အခန်း၆၅
Viewers 16k

 

အခန်း (၆၅)

 

လုလီထင်းဟာ တိတ်ဆိတ်သွားပြီး ကျီချင်းချင်းကို စူးစိုက်ကြည့်လိုက်၏။

 

ကျီချင်းချင်းက သူ့ကို ဖျတ်ကနဲ ကြည့်လိုက်ကာ သူမက ပြုံးရင်း ထမင်းစားတူအစုံကို ချလိုက်သည်။ "အဘိုး သမီး ဗိုက်ပြည့်သွားပြီ။"

 

လုလီထင်းက သူမ၏ မျက်နှာချင်းဆိုင်တစ်ဖက်တွင် ထိုင်နေ‌သောကြောင့် သူမမှာ ဘယ်လိုလုပ် ထမင်းစားဝင်တော့မှာလဲ။

 

အကြီးအကဲလုက သူ့လက်ကို ဝှေ့ယမ်းပြရင်း ပြောလိုက်သည်။ "အစာမကြေဖြစ်နေဦးမယ်။ အပြင်ထွက်ပြီး လမ်းလေး ဘာလေး လျှောက်လိုက်ဦး။"

 

"ဟုတ်ကဲ့"

 

လုလီထင်းသည် ထွက်သွားပြီဖြစ်သည့် ကျီချင်းချင်း၏ နောက်ကျောကို လှမ်းကြည့်လိုက်သည်။ သူ့မျက်နှာက မှုန်ကုပ်ကုပ်ဖြင့် "အဘိုး ၊ ကျွန်တော်..."

 

အကြီးအကဲလုသည် သူ၏ ပန်းကန်လုံးကို တစ်ချက်ကြည့်လိုက်ပြီး " ထိုင်‌ပြီး ဆက်စားနေ။"

 

"အဘိုး!"

 

"ပြန်ထိုင်"

 

လုလီထင်းသည် သူ့ဒေါသကို မြိုချပြီး ထိုင်စားနေလိုက်၏။ ထမင်းပန်းကန်လုံးနှင့် တူအစုံကို ကောက်ယူပြီး ဆက်စားနေခဲ့သည်။

 

လုအိမ်တော်၏ အနောက်ဖက်တွင် လူလုပ်ရေကန်တစ်ကန်ရှိ၏။ အကြီးအကဲလုဟာ အလုပ်မများလျှင် ဒီနေရာမှာ မကြာခဏ ငါးမျှားလေ့ရှိသည်။

 

ယခုအချိန်သည် ညနေဆည်းဆာအချိန် ဖြစ်လေ၏။ ကျီချင်းချင်းသည် ရေကန်ဘေးနား၌ ရပ်နေခဲ့သည်။ လေနုအေးများက ရေကန်ကို ဖြတ်တိုက်လာသောအခါဝယ် သူမ၏ ကျောဘက်က ဆံပင်တွေက လွင့်မြောသွားခဲ့သည်။ မှိန်ဖျော့ဖျော့အလင်းရောင်လေးထဲမှာ သူမ၏ ‌သေးသွယ်သည့် အသွင်အပြင်ကိုသာ မြင်နိုင်သည်။

 

သူမ စိတ်မသက်မသာ ခံစားနေရ၏။ ဘာပဲဖြစ်ဖြစ် လုလီရှင်း၏အမြင်တွင် ကျီချင်းချင်းနှင့် သူ့ညီငယ်လေးတို့ဟာ တစ်ချိန်တုန်းက ချိန်းတွေ့ခဲ့ဖူးကြသည်။ အခုလဲ သူတို့က တစ်မိုးအောက်မှာ အတူတူနေထိုင်နေကြရသည်။ လုလီရှင်းက သူ့ဇနီးသည်ကို လုံးဝမချစ်သည့်အတွက် စိတ်မပူတာလား။ သူ့ဇနီးသည်နဲ့ သူ့ညီလေးတို့ အရင်ခံစားချက်ဟောင်း ပြန်လည်ဖြစ်ပေါ်လာမှာကို သူက ဘာလို့ လုံးဝမစိုးရိမ်ရတာလဲ။

 

လုလီရှင်းက သူမအပေါ်မှာ ခံစားချက်မရှိရင်တောင်မှ သူ့ဇနီးနဲ့ သူ့ညီလေးတို့က တစ်ချိန်က ရည်းစားဟောင်းတွေဆိုတော့ စိတ်မညစ်သင့်ဖူးလား။

 

အထူးသဖြင့် လုလီရှင်းက အဆင့်အတန်းမြင့်မားသူ ဖြစ်ရုံသာမက ပိုင်ဆိုင်လိုစိတ်ကြီးမားသည့် အမျိုးသားတစ်ယောက်လည်း ဖြစ်သည်။

 

သူ့လိုလူတစ်‌ယောက်ကို ချော့မော့နားချဖို့ဆိုတာ မဖြစ်နိုင်ဘူး။

 

သူက သူမကို အထင်လွဲပြီး သူ့နှလုံးသားထဲ၌ သံသယစိတ် အမြစ်တွယ်သွားခဲ့ရင် ဒါက သူမရဲ့ အနာဂတ်အတွက် ကောင်းမည် မဟုတ်ပေ။

 

သို့သော်လည်း လုလီရှင်းသည် တစ်စုံတစ်ယောက်က သူ့အား ခင်ပွန်းလို့ခေါ်ဆိုတာကို နားထောင်ရတာ နှစ်သက်သောကြောင့် သူမက သူ့ကို ခင်ပွန်းလို့ များများခေါ်ပေးရင် သူ သူမအပေါ် အမြင်ကောင်းများ တိုးတက်ကောင်း တိုးတက်လာနိုင်လိမ့်မည် ။

 

ကျီချင်းချင်းသည် လုလီရှင်း သူမအပေါ် နှစ်လိုမှုကို ဘယ်လိုတိုးတက်အောင် လုပ်ဆောင်ရမလဲ ဆိုပြီး တွေးတောနေစဉ် ဗီလာထဲကနေ ချဉ်းကပ်လာနေသည့် အသွင်အပြင်တစ်ခုကို သူမ၏မျက်လုံးထောင့်ကနေ မြင်လိုက်ရ၏။

 

သေသေချာချာကြည့်လိုက်သည့်နောက်တွင် လုလီထင်းဖြစ်နေမှန်းကို တွေ့လိုက်ရ၏။

 

ကျီချင်းချင်း မျက်ခုံးပင့်သွားမိသည်။ အခုက ညနေစောင်းနေပြီ ! လုလီထင်းက ဒီကို ဘာအတွက် လာတာလဲ။

 

ကျီချင်းချင်းသည် သူနှင့် မည်သည့် ပတ်သတ်ဆက်နွယ်ကိုမျှ မရှိချင်ပေ။ လူတွေက သူမတို့နှစ်ယောက် အတူရှိနေတာကိုမြင်ပြီး သူတို့ ထင်တာမြင်တာတွေကို အလှဆင်ပြီး အတင်းပြောဆိုကြလျှင် သူမ အပြစ်ကင်းစင်တယ်လို့ ဆိုဖို့ရာ ခက်ခဲ‌ပေလိမ့်မည်။

 

ကျီချင်းချင်းက လှည့်ထွက်သွားလိုက်သည်။

 

"ကျီချင်းချင်း ရပ်လိုက်စမ်း။"

 

ကျီချင်းချင်းက လှည့်မကြည့်ပေ၊ အဲဒီအစား သူမ၏ အရှိန်ကို မြင့်တင်လိုက်၏။

 

"ကျီချင်းချင်း" လုလီထင်း တော်တော်စိတ်တိုသွားသည်။ သူက ခြေလှမ်းကျဲကျဲ လျှောက်လာပြီး သူမလက်ကို လှမ်းဆွဲလိုက်သည်။

 

အပြင်ဘက်မှာ အရမ်းမှောင်နေသောကြောင့် လုလီထင်း၏ မျက်နှာအမူအရာကို သူမ ရှင်းရှင်းလင်းလင်း မမြင်ရပေ။

 

"ဘာကိစ္စရှိလို့လဲ"

 

"မင်း ဘယ်လိုလုပ်မှ ဝေဝေကို အပြစ်ရှာတာ ရပ်တန့်မှာလဲ။"

 

ကျီချင်းချင်းသည် သူ သူမကို ဖမ်းဆုပ်ချုပ်ကိုင်ထားခြင်းမှ လွတ်မြောက်ရန် ကြိုးပမ်းလိုက်သည်။ သူမ စိတ်မရှည်စွာ ပြောလိုက်သည်။ "လုလီထင်း! ကျေးဇူးပြုပြီး ကျိုးကြောင်းဆီလျော်အောင် ပြောလို့ မရဘူးလား။ နင်က သူမကို လွှတ်ပေးဖို့ကျ ပြောပြီး သူမကရော ငါ့ကို လွှတ်ပေးခဲ့ဖူးလို့လား။ ငါ့မှာ ရှိသမျှ အကုန်ရောင်းရင်တောင်မှ ယွမ်ဆယ်သန်းကိုပဲ ငါ တတ်နိုင်တယ်၊ ယွမ်သန်း ၂၀လုံး သူမကို မပေးဖူးဆိုရင် ငါ ဘာဖြစ်သွားမလဲ နင် သိလို့လား ! "

 

လုလီထင်းက ဖြောင့်မတ်မှန်ကန်ဟန်ဖြင့် ပြန်ပြောသည်။ "သူမက မင်းကို အထင်လွဲနေတာလေ။ အခု သူမက ဒဏ်ရာရပြီး ဆေးရုံတက်နေရတယ်။ သူမမျက်နှာပေါ်က အမာရွတ်က သူမ့ တက်လမ်းကို ထိခိုက်စေနိုင်တယ် ! လွန်ခဲ့တဲ့ နှစ်ရက်က သူမကိုယ်သူမ အပြစ်ရှိတယ်ထင်ပြီး သတ်သေဖို့တောင် ကြိုးစားခဲ့တာ ! မင်းက သဘောထားကြီးကြီးနဲ့ သူမကို ဘာကြောင့် ခွင့်လွှတ် မပေးနိုင်ရတာလဲ။"

 

"အထင်လွဲနေတာလား။" ကျီချင်းချင်း တစ်ယောက် မျက်လုံးပြူးသွားသည။ "သူမက ဒီကိစ္စကို တာဝန်ယူချင်ပါတယ်လို့ အရင်ပြောတဲ့သူလေ။ ဒါပေမယ့် သူမက ငါ့ကို သူမ ကိုယ်တိုင်ကိုယ်ကျ ဘာလို့ လာမရှာရတာလဲ။ နင်နဲ့ ကုရှောက်ယွီကပဲ ဘာဖြစ်လို့ ငါတို့ကိစ္စထဲ ဝင်ပါနေကြတာလဲ။"

 

"ကုရှောက်ယွီလား။" လုလီထင်းက အံ့ဩသွားသည့် အသံဖြင့် မေးလိုက်၏။ သူ့အမူအရာက သူ ဒါကို မသိဘူးဆိုတာကို ပြသနေသည်။ သူ အဲဒါကို သတိမထားမိခဲ့တာ သိသာလွန်းလှသည်။