အခန်း
(၆၂)
ချန်ရှုယီသည်
သူ့သူငယ်ချင်း၏ အပြုအမူကို နားမလည်သော်လည်း ထျန်းယွိအင်တာတိန်းမန့်သည်
လုလီရှင်းအပိုင်ဖြစ်ပြီး သူက လုလီရှင်းအတွက် အလုပ်လုပ်ကိုင်ပေးနေတာ ဖြစ်သည်။
ဒါ့ကြောင့် သူသည် လုလီရှင်းရဲ့ ညွှန်ကြားချက်ကို မေးခွန်းမရှိ လိုက်နာနေမည်
ဖြစ်သည်။
“ဟုတ်တယ်၊ ဒုဥက္ကဌချန် ကျွန်တော် ဒီကိစ္စကို စောင့်ကြည့်နေတာပါ။”
“ဒီကိစ္စမှာ ဝင်ရောက်မစွက်ဖက်နဲ့။ ကျီချင်းချင်း သူမ အလိုရှိသလို
လုပ်ခွင့်ပေးလိုက်။”
လက်ထောက်ဒါရိုက်တာကျီသည်
အံ့အားသင့်ပြီး ကြက်သေ သေသွားခဲ့သည်။ “ဒုဥက္ကဌချန် ကျီချင်းချင်း သူမ အလိုရှိသလို
လုပ်ခွင့်ပေးလိုက်လို့ ဘယ်ဖြစ်မလဲ။ သူမ အလိုရှိသလို လုပ်ခွင့်ပေးလိုက်ရင်
ကျွန်တော်တို့ ကုမ္ပဏီရဲ့ နာမည်ဂုဏ်သတင်းကို ကျဆင်းသွားစေလိမ့်မယ်။ ဒါက
မင်းသမီးနှစ်ယောက်ကြားက ပုဂ္ဂိုလ်ရေးရန်ငြိုးတင်မကဘူး။ ကုမ္ပဏီတစ်ခုတည်း ဖြစ်လို့
ဒီရန်ပွဲက ကျွန်တော်တို့ကုမ္ပဏီကို လူရယ်စရာ ဖြစ်လာနိုင်တယ် မဟုတ်လား။”
ချန်ရှုယီသည်
လက်ထောက်ဒါရိုက်တာလီရဲ့ ပြောစကားကိုတော့ သဘောတူသည်။
သို့သော်လည်း
ဒီကုမ္ပဏီသည် နောက်ဆုံး၌ လုလီရှင်းနှင့်သာ သက်ဆိုင်သည်။ သူ လုပ်ချင်တာကို
လုပ်နိုင်တယ်။ ချန်ရှုယီသည် နောင်အနာဂတ်တွင် လုလီရှင်းက ကျီချင်းချင်းကို
ထောက်ပံ့ပေးလိမ့်မည်ဟု ခန့်မှန်းခဲ့သည်။
“တော်တော့၊ ဒီပြဿနာကို ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲဆိုတာ ငါသိတယ်။ မင်း
ဝင်ရောက်မစွက်ဖက်နဲ့။”
ဖုန်းချပြီးနောက်
ချန်ရှုယီသည် သူ့လက်ထောက်ကို “မင်း အရင်ဆုံး ထွက်သွားလိုက်” ဟု ညွှန်ကြားလိုက်သည်။
သူ့လက်ထောက်သည်
သူ့ညွှန်ကြားချက်ကို လိုက်နာပြီး ရုံးခန်းထဲမှ ထွက်သွားခဲ့သည်။
လက်ထောက်
ရုံးခန်းထဲမှ ထွက်လာလာချင်းမှာပင် တခြားအမျိုးသမီးဝန်ထမ်းတွေက အတင်းအဖျင်းပြောဖို့
လက်ထောက်အား ဆွဲခေါ်သွားခဲ့သည်။
ဖျော်ဖြေရေး
လုပ်ငန်းများတွင် ဖျော်ဖြေရေး အသိုင်းအဝိုင်းအကြောင်း အတင်းအဖျင်း ပြောဆိုခြင်းသည်
အဖြစ်များဆုံး ကိစ္စဖြစ်သည်။ ဝန်ထမ်းတစ်ဦးမှ ပေါ့ပေါ့ပါးပါး ပြောလိုက်သောစကာသည်
အံ့အားသင့်ဖွယ် သတင်းတစ်ပုဒ် ဖြစ်လာနိုင်သည်။
“လင်းလင်း ဘာဖြစ်တာလဲ။ ဒုဥက္ကဌချန်က ကျီချင်းချင်းနဲ့ ရှန်းဝေဝေတို့ရဲ့
အချက်အလက်တွေကို နင့်ကို ဘာလို့ စုဆောင်းခိုင်းရတာလဲ။”
“အင်း၊ ဒုဥက္ကဌချန်က အရင်က ကြယ်ပွင့်တွေကြားက ရန်ပွဲတွေကို
ဂရုမစိုက်ခဲ့ဘူး။”
လင်းလင်းသည်
အသံတိုးကာ ပြောပြခဲ့သည်။ “ငါကတော့ ဒါကို အရမ်းထူးဆန်းတယ်လို့ထင်တယ်။
ကျီချင်းချင်းက ရှန်းဝေဝေကို တရားစွဲတဲ့အကြောင်း နင်တို့တွေ သိကြတယ်မလား။ ဒါပေမယ့်
ကုမ္ပဏီအထက်ပိုင်းက လူကြီးတွေက ကျီချင်းချင်းကို တရားစွဲဆိုတာ ရုတ်သိမ်းပေးဖို့
ဖိအားပေးခဲ့ကြတယ်။ ဘယ်အထက်လူကြီးက ဒီလိုလုပ်တာလဲဆိုတာကို ဒုဥက္ကဌချန်က
ငါ့စစ်ဆေးခိုင်းခဲ့တယ်။ ငါ ဒါကို စစ်ဆေးကြည့်လိုက်တော့ လက်ထောက်ဒါရိုက်တာလီက
ဒီကိစ္စကို ကိုင်တွယ်နေတာဖြစ်နေတယ်။ ဒုဥက္ကဌချန်က လက်ထောက်ဒါရိုက်တာလီကို
ဖုန်းခေါ်ပြီး ဒီကိစ္စကြားဝင်မပါဖို့ ပြောလိုက်တယ်။ သူက ကျီချင်းချင်း
သူမစိတ်ကြိုက် လုပ်ချင်ရာလုပ်ဖို့ လွှတ်ထားလိုက်လို့ ပြောတယ်။”
“သူမစိတ်ကြိုက် သူမလုပ်ချင်ရာကိုလုပ်နိုင်တယ်တဲ့လား။ ဒုဥက္ကဌချန်က
ကျီချင်းချင်းကို ဘာဖြစ်လို့ ကူညီရတာလဲ။”
“မသိဘူးလေ။ ကျီချင်းချင်းက ဒုဥက္ကဌချန်ကို ဘယ်လိုလှမ်းချိတ်ခဲ့တာလဲ။
ပြီးတော့ ဒုဥက္ကဌချန်မှာ မိသားစုလည်း ရှိတယ်လေ။ ဘယ်လိုလုပ်ပြီး...”
“ငါ သိတယ်။ ဖျော်ဖြေရေးအသိုင်းအဝိုင်းမှာ ရိုးရှင်းတဲ့ အမျိုးသမီးဆိုတာ
မရှိပါဘူး။ လွန်ခဲ့တဲ့ ရက်အနည်းငယ်ခန့်က သူမကို ကုရှောက်ယွီက စွန့်ပစ်ခဲ့ပြီး
အခုအချိန်မှာ သူမက ဒုဥက္ကဌချန်ကို လှမ်းချိတ်နိုင်ခဲ့တယ်။ သူမရဲ့အမြန်နှုန်းက...”
“သူမက နာမည်ကြီးတစ်ယောက်ပဲ။ ပြီးတော့ ဖျော်ဖြေရေးအသိုင်းအဝိုင်းက
လူတိုင်းကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့တဲ့ ကျီချင်းချင်းလို မိန်းမတစ်ယောက်
ခိုင်မာတဲ့ ကျောထောက်နောက်ခံ မရှိပဲ သူမ ဘယ်လို ရှင်သန်နိုင်ပါ့မလဲ။”
“ဒါပေမယ့် ဒါက ဒုဥက္ကဌချန်လေ။ ကျီချင်းချင်းက အိမ်ထောင်သည်
အမျိုးသားတစ်ယောက်ကို အသုံးချပြီး လူမှုရေးကိစ္စတွေကို ဘယ်လိုဖြေရှင်းနိုင်ရတာလဲ။”
“လူချမ်းသာတွေမှာ ရှုပ်ထွေးတဲ့ နေထိုင်မှုပုံစံတွေ ရှိတယ်။”
“ကောင်းပြီ၊ လုံလောက်ပြီ။ ဒီကိစ္စကို ဒီနေရာမှာပဲ ရပ်လိုက်တော့။
ဘယ်သူမှ ဒီအကြောင်းကို ထပ်မပြောနဲ့တော့။ ဒုဥက္ကဌချန်သာ သူ့နောက်ကွယ်မှာ
အတင်းတုပ်နေတာကို သိသွားခဲ့ရင် သူ ငါ့ကို သတ်လိမ့်မယ်။”
“စိတ်မပူပါနဲ့။ ဒီအကြောင်းကို တခြားဘယ်သူမှ ပြန်ပြောရဲမှာ မဟုတ်ဘူး။”
တစ်စုံတစ်ယောက်က
ရုံးခန်းထဲသို့ ဝင်လာသောအခါ အဖွဲ့လိုက်ကနေ လူစုကွဲသွားကြကာ အလုပ်လုပ်ရန် သူတို့စားပွဲတွေဆီသို့
ပြန်သွားခဲ့ကြသည်။ သို့သော် ဝန်ထမ်းအမျိုးသမီးတစ်ဦးသည် ဘေးပတ်လည်ကို
လှည့်ပတ်ကြည့်ပြီး ဘယ်သူမှ ဂရုမပြုမိတာကို မြင်လိုက်သောအခါ သူမဟာ
နာမည်ကြီးဖိုရမ်တစ်ခုရဲ့ စာမျက်နှာကို ပြန်ဖွင့်ကာ အထူးရေပန်းစားစေမယ့် သူမ
ရေးလက်စပို့စ်ကို ဆက်လက်ရေးသားခဲ့သည်။
-- ဖျော်ဖြေရေးကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်နေစဥ် အတွင်းလူများထံမှ
အတင်းအဖျင်းများကို ကြားသိရသည်။
---
တစ်နေကုန်
အိမ်မကပ်သော လုလီထင်းသည် နောက်ဆုံး၌ လုအိမ်တော်သို့ ညနေဝင်ရီတရောအချိန်တွင်
ပြန်ရောက်ခဲ့သည်။ အိမ်ထဲကို ဝင်လိုက်တာနဲ့ သူက အစားအသောက်တွေရဲ့ မွှေးရနံ့တွေကို
ရရှိသွားသည်။
“အကြီးအကဲလု ဒုတိယသခင်လေး အိမ်ပြန်ရောက်ပါပြီ” အန်တီဖေးက လုလီထင်းအတွက်
ထမင်းစားပွဲပေါ်သို့ ပန်းကန်ခွက်ယောက်အစုံကို ထည်ပေးလိုက်ပြီး အပြုံးလေးဖြင့်
ဆိုလိုက်သည်။
“ဒုတိယသခင်လေး
မစားရသေးဘူးမလား။ မြန်မြန် ဝင်ထိုင်ပြီး စားလိုက်တော့။”
အကြီးအကဲလု၏
မျက်နှာအမူအရာဟာ သိပ်မကောင်းသော်လည်း ဘာတစ်ခွန်းမှ ဝင်မပြောချေ။
လုလီထင်းသည်
သူ့ကို “အဖိုး” ဟု တိုတိုတုတ်တုတ် နှုတ်ဆက်ခဲ့သည်။ ထို့နောက် သူက လုလီရှင်းနှင့်
မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်ပြီး ပြောလိုက်သည် “အစ်ကိုကြီး မင်း သက်သာလာပြီလို့
ငါကြားတယ်။ ဂုဏ်ယူပါတယ်။”
လုလီရှင်း၏
မျက်နှာအမူအရာဟာ အေးတိအေးစက်ဖြင့် “အင်း” ဟုသာ ဆိုသည်။
အကြီးအကဲလုက
နောက်ဆုံး၌ စကားဝင်ပြောခဲ့သည်။ “လွန်ခဲ့တဲ့ ရက်အနည်းငယ်ခန့်က မင်း ဘာတွေ
လုပ်နေတာလဲ။ တစ်နေ့ပြီးတစ်နေ့ မင်း အိမ်မှာ မရှိနိုင်ဘူး။ မင်းကိုခေါ်တဲ့
ဖုန်းကိုလည်း မကိုင်တော့ မင်းကို ရှာတွေ့ဖို့ ခက်ခဲနေတယ်။”
လုလီရှင်း၏
ဘေးဖက်မှာထိုင်ပြီး ထမင်းစားနေသည့် ကျီချင်းချင်းဟာ လုလီထင်းသည် ရှန်းဝေဝေကို
နှစ်သိမ့်ပေးရင်း အလုပ်များနေမှန်းကို မှန်းဆမိပါသည်။ အဲ့တာကြောင့် အိမ်ပြန်ဖို့
အချိန်မရှိတာ ဖြစ်နိုင်တယ်။
“ဘာမှ မလုပ်ပါဘူး။”
“ဘာကို ဘာမှမဟုတ်တာလဲ။ ဒါဆို မင်း ဘာလို့ ဆေးရုံကို သွားနေတာလဲ။
ရှန်းဝေဝေကို မင်း အဲ့လောက် ကြိုက်နေတာလား။”