အခန်း၇၅
Viewers 16k

 

အခန်း (၇၅)

 

"ကျွန်မ ရှင့်ကို စောင့်ရင်း ပျင်းလာလို့၊ ကုန်တိုက်ထဲမှာ အဝတ်အစားတွေ လျှောက်ကြည့်နေတယ်။" ကျီချင်းချင်းသည် သူမကြည့်နေ့သည့် ကုန်အမှတ်တံဆိပ် စတိုးဆိုင်၏ အမည်ကို သူ့ကို ပြောလိုက်သည်။

 

လုလီရှင်းသည် သူ့ဒေါသတွေကို ထိန်းရင်း အံတင်းတင်းကြိတ်ကာ ထိုနာမည်ကြီး အဝတ်အစားဆိုင်သို့ အမြန်ချီတက်ခဲ့သည်။

 

ထိုဆိုင်သည် နိုင်ငံတကာ ပထမတန်းစား အမှတ်တံဆိပ် စတိုးဆိုင် ဖြစ်သည်။ ဆိုင်မှာ အသစ်ရောက်ရှိလာတဲ့ အဝတ်အစားတွေ အများကြီးရှိပါသည်။ ဒီအချိန်မှာတော့ ဆိုင်မှာ ဖောက်သည် များများစားစား မရှိတော့ဘူး။ အရင်ကတုန်းကဆို ကျီချင်းချင်းက ဒီလိုဆိုင်မျိုးကို ဝင်လာဖို့ ဆန္ဒမရှိခဲ့ပါဘူး။ ဒီနေ့မှာတော့ သူမ အချိန်ဖြုန်းဖို့အတွက် ဝင်လာခဲ့တာဖြစ်ပြီး ဝယ်ဖို့ အစီအစဥ်မရှိသေးပါဘူး။ အခုအချိန်တွင် သူမလက်ထဲမှာ ငွေအမြောက်အမြား ရှိနေသော်လည်း ဂဏန်း လေးလုံး၊ ငါးလုံး၊ ခြောက်လုံး ကျသင့်တဲ့ စျေးနှုန်းတွေကို ဝယ်ယူဖို့ သူမ အရမ်းစျေးကြီးတယ်လို့ ခံစားနေရဆဲပင် ဖြစ်သည်။

 

လုလီရှင်း ထိုအဝတ်အစားဆိုင်သို့ ရောက်ရှိသွားချိန်တွင် ကျီချင်းချင်းက စကတ်တစ်ထည်ကို ကြည့်နေတာကို တွေ့လိုက်ရသည်။

 

ဆိုင်ဝန်ထမ်းက သူ ဆိုင်ထဲကို ဝင်လာတာကို တွေ့တော့ ဝန်ဆောင်မှုပေးဖို့ အပြေးလာခဲ့သည်။

 

လုလီရှင်းသည် သူ့ကို ဝန်ဆောင်မှုပေးဖို့ မလိုအပ်ဘူးလို့ ဆိုသည့်ဟန် လက်ကို ဝှေ့ယမ်းပြီး ကျီချင်းချင်းဆီသို့ အမြန်လျှောက်သွားလိုက်သည်။

 

-- "ဆယ်မိနစ်ပဲ ကျန်တော့တယ်။"

 

ကျီချင်းချင်း လှည့်ကြည့်လိုက်တာနဲ့ သူ့ကို တွေ့လိုက်ရသည်။ အပြုံးလေးဖြင့် သူ့ကို မေးလိုက်သည်။ "ရှင် ရောက်ပြီလား။ ရှင် ဘာဖြစ်လို့ ကျွန်မကို ရှာနေတာလဲ။"

 

လုလီရှင်း အသက်ပြင်းပြင်း ရှူလိုက်သည်။ "မင်း ဒီစကတ်ကို ကြိုက်လား။"

 

ကျီချင်းချင်းသည် စျေးနှုန်းကတ်ကို ကြည့်လိုက်တော့ ဂဏန်းခြောက်လုံးကို တွေ့လိုက်ရသည်။

 

ကျီချင်းချင်း ချက်ချင်းပင် ခေါင်းခါလိုက်သည်။ "မကြိုက်ပါဘူး"

 

လုလီရှင်းက တင်းကြပ်နေသော သူ့နှုတ်ခမ်းထောင့်စွန်းတွေကို ကွေးညွှတ်ကာ နူးညံ့တဲ့ အပြုံးဖြင့် ပြောလိုက်သည်။ "မင်းကြိုက်ရင် ဝယ်လိုက်လေ၊ ကိုယ် ပေးပါ့မယ်... ကိုယ်တို့ရဲ့ မင်္ဂလာဦးလက်ဆောင်လို့ သတ်မှတ်လိုက်လေ။"

 

ကျီချင်းချင်းက သူ့ကို သံသယအကြည့်နဲ့ ကြည့်လိုက်သည်။ "ကျွန်မအတွက် မင်္ဂလာဦးလက်ဆောင် ပေးတာလား။"

 

လုလီရှင်းက အထင်ကြီးစေလောက်သော အမူအရာဖြင့် ဆိုလိုက်သည်။ "ဒီမှာ မင်းကြိုက်တာမှန်သမျှ ဝယ်လို့ရတယ်။"

 

ကျီချင်းချင်းသည် လုလီရှင်းအတွက် ခါးပတ်ကိုလည်း ရွေးလာခဲ့သည့် အကြောင်းကို တွေးပြီး ယဥ်ကျေးမှုအရ အပြန်အလှန် လက်ဆောင်ပေးတာ ဖြစ်သင့်တယ်လို့ ထင်သည့်အတွက် လုလီရှင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ရန် အကြောင်းမရှိပေ။

 

သို့သော် သူမရှေ့က စကတ်သည် ကြည့်ကောင်းပြီး ဈေးကြီးသည်။ သူမ သူ့အတွက် ဝယ်ခဲ့သည့် ခါးပတ်သည် ဈေးကြီးတာ မဟုတ်ဘူး။ စျေးနှုန်းက ကွာခြားနေတဲ့အတွက် သူမ အခွင့်ကောင်း မယူချင်ဘူး။

 

ထို့ကြောင့် သူမသည် အဝတ်အစားဆိုင်ထဲတွင် ဆက်လက်လျှောက်ကြည့်နေခဲ့သည်။ လုလီရှင်းသည် သူမနောက်မှ လိုက်ပါနေခဲ့ပြီး သူမကို ကြည့်နေခဲ့သည်။ သူမက ဒီပစ္စည်းကို ကြည့်လိုက် ဟိုပစ္စည်းကို ကြည့်လိုက် လုပ်နေခဲ့ပြီး ဘာကိုမှ မဝယ်ယူသေးပေ။

 

လုလီရှင်းသည် အမျိုးသမီးတွေနဲ့ စျေးဝယ် မထွက်ဖူးပေ။ သူ့ခန္ဓာကိုယ်ပေါ်မှာ ဝတ်ဆင်ထားသည့် အဝတ်အစားတွေအားလုံးကို အန်တီဖေးက ပြင်ဆင်ပေးထားတာ ဖြစ်သည်။ ကျီချင်းချင်း ဆိုင်ကို လှည့်ပတ်ကြည့်နေတာကို လိုက်ပါရင်း မယုံနိုင်လောက်အောင် ခံစားခဲ့ရသည်။ သူမ ဈေးဝယ်ထွက်တာ ဘာဖြစ်လို့ ဒီလောက်တောင် ကြာနေရတာလဲ။ အမျိုးသမီးတိုင်း စျေးဝယ်ထွက်တိုင်း ဒီလောက် ကြာနိုင်သလား။

 

ကျီချင်းချင်းသည် အဝတ်တစ်ထည်ကို လည်ပင်း၊ လက်ပတ်၊ အင်္ကျီအတွင်းဖက်၊ အရှည်၊ အရောင်၊ နဲ့ အဝတ်အစားစတိုင်လ်ကို သေချာစစ်ဆေးကြည့်သည်။ အဲ့ဒီအဝတ်အစားတွေကို အချိန်အတော်ကြာအောင် ကြည့်ပြီးမှ ခေါင်းခါကာ... အဲ့ဒီအဝတ်အစားတွေကို အဝတ်တန်းပေါ်သို့ ပြန်ချိတ်လိုက်သည်။

 

သိပ်မကြာခင် လုလီရှင်းသည် ကျီချင်းချင်းက ဂဏန်း ခြောက်လုံးပါသည့် အဝတ်အစားတန်းမှ ထွက်ခွာသွားတာကို မြင်လိုက်ရသည်။

 

"..."

 

သူမ ဘာမှ မဝယ်ဘူးလား။

 

သူမ ဘာမှမဝယ်ဘူးဆို ဘာဖြစ်လို့ အဲ့ဒီအဝတ်အစားတွေကို အချိန်အကြာကြီး ကြည့်နေရတာလဲ။

 

လုလီရှင်းက သူ့ခေါင်းတွေ တဆတ်ဆတ် ကိုက်ခဲလာသလို ခံစားလိုက်ရသည်။

 

"... မင်း ပဝါတွေကို ကြိုက်လား။"

 

ကျီချင်းချင်းသည် လည်စည်းပဝါအတန်းတွင် ခဏလောက် ရွေးချယ်ပြီးနောက် နောက်ဆုံးတွင် စိတ်ကျေနပ်စွာဖြင့် ပဝါတစ်ထည်ကို ရွေးထုတ်လိုက်သည်။ "ဒီတစ်ခုပဲ။ ကျွန်မ ဒီတစ်ခုကို ကြိုက်တယ်။"

 

လုလီရှင်းသည် သူမ ‌ရွေးချယ်လိုက်သည့် ပဝါက ဂဏန်းလေးလုံးသာ ရှိသည်ကို မြင်လိုက်ရသည်။ "... တခြား မင်း လိုချင်တာ မရှိဘူးလား၊ နောက်ထပ် ပဝါနည်းနည်းလေးလောက် ထပ်ရွေးလိုက်ပါဦး။"

ကျီချင်းချင်းသည် နောက်ထပ်အဝတ်အစား အနည်းငယ်ကို ဝယ်ရန် ထပ်ရှာခဲ့ပြီး လုလီရှင်း၏ တိုက်တွန်းမှုနှင့် အားတက်သရော အကြည့်အောက်တွင် နောက်ဆုံးပေါ် စကပ်တစ်ထည်၊ အင်္ကျီနှစ်ထည်နှင့် ခေတ်ဟောင်း လက်ကိုင်အိတ်တစ်လုံးကို ထပ်ယူလိုက်သည်။

 

ကျီချင်းချင်းသည် အရမ်းစျေးကြီးတာတွေကို မဝယ်ယူခဲ့ပဲ နောက်ဆုံးငွေပေးချေသည့်အခါမှာ သူမ အရှက်မကွဲစေဖို့အတွက် စျေးသင့်တော်တဲ့ အဝတ်အစားတွေကိုသာ ‌ရွေးချယ်ခဲ့သည်။

 

-- "နောက်ဆုံးငါးမိနစ်"

 

လုလီရှင်းသည် သူ့မျက်စိရှေ့မှ အဝတ်အစားတွေကို ကြည့်ကာ ထိုအဝတ်အစားများ၏ ဈေးနှုန်းကို စိတ်မှန်းဖြင့် အမြန်တွက်ချက်လိုက်သည်။ "မင်း ထပ်မဝယ်တော့ဘူးလား။"

 

"ဒီလောက်ဆို လုံလောက်ပြီ၊ ထပ်မဝယ်တော့ဘူး။" ကျီချင်းချင်းသည် အနည်းငယ် ရှက်ရွံ့သွားသည်။ ဒီအဝတ်အစားတွေက ဂဏန်းခြောက်လုံးအထိ ရှိလိမ့်မည်ဟု သူမ ခန့်မှန်းမိသည်။ လုလီရှင်းအတွက် သူမ ဝယ်ခဲ့သော ခါးပတ်သည် ဂဏန်းငါးလုံးသာရှိသည်။ လုလီရှင်းဆီကနေ ဒီလောက်အများကြီးယူလိုက်မိတာကြောင့် သူမ အရမ်းရှက်ရွံ့သွားမိသည်။

 

လုလီရှင်းသည် အသက်ပြင်းပြင်းရှူပြီး သူတို့ဘေးမှာ ပြုံး၍ လိုက်ပါနေခဲ့သော ဆိုင်ဝန်ထမ်းအား အဝတ်အစားတွေဖက်သို့ လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။ "သူမ ယူလိုက်တဲ့ ပစ္စည်းတွေကလွဲလို့ ကျန်တာအကုန်လုံးကို ငါဝယ်မယ်။"