အခန်း၆၀
Viewers 16k

 

အခန်း (၆၀)

 

အနှစ် ၃၀လုံးလုံး စင်ဂယ်ခွေးတစ်ကောင်ဖြစ်သည့် လုလီရှင်းသည် အမျိုးသမီးတစ်ယောက်ရဲ့ စိတ်ကို ဘယ်လိုမှ နားမလည်နိုင်ခဲ့ဘူး။

 

ကျီချင်းချင်းနဲ့ မတွေ့ဆုံခင်မှာ သူတွေ့ခဲ့တဲ့ အမျိုးသမီးတွေဟာ ဂုဏ်သရေရှိ၊ ကြော့ရှင်း၊ ပညာတတ်၊ အမျှော်မြင်ရှိပြီး နူးညံ့သိမ်မွေ့ကြတယ်။ သူတို့တွေဟာ သင့်တင့်လျောက်ပတ်ကြသူများ ဖြစ်ကြသည်။ ဒါပေမယ့် ကျီချင်းချင်းနဲ့ တွေ့ပြီး နေ့တိုင်း သူသည် ကျီချင်းချင်းရဲ့ခေါင်းကိုဖွင့်ပြီး သူမခေါင်းထဲတွင် ဘာတွေရှိလဲဆိုတာကို ကြည့်ဖို့ တွေးမိခဲ့သည်။

 

“လူဆိုးကောင်လား” လူဆိုးကောင်ဟု ထပ်မံ အခေါ်ခံလိုက်ရပြန်တဲ့ လုလီရှင်းသည် ဒေါသစိတ်ဖြင့် ရယ်မောလုနီးပါး ဖြစ်သွားခဲ့သည်။ “ကိုယ်က ဘာပြောလိုက်လို့ လူဆိုးလို့ အခေါ်ခံလိုက်ရတာလဲ။”

 

“ရှင်က ကျွန်မကို ကျွန်မပါးစပ်နဲ့ ပြန်ပေးဆပ်ဖို့ လိုချင်တယ်ဆို၊ အဲ့တာ လူဆိုးကောင်ပြောတာမျိုး မဟုတ်ဘူးလား။”

 

“ကိုယ်က မင်းပါးစပ်ကနေ ကိုယ့်ကို ခင်ပွန်းလို့ ခေါ်တာကိုပဲ လိုချင်တာပါကွာ။ ကျီချင်းချင်း မင်း ဘယ်လိုလုပ်ပြီး ဒီလောက် အရှက်မရှိရတာလဲ။ မင်းခေါင်းထဲမှာ ဘာတွေ တွေးနေရတာလဲ။” ကျီချင်းချင်း၏ ရဲရဲဝံ့ဝံ့ ရိုးသားဖြောင့်မတ်သော အသွင်ကို ကြည့်ပြီး သူမ မည်သို့ စဥ်းစားတွေးခေါ် နေတာလဲဆိုတာကို သူ အမှန်တကယ် သိချင်နေမိခဲ့သည်။

 

ကျီချင်းချင်းသည် အံ့သြထိတ်လန့်မှုကြောင့် အေးခဲသွားသည်။ လုလီရှင်း၏ လိမ်ညာပြောဆိုသည့်မပေါ်သော မျက်နှာအမူအရာကိုကြည့်ရင်း ရှက်ရွံ့သွားသလို ခံစားလိုက်ရသည်။

 

သူမရဲ့ နားရွက်ထိပ်လေးတွေက အနည်းငယ် နီလာခဲ့သည်။

 

အိုး... ဒါဆိုရင် သူက သူမကို သူ့ကို ခင်ပွန်းလို့ပဲ ခေါ်စေချင်တာလား။

 

ကျီချင်းချင်းသည် ရှက်ရွံ့သွားသော်လည်း ဝမ်းသာမိနေဆဲဖြစ်သည်။ လုလီရှင်းက သူမကို... သူ့အား မနမ်းစေသည့်အတွက် ဝမ်းသာမိသည်။

 

သူမ သူ့ကို နားလည်မှုလွဲမှားသွားတာကို ကျီချင်းချင်း တွေးလိုက်မိ‌တော့ သူမသည် လုလီရှင်းကို အပြစ်ရှိစိတ်လေးဖြင့် ကြည့်လိုက်မိသည်။ သူမက ကြိမ်းမောင်းလိုက်သေးသည်။ “... ကြည့်လေ၊ ရှင်က လူဆိုးတစ်ယောက်လို လုပ်နေတာကိုး”

 

မှန်ကန်တဲ့ အကြောင်းပြချက် ရှိတဲ့သူတွေက အသံထွက်ဖို့ မလိုအပ်ဘူး။ ကျီချင်းချင်းရဲ့ စကားလုံးတွေက ရိုးရှင်းသော မှားယွင်းသည့်မိုက်ရူးရဲဆန်မှုမျိုး ဖြစ်လေသည်။

 

သူမ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းရန် အသည်းအသန် ကြိုးပမ်းနေပုံကိုကြည့်ရင်း လုလီရှင်းသည် သူမ၏ အမှားအား မထုတ်ဖော်ခဲ့ပေ။ သူက လူဆိုး ဟုတ် မဟုတ်ကို လေးလေးနက်နက် ငြင်းခုံနေမည့်အစား သူက ရိုးရှင်းစွာ ပြောလိုက်သည်။ “အကယ်၍ မင်းက ကိုယ့်ကို လူဆိုးလို့တွေးတာက အဲ့တာက မင်းရဲ့ ကိုယ်ပိုင်ပြဿနာပဲ။ ကိုယ့်ကို မနှောင့်ယှက်နဲ့။”

 

ထိုသို့ပြောပြီးတာနဲ့ သူက ထိုင်ချလိုက်ကာ သူ့စားပွဲပေါ်ရှိ စာရွက်စာတမ်းများကို လက်ညှိုးထိုးပြလိုက်သည်။

 

ကျီချင်းချင်းက အံတင်းတင်းကြိတ်လိုက်မိသည်။

 

ဒီလူယုတ်မာကတော့၊ သူ့မှာ ငွေကြေးနဲ့ အာဏာရှိသည်။

 

“အကယ်၍ ရှင် ကျွန်မကို မကူညီဘူးဆိုရင် ကျွန်မ အဖိုးကို သွားရှာရလိမ့်မယ်။” သူမက ထိုသို့ပြောပြီးတာနဲ့ လှည့်ထွက်လာခဲ့သည်။

 

“ရပ်ဦး” လုလီရှင်းသည် သူ့မျက်လုံးတွေကို မှေးကျဥ်းလိုက်မိသည်။ သူ့နဖူးပေါ်ရှိ သွေးကြောတွေက အနည်းငယ် ခုန်နေခဲ့သည်။ သူက အသက်ပြင်းပြင်းရှုပြီး စိတ်လျော့လိုက်သည်။ “မင်း ကိုယ့်ကို ခင်ပွန်းလို့ အကြိမ်တစ်ရာခေါ်မယ်ဆိုရင် ကိုယ် မင်းရဲ့ ဒီကိစ္စကို ဖြေရှင်းပေးမယ်။”

 

ကျီချင်းချင်းသည် ထိုနေရာ၌ပင် မတ်တပ်ရပ်၍ သူ့ကမ်းလှမ်းချက်ကို စဥ်းစားကြည့်လိုက်သည်။ လုလီရှင်းက တစ်ခုခု မှားယွင်းနေတယ်လို့ ထင်နေတဲ့ သူမရဲ့ ခံစားချက်တွေ ပိုပိုသေချာလာခဲ့သည်။

 

ခင်ပွန်းလို့ တစ်ကြိမ်တစ်ခါ ခေါ်ရခြင်းသည် ပြဿနာတစ်ခု မဟုတ်သော်လည်း ခင်ပွန်းလို့ အကြိမ်တစ်ရာ ခေါ်ရမယ်လား။

 

သူမ လှည့်ကြည့်လိုက်သည်။ လုလီရှင်းကိုကြည့်ရင်း သူမ လက်ငါးချောင်းထောင်ပြကာ စျေးဆစ်လိုက်သည်။ “ငါးကြိမ်”

 

လုလီရှင်းက “အကြိမ် ငါးဆယ်” လို့ အံတင်းတင်းကြိတ်ထားသည့် အသံဖြင့် ဆိုလိုက်သည်။

 

“ဆယ်ကြိမ်”

 

“အကြိမ် သုံးဆယ်”

 

“ဆယ့်ငါးကြိမ်”

 

“အကြိမ် နှစ်ဆယ်”

 

ကျီချင်းချင်းက အဲ့တာကို တွေးလိုက်မိသည်။ “ကိစ္စမရှိဘူး။ ကျွန်မ အဖိုးကို သွားရှာလိုက်မယ်။”

 

လုလီရှင်း၏ လက်ထဲမှ ဘောပင်သည် စာရွက်စာတမ်းတစ်ခုကို ထိုးဖောက်လိုက်မိသည်။ “ဆယ့်ငါးကြိမ် သဘောတူလား။”

 

ကျီချင်းချင်းသည် သူမရဲ့ ခြေလှမ်းတွေကို သူ့စားပွဲဆီသို့ ပြန်လှည့်လာခဲ့သည်။ သူမသည် သူ့ရဲ့ အပြစ်ကင်းစင်သော မျက်နှာလေးကို ကြည့်ရင်း သူမနားရွက်ထိပ်ဖျားလေးတွေ တဖြည်းဖြည်း နီရဲလာခဲ့သည်။

 

အရင်တုန်းကလည်း သူမ ပါးစပ်ကနေ ဤသို့ အကြိမ်များစွာ ခေါ်ခဲ့ဖူးသော်ငြားလည်း သူမနှလုံးသားက ခင်ပွန်းလို့ ထုတ်ခေါ်ဖို့ တုန်ယင်နေခဲ့သည်။ သူမ၏ နှလုံးခုန်နှုန်းသည် ပုံမှန်နှလုံးခုန်နှုန်းထက် ပိုမြန်ဆန်နေပြီဖြစ်သည်။

 

"ခင်... ခင်ပွန်း"

 

သူမ ထူးဆန်းတာကို ရှာတွေ့ခဲ့သည်။ လုလီရှင်းက သူ့ကို ခင်ပွန်းလို့ ခေါ်ဆိုတာကို ကြားချင်တဲ့ ထူးဆန်းတဲ့ ဝါသနာမျိုး သူ့မှာ ဘာ့ကြောင့် ရှိနေတာလဲ။

 

ခင်ပွန်း

 

ခင်ပွန်း

 

ခင်ပွန်း

 

သူမ၏ နှလုံးခုန်သံဟာ ကြားနိုင်သည့်အထိ ကျယ်လောင်လာခဲ့သည်။ ကျီချင်းချင်းသည် သူမနားရွက်များ ပူလောင်နေသလို ခံစားလိုက်ရသည်။ သူမ မေးရိုးကိုတင်းလိုက်ပြီး စိတ်ဆုံးဖြတ်ကာ ခေါ်လိုက်သည်။ “ခင်ပွန်း၊ ခင်ပွန်း၊ ခင်ပွန်း၊ ခင်ပွန်း၊ ခင်ပွန်း၊ ခင်ပွန်း၊ ခင်ပွန်း၊ ခင်ပွန်း၊ ခင်ပွန်း၊ ခင်ပွန်း၊ ခင်ပွန်း”

 

လုလီရှင်းသည် ထိုအသံကို နားထောင်ရင်း သူ့အပြုံးတွေက ပိုမိုတောက်ပလာသည်ကို သတိမထားမိခဲ့ပေ။

 

-- “မင်းဘဝသက်တမ်းထဲကို ၁၅မှတ် ပေါင်းထည့်ပြီးပါပြီ။ အခုလက်ရှိ သင် ၃၅ နာရီကြာ အသက်ရှင်သန်ခွင့် ရရှိသွားပါပြီ။”

 

“ခေါ်ပြီးပြီ၊ ရှင် ကျွန်မရဲ့ ပြဿနာကို ဖြေရှင်းပေးဖို့အတွက် မြန်မြန် ဖုန်းခေါ်လိုက်တော့။”

 

လုလီရှင်းသည် တစ်စုံတစ်ယောက်ကို ဖုန်းခေါ်လိုက်သည်။

 

သူ့ဖုန်းခေါ်ဆိုတာကို တစ်ဖက်မှ အမြန်ကိုင်လိုက်လေသည်။ လုလီရှင်းသည် သူ့ဖုန်းစပီကာကို ဖွင့်လိုက်သည်။

 

“ဟေး.... ရှုယီ၊ ငါပါ၊ လုလီရှင်း”

 

“လုလီရှင်းလား” တစ်ဖက်မှလူသည် သူ ကြားလိုက်သည့်အသံကို မယုံနိုင်သည့်ပုံပေါ်သည်။ “မင်း မဟုတ်ဘူးလား...”