အခန်း၇၉
Viewers 14k

အခန်း (၇၉)

 

ညဟာ တိတ်ဆိတ်နေပြီး ကောင်းကင်ယံမှ လမင်းကြီးသည် မြင့်တက်နေပြီဖြစ်သည်။

ကျီချင်းချင်းသည် ရေနွေးနွေးလေးဖြင့် ရေချိုးပြီးနောက် ကုတင်ပေါ်တွင် လှဲလျောင်းကာ စာအုပ်ဖတ်နေရင်း ငိုက်မျဥ်းသွားခဲ့သည်။

 

ကျီချင်းချင်းသည် နံရံပေါ်က နာရီကို အခါအားလျော်စွာ ကြည့်နေခဲ့ပြီး သူမရဲ့ အကြည့်တွေက အခန်းတံခါးဆီသို့ မကြာခဏ ရောက်ရှိနေခဲ့သည်။

 

ညဥ့်နက်နေပြီ ဖြစ်သော်လည်း လုလီရှင်းဟာ အလုပ်များနေဆဲဖြစ်သည်။

 

လုလီရှင်းရဲ့ အလေ့အထများအကြောင်း အကြီးအကဲလုသည် သူမအား တစ်ခါတုန်းက ပြောခဲ့ဖူးသည်။ လုလီရှင်းသည် ဘယ်လောက်ပဲ အိပ်ရာဝင်နောက်ကျပါစေ တစ်နေ့အလုပ်ကို တစ်နေ့ ပြီး‌အောင် အပြတ်ဖြတ်သည်။ သို့သော် လုကော်ပိုရေးရှင်းရဲ့ စီအီးအိုဖြစ်သည့် လုလီရှင်းရဲ့ အလုပ်တွေဟာ အလွန်များပြားလေးလံလှသည်။ သူ့အလုပ်တာဝန်တွေကို သာမာန်အလုပ်အချိန်အတွင်း ပြီးမြောက်အောင် လုပ်ဆောင်ဖို့ မလွယ်ကူလှပါ။ ထို့ကြောင့် လုလီရှင်းသည် မနက်မိုးလင်းခါနီးအချိန်အထိ အိပ်ရာဝင်ရန် မဖြစ်နိုင်ပေ။

 

လုလီရှင်းသည် သူ့အလုပ်အပေါ် အရမ်းအာရုံစူးစိုက်တတ်သော အလုပ်ရူးတစ်ယောက် ဖြစ်သည်။

 

ကျီချင်းချင်းသည် ကားမတော်တဆမှုကြောင့် လုလီရှင်းသည် နောက်ဆက်တွဲ ရောဂါဝေဒနာများ ခံစားရမှာ စိုးရိမ်စိတ်ပူပန်မိပြီး သူက အခု မသေဆုံးသေးသော်လည်း အလုပ်ကို အလွန်အကျွံလုပ်ကိုင်ပါက ရုတ်တရတ် သေဆုံးနိုင်ခြေ အလွန်မြင့်မားလိမ့်မည်ဟု တွေးထင်မိခဲ့သည်။

 

အလုပ်အလွန်အကျွံလုပ်ကိုင်ခြင်းကြောင့် ရုတ်တရတ် သေဆုံးသွားသော သတင်းများကို ရှာဖွေပြီး လုလီရှင်းကို တစ်ရက်လောက် ထိုသတင်းများကို ပြသသည် ဟု တွေးတောခဲ့သည်။

 

ကျီချင်းချင်း အိပ်ပျော်ခါနီးအချိန်တွင် သူမဖုန်းထဲမှာ တစ်စုံတစ်ခုကို တွေ့လိုက်ရသည်။ ထိုအရာက ခေါင်းကြီးပိုင်း ဖျော်ဖြေရေးပို့စ်တစ်ခု ဖြစ်သည်။

 

[မျက်မြင်သက်သေတစ်ယောက်က မင်းသမီး ကျီချင်းချင်းကို ချမ်းသာတဲ့ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးနဲ့ နိုင်ငံတကာ နာမည်ကြီး စတိုးဆိုင်တစ်ခုမှာ တွေ့လိုက်ရတယ် ဆိုတဲ့ သတင်း ပေါက်ကြားလာခဲ့ပါတယ်။ အဲ့ဒီစီးပွားရေး လုပ်ငန်းရှင်က သူမအတွက် ဆယ်မိနစ်အတွင်းမှာပဲ ယွမ် ငါးသိန်းကို သုံးစွဲခဲ့ပါတယ်။ ဒီစီးပွားရေး လုပ်ငန်းရှင်က လတ်တလောမှ ချမ်းသာကြွယ်ဝလာတဲ့ သူဌေးလက်သစ်တစ်ဦးလို့ သတင်းထောက်က ခန့်မှန်းခဲ့ပါတယ်။ ပိုမြင့်တဲ့ ကျောထောက်နောက်ခံအသစ်ကို ရှာဖွေတွေ့ရှိခဲ့သည့် မင်းသမီး ကျီချင်းချင်းအတွက် ဝမ်းသာဂုဏ်ယူမိပါတယ်။]

 

လတ်တလောမှ ချမ်းသာကြွယ်ဝလာသူလား။

 

ကျီချင်းချင်းသည် လုလီရှင်းရဲ့ သေသပ်တဲ့ အနောက်တိုင်းဝတ်စုံနေရာမှာ ပန်းပွင့်ရှပ်အင်္ကျီကို အစားထိုးလိုက်ပြီး လည်ပင်းတွင် ရွှေဆွဲကြိုး အကြီးကြီးနှင့် ရွှေနာရီတဝင်းဝင်းကို ဝတ်ဆင်ထားသော ပုံရိပ်ကို မြင်ယောင်ကြည့်လိုက်မိသည်။ ဖောင်းကားနေသော ပိုက်ဆံအိတ်တစ်လုံးကို ချိုင်းကြားညှပ်ကာ လက်တစ်ဖက်တွင် နူးညံ့သိမ်မွေ့သော ချစ်ဇနီးရဲ့လက်ကို ကိုင်ထားပြီး ယွမ်ငွေအထပ်လိုက်ကို ကောင်တာပေါ်သို့ မောက်မာစွာ ပစ်တင်လိုက်ပြီး ဆိုင်ဝန်ထမ်းကို “ဒါ၊ ဒီဟာ ပြီးတော့ ဒါရောပဲ၊ ငါ အကုန်လုံး လိုချင်တယ်။” လို့ ပြောဆိုနေပုံက သူမအတွေးထဲတွင် ပေါ်ပေါက်လာခဲ့သည်။

 

ကျီချင်းချင်း ဟက်ဟက်ပက်ပက် ရယ်မိသွားခဲ့သည်။

 

ဒါက ဘယ်လို ဖျော်ဖြေရေးသတင်းပို့စ်မျိုးပါ့လိမ့်။ ဒီပို့စ်တွင် ရှေ့ နှင့် နောက် မသဲမကွဲ ဓာတ်ပုံအချို့ကို ရှင်းလင်းစွာ ဖော်ပြထားခဲ့သည်။ လုလီရှင်းရဲ့ မျက်နှာကို ရှင်းရှင်းလင်းလင်း မထုတ်ဖော်ခဲ့သော်လည်း သတင်းထောက်သည် လုလီရှင်းရဲ့ အဝတ်အစားနဲ့ ပုံသဏ္ဍာန်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်သင့်သည်။ ထိုသတင်းထောက်သည် လုလီရှင်းကို လတ်တလောမှ ချမ်းသာကြွယ်ဝလာသူဟု အဘယ်ကြောင့် ယူဆခဲ့ပါသနည်း။

 

တကယ်တော့ ဒီသတင်းထောက်က အရမ်းအရည်အချင်းရှိသည်။

 

သို့သော် ဒီအကြောင်းကို တွေးကြည့်ပြီးနောက် ကုန်တိုက်တွင် ဒီနေ့ လုလီရှင်း သုံးစွဲခဲ့သော အပြုအမူသည် လတ်တလောမှ ချမ်းသာကြွယ်ဝလာသူတွေရဲ့ အပြုအမူနဲ့ အတူတူပင် မဟုတ်ပါလား။

သူမ ဝယ်လိုက်တဲ့ ပစ္စည်းတွေကလွဲလို့ ဆိုင်မှာ ကျန်တဲ့ အဝတ်အစားတွေ အကုန်လုံး ငါဝယ်မယ်။”

 

ငါ့အတွက် စာရင်း မြန်မြန်တွက်ပေး။”

 

နောက်တစ်မိနစ်အတွင်းမှာ အဲ့ဒီပစ္စည်းတွေရဲ့ ကုန်ကျစရိတ် စုစုပေါင်းကို မပြောနိုင်ရင် ငါ အဲ့တာတွေအကုန် မယူတော့ဘူး။”

 

ယခင်က ဤကဲ့သို့သော ဂရုစိုက်မှုမျိုးကို တစ်ခါမှ မရရှိခဲ့ဖူးသော ကျီချင်းချင်းသည် ဒီနေ့ လုလီရှင်း သူမအတွက် ပြောခဲ့သည့် စကားများကို ပြန်တွေးမိပြီး ရှက်ရွံ့သွားခဲ့မိသည်။

 

လုလီရှင်းရဲ့ စိတ်နေစိတ်ထားသည် ရာသီဥတုကဲ့သို့ ခန့်မှန်းရခက်သော်လည်း ထိုချို့ယွင်းချက်လေးက ကျောက်စိမ်းရဲ့ တောက်ပမှုကို မဖုံးကွယ်ထားနိုင်ပေ။ ယေဘုယျအားဖြင့် သူဟာ အလွန်ထူးချွန်ထက်မြက်သူ တစ်ယောက် ဖြစ်သည်။

 

အမျိုးသမီးတစ်ယောက်ရဲ့ နှလုံးသားက သူ့လို အမျိုးသားတစ်ယောက်ရဲ့ ဖြားယောင်းသွေးဆောင်မှုမျိုးကို ခံရဖို့ လွယ်ကူပါသည်။

 

အခန်းတံခါး ပွင့်ဟလာပြီး လုလီရှင်းတစ်ယောက် အခန်းထဲသို့ ဝင်လာခဲ့သည်။

 

ကျီချင်းချင်းတစ်ယောက် လုလီရှင်းကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် လတ်တလောမှ ချမ်းသာကြွယ်ဝလာသူ လုလီရှင်းနှင့် သူ့ရဲ့ နူးညံ့သိမ်မွေ့သော ချစ်ဇနီးပုံရိပ်ဟာ သူမအတွေးထဲတွင် ပေါ်ပေါက်လာပြီး ဟက်ဟက်ပက်ပက် ရယ်မောချင်စိတ်ကို မထိန်းထားနိုင်တော့ပါ။

 

လတ်တလောမှ ချမ်းသာကြွယ်ဝလာသူ၊ ဟားဟား... ဟားဟား... မစ်စတာလု၊ ဒါကို ကြည့်ပါဦး။ ရှင်က လတ်တလောမှ ချမ်းသာကြွယ်ဝလာသူတစ်ယောက်တဲ့၊ ဟားဟား...” ကျီချင်းချင်းသည် သူမ ဖတ်ရှုခဲ့ရသည့် သတင်းဆောင်းပါးကို ပြသရန် သူမဖုန်းကို ထုတ်ပြလိုက်သည်။

 

လုလီရှင်းသည် ဖုန်းကို ကြည့်ပြီးနောက် ဟက်ဟက်ပက်ပက် ရယ်မောနေသော ကျီချင်းချင်းကို ငုံ့ကြည့်လိုက်သည်။ အကြောင်းအရာကို အပေါ်ယံ ဖတ်ရှုပြီးနောက် သူက အနည်းနှင့် အများ နားလည်သွားသည်။ လုလီရှင်းက ကျီချင်းချင်းကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်သည်။ “မင်းက လတ်တလောမှ ချမ်းသာကြွယ်ဝလာသူတစ်ယောက်က ထောက်ပံ့ပေးတာ ခံရလို့ အရမ်းပျော်နေတာလား။”

 

ကျီချင်းချင်းရဲ့ အရယ်အပြုံးတွေက ရုတ်ခြည်းဆိုသလို ပျောက်ကွယ်သွားခဲ့သည်။

 

လုလီရှင်းသည် သူ့အပေါ်ဝတ်အင်္ကျီကို ချွတ်လိုက်သည်။ သူ့အသံက အေးဆေးတည်ငြိမ်နေပြီး မကျေနပ်သည့် အရိပ်အယောင် အနည်းငယ်ကိုမျှ မကြားရပါဘူး။ “အခု တချို့သော ဖျော်ဖြေရေး သတင်းစာတွေက ဖြစ်ရပ်မှန်တွေကို ချဲ့ကားပြီး တိုက်ရိုက် လုပ်ကြံဖန်တီးလာကြတယ်။ လူပြောသူပြောများတဲ့ အကြောင်းအရာတွေကို စာဖတ်သူ များများ ရရှိစေဖို့ သူတို့ရဲ့ ဆောင်းပါးတွေကို ချဲ့ကား ရေးသားတာမျိုး၊ တီထွင်ဖန်တီးလာတာမျိုးတွေ လုပ်လာကြတယ်။ သူတို့ရဲ့ အရေးအသားတွေက ပိုမို ရိုင်းစိုင်းလာကြတယ်။ သက်သေမရှိပဲ ရိုင်းစိုင်းတဲ့ ထင်မြင်ယူဆချက်တွေကို အခြေခံပြီး သတင်းဆောင်းပါးတွေ ရေးသားရဲကြတယ်။ သူတို့က အသက်မရှင်ချင်တော့တာလား။”

 

ကျီချင်းချင်းသည် လုလီရှင်းရဲ့ စကားတွေက အလွန်ကျိုးကြောင်းဆီလျော်မှု ရှိသည် ဟု လေးလေးနက်နက် ခံစားခဲ့ရသည်။ သူမက ခေါင်းတညိတ်ညိတ် ထောက်ခံခဲ့သည်။ “ဟုတ်တယ်။ သူတို့တွေက အရမ်းဆိုးလိုက်တာ။ ဒါ့ကြောင့် ခင်ပွန်းရေ၊ ရှင်ရဲ့ နာမည်ဂုဏ်သတင်းအတွက် သူတို့ကို ရှင် နင်းခြေလိုက်သင့်တယ်။”

 

-- “သင့်ဘဝသက်တမ်းထဲကို ၁မှတ် ပေါင်းထည့်ပြီးပါပြီ။ အခုလက်ရှိ သင် နာရီနှစ်ဆယ်ကြာ အသက်ရှင်သန်ခွင့် ရရှိသွားပါပြီ။”