အခန်း၆၆
Viewers 15k

အခန်း (၆၆)

 

"အင်း... ကုရှောက်ယွီက ရှန်းဝေဝေကို မြင်မြင်ချင်း ချစ်မိသွားခဲ့တာ မဟုတ်ဖူးလား။ သူက ရှန်းဝေဝေရဲ့ အခုပြဿနာကြီးကို ကူညီပေးဖို့ သေချာပေါက် လုပ်လိမ့်မယ်။ နင် ဒါကို မသိဘူးလို့ ဟန်ဆောင်မနေနဲ့။"

 

ရှန်းဝေဝေသည် ‌ငွေကြေးကို မမက်မောပဲ မြင့်မြတ်ပြီး အကျင့်စာရိတ္တကောင်းသူဟု သူက အခိုင်အမာ ပြောဆိုနေသော်လည်း ရှန်းဝေဝေက ဝတ္ထုထဲတွင် ချမ်းသာပြီး အာဏာရှိသည့် လူပုဂ္ဂိုလ်များစွာနှင့် ဘာကြောင့် အရှုပ်အယှက်များစွာ ရှိနေရတာလဲ။ သူမက မျက်နှာနှစ်ဖက်ရှိတဲ့ ကြာပန်းဖြူမတော့ မဟုတ်လောက်ဖူးမလား။

 

"ဒါ့အပြင် သူမ ကိုယ့်ကိုယ်ကို သတ်သေဖို့ ကြိုးစားတာက ငါနဲ့ ဘာမှ မဆိုင်ဘူး။ သူမက သနားစရာကောင်းတယ်လို့ပဲ ငါ ပြောနိုင်တယ်။ ဒီကိစ္စကို အသုံးပြုပြီး ငါက သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်ပေးဖို့ ကြိုးစားချင်တယ်ဆိုရင်တော့ ငါ လက်မခံနိုင်ဘူး။ ရှန်းဝေဝေ င့ါကို အတင်းအကြပ် ဖိအား‌ပေးတုန်းကရော နင် စိတ်မကောင်းဖြစ်မိတယ်လို့များ နည်းနည်းလောက် ခံစားရလို့လား။ ငါက ငါ့ခန္ဓာကိုယ်ကို ရောင်းချလုနီးပါး ဖြစ်ခဲ့တာလေ။"

 

လုလီထင်းသည် သူမကို စူးစူးစိုက်စိုက် ကြည့်နေမိသည်။ သူသည် သူမကို မသိသလိုပုံစံနှင့် သူမကို နားလည်ဖို့ ကြိုးစားရင်း အသေးစိတ် ကြည့်ရှုစစ်ဆေးနေခဲ့သည်။

 

အချိန်အတော်ကြာပြီး နောက်ဆုံးမှာတော့ သူက စကားစလာခဲ့သည်။ "ကျီချင်းချင်း... မင်း ပြောင်းလဲသွားတယ်။"

 

ဟမ်?

 

"မင်း အရင်က ဒီလို မဟုတ်ဘူး။ မင်း အမြဲတမ်း ပိုက်ဆံကို မက်မောတတ်ပေမယ့် မင်း အရင်တုန်းကတော့ သနားကြင်နာတတ်တဲ့ လူတစ်ယောက် ဖြစ်ခဲ့တယ်၊ မင်း ဒီလောက် သဘောထားမသေးသိမ်ဘူး၊ အနုပညာလောကထဲကို ဝင်လာပြီး နောက်ပိုင်း တကယ်ပဲ..."

 

"ဝမ်းနည်းပါတယ်၊ ငါ မပြောင်းလဲသွားဘူး၊ ငါက အမြဲတမ်း ဒီလိုလူမျိုးပဲ။" ကျီချင်းချင်းသည် လုလီထင်းရဲ့ ထင်ယောင်ထင်မှား ပြောဆိုမှုတွေကို ရပ်တန့်လိုက်သည်။ "ငါက ငွေမက်တယ်၊ ပြီးတော့ နင့်ရဲ့ အစ်ကိုကြီးမှာ ငွေရှိတယ်၊ ဒါကြောင့် ငါ သူ့ကို လက်ထပ်ခဲ့တာလေ နင့်ရဲ့ အဖိုးတန်လှတဲ့ ရှန်းဝေဝေကတော့ ငွေ မမက်ဘူး။ နင့်မှာ ပိုက်ဆံမရှိပေမယ့် သူက နင်နဲ့အတူရှိချင်တယ်။ နင့်ရဲ့ မွန်မြတ်စင်ကြယ်လှတဲ့ အချစ်တွေနဲ့ သူမက တော်တော်လေး လေးစားစရာကောင်းတာပဲ။ နင်တို့ နှစ်ယောက်က ကောင်းကင်ဘုံက တွဲဖက်ပေးထားတဲ့ စုံတွဲတစ်တွဲလိုပဲ... နင်နဲ့ ရှန်းဝေဝေ သက်ဆုံးတိုင် ပေါင်းဖက်နိုင်ပါစေလို့ ငါ စိတ်ရင်းနဲ့ ဆုတောင်းပေးပါတယ်။"

 

သူတစ်ပါးကို‌ ထိခိုက်စေလိုတဲ့ ဆန္ဒနဲ့ ဆုတောင်းပေးတာမျိုး မဟုတ်ပါဘူး။

 

လုလီထင်းသည် မှုန်ကုပ်ကုပ်ဖြင့် သူမကို ကြည့်နေ၏။ "ကျီချင်းချင်း ! မင်းရဲ့ ရွေးချယ်မှုကို နောင်တရနေတာလား။ မင်း ဝေဝေကို မနာလို ဖြစ်နေတာလား။ အဲတာကြောင့် မင်း သူမကို နှောက်ယှက်ပြီး လွှတ်ပေးဖို့ ဆန္ဒမရှိတာလား။"

 

ကျီချင်းချင်းသည် လုလီထင်းကို အံ့အားသင့်စွာ ကြည့်လိုက်မိသည်။ "လုလီထင်း ! နင် ဘယ်လို အဓိပ္ပါယ် မရှိတာတွေကို တွေးနေတာလဲ။ နောင်တလား။ ငါက ရူးနေတယ်လို့ နင် ထင်နေတာလား။ နင့်အစ်ကိုက နင့်ထက် ပိုကြည့်ကောင်းတယ် ပြီးတော့ နင့်ထက် ပိုချမ်းသာတယ်။ နောင်တရတယ်လို့ ငါ ခံစားရရင် ငါက ကန်းနေ‌တဲ့ အရူးပဲ ဖြစ်ရမယ်။"

 

လုလီထင်းသည် အံတင်းတင်း ကြိတ်လိုက်မိ၏။ "ဟုတ်တယ် ငါ့အစ်ကိုကြီးက ငါ့ထက် တော်တယ် ပြီးတော့ ငါ့ထက် ပိုချမ်းသာတယ် ဒါပေမဲ့ မင်း ငါ့အစ်ကိုကြီးရဲ့ အနားမှာ ဘယ်လောက် ကြာကြာနေနိုင်မယ်လို့ ထင်နေတာလဲ။ သူက မင်းကိုရော ကြိုက်လို့လား။ အချစ်မပါတဲ့ အိမ်ထောင်ရေးက ဘယ်လောက်ကြာကြာ တည်တံ့မယ်လို့ မင်း ထင်နေတာလဲ။"

 

"သူ ငါ့ကို မကြိုက်လည်း အဆင်ပြေတယ်။ သူသာ သေသွားခဲ့ရင် ငါက သူ့အတွက် မုဆိုးမတွေရဲ့ ဓလေ့ထုံးတမ်းတွေကိုလဲ လိုက်နာနေရဦးမယ်။ အခု သူ ငါ့ကို ကွာရှင်းချင်ရင်တောင် ငါက ဇနီးဟောင်းတစ်ယောက်အနေနဲ့ သူ့ပိုင်ဆိုင်မှုထဲက အချို့တစ်ဝက်ကိုတောင် ငါ ရနိုင်ဦးမယ်။ ငါ ချစ်တာက သူ့ငွေတွေကိုလေ။ သူ့ငွေတွေက ငါ့ကို သာယာတဲ့ ဘဝတစ်ခု ရရှိအောင် ဆောင်ကျဥ်းပေးနိုင်တယ်။ သူနဲ့ အတူရှိဖို့ ငါ လက်ထပ်ခဲ့တာမဟုတ်ဘူး။ ငါ ဘာကြောင့် သူ့ကို လက်ထပ်ခဲ့တယ်လို့ နင် ထင်လဲ။ ငါ သူနဲ့ လက်မထပ်ခင်တုန်းက သူ့ကို သိတောင် မသိခဲ့ဘူး။ သူ့ငွေတွေကြောင့် မဟုတ်ရင် တစ်ခြား ဘာဖြစ်နိုင်ဦးမှာလဲ။"

 

လုလီထင်းသည် ပြောစရာစကားပျောက်ရှစွာ ကျန်ရစ်ခဲ့သည်။ ကျီချင်းချင်းသည် ထိုစကားကို ယုံကြည်ချက်ရှိစွာဖြင့် ပြောခဲ့သည်။ လုလီထင်းက သူ့ကိုယ်သူ စိတ်တည်ငြိမ်အောင်လုပ်ဖို့ အချိန်ယူလိုက်ရ၏။ နောက်ဆုံးမှာတော့ လုလီထင်းက ဤသို့ ပြောလိုက်သည်။ "ကောင်းပြီလေ ကျီချင်းချင်း ! မင်း ဒီနေ့ပြောခဲ့တာတွေကို မှတ်ထား။ မင်း နောက်မှ နောင်တမရနဲ့။"

 

"ငါ မှတ်ထားတယ်။ ငါ့တစ်သက်လုံး သေသေချာချာ မှတ်ထားတယ်။ နောင်တရတဲ့သူက အရူးပဲ။"

 

လုလီထင်းသည် ဒေါသတကြီး တုန်တုန်ယင်ယင်ဖြင့် ကျီချင်းချင်းကို စိန်းစိန်းဝါးဝါး ကြည့်လိုက်သည်။

လုလီထင်းမှာ ရောဂါတစ်ခုခု ရှိနေတယ်လို့ ကျီချင်းချင်း ခံစားလိုက်ရသည်။

 

လုလီထင်းဟာ ကိုယ့်ကိုယ်ကို အရမ်းအထင်ကြီး လွန်ကဲနေသော စိတ်ရောဂါ တစ်မျိူးမျိူးကို ခံစားနေရတာ ဖြစ်လိမ့်မည်။

 

လုမိသားစုတွင် မွေးဖွားလာသည့် ကံကောင်းခြင်းကလွဲလို့ သူ့မှာ အခြား ကောင်းမွန်တာမျိုး မရှိဘူး။ ပြီးတော့ သူက သူမကို ငွေမက်တာနှင့်ပတ်သက်ပြီး အမြဲတမ်း အထင်အမြင်သေးစွာ နှိမ့်ချခဲ့သည်။

ငွေမက်တာ ဘာမှားလို့လဲ။ မင်းမှာ ငွေပိုရှိလေ ပိုကောင်းလေပဲ !

 

ငွေဇွန်းကိုက်ပြီး မွေးဖွားလာသူတစ်ယောက်က အခြားသူတွေရဲ့ အခက်အခဲတွေကို နားမလည်နိုင်ဘူး။

ငွေမရှိတဲ့ ဘဝက အလွန်ခက်ခဲကြမ်းတမ်းသည်။

 

သူမ ဝတ္ထုထဲသို့ ကူးပြောင်းမလာခင်က ပိုက်ဆံမရှိ‌သောကြောင့် အခက်အခဲမျာစွာကို ရင်ဆိုင်ဖြေရှင်းခဲ့ရသည်။ ယခုဘဝအသစ်မှာ သူမ ဒီလိုမျိုး ထပ်မံ မတွေ့ကြုံချင်တော့ပေ။

 

ဘဝမှာ ဒုတိယအခွင့်အရေးကို ရရှိခဲ့သောကြောင့် သူမဟာ လူချမ်းသာတစ်ယောက်ရဲ့ ဘဝနေထိုင်မှုမျိုးကို တွေ့ကြုံခံစားချင်မိသည်။