အခန်း
(၇၇)
သူမတို့
အပြင်မှာပဲ ရှိနေသေးသည့်အတွက် ကျီချင်းချင်းက သူ့ကို မျက်နှာသာပေးသည့်အနေဖြင့်
ကတ်ကို လက်ခံပေးလိုက်သည်။
"ဆရာတို့ရဲ့ ပစ္စည်းတွေကို အခုချက်ချင်း ထုပ်ပိုးပေးပါ့မယ်။
ကျေးဇူးပြုပြီး VIP ဧည့်ခန်းမှာ
ခဏစောင့်ဆိုင်းပေးပါရှင့်။" ထိုကဲ့သို့ ပြောပြီးနောက် ဆိုင်ဝန်ထမ်းတစ်ယောက်က
သူတို့ကို VIP ဧည့်ခန်းဆီ ခေါ်ဆောင်သွားခဲ့သည်။
ဧည့်ခန်းထဲတွင်
ဆိုဖာအသေးလေးတစ်လုံးနှင့် စားပွဲတစ်လုံးအပြင် စောင့်ဆိုင်းနေသော ဖောက်သည်များအတွက်
လိုအပ်မည့် အခြားအရာများပါရှိသည်။ လုလီရှင်းသည် ဆိုဖာပေါ်တွင် ထိုင်ပြီးတာနဲ့
သူ့နက်ကတိုင်လည်စည်းကို အသာအယာ ဖြေလျော့လိုက်သည်။ နောက်ဆုံး၌ သူ အသက်ရှုဝသွားသလို
ခံစားလိုက်ရသည်။ သူက ဆိုင်ဝန်ထမ်းအား “မင်းတို့ဆီမှာ ဝိုင် ရှိလား” ဟု
မေးလိုက်သည်။
နိုင်ငံတကာ
ပထမအဆင့် အမှတ်တံဆိပ် စတိုးဆိုင် အများအပြားတွင် သူတို့ရဲ့ ဖောက်သည်များကို
ဝန်ဆောင်မှုပေးရန် ဝိုင်များကို အရန်သင့် ထားရှိသည်။
"ဟုတ်ကဲ့ ရှိပါတယ်။ ကျေးဇူးပြုပြီး ခဏလောက် စောင့်ပေးပါ။"
ကျီချင်းချင်း
မျက်မှောင်ကြုတ်သွားခဲ့သည်။ "မစ္စတာလု အဆင်ပြေရဲ့လား။"
"ကိုယ် အဆင်ပြေပါတယ်။"
"ရှင် အဆင်ပြေတယ်ဆိုရင် ရှင် ဘာဖြစ်လို့ ဝိုင်သောက်ချင်ရတာလဲ။"
လုလီရှင်းက
သူမကို တိတ်တဆိတ် စိုက်ကြည့်နေသည်။ "ဝမ်းနည်းသလို ခံစားနေရလို့။"
"ရှင့်ရဲ့ ခရက်ဒစ်ကတ်..." ကျီချင်းချင်းက သူ့မပိုက်ဆံအိတ်ထဲက
ခရက်ဒစ်ကတ်ကို ထုတ်ယူလိုက်သည်။
"မင်း ယူထားလိုက်" လုလီရှင်းက ပြောလိုက်သည်။
ကျီချင်းချင်းသည်
ခဏလောက် စဉ်းစားပြီးနောက် ခရက်ဒစ်ကတ်ကို သူမလက်ကိုင်အိတ်ထဲ ပြန်ထည့်လိုက်သည်။
ဒါကိုကြည့်လျှင် သူမ ဒီခရက်ဒစ်ကတ်ကို လက်ခံလိုက်တာမှန်း သိနိုင်သည်။
"...ဒီနေ့ ရှင် ကျွန်မအတွက် အဝတ်အစားတွေ ဝယ်ပေးလို့
ကျေးဇူးတင်ပါတယ်။" ကျီချင်းချင်းက အနည်းငယ် စိတ်ရှုပ်ထွေးနေသေးသည်။
လုလီရှင်းက သူမအတွက် ယွမ် ငါးသိန်းကျော် သုံးစွဲခဲ့ပြီး သူမ လုလီရှင်းအတွက်
ဝယ်ယူထားတဲ့ ခါးပတ်ကတော့ ဂဏန်းငါးလုံးရဲ့ အောက်မှာသာ ရှိတယ်။ သူမလက်ဆောင်က
သူ့လက်ဆောင်နဲ့ နှိုင်းယှဥ်လျှင် အရမ်းသေးငယ်ရာကျနေသည့်အတွက် ဒါကို ထုတ်ယူရန်
တွန့်ဆုတ်နေခဲ့သည်။
“မင်း ကိုယ့်ကို ကျေးဇူးတင်စရာ မလိုပါဘူး။ မင်း ကိုယ့်ရဲ့
ခရက်ဒစ်ကတ်ကို အစကတည်းက သုံးခဲ့မယ်ဆိုရင် ကိုယ် ပိုပျော်မိလိမ့်မယ်။”
သူက
အခု သူမ ဗုဒ္ဓပုတီးကုံးအတွက် ပေးချေလိုက်တဲ့အကြောင်းကို ပြောနေတာလား။
"ကျွန်မက အဘိုးပျော်အောင်လုပ်ဖို့ပဲ တွေးမိသွားလို့ပါ။
ကျွန်မတို့နှစ်ယောက်ပေါင်း ပေးတဲ့ လက်ဆောင်လို့ ပြောလိုက်ရင် အဖိုး ဘယ်လောက်တောင်
ပြောလိုက်မလဲ ရှင် တွေးကြည့်ပါလား။”
လုလီရှင်းက
ဟန်ဆောင်အပြုံးဖြင့် ပြောလိုက်သည်။ "အင်း၊ သူ အရမ်းပျော်သွားလိမ့်မယ်။"
ကျီချင်းချင်းက
ဘာမှ ထပ်မပြောတော့ဘူး။
လုလီရှင်းရဲ့
မျက်နှာပေါ်က အပြုံးက ဘာဖြစ်နေတာလဲ။
ဆိုင်ဝန်ထမ်းက
ဝိုင်နီနှစ်ခွက် ယူဆောင်လာပေးသည်။
လုလီရှင်းက
ဝိုင်ခွက်ကို ယူပြီး တစ်ကျိုက်တည်း သောက်လိုက်သည်။
အရက်က
သူ့နှလုံးခုန်နှုန်းကို ယာယီနှေးကွေးသွားစေသည်။ သူ့မျက်လုံးကို မှိတ်ပြီး
တဖြည်းဖြည်း စိတ်ငြိမ်သက်သွားခဲ့သည်။
လုလီရှင်းသည်
အလွန် ထူးဆန်းစွာ ပြုမူနေတယ် ဆိုတာကို ကျီချင်းချင်း မြင်နေရပေမယ့်
ဘာအကြောင်းကြောင့်မှန်း ဆိုတာကို သူမ မသိသော်လည်း သူမနှင့် ထိုအကြောင်းက
တစ်နည်းတစ်ဖုံ ဆက်စပ်နေသည်ဟု သူမ ယောင်ဝါးဝါး ခံစားလိုက်ရသည်။
“ကျွန်မ တောင်းပန်ပါတယ်။” ကျီချင်းချင်းက တောင်းပန်စကား ဆိုလိုက်မိသည်။
သူမက တည်ငြိမ်စွာဖြင့် ပြောသည်။ “ကျွန်မ ရှင့်ကို မတိုင်ပင်ပဲ ဒီလို
မဆုံးဖြတ်လိုက်သင့်ဘူး။ ကျွန်မရဲ့လုပ်ရပ်တွေက ရှင့်ကို အများကြီး ဒုက္ခပေးသလို
ဖြစ်သွားလိမ့်မယ်လို့ ကျွန်မ မထင်ခဲ့ဘူး။ ဒါပေမယ့် ရှင် စိတ်မပူပါနဲ့။ ဒါက
နောက်ဆုံးအကြိမ်ပါပဲ။ ကျွန်မ ဒီလိုမျိုး နောက်ထပ် ထပ်မလုပ်တော့ပါဘူး။”
လုလီရှင်းက
သူ့မျက်လုံးကိုဖွင့်ပြီး ကျီချင်းချင်းကို ကြည့်လိုက်သည်။ သူ့စိတ်ခံစားချက်တွေကို
ထုတ်ဖော်ဖို့ သူမကို ဆူပူလိုက်ချင်ပေမယ့် သူမ မျက်နှာပေါ်က ရိုးသားတဲ့ အပြုအမူကို
မြင်လိုက်ရသည့်အခါမှာတော့ သူ သက်ပြင်းချလိုက်မိရင်း တုံ့ပြန်စကားဆိုလိုက်သည်။
“မေ့လိုက်ပါတော့၊ ဒါက မင်းအမှား မဟုတ်ပါဘူး။”
ကျီချင်းချင်းက
အော်ငေါက်ခံရဖို့ အဆင်သင့် ပြင်ဆင်ထားပေမယ့် လုလီရှင်းက ဒီကိစ္စကို လွယ်လွယ်နဲ့
လွှတ်ချပေးလိမ့်မယ်လို့ သူမ မမျှော်လင့်ထားခဲ့ဘူး။ သူမမျက်ဝန်းကို
မှေးမှိတ်ထားရင်း ပြုံးပျော်သွားခဲ့သည်။ “ကျေးဇူးပါပဲ၊ ခင်ပွန်းရေ။”
-- “သင့်ဘဝသက်တမ်းထဲကို ၁မှတ် ပေါင်းထည့်ပြီးပါပြီ။ အခုလက်ရှိ သင်
၁၁နာရီကြာ အသက်ရှင်သန်ခွင့် ရရှိသွားပါပြီ။”
အရာအားလုံး
အဆင်ပြေနေတဲ့အခါကျ သူမက သူ့ကို မစ်စတာလုလို့ ခေါ်ဆိုသည်။ သူမက
ပြဿနာရှာလိုက်တဲ့အခါကျရင်တော့ သူ့ကို ခင်ပွန်းလို့ ခေါ်ဆိုခဲ့သည်။
ဟမ့်...
ဒီအမျိုးသမီးကတော့...
သူမတို့
ဝယ်ယူထားတဲ့ အဝတ်အစားတွေကို ဆိုင်ဝန်ထမ်းက အမြန်ထုပ်ပိုးပေးခဲ့သည်။
နှစ်ယောက်သား
ဈေးဝယ်ထွက်ပြီးတာနဲ့ အိမ်ပြန်ခဲ့ကြသည်။ ကားနောက်ခန်းမှာတော့ သူမတို့ ဝယ်ယူလာသည့်
ပစ္စည်းများနှင့် ပြည့်နှက်နေခဲ့သည်။
သူတို့
အိမ်ပြန်ရောက်တာနဲ့ ကျီချင်းချင်းသည် အကြီးအကဲလုအား ပုတီးကုံးပါဝင်တဲ့
စန္ဒကူးသေတ္တာကို လက်ဆောင်ပေးခဲ့သည်။ "အဖိုး၊ ဒါကို တစ်ချက်ကြည့်ပါဦး။ ဒါက
ကျွန်မတို့နှစ်ယောက် အဖိုးကို ပေးတဲ့ လက်ဆောင်ပါ။"
အကြီးအကဲလုသည်
စန္ဒကူးသေတ္တာကိုမြင်ပြီး တစ်ခဏမျှ အေးခဲသွားသည်။ သူက ကျီချင်းချင်းကို
ကြည့်ပြီးနောက် သူ့မြေးဖြစ်သူကို ကြည့်လိုက်သည်။ “မင်းတို့နှစ်ယောက်ပေါင်း
ဝယ်ပေးတာလား။”
"ဟုတ်တယ်၊ ဒါကို ကျွန်တော်တို့နှစ်ယောက်ပေါင်း ဝယ်ပေးခဲ့တာ။"
အကြီးအကဲလုရဲ့
အကြည့်တွေက သူတို့နှစ်ယောက်သားအပေါ် တဝဲဝဲလည်လည် ဖြစ်နေခဲ့သည်။
သူ့မျက်လုံးများထဲတွင် အပျော်များ ပြည့်နှက်နေပုံရသည်။ “အံ့သြဖို့ ကောင်းလိုက်တာ။
မင်းတို့နှစ်ယောက်က အိမ်ထောင်သည်တွေလို ချစ်ခင်နေတာကို မြင်ရတော့ အဖိုး
အရမ်းပျော်တာပဲ။ အဖိုး မင်းတို့လက်ဆောင်ကို လက်ခံလိုက်ပါ့မယ်။”
လူအိုကြီးသည်
စန္ဒကူးသေတ္တာကို ဖွင့်ကြည့်လိုက်တော့ လေးဆယ့်ကိုးလုံး ပုတီးကုံးကို
တွေ့လိုက်ရသည်။ အကြီးအကဲလုသည် အရင်ကထက် ပိုပျော်သွားခဲ့သည်။