အခန်း(၅၅)
လုလီရှင်း
မသိမသာ ပြုံးလိုက်မိသည်။ ”မင်းခေါ်ရတာ အသားကျဖို့ အကြိမ်ရေ နည်းနည်းလောက် ထပ်
ခေါ်ကြည့်သင့်တယ်။”
“ခင်ပွန်း”
-- “မင်းဘဝသက်တမ်းထဲကို ၁မှတ်
ပေါင်းထည့်ပြီးပါပြီ။ အခုလက်ရှိ သင် သုံးနာရီကြာ အသက်ရှင်သန်ခွင့် ရရှိသွားပါပြီ။”
“အာ... ဆက်ခေါ်လေ”
“ခင်ပွန်း”
-- “မင်းဘဝသက်တမ်းထဲကို ၁မှတ် ပေါင်းထည့်ပြီးပါပြီ။
အခုလက်ရှိ သင် လေးနာရီကြာ အသက်ရှင်သန်ခွင့် ရရှိသွားပါပြီ။”
“အမ်...”
“ခင်ပွန်း”
-- “မင်းဘဝသက်တမ်းထဲကို ၁မှတ်
ပေါင်းထည့်ပြီးပါပြီ။ အခုလက်ရှိ သင် ငါးနာရီကြာ အသက်ရှင်သန်ခွင့် ရရှိသွားပါပြီ။”
“ခင်ပွန်း ခင်ပွန်း ခင်ပွန်း ခင်ပွန်း...”
ကျီချင်းချင်းသည်
သူမ ဒီအသုံးအနှုန်းကို များများခေါဆိုလေလေ သူမလျှာက ပိုသွက်လာလေလေ ဖြစ်သွားသည်။
သူမ ရယ်မောလိုက်မိသည်။ ”ဒါကိုခေါ်ဖို့ လွယ်တာပဲ။”
-- “မင်းဘဝသက်တမ်းထဲကို ၄မှတ်
ပေါင်းထည့်ပြီးပါပြီ။ အခုလက်ရှိ သင် ကိုးနာရီကြာ အသက်ရှင်သန်ခွင့် ရရှိသွားပါပြီ။”
လုလီရှင်းသည်
ကျီချင်းချင်း၏ စိတ်နေစိတ်ထားကို သိသွားခဲ့သည်။ သူမသည် အလွယ်တကူ
ချော့မော့ပြောဆိုလို့ရနိုင်သော်လည်း အကြပ်ကိုင်လို့တော့ မရပေ။ သူမကို
အကြောင်းပြချက်ကောင်းတစ်ခု ပေးနိုင်သရွေ့ သူမ လက်ခံသဘောတူပေလိမ့်မည်။ အကယ်၍ သူ့မှာ
အခက်အခဲ ကြုံတွေ့နေရတယ်လို့ သူမကို ပြောလိုက်ရင် သူ့ထက်တောင်
ပိုစိုးရိမ်ပေးလိမ့်မည်။
“သခင်လေး သခင်မလေး အခု ထမင်းစားချိန် ရောက်နေပါပြီ။” အန်တီဖေးရဲ့အသံက လျှောက်လမ်းကနေ ထွက်ပေါ်လာခဲ့သည်။ သူမကဆက်လက်ပြီး
တတွတ်တွတ်ပြောနေခဲ့သည်။ “သခင်လေးတို့ဆေးရုံကို အစောကြီးသွားပြီး ပြန်လာကတည်းက ဘာမှလည်း
မစားရသေးဘူး။ အခုနေ့လည်တောင် ရောက်နေပြီ။ သခင်လေးကြိုက်တဲ့ အစားအစာကို အန်တီဖေး
လုပ်ပေးထားတယ်။ အောက်ထပ်ကို ဆင်းလာပြီး စားကြဦး။ မင်းရဲ့ကျန်းမာရေးက
သိပ်ကောင်းသေးတာ မဟုတ်ဘူး။ ထမင်းစားချိန် ကျော်သွားရင် နေမကောင်းထပ်ဖြစ်မှာကို
အန်တီ စိတ်ပူတယ်။”
လုလီရှင်းက
တိုးတိုးလေး ပြောလိုက်သည်။ “မင်း အရင်သွားနှင့်လိုက်။ ကိုယ် ခဏနေရင် ဆင်းလာခဲ့မယ်။
ကိုယ်ပြောထားတာကို မှတ်မိနော် ဇနီးလေး”
“စိတ်မပူပါနဲ့ ကျွန်မ မှတ်မိပါတယ်။” ကျီချင်းချင်းက သူမ အကြီးအကဲလုရှေ့တွင် နမော်နမဲ့အမှား မလုပ်မိစေရဘူးဆိုပြီး
အာမခံလိုက်သည်။
ထိုစကားကိုပြောပြီးနောက်
သူမ အခန်းတံခါးကို တွန်းဖွင့်ပြီး အောက်ထပ်သို့ ဆင်းသွားခဲ့သည်။
အကြီးအကဲလုက
ထမင်းစားပွဲတွင် အဆင်သင့် ရောက်ရှိနေခဲ့ပြီး ဖြစ်သည်။ ကျီချင်းချင်း လှေကားပေါ်က
ဆင်းလာတာကို မြင်လိုက်ရတော့ သူမကို မေးလိုက်သည်။ ”လီရှင်းရော ဘယ်မှာလဲ။”
“သူက အပေါ်ထပ်မှာ အဖိုး”
“သူ မနက်စာလည်း အခုထိ မစားရသေးဘူး။ အခုလည်း သူ နေ့လည်မစားပြန်ဘူးလား။
အောက်ထပ် ဆင်းလာပြီး နေ့လည်စာလာစားလို့ သူ့ကိုသွားပြောလိုက်။”
ကျီချင်းချင်းက
သူ့ကို အောက်ထပ်ကို ဆင်းလာဖို့ သွားရန်ပြင်နေသည့်အချိန်မှာပဲ လုလီရှင်း
လှေကားပေါ်က ဆင်းလာတာကို မြင်လိုက်ရသည်။
“မစ္စတာ...” ဟု ကျီချင်းချင်း လွှတ်ခနဲ ခေါ်လိုက်မိမလို ဖြစ်သွားသည်။ သို့သော်
လုလီရှင်းက မျက်နှာရိပ် မျက်နှာကဲပြတာကို တွေ့လိုက်ရသည့်အချိန်တွင်
သူမ၏အခေါ်အဝေါ်ကို ချက်ချင်း ပြန်ပြောင်းလိုက်သည်။ “ခင်ပွန်း ထမင်းစားကြရအောင်။”
-- “မင်းဘဝသက်တမ်းထဲကို ၁မှတ် ပေါင်းထည့်ပြီးပါပြီ။ အခုလက်ရှိ သင်
သုံးနာရီကြာ အသက်ရှင်သန်ခွင့် ရရှိသွားပါပြီ။”
အကြီးအကဲလုသည်
ကျီချင်းချင်းက သူ့မြေးအား “ခင်ပွန်း” လို့ ခေါ်ဆိုလိုက်သံကို ကြားလိုက်ရသည့်အခါ
အံ့အားသင့်သွားမိသည်။ သူနဲ့ အန်တီဖေးဟာ ယုံကြည်ရန် ခက်ခဲနေသည့်အကြည့်များဖြင့်
အချင်းချင်း တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိသည်။
သူတို့
အသိစိတ်ပြန်ကပ်ဖို့ အချိန်အတော်ကြာခဲ့ပါသည်။
အန်တီဖေးက
သူမပါးစပ်ကို လက်ဖဝါးဖြင့် ဖုံးကွယ်ကာ ရယ်မောနေခဲ့သည်။ “အိုင်းယား...
ဒီမနက်ခင်းတုန်းက အိမ်နောက်ဖက်မှာ ငှက်အော်သံကို ကြားလိုက်ရတော့ သတင်းကောင်းတော့
ကြားရတော့မယ်လို့ ထင်နေတာ။ ကျွန်မ ဒီနေ့မှာတင် ကောင်းချီးနှစ်ဆ
မြင်တွေ့လိုက်ရပြီ။”
“ဟုတ်တယ်၊
ကောင်းချီးနှစ်ဆ ကြုံတွေ့ရတာပဲ။’ အကြီးအကဲလု ကျီချင်းချင်းကို ကြည့်လိုက်သည်။
ကျီချင်းချင်းက သူ့မြေးကို “ခင်ပွန်း” လို့ခေါ်လိုက်တာက သူ့မြေးရဲ့ ဇနီးဆိုတဲ့
အဆင့်အတန်းကို သူမကိုယ်တိုင် လက်ခံလိုက်တယ်လို့ ဆိုလိုတာပဲ မဟုတ်လား။ သူမ
ဧည့်သည်ခန်းထဲမှာ ဆက်နေဖို့ မသင့်တော်တော့ဘူး။ ဒါနဲ့ သူက ပြုံးရယ်ရင်း
ပြောလိုက်သည်။ ”ချင်းချင်းရေ လီရှင်းနဲ့ သမီးက လင်မယားတွေပဲ ဖြစ်နေကြပြီ။
သမီးဧည့်သည်အခန်းမှာပဲ ဆက်နေဖို့ မသင့်တော်တော့ဘူး။ ဒီလိုဆိုရင်ရော
ဘယ်လိုသဘောရလဲ။ လီရှင်းအခန်းကို သမီး ဒီနေ့ည ပြောင်းလို့ရတယ်လေ။ သူ့အခန်းက သမီး
လက်ရှိနေနေတဲ့ အခန်းထက် ပိုကျယ်တယ်။ ပြီးတော့ သက်တောင့်သက်သာလည်း ပိုရှိတယ်။”
ကျီချင်းချင်းသည်
လုလီရှင်းပြောထားသည့် အကြောင်းကို တွေးမိကာ ခေါင်းညိတ်လိုက်သည်။ “ဟုတ်ပါပြီရှင့်”
လုလီရှင်းသည်
ကျီချင်းချင်း၏ ဆိုးရွားစွာ အိပ်စက်တတ်တဲ့ အကျင့်ကို တွေးမိပြီး သူ့အလိုလို
ခေါင်းခါမိသွားသည်။ “မဖြစ်ဘူး!”
“အိုင်းယား... သခင်လေး မဖြစ်ဘူးဆိုတာ ဘာကိုဆိုလိုချင်တာလဲ။ သခင်မလေးက
အခု သခင်လေးဇနီး ဖြစ်နေပြီလေ။ သခင်လေးနဲ့ တစ်ခန်းထဲ တစ်ခုတင်တည်း အတူတူအိပ်မှ
မှန်ကန်မှာလေ။ ဒီလိုဆိုရင်ကော ဘယ်လိုလဲ။ ကျွန်မ အခုပဲ သခင်မလေးအခန်းထဲက
ပစ္စည်းတွေကို သခင်လေး အခန်းထဲ အခုချက်ချင်း သွားရွေ့လိုက်မယ်လေ။”
အန်တီဖေးသည်
ဒီအကြောင်းကို တွေးလေလေ သူမ စဉ်းစားတာက ကောင်းတဲ့အကြံပဲလို့ တွေးနေခဲ့သည်။ သူမ
အပေါ်ထပ်ကို ပစ္စည်းတွေရွေ့ရန် ချက်ချင်း တက်သွားခဲ့သည်။
ကျီချင်းချင်းသည်
သံသယမျက်လုံးများဖြင့် သူ့ကို ကြည့်လိုက်သည်။ ကျီချင်းချင်းက လုလီရှင်းအား
သူမအသံကိုတိုးပြီး မေးလိုက်သည်။ “ရှင်ပဲ ကျွန်မတို့က အရမ်းချစ်ခင်ကြတဲ့စုံတွဲအဖြစ် လူအများကို
ချပြမယ်ဆိုပြီး ကျွန်မကိုပြောခဲ့တာ မဟုတ်ဘူးလား။”
လုလီရှင်းသည်
ကျီချင်းချင်း၏ သံသယနှင့် မေးခွန်းထုတ်လိုသော အကြည့်နှင့်အတူ အကြီးအကဲလု၏
ကျေနပ်နေသော အပြုံးကို ရင်ဆိုင်လိုက်ရသည်။ သူ့မျက်ခုံးကို တွန့်ကွေးထားရုံသာ
တတ်နိုင်တော့သည်။
စာရေးသူမှာ ပြောစရာရှိပါတယ်:
System: အာ...
တကယ့်ကို အတွေ့အကြုံမရှိတာပဲ ╭(╯^╰)╮