အခန်း
(၆၃)
လုလီထင်းက
မျက်ခုံးပင့်လိုက်သည်။ “အဖိုး ကျွန်တော့်ကို စုံစမ်းခိုင်းထားတာလား။”
“ငါ့မြေးက မကြာခဏ အိမ်မပြန်လာဘူး။ မင်း ဘယ်ကိုသွားလဲ လာလဲဆိုတာကို
ငါစစ်ဆေးကြည့်တာ ဘာမှားလို့လဲ။”
လုလီထင်းသည်
အကြီးအကဲလုကို စကားပြန်မပြောပေ။ ယင်းအစား သူက ကျီချင်းချင်းဖက်သို့
မှုန်မှိုင်းသောအကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။ “ရှန်းဝေဝေက ကျွန်တော် သဘောကျတဲ့
အမျိုးသမီးဖြစ်ပြီး လက်ထပ်ရည်ရွယ်ထားတဲ့ အမျိုးသမီးပါ။ ကျီချင်းချင်းကြောင့်သာ
မဟုတ်ရင် သူမ ဒဏ်ရာရပြီး ဆေးရုံတက်နေရမှာ မဟုတ်ဘူး။”
ကျီချင်းချင်းသည်
သူ့ရဲ့ မှုန်မှိုင်းနေသော အကြည့်နှင့် ဆုံတွေ့ခဲ့ပြီး အပြုံးလေးဖြင့် လုလီရှင်းရဲ့
ထမင်းပန်းကန်ထဲကို ကြက်သားတစ်ပိုင်း ခပ်ထည့်ပေးကာ ပြောလိုက်သည်။ “ခင်ပွန်း၊ ရှင်
အပြည့်အဝ ပြန်သက်သာသေးတာ မဟုတ်ဘူး။ ရှင် ကျန်းမာရေး ပိုကောင်းလာအောင် များများစားပေးရမယ်။”
-- “မင်းဘဝသက်တမ်းထဲကို ၁မှတ် ပေါင်းထည့်ပြီးပါပြီ။ အခုလက်ရှိ သင် ၃၅
နာရီကြာ အသက်ရှင်သန်ခွင့် ရရှိသွားပါပြီ။”
ကျီချင်းချင်းသည်
လုလီထင်းကို မကြောက်ရွံ့တော့ပါ။ လုလီရှင်းဟာ အသက်ရှင်နေသေးသောကြောင့် လုလီထင်းသည်
အသုံးကျသော အမျိုးသားဇာတ်လိုက် ဖြစ်လာလိမ့်မည် မဟုတ်ပေ။ သူ့မှာ စီးပွားရေးလုပ်ဖို့
ဦးနှောက်မရှိဘူး။ သူ့က ချစ်တတ်တဲ့နေရာမှာပဲ အသုံးကျတယ်။ ဝတ္ထုထဲတွင် ရှန်းဝေဝေကြောင့်
လုလီရှင်း တည်ဆောက်ထားခဲ့သော စီးပွားရေးအင်ပါယာကို အကြိမ်ကြိမ် အခါခါ
ဖျက်ဆီးလုနီးပါး ဖြစ်ခဲ့သည်။ လုလီထင်းသည် ကြီးကျယ်သောအရာကို ပြီးမြောက်အောင်
စွမ်းဆောင်နိုင်သည့် အရည်အချင်းရှိသူတစ်ယောက် မဟုတ်ပေ။
ကျီချင်းချင်းကို
လုလီရှင်းက တစ်ချက်အာရုံစိုက်လိုက်သည်။ သူ့မျက်ဝန်းထောင့်ကနေ သူ့ညီငယ်ရဲ့
မှုန်မှိုင်းနေသည့် မျက်နှာအမူအရာကို သတိပြုမိလိုက်သည်။ တိတ်တိတ်ဆိတ်ဆိတ်နေကာ
ကျီချင်းချင်းကို ထည့်ပေးလိုက်သော ကြက်သားတစ်တုံးကို ကောက်ယူ ဝါးစားလိုက်သည်။
ကျီချင်းချင်းသည်
သူ့ညီငယ်နှင့် တစ်ချိန်တုန်းက ပတ်သက်ခဲ့ဖူးသည့် အကြောင်းအား သူ့ကို
ပြောပြခဲ့ဖူးသည်။ သူတို့ လမ်းခွဲခဲ့ကြပေမယ့် တစ်ချိန်က ချိန်းတွေ့ခဲ့ဖူးပြီး
တစ်ယောက်နဲ့ တစ်ယောက် ခံစားချက်တွေ ရှိခဲ့ဖူးတယ်ဆိုတဲ့ အချက်ကတော့
ပြောင်းလဲသွားမှာ မဟုတ်ဘူး။
သမီးရည်းစားများအကြားရှိ
ဆက်ဆံရေးသည် အလွန် ကိုးရိုးကားရားနိုင်သောအရာများ ဖြစ်လေသည်။ အခု သူတို့
တစ်အိမ်တည်း အတူနေကြရတော့ မတွေ့ချင် မမြင်ချင်ရင်တောင် တစ်ခါတစ်လေတော့
တွေ့မိကြမှာပဲ။ သူတို့ရဲ့အချစ်ဟောင်းကို ပြန်လည်နိုးထလာစေခဲ့ရင် တစ်ခုခု ဖြစ်လာမှာ
မဟုတ်ဘူးဆိုတဲ့ အာမခံချက် မရှိဘူး။
ဒါကို
သူတွေးမိလိုက်တာနဲ့ လုလီရှင်းဟာ စိတ်မကြည်မသာ ဖြစ်သွားမိသည်။
လုလီထင်းဟာ
သူ့ထမင်းစားတူတွေကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်မိသည်။ ကျီချင်းချင်းက
သူ့အစ်ကိုကြီးကို “ခင်ပွန်း”လို့ နွေးနွေးထွေးထွေး ခေါ်လိုက်တဲ့အသံကို
ကြားလိုက်ရတော့ သူဟာ ကျီချင်းချင်းရဲ့ မျက်နှာဖုံးကို ဆုတ်ဖြဲပစ်ချင်ခဲ့သည်။
သူထွက်သွားတာ
တစ်ရက်ပဲ ရှိသေးသည်။ သူတို့ ဘာကြောင့် ပိုနီးကပ်လာတာလဲ။ အခု သူမက သူ့အစ်ကိုကြီးကို
ခင်ပွန်းလို့တောင် ခေါ်နေပြီလား။
ကျီချင်းချင်းရဲ့
မျက်နှာပေါ်က အပြုံးရေးရေးကို မြင်လိုက်ရတော့ လုလီထင်းသည် သူ့မျက်လုံးတွေကို
ဆေးထိုးအပ်နဲ့ အထိုးခံလိုက်ရသလို ခံစားလိုက်ရသည်။
ဒီအမျိုးသမီးဟာ
ဟန်ဆောင်ကောင်းလွန်းတယ် ဆိုတာကို သူ အရင်က ဘာလို့ သတိမထားခဲ့မိတာလဲ။
“မင်း ဘာလို့ ချင်းချင်းကို အပြစ်တင်နေရတာလဲ” အကြီးအကဲလုက
စိတ်ဆိုးမာန်ဆိုးဖြင့် ပြောလိုက်သည်။ “ငါ ဒီအကြောင်းကို ကြားပြီးပြီ။
အဲ့ဒီကိစ္စအတွက် ဗီဒီယိုအထောက်အထား ပေါ်ထွက်လာခဲ့တယ် မဟုတ်လား။ ချင်းချင်းက သူမကို
မတွန်းထုတ်ခဲ့ဘူး။ ချင်းချင်းကို ဒီကိစ္စအတွက် တာဝန်ရှိတယ်လို့ မင်း
ဘယ်လိုလုပ်ပြီး စွပ်စွဲနိုင်တာလဲ။ ချင်းချင်းက မင်းမရီးဆိုတာ မမေ့နဲ့။ သူမအပေါ်
နောက်တစ်ခါ ဒီလိုမျိုး မရိုင်းစိုင်းနဲ့။”
“အဖိုး အားလုံးလည်း ဒီမှာရှိနေတဲ့အတွက် ကျွန်တော် အဖိုးကို
ရှင်းရှင်းပဲ ပြောပြမယ်။ ကျီချင်းချင်းက သိုက်တူးသမားတစ်ယောက်ပဲ။ သူမက
ပိုက်ဆံအရမ်းမက်တယ်။ ကျွန်တော် အိမ်ကဆင်းသွားတုန်းက သူမနဲ့ တစ်နှစ်လောက်
ချိန်းတွေ့ခဲ့ဖူးတယ်၊ ဒါပေမယ့် သူမက ဒုတိယမျိုးဆက် သူဌေးသားတစ်ယောက်ကြောင့်
ကျွန်တော့်ကို စွန့်ပစ်ခဲ့တယ်။ ပြီးတော့ သူမမှာ နာမည်ဆိုးရှိတယ်။ သူမက
ဘယ်လိုလူမျိုးလဲ ဆိုတာ အဖို လွယ်လွယ်ကူကူ ရှာတွေ့နိုင်တယ်။
ပိုင်းခြားသိမြင်နိုင်တဲ့ လူတိုင်း သူမက ဘာဖြစ်လို့ အစ်ကိုကြီးနဲ့ လက်ထပ်တာလဲ
ဆိုတာကို သိနိုင်တယ်။”
ကျီချင်းချင်းသည်
ခေါင်းငုံ့ကာ အေးအေးဆေးဆေး ထမင်းစားနေခဲ့သည်။ သူမရဲ့ နူးညံ့သော အစာအိမ်ကို
မထိခိုက်စေရန် ဖြည်းဖြည်းလေး စားရမည် ဖြစ်သည်။ လုလီထင်း၏ ကြမ်းတမ်းသော စကားများကို
သူမက ဂရုစိုက်ခြင်း အလျဥ်းမရှိချေ။
အကြီးအကဲလုက
“လုလီထင်း” လို့ သတိပေးဟန်ဖြင့် ခေါ်လိုက်သည်။
“သူမ အစ်ကိုကြီးကို သူ့ပိုက်ဆံကြောင့် လက်ထပ်ခဲ့တာပဲ။ အဖိုးရော
အစ်ကိုကြီးရော ဒီလိုမိန်းမမျိုးကို အရမ်းအဖိုးတန်သလိုမျိုး ဘယ်လိုလုပ်ပြီး
ဆက်ဆံနိုင်ရတာလဲ။”
“လုလီထင်း” အကြီးအကဲလုက လုလီထင်းကို စိုက်ကြည့်နေခဲ့သည်။ “ချင်းချင်းက
မင်းအစ်ကိုကြီးနဲ့ လက်ထပ်ခဲ့တယ် ဘာဖြစ်လို့လဲဆိုတော့...” စကားအနည်းငယ်ခန့်
ပြောပြီးနောက် အကြီးအကဲလုဟာ ရုတ်တရတ် သူ့စကားကိုရပ်ကာ အသက်ပြင်းပြင်းရှုလိုက်သည်။
“အဖိုး အဆင်ပြေရဲ့လား။”
အကြီးအကဲလုက
သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ “ငါ အဆင်ပြေတယ်။ ငါ ဒီခွေးကောင်ကြောင့်
အရမ်းဒေါသထွက်သွားလို့။”
လုလီရှင်းသည်
သူ့ညီငယ်ကို ကြည့်လိုက်သည်။ အသံနိမ့်နိမ့်ဖြင့် သူက ပြောလိုက်သည်။
“ကျီချင်းချင်းကို တန်ဖိုးထား ဆက်ဆံတာက ငါ့အတွက် ပုံမှန်ပြလေ။ သူမက ငါ့ဇနီးပဲ။
သူမက ပိုက်ဆံကို ချစ်မြတ်နိုးတယ်လို့ မင်း ပြောခဲ့တယ်၊ ဒါဆိုရင် ငါ မင်းကို
တစ်ခုမေးချင်တယ်။ ပိုက်ဆံကို မကြိုက်တဲ့သူ ကမ္ဘာပေါ်မှာ ရှိလို့လား။”
“ဝေဝေက ပိုက်ဆံကို ဂရုမစိုက်ဘူး။ သူမက ကျွန်တော့်ကိုပဲ ဂရုစိုက်တာ”
လုလီရှင်းက
“တကယ်လား” လို့ လှောင်လိုက်သည်။
လုလီထင်းက
မဆိုင်းမတွ အလေးအနက် ပြန်ပြောသည်။ “ဟုတ်တယ်၊ သူမက
ကျွန်တော်ချမ်းသာတယ်ဆိုတာကိုတောင် မသိဘူး။”
လုလီရှင်းက
သူ့မျက်လုံးကို လှန်ကြည့်ပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။ “မင်း
ပိုက်ဆံမလိုအပ်ဘူးပေါ့။”