အခန်း
(၅၆)
ကိုယ့်သေတွင်းကိုယ်တူးမိပြီး
ပြုတ်ကျသွားတဲ့ ခံစားချက်က ဘယ်လိုနေလဲ။
အိမ်အပေါ်ထပ်တွင်
အစေခံများအား စီစဥ်ညွှန်ကြားနေသည့် အန်တီဖေးရဲ့အသံကို ကြားနေရသော လုလီရှင်းသည် အဲ့ဒီခံစားချက်ကို
စေ့စေ့စပ်စပ် နားလည်သွားသည်။
“ဒါတွေက မနှစ်က သခင်လေးဝတ်ခဲ့တဲ့ အင်္ကျီတွေပဲ။ သခင်လေးရဲ့
အင်္ကျီတစ်ချို့ကို ဖယ်ထုတ်လိုက် အဲဒါမှ သခင်မလေးရဲ့ အင်္ကျီတွေကိုထည့်ဖို့
နေရာတစ်ဝက်လောက် ရမှာ။ ခဏ!! နေရာက တစ်ဝက်တည်းနဲ့ရမှာ မဟုတ်ဘူး။ အဲဒါက
အရမ်းကျဉ်းနေမယ်။ နေရာကျယ်ကျယ် ရဖို့လိုတယ်။ ဟုတ်ပြီ ဒီအင်္ကျီတွေကို
တခြားအခန်းကို ရွေ့လိုက်။ ဒီစားပွဲကိုလည်း ရွေ့လိုက် ပြီးတော့ သခင်မလေးအတွက်
မှန်တင်ခုံကို ဒီကိုယူလာခဲ့။ အာ... ထားလိုက်တော့ နံရံဒီဇိုင်းနဲ့ဆို အဲဒါက
လိုက်ဖက်မှာ မဟုတ်ဘူး။ အဲဒီဟာကို သခင်လေးရဲ့ စာကြည့်ခန်းထဲကို ရွေ့လိုက်။
အဲဒီအခန်းက သခင်မလေးရဲ့ အဝတ်လဲခန်း ဖြစ်သွားလိမ့်မယ်။” ဆိုပြီး အန်တီဖေး ညွှန်ကြားနေခဲ့သည်။
မာသည့်အရာတစ်ခုခုဖြင့်
ဆောင့်မိ တိုက်မိသော အသံများနှင့် ဝုန်းဒိုင်းကြဲနေသော မြည်သံများသည်
အချိန်ခဏကြာသည့်အထိ ထွက်ပေါ်နေခဲ့သည်။
အကြီးအကဲလုသည်
အပေါ်ထပ်မှ အသံများကို မကြားချင်ယောင်ဆောင် နေလိုက်သည်။ ”ချင်းချင်းရေ သမီး အထူးကြိုက်နှစ်သက်တဲ့ အစားအစာမျိုးရှိလား။
ဒါမှမဟုတ် သမီးမကြိုက်တဲ့ အစားအစာတွေရှိလား။ ရှိရင် သမီးရဲ့အကြိုက်တွေကို
အန်တီဖေးကို ပွင့်ပွင့်လင်းလင်း ပြောလို့ရတယ်နော်။ ကိုယ့်အိမ်လို သဘောထားပြီး
လွတ်လွတ်လပ်လပ်နေနော်။ ကိုယ့်ကိုကိုယ် မနှိပ်စက်နဲ့။ ပြီးတော့ လီရှင်းက သမီးကို
အနိုင်ကျင့်တာတို့ ကောင်းကောင်း မဆက်ဆံပေးတာမျိုးဆို အဘိုးကို ချက်ချင်းပြောဖို့
မမေ့နဲ့နော်။”
“ကျေးဇူးပါ အဘိုး။ သမီးမှတ်ထားပါ့မယ်။”
ဤအသက်အရွယ်တွင်
အကြီးအကဲလုသည် သူ့ရဲ့ မပြည့်ဝသောဆန္ဒဟူသမျှ မရှိတော့ပါ။ သူ့ရဲ့တစ်ခုတည်းသော
စိတ်ပူသည့်အရာသည် သူ ပြုစုပျိုးထောင်ခဲ့သော သူ့မြေးပင်ဖြစ်သည်။ လုလီရှင်းသည် အသက်
၃၀ကျော်သည့်အထိ တစ်ခါမှ ရည်းစားမထားခဲ့ခြင်းကြောင့် စိုးရိမ်ပူပန်မိသည်။
လုလီရှင်း
အိမ်ထောင်မပြုလည်း သူ့အနေအထားအရ အဆင်ပြေသည်။ သို့သော်တွင် သူ့လို
အသက်အရွယ်မျိုးရောက်လျှင် လုလီရှင်း ကျန်ရှိနေသည့် ဘဝသက်တမ်းတစ်လျှောက်လုံးတွင်
တစ်ယောက်တည်း အထီးကျန်စွာ လျှောက်လမ်းသွားရမည့် အဖြစ်မျိုးကို အကြီးအကဲလု
စိုးရိမ်ပူပန်နေခဲ့သည်။
မဟုတ်ဘူး။
သူက ငါ့ထက်တောင် ပိုပြီး အထီးကျန်နေမှာ။
သို့သော်
ယခုအခါတွင် ချင်းချင်းက လုလီရှင်းရဲ့ ဘေးနားမှာ ရှိနေပြီဆိုတော့ လီရှင်းရဲ့အနာဂတ်က
အထီးကျန်တော့မှာ မဟုတ်ပါဘူး။
အကြီးအကဲလုသည်
ကျီချင်းချင်း၏ ပန်းကန်ထဲသို့ အစားအစာများကို ပြုံးပြီး ထည့်ပေးလိုက်သည်။ “အဖိုးကို ကျေးဇူးတင်စရာ မလိုပါဘူးကွယ်။ သမီးတို့နှစ်ယောက် အတူတကွ
ပျော်ပျော်နေထိုင်သွားတာက အဖိုးကို အကောင်းဆုံး ကျေးဇူးဆပ်ခြင်းတစ်မျိုး
ဖြစ်လိမ့်မယ်။”
ကျီချင်းချင်းသည်
သူမပန်ကန်းထဲသို့ အကြီးအကဲလု ထည့်ပေးထားသည့်ဟင်းကို စားလိုက်သည်။ သူမ၏
မျက်လုံးထောင့်စွန်း မြင်ကွင်းကနေ အကြီးအကဲလု၏ နားထင်ပေါ်တွင် ပေါက်နေသည့်
ဆံပင်ဖြူများကို ဖျက်ခနဲကြည့်လိုက်ပြီး လုလီရှင်း သူမအား ပြောခဲ့သည့် စကားများကို
တွေးနေခဲ့သည်။ ထိုအဘိုးအိုအတွက် သူမ တကယ်ကို စိတ်မကောင်း ဖြစ်မိသည်။
ဝတ္ထုထဲတွင်
အကြီးအကဲလုသည် လူလတ်ပိုင်းအရွယ်တွင် ဇနီးဖြစ်သူနှင့် သားဖြစ်သူကို
ဆုံးရှုံးခဲ့ရပြီး သက်ကြီးပိုင်းအရွယ်တွင် သူ့မြေးဖြစ်သူကိုပါ ဆုံးရှုံးလိုက်ရသည်။
လုလီရှင်း ဝတ္ထုထဲမှာ သေသွားသည့်အချိန်တွင် အကြီးအကဲလုသည် ဗီလာကနေ
ထွက်ခွာသွားခဲ့ပြီး အရင်အိမ်ဟောင်းမှာ ပြန်နေကာ သူ့ရဲ့ကျန်ရှိနေတဲ့သက်တမ်းကို
အထီးကျန်စွာ ဖြတ်သန်းခဲ့ရသည်။
အခုချိန်မှာတော့
လုလီရှင်းက မသေဆုံးသွားခဲ့ပဲ သူမသည် လုလီရှင်း၏ဇနီး ဖြစ်လာခဲ့သည်။ အဘိုးအို
ပေးအပ်ခဲ့သည့် ကြင်နာမှုများအတွက် ပြန်ပေးဆပ်သင့်သည်။ အဘိုးမျှော်လင့်သည့်အရာသည်
လုလီရှင်း အိမ်ထောင်ပြုပြီး မိသားစုနဲ့အတူ ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားတာကို
မြင်ချင်သည့်အတွက်ကြောင့် သူမသည် လုလီရှင်း၏ဇနီးအနေဖြင့် အဘိုးအား ရိုသေပြီး
သူ့ဆန္ဒကို ဖြည့်ဆည်းပေးသင့်သည်။ အဲဒါမှ အကြီးအကဲလုဟာ သူ့ကျန်ရှိနေသည့်သက်တမ်းမှာ
အေးအေးချမ်းချမ်း နေထိုင်သွားနိုင်လိမ့်မယ်ဟု သူမစိတ်ထဲတွင် တွေးနေခဲ့သည်။
ကလေးယူခြင်းအပိုင်းကို
သူမ မလုပ်ဆောင်နိုင်သော်လည်း လုလီရှင်းနှင့် သာယာပျော်ရွှင်နေသော စုံတွဲအဖြစ်တော့
ဟန်ဆောင်နိုင်ပါသည်။
လုလီရှင်းက
နည်းနည်း အရှက်မရှိဘူး ဟုထင်ရသော်လည်း သူ့အဘိုးကိုတော့ အရမ်းချစ်ပြီး
ရိုသေကိုင်းရှိုင်းသည်။ လုလီရှင်းသည် သူ့အဘိုးရှေ့တွင် အရမ်းချစ်ကြတဲ့စုံတွဲအဖြစ်
ဟန်ဆောင်ဖို့ တောင်းဆို အသနားခံခဲ့သောကြောင့် သူမဟာ လုလီရှင်းရဲ့တောင်းဆိုမှုကို
လက်ခံပေးခဲ့သည်။
မျက်မှောင်ကြုတ်နေတဲ့
လုလီရှင်းကို ကျီချင်းချင်းက ကြည့်လိုက်သည်။ သူ့ပန်းကန်ထဲသို့ ဝက်နံရိုးကို
ထည့်ပေးလိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။ “လု... ခင်ပွန်း ဘာဖြစ်နေတာလဲ။” ဟု တိုးတိုးလေး မေးလိုက်သည်။
-- “မင်းဘဝသက်တမ်းထဲကို ၁မှတ် ပေါင်းထည့်ပြီးပါပြီ။ အခုလက်ရှိ သင်
ဆယ့်တစ်နာရီကြာ အသက်ရှင်သန်ခွင့် ရရှိသွားပါပြီ။”
သူ့ရဲ့အသက်ရှင်နေထိုင်နိုင်မည့်
သက်တမ်း ပိုတိုးလာခြင်းသည် သူ့စိတ်ခံစားချက်ကို ပြန်လည်ကောင်းမွန်လာစေသည်။
လုလီရှင်းသည် ကျီချင်းချင်း၏ အအိပ်ကြမ်းတဲ့အကျင့်ကို တွေးလိုက်မိသည်နှင့်
တစ်ပြိုင်နက် ခေါင်းကိုက်လာခဲ့သည်။
သူ
အနာဂတ်မှာ ဘယ်လိုအိပ်ရမလဲ ဆိုတာကို တော်တော် တွေးပူနေခဲ့မိသည်။
“ဘာမှ မဖြစ်ပါဘူး။စားရအောင်”