အခန်း
(၇၈)
“အန်တီဖေး” ကျီချင်းချင်းသည် အန်တီဖေးကို လက်ရာမြောက်သော
လက်ဝတ်ရတနာဗူးကို လက်ဆောင်ပေးလိုက်သည်။ “အန်တီဖေးအတွက် ကျွန်မကိုယ်တိုင်
ဒီလည်ဆွဲကို ရွေးဝယ်လာပေးတာနော်။ အန်တီဖေး ဒီလည်ဆွဲကို ကြိုက်လိမ့်မယ်လို့
မျှော်လင့်ပါတယ်။”
အန်တီဖေး
ဝမ်းသာအားရ ဖြစ်သွားခဲ့သည်။ “သခင်မလေး... သခင်မလေး ကျွန်မကို ဘာဖြစ်လို့
လက်ဆောင်ဝယ်လာရတာလဲ။ သခင်မလေး ဒီလိုဝယ်ပေးဖို့ မလိုပါဘူး။”
“အန်တီဖေး ကျွန်မကို ဒီအတောအတွင်း ဂရုစိုက်ပေးခဲ့တာတွေအတွက်
ကျေးဇူးတင်လို့ပါ။ ကျေးဇူးပြုပြီး ဒါကို လက်ခံပေးပါ။” ကျီချင်းချင်းသည်
လည်ဆွဲပါရှိသော လက်ဝတ်ရတနာဗူးကို အန်တီဖေးဆီသို့ တွန်းပို့ပေးလိုက်သည်။
အန်တီဖေးသည်
ဒီလက်ဆောင်ကို လက်ခံဖို့ကလွဲလို့ အခြားရွေးချယ်စရာ မရှိတော့ချေ။
"ကျေးဇူးတင်ပါတယ်။"
အကြီးအကဲလုသည်
လေးဆယ့်ကိုးလုံးပုတီးကုံးကို အရမ်း သဘောကျနေသည့် အချိန်တွင် အိမ်အကူတစ်ယောက်
သယ်ဆောင်လာသော အိတ်ကြီး အိတ်ငယ် အသွယ်သွယ်ထံသို့ သူ့အကြည့်တွေ ကျရောက်သွားခဲ့သည်။
“အဲ့တာတွေက...”
လုလီရှင်းက
ရှင်းပြသည်။ “ကျွန်တော် ချင်းချင်းအတွက် အဝတ်အစားအချို့ ဝယ်ပေးခဲ့တာ။”
အကြီးအကဲလုနှင့်
အန်တီဖေးတို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိကြသည်။ သူတို့နှစ်ယောက်စလုံး
တစ်စုံတစ်ခုကို ရုတ်တရတ် ရိပ်မိသွားသလို ခံစားလိုက်ရသည်။
အာ...
ဒီကလေးက တခြားလူတွေကို ဂရုစိုက်တတ်ဖို့ သင်ယူတတ်မြောက်လာတာပဲ။
---
ညစာစားပြီးနောက်
ကျီချင်းချင်းသည် လုလီရှင်း အိမ်အပေါ်သို့ တက်သွားစဥ် သူ့အတွက် သူမ ဝယ်ယူလာခဲ့သော
သားရေခါးပတ်ကို တိတ်တဆိတ် ထုတ်ယူကာ သူမ နောက်ဝယ် ဝှက်ထားခဲ့သည်။
လုလီရှင်းက
သူမကို မျက်မှောင်ကြုတ် ကြည့်လိုက်သည်။ “မင်း ကိုယ့်နောက်ကို ဘာဖြစ်လို့
လိုက်လာရတာလဲ။”
ကျီချင်းချင်းက
သူမနောက်ဝယ် ဝှက်ထားသော သားရေခါးပတ်ကို ညင်သာစွာ ထုတ်ယူလိုက်ပြီး သူ့ကို
ပေးလိုက်သည်။ "ကျွန်မ ရှင့်အတွက် ဝယ်လာခဲ့တာ"
"မင်း ကိုယ့််အတွက် ဘယ်တုန်းက ဝယ်လိုက်တာလဲ။ ကိုယ် ဘာဖြစ်လို့ ဒါကို
သတိမထားမိရတာလဲ။"
"ဒါက ရှင် ရောက်မလာခင် ဝယ်ထားတာ” ကျီချင်းချင်းသည် ခဏလောက်
စဥ်းစားပြီးနောက် အလေးအနက် ပြောလိုက်သည်။ “ဒီခါးပတ်က ရှင် ကျွန်မကို ဝယ်ပေးခဲ့တဲ့
လက်ဆောင်တွေနဲ့ယှဥ်ရင် တော်တော်လေး မယှဥ်သာနိုင်ပေမယ့် နောင်တစ်ချိန်ကျရင် ကျွန်မ
ရှင့်အတွက် ထပ်ဝယ်ပေးပါ့မယ်။”
လုလီရှင်းက
သူမ ကမ်းပေးနေသော ခါးပတ်ပေါ်မှာ သူ့အကြည့်တွေ ငြိတွယ်နေခဲ့သည်။ လုလီရှင်းက
ကျီချင်းချင်း အဓိပ္ပါယ်ပါသည့် အကြည့်တွေဖြင့် ကြည့်ကာ မေးမြန်းလိုက်သည်။ “မင်း
တစ်စုံတစ်ယောက်ကို ခါးပတ်ပေးတယ် ဆိုတဲ့ အဓိပ္ပါယ်ကို သိလား။”
သူမက
သူ့ကို ခါးပတ်တစ်ခု ပေးရုံပဲလေ။ အခြား ဘာအဓိပ္ပါယ်ရှိသေးလို့လဲ။
၂၅နှစ်ကြာ
တစ်ကိုယ်ရေခွေးတစ်ကောင် ဖြစ်ခဲ့သော ကျီချင်းချင်းသည် ဒါကို နားမလည်ခဲ့ပေ။
ကျီချင်းချင်းရဲ့
စိတ်ရှုပ်ထွေးနေသော အမူအရာကို ကြည့်ပြီး လုလီရှင်းသည် သူ့ခေါင်းကို အသာယမ်းမိသည်။
သူက ကျီချင်းချင်းထံမှ သားရေခါးပတ်ကို လှမ်းယူလိုက်သည်။ “ကိုယ် ဒါကို
လက်ခံလိုက်ပါ့မယ်။ ကျေးဇူးပါ။”
လုလီရှင်းသည်
သူ သားရေခါးပတ်ကို ကိုင်လိုက်စဥ် ကျီချင်းချင်းရဲ့ လက်ဖဝါးမှ အနွေးဓာတ်ကို
ခံစားလိုက်ရသည်။
ကျီချင်းချင်းသည်
လုလီရှင်းရဲ့ အမူအရာကို စိတ်အားထက်သန်မှု ရှိမရှိ စစ်ဆေးကြည့်ရှုခဲ့သည်။
သူမလက်ဆောင်ကို သူ သဘောမကျမှာ ဒါမှမဟုတ် သူ စိတ်မကျေမနပ်ဖြစ်မှာကို
စိုးရိမ်နေမိသည်။
“ရှင် ဒါကို မကြိုက်ရင်...”
“ကိုယ် ဒါကို မကြိုက်လို့ မဟုတ်ပါဘူး။ ကိုယ် တခြားဟာတစ်ခုကို
တွေးနေမိလို့ပါ။” လုလီရှင်းက သူမကို ကျီစယ်လိုက်သည်။ “မင်းက ကိုယ့်ကို
နောင်အနာဂတ်မှာ ထပ်ဖြည့်ဆည်းပေးဦးမယ်လို့ ပြောခဲ့တယ်မလား... မင်း အဲ့လိုလုပ်ဖို့
မလိုပါဘူး။ ဒါပေမယ့် မင်းရဲ့ စကားတွေကို တကယ်လိုက်နာချင်တယ်ဆိုရင် ကိုယ့်ကို
ခင်ပွန်းလို့ ဆယ်ခါလောက် ခေါ်ပေးပါလား။”
ကျီချင်းချင်းသည်
ကြက်သေ သေသွားခဲ့ပြီး အံ့အားသင့်သွားတာကြောင့် တိတ်ဆိတ်သွားခဲ့သည်။
လုလီရှင်းက
သူမကို အတင်းအကြပ် မခေါ်ဆိုစေခဲ့ပါဘူး။ သူက ရိုးရိုးရှင်းရှင်းပဲ
လှည့်ထွက်သွားခဲ့သည်။
ကျီချင်းချင်း
ပြုံးလိုက်မိသည်။ သူမသည် လှည့်ထွက်သွားသည့် ပုံရိပ်နောက်သို့ လိုက်ပါသွားကာ
သူ့ရှေ့သို့ ကျော်တက်သွားပြီး သူ့ကို နောက်ပြန်လှည့်ကြည့်လိုက်သည်။
ကျီချင်းချင်းသည်
သူ့ရှေ့ကနေ သူနဲ့ မျက်နှာချင်းဆိုင် နောက်ပြန်လျှောက်နေရင်း သူမ မေးမြန်းလိုက်သည်။
“ရှင်က အဲ့လိုခေါ်တာမျိုးကို အရမ်းကြိုက်တာလားဟင်။”
လုလီရှင်းက
သူမကို ပြန်မဖြေခဲ့ပေ။
ကျီချင်းချင်းရဲ့
မျက်နှာဟာ အနည်းငယ် နီမြန်းနေခဲ့သည်။
သူမသည်
ဒီနာမ်စားကို အကြိမ်ပေါင်းများစွာ ခေါ်ဆိုခဲ့ဖူးပေမယ့် သူမ ထိုသို့
ခေါ်ဝေါ်ချိန်တိုင်း ရှက်ရွံ့နေတုန်းပါပဲ။ သူမရဲ့နှလုံးခုန်နှုန်းတွေက မြန်ဆန်လာကာ
သွေးပြန်ကြောများမှတဆင့် သွေးခုန်နှုန်းတွေပါ ပိုမြန်ဆန်လာသလို ခံစားလိုက်ရသည်။
“ခင်ပွန်း...”
-- “သင့်ဘဝသက်တမ်းထဲကို ၁မှတ် ပေါင်းထည့်ပြီးပါပြီ။ အခုလက်ရှိ သင်
ခုနစ်နာရီကြာ အသက်ရှင်သန်ခွင့် ရရှိသွားပါပြီ။”
“ခင်ပွန်း...”
“ခင်ပွန်း.... ခင်ပွန်း၊ ခင်ပွန်း၊ ခင်ပွန်း၊ ခင်ပွန်း၊ ခင်ပွန်း၊
ခင်ပွန်း၊ ခင်ပွန်း၊ ခင်ပွန်း၊ ခင်ပွန်း၊ ခင်ပွန်း၊ ခင်ပွန်း”
-- “သင့်ဘဝသက်တမ်းထဲကို ၁၃မှတ် ပေါင်းထည့်ပြီးပါပြီ။ အခုလက်ရှိ သင်
နာရီနှစ်ဆယ်ကြာ အသက်ရှင်သန်ခွင့် ရရှိသွားပါပြီ။”
လုလီရှင်းသည်
သူ့မျက်ဝန်းထဲတွင် ထင်ဟပ်နေသော အပြုံးများကို သတိမထားမိပေ။
“ခင်ပွန်း၊ ရှင် ကျွန်မဆီက ခင်ပွန်းလို့ ခေါ်တာကို ဘာဖြစ်လို့
အရမ်းကြိုက်နေရတာလဲ။”
-- “သင့်ဘဝသက်တမ်းထဲကို ၂မှတ် ပေါင်းထည့်ပြီးပါပြီ။ အခုလက်ရှိ သင်
၂၂နာရီကြာ အသက်ရှင်သန်ခွင့် ရရှိသွားပါပြီ။”
လုလီရှင်း
ရပ်တန့်သွားသ်ည။ “ဘာအကြောင်းပြချက်မှ မရှိပါဘူး။ ကိုယ် မင်း ခင်ပွန်းလို့
ခေါ်တာကို နားထောင်ရတာ သဘောကျလို့။”
... တော်ပါပြီ၊ သူမ မှန်းဆထားတာ လုံးဝ ကွက်တိ မှန်ကန်နေတာပဲ။ ဒါက သူ့ရဲ့
ထူးခြားတဲ့ ဝါသနာတစ်ခုပဲ။
ကျီချင်းချင်းက
ခဏလောက် စဥ်းစားပြီး ကမ်းလှမ်းချက်တစ်ခုကို ပြောကြားလိုက်သည်။ “အဲ့လိုဆို
တခြားဘယ်သူမှ မရှိတဲ့အချိန် ရှင် ကြားချင်ရင် ကျွန်မ ခေါ်ပေးမယ်လေ။”
လုလီရှင်းသည်
သူမမျက်ဝန်းများကို အချိန်အတော်ကြာအောင် ကြည့်နေခဲ့သည်။ “ဒါက အရမ်းအရေးကြီးတဲ့
ကမ်းလှမ်းမှုတစ်ခုလား။”
ကျီချင်းချင်း
ခေါင်းညိတ်လိုက်သည်။ “ဒါပေါ့။”
သူ့ကို
ခင်ပွန်းလို့ အကြိမ်ပေါင်းများစွာ ခေါ်ရတာပါပဲ။ သိပ်မခက်ခဲပါဘူး။
လုလီရှင်းရဲ့
နှုတ်ခမ်းများသည် ပေါ့ပါးသော အပြုံးအသွင်သို့ ကွေးညွှတ်သွားခဲ့သည်။ “ကောင်းပြီ၊
ဒါဆို သဘောတူညီမှု ဖြစ်သွားပြီ။”
“ကောင်းပြီ” ကျီချင်းချင်းက ဒီသဘောတူညီချက်ကို ဂုဏ်ပြုတဲ့အနေနဲ့
ကိတ်မုန့်ခွဲသင့်လို့ ထင်လိုက်ပေမယ့် သူမ နှုတ်ခမ်းလှုပ်လိုက်ရုံဖြင့်
ပြီးဆုံးသွားခဲ့သည်။ “ကျွန်မ ရေချိုးပြီး အိပ်တော့မယ်။ မစ်စတာလု၊ ရှင်လည်း စောစော
အိပ်ရာဝင်သင့်တယ်။”
လုလီရှင်းသည်
“အင်း” လို့ ပြန်ပြောလိုက်သည်။
လုလီရှင်းသည်
သီချင်းလေး တညည်းညည်းဖြင့် အခန်းဖက်သို့ ပြန်သွားသော ကျီချင်းချင်းကို ကြည့်နေရင်း
နားမလည်နိုင်လောက်အောင် အံ့သြနေမိသည်။ သူက အဲ့ဒီနေရာမှာပင် အချိန်အတော်ကြာအောင်
ရပ်နေပြီးနောက် နောက်ဆုံးတွင် ဒီနေ့အတွက် စာရွက်စာတမ်းတွေကို ပြီးစီးသွားအောင်
စစ်ဆေးကြည့်ရှုခဲ့သည်။