အခန်း၅၄
Viewers 14k

အခန်း(၅၄)

 

အကြီးအကဲလုသည် သူ့ခေါင်းကို စိတ်‌ကျေနပ်ခြင်းများစွာဖြင့် ညိတ်လိုက်သည် မင်းတို့နှစ်ယောက်လုံးက သဘောတူကြတယ်ဆိုတော့ ဒီကိစ္စက ပြီးပြတ်သွားပြီ။ နောက်နေ့ကျရင် ချင်းချင်းရဲ့မိဘတွေဆီကို အဖိုး သွားတွေ့လိုက်မယ်။ အဲ့ဒါပါပြီးသွားရင် မင်္ဂလာပွဲကိစ္စကို ဆက်ဆွေးနွေးကြမယ်။ ကောင်းပြီ၊ ဒီနေ့က အားလုံး ပင်ပန်းသွားတဲ့နေ့တစ်‌နေ့ ဖြစ်ခဲ့တယ်။ မင်းတို့အခန်းပြန်နားရင်နား မဟုတ်ရင်လည်း ဗီလာတစ်ပတ် လမ်းထွက်လျှောက်ကြပေါ့ ဆိုပြီး ပြောလိုက်သည်။

 

ကျီချင်းချင်းက မတ်တပ်ရပ်လိုက်ပြီး သမီး အရင်သွားလိုက်ပါဦးမယ်ရှင့် ဆိုပြီး စာကြည့်ခန်းမှ ထွက်သွားခဲ့သည်။

 

အကြီးအကဲလုက ပြုံးပြီး ခေါင်းညိတ်ပြလိုက်သည်။

 

လုလီရှင်းသည်လည်း သူမနောက်နား မလှမ်းမကမ်းမှ လိုက်သွားခဲ့သည်။

 

လုလီရှင်းအခန်း‌ကို ဖြတ်လျှောက်သွားစဉ်မှာပဲ လုလီရှင်းက ကျီချင်းချင်းကို သူ့အခန်းထဲသို့ ဆွဲထည့်လိုက်သည်။

 

သူရဲ့အခန်းထဲမှာ လင်းဖြာနေသည်။ ကျီချင်းချင်းရဲ့ပါးပြင်လေးများဟာ အကြီးအကဲလုရဲ့ စကားတွေကြောင့် ရှက်သွေးဖြာနေသေးသည်ကို သူ မြင်နေနိုင်သေးသည်။ သူမပါးနှစ်ဖက်လုံး နီစွေးနေသည်။

 

လုလီရှင်းသည် သူမကို တံခါးနားက နံရံနဲ့ ထောင့်ကပ်လိုက်သည်။ လုလီရှင်းက သူမတစ်ကိုယ်လုံးကို အုပ်မိုးထားခဲ့သည်။ သူမ၏ ထိတ်လန့်နေသော မျက်နှာအမူအရာကို သတိမမူပဲ သူက ရုတ်တရက် သူမအနားကို တိုးလာပြီး မင်း ကိုယ့်ကို လက်ထပ်ဖို့ ဆန္ဒရှိလား။ ဟု အတင်းအကြပ် မေးလိုက်သည်။

 

သူသည် သူမနှင့် အရမ်းနီးကပ်နေသည်။ လုလီရှင်း၏ ရှပ်အင်္ကျီမှရသောရနံ့သည် သူမ၏နှလုံးသားကို တဒိတ်ဒိတ်ခုန်စေသည်။

 

သေစမ်း! ဒီအမျိုးသားရဲ့ ကိုယ်သင်းနံက ဘာလို့ ဒီလောက်ကောင်းနေရတာလဲ။

 

ကျီချင်းချင်းသည် သူမစိတ်နှလုံးကို တည်ငြိမ်အောင် အတတ်နိုင်ဆုံး ကြိုးစားလိုက်သည်။ သေချာတာပေါ့၊ ရှင်က ချမ်းသာ‌တယ်လေ။ သေချာပေါက် ရှင်နဲ့လက်ထပ်ဖို့ စိတ်ဆန္ဒရှိတာပေါ့။ ဟု ရွဲ့ပြောလိုက်သည်။

 

လုလီရှင်းက ပြုံးလိုက်ပြီး ဟုတ်တယ်။ ကိုယ်က ချမ်းသာတယ်။ မင်း ကိုယ့်ကို ပိုက်ဆံကြောင့် လက်ထပ်တာက အရမ်းကိုမှ ယုတ္တိရှိတာပေါ့။ ကိုယ်ကလည်း အဲ့ကိစ္စနဲ့ပတ်သက်ပြီး ဘာပြဿနာမှမရှိဘူး။ မင်း ကိုယ်နဲ့လက်ထပ်ဖို့ ဆန္ဒရှိတယ်ဆိုမှတော့ ကိုယ့်ကို အခေါ်အဝေါ် ပြောင်းခေါ်သင့်ပြီ မဟုတ်ဘူးလား။ ဟု ပြောလိုက်သည်။

 

ရှင်ကရော ကျွန်မကို ဘယ်လိုခေါ်မှာလဲ။

 

ဇနီးလေး

 

... ကျီချင်းချင်း သူမ ရုတ်တရက် ခံစားလိုက်ရတာက လုလီရှင်းက တော်တော်လေးကို မျက်နှာပြောင်တိုက်တယ်ဆိုတဲ့ ခံစားချက်ပါပဲ။ သူ ဘာဖြစ်လို့ သူမကို ဇနီးလေးလို့ အရမ်းခေါ်ချင်နေရတာပါလိမ့်။

 

ဘာလို့လဲ။ ကိုယ်တို့က လင်မယားတွေလေ၊ မဟုတ်ဘူးလား။

 

... အင်း ဟုတ်ပါတယ်။

 

ဒါဆို မင်း ကိုယ့်ကို ဘယ်လိုခေါ်မှာလဲ။

 

ကျီချင်းချင်းသည် သူ့သဘောထားနဲ့ ကွဲပြားခြားနားလိုတဲ့ မျက်နှာထားမျိုးဖြင့် သူ့ကို ကြည့်လိုက်သည်။ မစ္စတာလု ကျွန်မတို့ ဒီလိုအခေါ်အဝေါ်မျိုးတွေခေါ်ဖို့ လိုအပ်လို့လား။ ကျွန်မတို့ အခုမှစတွေ့တာ သုံးရက်ပဲ ရှိသေးတယ်။ ကျွန်မတို့နှစ်ယောက်က အပြန်အလှန် သိပ်မရင်းနှီးကြ‌သေးဘူးလေ။ ဟု ပြောလိုက်သည်။

 

မင်း အဲ့လိုများများ ခေါ်လေလေ ပိုရင်းနှီးလာလေ‌ ဖြစ်လာပဲလေ။

 

ခင်ပွန်း... ကျီချင်းချင်း သူမစိတ်ထဲကနေ စမ်းခေါ်ကြည့်လိုက်သည်။ သူမ စဉ်းစားလေလေ ပိုပြီးအနေခက်လာသည့် ခံစားချက်မျိုး ခံစားနေခဲ့ရသည်။

 

ကျွန်မတို့ ဖြေးဖြေးချင်းပဲ သွားကြမယ်လေ။ ဒီလိုမျိုး အရင်စခေါ်ရင်ရော ဘယ်လိုသဘောရလဲ။ လီရှင်းလို့ စခေါ်ကြည့်မယ်လေ...

 

“ဟွန့်” ဆိုပြီး မကျေနပ်တဲ့အသံက လုလီရှင်းနှာခေါင်းမှ ထွက်လာခဲ့သည်။

 

ကျီချင်းချင်းသည် သူမစိတ်ထဲတွင် ထိုရွေးချယ်မှုနှစ်ခုကြား အတင်းရုန်းကန်ခဲ့ပြီးနောက် သူမခေါင်းကိုခါလိုက်သည်။ သူမနှလုံးသားထဲတွင် ဒီအဆင့်ကို မကျော်နိုင်ပဲ ဖြစ်နေခဲ့သည်။ “မရဘူး။”

 

လုလီရှင်း၏ မျက်လုံးအရောင်ဟာ အနည်းငယ် မှေးမှိန်သွားသည်။ မင်း ကိုယ့်ကို သဘောမကျဘူးဆိုတာ ကိုယ်သိပါတယ်။ ဒါပေမဲ့ အဖိုးက မင်းကို အတော်လေးကို သဘောကျနေတာ။ မင်းက အဖိုး အိုတစ်ယောက်ရဲ့ နှလုံးသားကို နာကျင်အောင် မလုပ်ရက်ဘူးဆိုတာ ကိုယ် သေချာပေါက် သိပါတယ်။

 

ကျီချင်းချင်းက ခေါင်းညိတ်လိုက်ပြီးအဖိုးက ကျွန်‌မအပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံပေးတယ်။ ကျွန်မ သူ့ကို စိတ်မကောင်း မဖြစ်စေချင်ဘူး‌ ဟု လုလီရှင်းအား ပြောလိုက်သည်။

 

အဖိုးက ကိုယ့်ကို ကလေးဘဝတည်းက စောင့်ရှောက်လာခဲ့တာ။ သူ့ရဲ့စိတ်ရောရုပ်ပါ အားထုတ်ကြိုးပမ်းပြီး ကိုယ့်ကို ပျိုးထောင်ပေးခဲ့တာ။ သူရဲ့တစ်ခုတည်းသောဆန္ဒက ကိုယ်လက်ထပ်ပြီး ပျော်ရွှင်တဲ့မိသားစုလေး ပိုင်ဆိုင်နိုင်ဖို့ပဲ။ မင်းက ကိုယ့်ကို လက်ထပ်မယ်လို့ အဖိုးကိုပြောလိုက်ကတည်းက ကိုယ်တို့အိမ်မှာရှိနေချိန်မှာ အဖိုးကို စိတ်ပျော်ရွှင်ဖို့ ကိုယ်နဲ့ပူးပေါင်းဆောင်ရွက်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အဲဒါမှ သူ့ရဲ့အသက်ကြီးတဲ့အချိန်မှာ ဒီလိုနှစ်သိမ့်မှုကို ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။

 

ဤသို့ပြောပြီးနောက်တွင် လုလီရှင်း ထပ်တိုးပြောလိုက်ပြန်သည်။ သူ့ကျန်းမာရေးကတော့ ကောင်းပါတယ်။ ကိုယ်က သိပ်မကျန်းမာသေး‌တော့ ညဉ့်နက်တဲ့အချိန်ထိ သူပဲ အလုပ်ကို ကြိုးစားလုပ်နေရတာ။ သူ တစ်ခုခုဖြစ်သွားမှာကို ကိုယ် မလိုလားဘူး။

 

ထိုစကားတွေက ကျီချင်းချင်းနှလုံးသားကို ရိုက်ခတ်သွားစေခဲ့သည်။

 

အကြီးအကဲလုသည် သူမအား အရမ်းကြင်နာပေးသည်။ သူမသည် ဒီလိုကြင်နာသည့် အဖိုးအိုအား စိတ်မပျက်စေချင်တော့သည်မှာ အမှန်ပင်ဖြစ်သည်။

 

ကျွန်မ ရှင်နဲ့ ဘယ်လိုမျိုး ပူးပေါင်းစေချင်တာလဲ။

 

လုလီရှင်းက တခစ်ခစ်ရယ်လိုက်တော့ ကျီချင်းချင်းသည် သူမ၏နားရွက်ပေါ်တွင် သူ့ရဲ့ နွေးထွေးသော ထွက်သက်လေလေးကို ခံစားလိုက်ရသည်။ သူမလန့်သွားပြီး နားကို လက်ဖြင့် ဖုံးအုပ်လိုက်သည်။

 

အရမ်းချစ်ခင်ကြတဲ့ လင်မယားပုံရိပ်ကို ဖန်တီးဖို့ ပူးပေါင်းဆောင်ရွက်ပေးပါ။ ကိုယ့်ကို ခင်ပွန်းလို့ ခေါ်ဖို့ကိုလည်း မမေ့ပါနဲ့။

 

ကျွန်မကတော့ လီရှင်းလို့ခေါ်တာကလည်း အဆင်ပြေသားပဲ။ ‌တော်တော်လေး နားထောင်လို့ ကောင်းတယ်။

 

ဟမ်...

 

ကျီချင်းချင်း၏ မျက်နှာအမူအရာမှာ တော်တော်လေးကို အခက်တွေ့နေပုံပေါ်ပြီး ...ခင်ပွန်း လို့ ထစ်ထစ်ငေါ့ငေါ့ ခေါ်ဆိုလိုက်သည်။ ဒီစကားလုံးကိုပြောလိုက်ရုံနဲ့တင် သူမရဲ့နှလုံးခုန်နှုန်းကို မြန်ဆန်လာစေခဲ့သည်။

 

-- “မင်းဘဝသက်တမ်းထဲကို ၁မှတ် ပေါင်းထည့်ပြီးပါပြီ။ အခုလက်ရှိ သင် နှစ်နာရီကြာ အသက်ရှင်သန်ခွင့် ရရှိသွားပါပြီ။”