြင့်ပင် သူ(MM)က သူ(FY)နဲ့ခွဲရန် သဘောတူမည်မဟုတ်ပေ။
ပြောစရာရှိသည်များအား ပြောပြီးသွားပြီဖြစ်သည်။ ဖူယွိက လမ်းယမ်းပြကာ မော့မော့နှင့်အတူ အိမ်တာ်ထဲမှ ထွက်သွားချေပြီ။
ဖူဟွားမှာ ရူးကြောင်ကြောင်နိုင်စွာဖြင့် မော့မော့အား စိုက်ကြည့်နေမိ၏။ သူမက လင်းရုဖေးထံမှ သက်ပြင်းချသံတစ်ချက် ထွက်လာသည်အထိတိုင် တိတ်တဆိတ်နှင့် မျက်ရည်များအား သုတ်နေဆဲပင်။
"ကောင်မလေးက အရွယ်ရောက်လာတော့ မိသားစုနဲ့ကြာကြာမနေချင်တော့ဘူး"
“သခင်လေး...ဘာတွေပြောနေတာလဲ"
ဖူဟွားမှာ ရှက်သွေးဖြာကာ ရှိုးတိုးရှန်းတန်းဖြစ်စွာဖြင့် ပြောလာ၏။
"ကျွန်မက မော့မော့ကိုပဲကြည့်နေတာပါနော်"
သူမက လင်းရုဖေးကဲ့သို့ ထိုကိစ္စအကြောင်း များများစားစားမသိချေ။ သူမသိသည်က ဖူယွိနှင့် ဖူရွှေမှာ လူနှစ်ယောက်ဖြစ်ပြီး ဖူရွှေက အိမ်တွင်ရှိမနေသည့် ဖူယွိအား အခွင့်ကောင်းယူကာ လူများအပေါ် အနိုင်ကျင့်ခဲ့လေသည်။ သူမက ဖူယွိနှင့် ပထမဆုံးအကြည့်တွင်ပင် အနှီဓါးသမားအပေါ် ချက်ချင်းပင်ထင်မြင်ချက်ကောင်းရှိလေ၏။ သို့ရာတွင်မူ သူမက အခြားအရာများအား မစဥ်းစားခဲ့ချေ..သူမက မော့မော့အား သွားခွင့်မပြုနိုင်ရုံသာ ဖြစ်သည်။
လင်းရုဖေးက ရယ်မောလိုက်ရင်း : "အလျင်မလိုပါဘူး...ဖူယွိက ဓါးသိုင်းပြိုင်ပွဲမှာ ပါဝင်ဖို့ ခွန်းလွန်ကိုလာမယ်လို့ သဘောတူပြီးပြီလေ...သိပ်မကြာခင် မင်းသူ့ကို ထပ်တွေ့ရမှာပါ"
ဖူဟွားမှာ အံ့အားသင့်သွားရင်း "တကယ်လား"
ထို့နောက် သူမမှာ ပြန်၍စိတ်ဓါတ်ကျသွားလေသည်။
"ဒါပေမယ့် သူက မော့မော့ကို ခေါ်မလာခဲ့ရင်ကော"
လင်းရုဖေးက ဆို၏။ "ဒါဖြင့် သူ့ကိုခေါ်လာဖို့ တောင်းဆိုရုံပဲရှိတော့တာပေါ့"
ဖူဟွားမှာ စဥ်းစဥ်းစားစားနှင့်ပင် ခေါင်းညိမ့်လိုက်သည်။
ဖူယွိထွက်သွားပြီးသည်နှင့် အိမ်တော်ဝန်းထဲတွင်ထပ်မံ၍တိတ်ဆိတ်သွားလေသည်။ ညနက်နေပြီဖြစ်တာကြောင့် လင်းရုဖေးအတွက် အိပ်ချိန်လည်းဖြစ်ပေသည်။ သို့သော်လည်း ယခုအချိန်တွင်မူ သူ့တွင် အိပ်ချင်စိတ်ရှိမနေပေ။ သူက ဝန်းထဲတွင် ထိုင်လိုက်ပြီး ကောင်းကင်ထက်ရှိ လမင်းကြီးအား မှုန်ရီစွာကြည့်နေမိသည်။
ကုရွှမ်းတုက သူ့အနောက်တွင်ရပ်နေ၏။ နှစ်ဦးသားမှာ တစ်ဦးနှင့်တစ်ဦး စကားဆ်ိုခြင်းမရှိဘဲ နှုတ်ဆိတ်ကာတိတ်တဆိတ်သာ နေနေကြသည်။
သန်းခေါင်ယံကျော်သွားချိန်တွင် ကောင်းကင်ယံမှာ ရုတ်ချင်းပင် လေပြင်းတိုက်ခတ်လာပြီး လမင်းထိန်ထိန်ကြီးအား တိမ်မည်းများဖုံးအုပ်သွားချေ၏။ တစ်ချက်ကြည့်လိုက်ရုံမျှနှင့် သူက မိုးသက်လေပြင်းကျတော့မည်ဖြစ်ကြောင်းသိလိုက်ရသည်။
“မိုးရွာတော့မှာ..ဝင်တော့"
ကုရွှမ်းတု၏ အသံမှာလေထဲတွင်တိုးလွှစွာပျံ့လွင့်လာသည်။
လင်းရုဖေးမှာ ရေရွတ်လိုက်မိ၏။ "ဒါပေမယ့် ကျွန်တော် အိပ်မပျော်ဘူး..အိမ်က ကြပ်သိပ်နေတာပဲ"
ကုရွှမ်းတုက မေးသည်။ "မင်း မပျော်မရွှင်ဖြစ်နေတာလား"
လင်းရုဖေးက နှုတ်ခမ်းအား တင်းတင်းစေ့ထား၏။
ကုရွှမ်းတုက လင်းရုဖေးမျက်နှာထက်ရှိ မကျေနပ်သည့်အကြည့်အား ကြုံတောင့်ကြုံခဲမြင်လိုက်ရသဖြင့် ယခုတွင် သူ့ မျက်လုံးထောင့်လေးက ကွေးညွတ်နေကာ သူ့နှုတ်ခမ်းတင်းတင်းစေ့ထားပြီး စကားတစ်ခွန်းမဆိုသည်အား တွေ့ရာတွင် မရယ်ဘဲမနေနိုင်တော့ချေ။
သူက မျက်မှောင်ကြုပ်နေသည့် နှာဖူးလေးအား လက်ညှိုးထိပ်လေးဖြင့် ထိလိုက်ရင်း : "ဘယ်သူက ကိုယ့်ရဲ့ရှောင်ကျို့လေးကို စိတ်ရှုပ်အောင်လုပ်တာလဲ"
လင်းရုဖေးမှာ ခေါင်းခါပြကာ စကားမဆိုချေ။
“တကယ်တော့..ဒါက ဖူယွိအတွက် ဆိုးဝါးတဲ့အရာလည်း မဟုတ်ပါဘူးလေ"
ကုရွှမ်းတုက ဆို၏။ "အတိတ်က သူဆိုရင်တော့ ဖူမိသားစုကနေ ထွက်သွားလိမ့်မှာမဟုတ်ဘူး...ပြီးတော့ သူက ဒီလိုအရာမျိုးကို တွေ့ကြုံခဲ့ရတော့ တော်တော်လေး ဝမ်းနည်းနေဦးမှာလေ. ..ဒါပေမယ့် အခုလည်း ကောင်းပါတယ် ... သူက လူနှစ်ယောက်ဖြစ်လာတာပေါ့......"
သူက သူ၏ကိုယ်မှ အားနည်းသည့်အပိုင်းအား ခွဲထုတ်ကာ မော့မော့အဖြစ်သို့ ပြောင်းလဲပစ်လိုက်၏။ ခံစားချက်များမရှိတော့ချေ..ဆိုရသော် ထပ်၍ဝမ်းနည်းမှုများ ရှိတော့မည်မဟုတ်ပေ။
....
လင်းရုဖေးက မေးလိုက်၏။
"ဒါပေမယ့် အဲ့ဒီအတောအတွင်း ဖူယွိသာ သူ့လက်ရှိဖြစ်နေတာကိုသိသွားရင် သူတအားဝမ်းနည်းသွားမှာ မဟုတ်ဘူးလား"
ကုရွှမ်းတုမှာ အံ့အားသင့်သွားရလေသည်။
လင်းရုဖေးက သက်ပြင်းချရင်း :"သူသေချာပေါက် ဖြစ်နေမှာ ..ဟုတ်တယ်မို့လား"
အချိန်တစ်ခုတွင်းမှာပင် မိုးစက်ပေါက်များ ခြောက်သွေ့သောမြေပြင်ထက်သို့ မိုးပေါက်ကြီးကြီးများ ကျလာတော့သည်။ လင်းရုဖေးက ထကာ သူ့အနောက်မှမိုးထစ်ချုန်းသံများဖြစ်ပေါ်နေစဥ်တွင် အခန်းထဲသို့ဝင်သွားလေ၏။ သူက လက်မြောက်လိုက်ရင်း အပြင်ဘက်ရှိ ဆူညံသံများအား တိတ်သွားစေရန်အလို့ငှာ ပြတင်းပေါက်အားပိတ်လိုက်လေသည်။
အခန်းမှာ သေလောက်အောင်ပင် ပူအိုက်နေပြီး လင်းရုဖေးမှာ ကောင်းမွန်စွာမအိပ်စက်နိုင်ချေ။ စားပွဲတွင် ထိုင်ကာ ပင်ပန်းနေဟန်ဖြင့် လက်ဖက်ရည်အေးအေးလေးတစ်ခွက် သောက်လိုက်၏။သူ၏အနက်ရောင် မျက်တောင်ထူထူများမှာ တစ်ဝက်ခန့်စင်းကျနေပြီး နေမကောင်းချင်နေသည်အား ပြနေသည်။
ကုရွှမ်းတုသည်လည်း သူ့အား အိပ်ပျော်ရန်တွန်းအားမပေးတော့ချေ။ အပြင်ရှိ မည်သည့်နေရာကမှန်းမသိ ...သူက အရက်တစ်အိုး ဝယ်လာခဲ့ပြီး လင်းရုဖေးရှ့တွင် တင်လိုက်သည်။ သူက ခွက်တစ်ဝက်ခန့်ငှဲ့လိုက်ပြီးနောက် လင်းရုဖေးထံ ကမ်းပေးလိုက်၏။
လင်းရုဖေး၏ကိုယ်မှာ အားနည်းကာ သေရည်ယမကာများအား ထိခဲလှသည်ကြောင့် ကုရွှမ်းတုက သူ့အားသောက်ရန်နှိုးဆော်လာချိန်တွင် အလွန်ထူးဆန်းသလို ခံစားလိုက်ရသည်။ သူက သေရည်ခွက်အား ကိုင်လိုက်ချိန်တွင် အထဲရှိ မြစိမ်းရောင် အရည်ကြည်ကြည်လေးအား တွေ့လိုက်ရသည်။ သူက နှာခေါင်းနားသို့တေ့လိုက်ရင်း နှစ်ချို့အရက်ရနံ့သင်းသင်းလေးအား ရှူရှိုက်မိလေသည်။
“ဘယ်လိုတောင် မွှေးလိုက်တဲ့အရက်ပါလိမ့်"
လင်းရုဖေးက ချီးမွမ်းလိုက်ရင်း : "အဲ့တာ ဘယ်ကလာတာလဲ"
ကုရွှမ်းတုက ဆိုလိုက်သည်။
"အဲ့တာဝယ်ဖို့ တိတ်တိတ်လေး ထွက်သွားတာလေ"
လင်းရုဖေးက လက်မြောက်ကာ တစ်ကျိုက်မျှသောက်လိုက်၏..ရုတ်တရက်ဆိုသလိုပင် သူ၏ပါးမို့ဖျော့ဖျော့လေးပေါ်တွင် ချစ်စဖွယ်အနီရောင်သန်းသွားပြီး မျက်လုံးများမှာမူ သိပ်သည်းမှုအခိုးအငွေ့များ စွန်းထင်းနေ၏။
သူက နှုတ်ခမ်းအားဖြေးဖြေး ဖွင့်လိုက်ပြီး ထိန်းချုပ်မရစွာ ပါးစပ်မှရှူးရှူးရှဲရှဲအသံမြည်အောင်လုပ်မိသွားကာ : "စပ်လိုက်တာ"
ထို့နောက် သူ၏မျက်နှာမှာ အမူအရာမျိုးစုံပြောင်းလဲသွားပြီးနောက် သူ့ခွက်ထဲရှိသေရည်အား ငုံ့ကြည့်လိုက်ရင်း : "ဘယ်လောက်တောင် ကောင်းလိုက်တဲ့သေရည်လဲ"
ကုရွှမ်းတုက လင်းရုဖေးနှင့် မျက်စောင်းထိုးတွင် ထိုင်နေ၏။ သူက မေးထောက်ရင်း သူ့အားကြည့်နေလေသည်။ သူ၏မျက်လုံးများမှာ လင်းရုဖေးသတိမထားမိသည့် အရိပ်အယောင်များဖြင့်ပြည့်နှပ်နေသည်။
"သေရည်က ပြင်းတယ်..ဖြေးဖြေးသောက်"
လင်းရုဖေးမှာ ကျန်ရှိနေသည့် တစ်ဝက်အား တစ်ကျိုက်တည်း မော့လိုက်၏။ သူက မြန်မြန်သောက်လိုက်သည်ထင် အသက်ရှူကျပ်ကာ မွန်းလာတော့သည်။ သူ့ပုံခုံးများအား မလှုပ်ခါဘဲမနေနိုင်အောင်ပင် ပြင်းပြင်းထန်ထန် ချောင်းဆိုးလာတော့သည်။
"အဟွတ်..အဟွတ်...အဟွတ်..အဟွတ်.."
ကုရွှမ်းတုမှာ အမြန်ပင် အသက်ရှူသက်သာစေရန် ကူပေးလာ၏။
သူက ယခုအချိန်တွင် ခက်ခက်ခဲခဲအသက်ရှူနေရပြီး လင်းရုဖေးမှာ မျက်ရည်များပင်ထွက်ကျလာသည်အထိ ချောင်းဆိုးတော့၏။ မျက်လုံးများ နီမြန်းလာကာ တခဏမျှအနိုင်ကျင့်ခံလိုကမရသည့်နှယ် ငိုမဲ့မဲ့လေးဖြစ်နေသည်။ ကုရွှမ်းတုက သူ၏မျက်နှာအမူအရာအား ရှုစားနေရင်းမှ လက်ပုတ်ပေးနေသည့်အရှိန်အား နှေးလိုက်ပြီး အသံတိုးတိုးဖြင့် ဆိုလာချေသည်။
"မင်းဘာလို့ ဂရုမစိုက်ရတာလဲ"
လင်းရုဖေးက ဆိုသည်။
"ကျွန်တော် ...ကျွန်တော် အဆင်ပြေပါတယ်"
သူက လက်ယမ်းပြလိုက်ကာ အဆင်ပြေကြောင်းပြ၏။
"ကျွန်တော် နည်းနည်း မြန်မြန်လေးသောက်လိုက်မိရုံပါ"
သူက ပြီးသွားသည်နှင့် ခွက်အားမြောက်ကာ ကုရွှမ်းတုအား ရှက်ကိုးရှက်ကန်း ကြည့်လိုက်ရင်း : "ကျွန်တော် နောက်တစ်ခွက်လောက် ရအုံးမလား"
ကုရွှမ်းတုက ဆိုသည်။ "မင်း မူးသွားလိမ့်မယ်"
လင်းရုဖေးက စိတ်မဝင်စားဟန် ရုပ်အတည်ကြီးဖြင့်ဆိုလိုက်သည်။
"ကျွန်တော်သောက်ရင် ..မူးမှာပေါ့..ဘာပဲဖြစ်ဖြစ် ကျွန်တော်ကို စောင့်ရှောက်ပေးမယ့် အကြီးအကဲရှိတာပဲ..မတော်တဆထိခိုက်တာတွေဖြစ်မှာ မကြောက်ပါဘူး"
ကုရွှမ်းတုမှာ ကူကယ်ရာမဲ့စွာ ရယ်မောလိုက်မိသည်။
သူ့နှလုံးသားထဲတွင်မူ သူတွေးလိုက်မိသည်က...မင်းနားမလည်ပါဘူး..မင်းသာတကယ်မူးသွားရင်...အကြီးဆုံးမတော်တဆက ကိုယ်ကြောင့်ဖြစ်သွားလိမ့်မယ်...။
သူက လက်ကိုမြောက်ပြီး အရက်ကြောင့်နီမြန်းနေသည့် လင်းရုဖေး၏နှုတ်ခမ်းလေးအား အားဖွဖွသုံးဖိကာ သလင်းကျောက်ကဲ့သို့ ကြည်လင်နေသည့် သေရည်များအား သုတ်ပေးလိုက်သည်။
သူက အသံနက်နက်ဖြင့် ငြင်းဆန်လိုက်သည်။
"မရဘူး"
လင်းရုဖေးမှာ ကုရွှမ်းတု၏အပြုအမူနှင့် ပတ်သတ်ပြီး တစ်ခုခုမှားနေသည်လား နားမလည်နိုင်ချေ။ သူက ကုရွှမ်းတုလက်မှလွတ်ရန် ခေါင်းအားလွှဲဖယ်လိုက်ရင်း မအောင်မြင်သဖြင့် မကျေနပ်သည့်အမူအရာဖြင့်အော်ခေါ်လိုက်သည်။
"အကြီးအကဲ"
ဤအသံမှာ နူးညံ့သိမ်မွေ့နေပြီး ကုရွှမ်းတု၏နှလုံးသားအား ငှက်မွေးလေးနှင့် ပွတ်သပ်နေသကဲ့သို့ပင်။
ကုရွှမ်းတုမှာ အနည်းငယ်မတည်ငြိမ်နိုင်သလိုဖြစ်လာသဖြင့် လက်အားချလိုက်၏။
"မင်းသေရည်ကို ဒီထက်ပိုပြီး မသောက်သင့်ဘူး"
"တစ်ခွက်လောက်ပါပဲ တစ်ခွက်လောက်ပါပဲ...."
အရက်မူးလာသည့် အရိပ်အရောင်များ လင်းရုဖေးမျက်လုံးတွင် စပေါ်လာသလို အဆိုးလေးအနေနှင့် လုပ်ပြရန်လည်း မမေ့သေးချေ။ ဤသည်က သူ၏အစ်ကိုအစ်မများအား ငယ်ငယ်တုန်းက ဆက်ဆံနေသလိုမျိုးပင်။ သူက စိုစွတ်နေသည့် မျက်၀န်းများအား ပုတ်ခတ်ပုတ်ခတ်လုပ်ပြလိုက်၏။ သူက ခါးသက်သော တရုတ်ဆေးဝါးများအား မသောက်ရစေရန်အရေး မည်သို့သောအကြည့်မျိုးက လူများအား လွယ်လွယ်ကူကူနူးညံ့သွားစေသည်အား ကောင်းကောင်းသိလေသည်။
မည်သို့များ ကုရွှမ်းတုက လင်းရုဖေးအကြည့်အား ခံနိုင်ရည်ရှိမည်နည်း။
သူက လေသံနည်းနည်း လျှော့လိုက်ကာ ငြင်းဆန်ရန် သူ၏နောက်ဆုံးသောခွန်အားအား သုံးလိုက်သည်။
"မရဘူး..."
"ခွက်သေးလေးလောက်ပါပဲ နော် ... ခွက်သေးလေးလောက်ပဲ"
လင်းရုဖေးက ပမာဏနည်းနည်းလောက်သာ ဖြစ်ကြောင်း လက်ချောင်းလေးများသုံးပြကာ တိုးဖျော့စွာရေရွတ်၏။
"သောက်ပြီးတာနဲ့ တန်းအိပ်မှာပါ"
ကုရွှမ်းတုသည် သူအရှုံးပေးလိုက်ရပြီဖြစ်ကြောင်း သိကာ သက်ပြင်းဖွဖွချမိပေသည်။ သူက သေရည်ပုလင်းအား ထုတ်လိုက်ပြီးနောက် လင်းရုဖေးခွက်ထဲသို့ နောက်ထပ်တစ်ဝက်မျှ ထည့်ပေးလိုက်၏။ လင်းရုဖေးက ဘေးမှနေ၍ အေးအေးဆေးဆေး ကြည့်နေရင်း ကုရွှမ်းတုက သူ့အားတစ်ဝက်သာထည့်ပေးချင်သည်အား တွေ့ရာတွင် အကြီးအကဲမှာ အလွန်ပင် ကပ်စေးနည်းကြောင်း တတွတ်တွတ်ပြောရန်လည်း မမေ့ချေ။
ကုရွှမ်းတုက သူ့ကိုယ်သူတွေးလိုက်မိသည်။
' ကိုယ်သာနည်းနည်းပဲထည့်မပေးရင် မင်းနောင်တရသွားလိမ့်မယ်နော်... '