အခန်း
(၆၇)
ရေကန်တစ်ဝိုက်၌
အချိန်အတော်ကြာ လမ်းလျှောက်ပြီးနောက် ကျီချင်းချင်းသည် ပိုပြီး ခေါင်းကြည်သွားသည်။
လေနုအေးက သူမကို ဖြတ်တိုက်သွားသောအခါဝယ် ကျောချမ်းသလို ဖြစ်သွားပြီး သူမ
တစ်ခုခုကို ခံစားလိုက်ရသည်။ သူမ ခေါင်းမော့ကြည့်လိုက်တော့ တတိယထပ်က
အခန်းတစ်ခန်းမှာ မီးလင်းနေသည်ကို တွေ့လိုက်ရသည်။ မျက်နှာကြက်မှ ကြမ်းပြင်ထိ
ရှည်လျားသော လိုက်ကာများကို လေတိုက်သွားသော်လည်းပဲ ပြတင်းပေါက်၌ ရပ်နေသော
မည်သူ့လူတစ်ဦးတစ်ယောက်ကိုမှ သူမ မမြင်ခဲ့ရပေ။
သူမ
အိမ်အပေါ်ထပ်သို့ တက်သွားသည့်နောက်တွင် လုလီရှင်းဟာ သူ့ရဲ့ စာကြည့်စားပွဲခုံတွင်
ထိုင်နေပြီးတော့ သူမ အခန်းထဲသို့ လျှောက်လာတာကို အေးအေးဆေးဆေး
စောင့်ကြည့်နေတာမှန်း တွေ့လိုက်ရ၏။
ကျီချင်းချင်းသည်
ပြတင်းပေါက်ရှိ မျက်နှာကြက်မှ ကြမ်းပြင်အထိ ရှည်လျားလှသော လိုက်ကာများကို
ကြည့်ပြီး သူမ အပြစ်ရှိသလို ရှင်းမပြနိုင်လောက်သည့် ခံစားချက်မျိုး ရရှိခဲ့သည်။
"မင်း သူနဲ့ စကားပြောရတာ ပျော်လား။"
ကျီချင်းချင်းရဲ့
နှလုံးခုန်နှုန်း မြန်ဆန်သွားခဲ့သည်။ အိုး! မဟုတ်ဘူး ! သူ မြင်သွားတာပဲ။
ကျီချင်းချင်းသည်
အပြင်ဘက်တွင် တည်ငြိမ်နေဟန် ရှိပေမယ့် စိတ်ထဲမှာတော့ ထိတ်လန့်နေမိသည်။
လုလီရှင်းနှင့် သူမတို့နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ခံစားချက်မရှိပဲ
အတူယှဥ်တွဲနေထိုင်ကြပေမယ့် သူ သူမတို့ကို တွဲမြင်ပြီး စကားစမြည်ပြောသည့်
အကြောင်းအရာကို မကြားသိရခြင်းက သူ့စိတ်ခံစားချက်တွေကို ဆိုးရွားစေလိမ့်မည်။
သူ့ဇနီးသည်နဲ့ ညီငယ်လေးတို့ဟာ ညဘက်မှာ ပုန်းလျှိုးကွယ်လျှိုး တွေ့ဆုံနေကြသည်ဟု သူ
ထင်မြင်ယူဆမိလိမ့်မယ် ၊ သူမတို့ပြောတာ သူကြားခဲ့ရင် ဒီလောက်ထိ ဆိုးမှာမဟုတ်ဘူး၊
အဆိုးဆုံးကတော့ သူ သူမကို ငွေမက်တယ်လို့ပဲ ထင်လိမ့်မယ်။ သို့သော် ဒီလိုမျိုး
လေထန်နေသည့် ညမျိုးတွင် သူ သူမတို့ပြောဆိုနေသော စကားများကို ကြားရသည်မှာ
မဖြစ်နိုင်ပေ။
ကျီချင်းချင်းသည်
သူမခေါင်းကို ပြင်းပြင်းထန်ထန် ခါယမ်းလိုက်သည်။ "မဟုတ်ဘူး ! ကျွန်မ
မပျော်ပါဘူး။ သူက ရှန်းဝေဝေကို တရားမစွဲဖို့ ကျွန်မကို အတင်းအကြပ်
ပြောနေတာပါ။"
လုလီရှင်းက
မျက်ခုံးပင့်လိုက်သည်။ "ပြီးတော့ရော..."
"ပြီးတော့ ကျွန်မ သူ့ကို ပြောဆိုကြိမ်းမောင်းပြီး ဒီကို
ပြန်လာခဲ့တာလေ။"
လုလီရှင်းရဲ့
မျက်လုံးတွေက ကျဉ်းမြောင်းသွားခဲ့သည်။ သူက ကျီချင်းချင်းကို စေ့စေ့စပ်စပ်ကြည့်ပြီး
ပြောလိုက်သည်။ "မင်း ကိုယ့်ကို ကွာရှင်းပြီး ကိုယ့်ပိုင်ဆိုင်မှုထဲက
တစ်စိတ်တစ်ပိုင်းကို လိုချင်တဲ့အကြောင်းကို ကိုယ် ဘာဖြစ်လို့များ
ကြားခဲ့ရတာပါလိမ့်။ မင်း ကိုယ့်ပိုက်ဆံတွေကို လိုချင်တာလား။"
ကျီချင်းချင်းသည်
တခဏတာမျှ အံ့ဩသွားသည်။ စကားဝိုင်းရဲ့ ဒီအပိုင်းကိုမှ ဒီဘိုးဘေးက ဘာလို့
ကြားသွားတာပါလိမ့်။ ပြီးတော့ သူက ဒီအပိုင်းလေးကိုပဲ ကွက်ကြားခဲ့ရတာလဲ။
လုလီရှင်းသည်
သူမ စကားပြောရန် တုံ့ဆိုင်းနေသည်ကို မြင်လိုက်ရသည်။ လုလီရှင်းက အေးစက်စွာ
ပြောလိုက်သည်။ "ကိုယ့်ငွေတွေက မင်းနဲ့ ဘာမှ မသက်ဆိုင်ဘူး။ မင်း
ကိုယ်နဲ့ကွာရှင်းရင်တောင် မင်း တစ်ပြားတစ်ချပ်မှ မရစေရဘူး။"
ကျီချင်းချင်းသည်
သူမနှုတ်ခမ်းလေးကို မဲ့လိုက်မိသည်။ အဲ့တော့ ဘာဖြစ်လဲ။ ငါ့မှာ
ကိုယ်ပိုင်ဝင်ငွေရှိတယ်လေ။ ဟုတ်ပြီလား။
သူမ
ဝတ္ထုထဲသို့ ကူးပြောင်းလာပြီးနောက် မူလပိုင်ရှင်ရဲ့ ပြဿနာအမြောက်အများကို
ရင်ဆိုင်တွေ့ကြုံခဲ့ရသည်။ သူမမှာ မူလပိုင်ရှင်ရဲ့ ယွမ်ဆယ်သန်းနီးပါး
ပိုင်ဆိုင်မှုကိုလဲ ရရှိခဲ့သေးသည်။ သူမဟာ အခုဆိုရင် သန်းကြွယ်သူဠေးဖြစ်နေခဲ့ပြီ။
သူမတို့နှစ်ယောက် ကွာရှင်းရင် သူမက လုလီရှင်းရဲ့ ငွေကို ဘာဖြစ်လို့များ
ဂရုစိုက်နေတော့မှာလဲ။
--
"သေခါနီး သတိပေးချက် - သင့်ဇနီး ကျီချင်းချင်း အသုံးပြုရန်အတွက်
အသုံးစရိတ် ကန့်သတ်ချက် မရှိသော အကြွေးဝယ်ကတ်ကို ကျေးဇူးပြုပြီး ပေးအပ်လိုက်ပါ။
ထို့အပြင် သူမက လာမယ့် ၂၄နာရီအတွင်း ယွမ်တစ်သန်းခွဲ သုံးစွဲရန် လိုအပ်ပါသည်။ အကယ်၍
သင် ဒီတာဝန်ကို မအောင်မြင်လျှင် သင် အသက်ရမှတ် ဆယ်မှတ် အနုတ်ခံရပါလိမ့်မည်။"
လုလီရှင်းဟာ
အံတင်းတင်း ကြိတ်လိုက်မိသည်။ "မင်း နောက်တစ်ခါ တာဝန်တစ်ခုခု ပေးအပ်ရင်
နည်းနည်းလောက် မြန်မြန်ပေးလို့ မရဘူးလား။ နည်းနည်းလောက် ပိုမြန်ရုံပဲလေ။"
Systemက သေချင်ယောင်ဆောင်နေခဲ့သည်။
Systemထံမှ မည်သည့်တုံ့ပြန်မှုကိုမျှ မရရှိသောကြောင့် လုလီရှင်းဟာ
မတ်တပ်ထရပ်လိုက်ပြီး သူ့ပိုက်ဆံအိတ်ထဲမှ အကြွေးဝယ်ကတ်ကို ထုတ်ယူပြီး
ကျီချင်းချင်းအား ပေးလိုက်သည်။
ကျီချင်းချင်းသည်
သူမရှေ့ရှိ လုလီရှင်းကိုင်ထားသည့် အကြွေးဝယ်ကတ်ကို ကြည့်နေမိသည်။ "ရှင်
ဘာလုပ်နေတာလဲ။"
"မင်း ဒါကို ယူလိုက်"
ကျီချင်းချင်းက
အကြွေးဝယ်ကတ်ကို ယူကာ စေ့စေ့စပ်စပ် ကြည့်လိုက်သည်။
"အဲ့ဒီကတ်က အသုံးစရိတ် ကန့်သတ်ချက်မရှိဘူး။ မင်း အလိုရှိသလောက်
သုံးလို့ရတယ်။"
ကျီချင်းချင်းသည်
ထိုစကားတွေကို ကြားလိုက်ရတာနဲ့ ကျီချင်းချင်းရဲ့ မျက်နှာဟာ ရှုံ့မဲ့သွားပြီး
အကြွေးဝယ်ကတ်ကို သူ့ဆီ ပြန်ပစ်ပေးလိုက်သည်။ "ကျွန်မ မလိုချင်ဘူး။ ရှင်ပဲ
ရှင့်ငွေက ရှင်ပဲပိုင်တယ်လို့ ပြောခဲ့တယ်လေ။ ကျွန်မနဲ့ ဘာမှမဆိုင်ဘူးဆို။ ဒါ့အပြင်
ကျွန်မမှာ ကိုယ်ပိုင်ပိုက်ဆံရှိပြီးတော့ ကျွန်မလည်း
ပိုက်ဆံရှာနိုင်ပါတယ်နော်။"
စာရေးသူမှာ
ပြောစရာရှိပါတယ်
လုလီရှင်း
- " ကွာရှင်းမယ်တဲ့လား။ ကွာရှင်းဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။ ကိုယ်တို့က
လက်ထပ်ပြီးကတည်းက တစ်သက်လုံး မကွဲမကွာပဲ အတူရှိရမှာ။ ကိုယ်တို့သေဆုံးပြီးရင်တောင်
မြှုပ်နှံဖို့အတွက် စုံတွဲသုဿန်မြေကွက်ကိုတောင် ဝယ်ထားပြီးနေပြီ။
ကိုယ်တို့သေဆုံးသွားရင်တောင် အတူတူအိပ်စက်ရမှာပဲ။ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ကိုယ်တို့
မကွာရှင်းနိုင်ဘူး။ မင်း ကိုယ့်ကို သေအောင် ရိုက်နှက်ရင်တောင် ကိုယ် ကွာရှင်းဖို့
သဘောမတူနိုင်ဘူး "