အခန်း၈၀
Viewers 14k

 

အခန်း (၈၀)

 

ကျီချင်းချင်းသည် လုလီရှင်းက ဂုဏ်သိက္ခာကြီးမားသော မိသားစုမှ ဆင်းသက်လာပြီး တန်းတူရည်တူ ဂုဏ်သိက္ခာ‌ရှိ‌သည့် အသက်မွေးဝမ်းကြောင်းကိုပါ ပိုင်ဆိုင်ထားကြောင်းကို သူမ သိသည်။ ဒီအမြင်အာရုံကို ဆွဲဆောင်စေနိုင်သော ဖျော်ဖြေရေးသတင်း၏ နောက်ကွယ်တွင် မည်သူရှိကြောင်းကို သူမ မသိသော်လည်း လုလီရှင်း၏ အကြောင်းကို အသရေဖျက်ရေးသားခဲ့သည့်အတွက် သူတို့ရဲ့ အလုပ်အကိုင်ဟာ အဆုံးသတ်မှာကိုတော့ သူမ ကောင်းကောင်းသိသည်။လုလီရှင်းအတွက် သူတို့ကို ကိုင်တွယ်ဖြေရှင်းဖို့ဆိုသည်မှာ ကလေးကစားစရာအဆင့်လောက်ပင် ဖြစ်လေသည်။

 

ထို့အပြင် ဒီအရှုပ်အထွေး ကောလဟလ ပေါ်ပေါက်လာရခြင်းမှာ လုလီရှင်းကြောင့်သာဖြစ်၍ ဒီကိစ္စကို လုလီရှင်းကိုင်တိုယ် ရှင်းပစ်သင့်သည်။

 

သို့ပေမယ့် ဒီလိုလူပြိန်းကြိုက်သတင်းစာကနေ ထွက်ပေါ်လာတဲ့ ဒီလိုအတင်းအဖျင်းနဲ့ အသရေဖျက်သည့်စာသားတွေက စိတ်ဝင်စားဖို့ကောင်းသည်။

 

ကျီချင်းချင်းသည် ဤကဲ့သို့ အတင်းအဖျင်းဇာတ်လမ်းမျိုး ထွက်လေ့ရှိသူဖြစ်ပြီး ဖျော်ဖြေရေးနယ်ပယ်တွင် သူမအကြောင်းက အမြဲတမ်း ရေပန်းစားနေခဲ့သည်။ ဖျော်ဖြေရေးနယ်ပယ်တွင် သူမအား မည်သူကမှ နှစ်သက်ခြင်း မရှိသည့်အပြင် နောက်ပိုင်းတွင် ကုရှောက်ယွီသည် သူမက သူ့ချစ်သူကောင်မလေး မဟုတ်ပဲ သူ့ရဲ့ အပျော်ကစားစရာလေးသာ ဖြစ်ကြောင်း လူသိရှင်ကြား ထုတ်ဖော်ပြောဆိုလိုက်ချိန်မှစ၍ ကျီချင်းချင်းရဲ့ နာမည်ဂုဏ်သတင်းဟာ အပျော်ကစားစရာလေးအဖြစ် ခိုင်မာသွားစေခဲ့သည်။

 

ဒါ့ကြောင့် ဒီသတင်းဆောင်းပါး ထွက်ရှိလာတာနဲ့ အင်တာနက်အသုံးပြုသူတွေက ဒီသတင်းကို အပြည့်အဝ ယုံကြည်သွားခဲ့ကြသည်။ တစ်‌ယောက်ပြီး တစ်ယောက် ကျီချင်းချင်းကို ထောက်ပံ့ပေးနေတဲ့ အရူးက ဘယ်သူလဲလို့ ခန့်မှန်းလာခဲ့ကြသည်။

 

ကျီချင်းချင်း ဖမ်းမိသွားတဲ့ ရုတ်တရတ် ကြွယ်ဝချမ်းသာလာတဲ့ သူဌေးက ဘယ်သူများလဲ။

 

လုလီရှင်းသည် ထိုအတင်းအဖျင်း ဖျော်ဖြေရေး စာစောင်ကို အာရုံစိုက်ရန် အချိန်နဲ့ အားအင်များစွာကို ဖြုန်းတီးခဲ့ခြင်း မရှိပေ။ နောက်နေ့မနက်စောစော အလုပ်သွားတော့ ဒီကိစ္စကို ဖြေရှင‌်းပေးရန် ဥပဒေဌာနရဲ့ ဒါရိုက်တာကို ဖုန်းဆက်ညွှန်ကြားခဲ့သည်။ ဥပဒေဌာနရဲ့ ဝန်ထမ်း‌တွေဟာ များသောအားဖြင့် ကုမ္ပဏီအရေးကိစ္စများကို ကိုင်တွယ်ဖြေရှင်းရခြင်းဖြင့်သာ အလုပ်များခဲ့ရသည်။

 

ဥပဒေရေးရာဌာနရဲ့ ဒါရိုက်တာသည် ရုံးရောက်တာနဲ့ ဒီဖျော်ဖြေရေး အတင်းအဖျင်းကို သတင်းကို ပြသပြီး မှားယွင်းတဲ့ သတင်းအချက်အလက်တွေကို ‌ဖယ်ရှားပေးပြီး တောင်းပန်စာ ထုတ်ပြန်ပေးဖို့ ထိုသတင်းစာကုမ္ပဏီအား စာပို့ခဲ့သည်။

 

ထိုဖျော်ဖြေရေးနယ်ပယ် အတင်းအဖျင်း စာစောင်ကို ဖတ်ရှုပြီးနောက် ထိုသတင်းထဲတွင် ပါဝင်သော ကျီချင်းချင်းသည် သူတို့လက်အောက်ရှိ ထျန်းယွိအင်တာတိန်းမန့်နှင့် စာချုပ်ချုပ်ဆိုထားသော သရုပ်ဆောင်တစ်ယောက်ဖြစ်မှန်း အမှတ်ရလိုက်သည်။

 

ဥပဒေရေးရာဌာနသည် ကုမ္ပဏီရဲ့ စီးပွားရေးအရ အကျိုးစီးပွားနှင့် သက်ဆိုင်သည့် အငြင်းပွားမှု အမျိုးမျိုးကို ပုံမှန် ကိုင်တွယ်ဖြေရှင်းပေးရသည့်အပြင် သူတို့ စီအီးအိုရဲ့ ဂုဏ်သိက္ခာနှင့် သက်ဆို‌င်သော ကိစ္စရပ်များကို ဖြေရှင်းပေးဖို့အတွက်ပါ သူတို့ရဲ့ ဥပဒေ‌ဌာနမှာ တာဝန်ရှိပါသည်။ ကျီချင်းချင်းနဲ့ ရုတ်တရတ် ချမ်းသာကြွယ်ဝလာတဲ့ သူဌေးတို့ရဲ့ သတင်းတွေက လုကော်ပိုရေးရှင်းနဲ့ ဘယ်လို ဆက်နွယ်မှုများ ရှိနေတာလဲ။

 

"စီအီးအိုလု၊ ကျီချင်းချင်းရဲ့ ကိစ္စတွေကို ထျန်းယွိအင်တာတိန်းမန့်ဖက်က မကိုင်တွယ်သင့်ဘူးလား။"

သူ့ဌာနက အရမ်းအလုပ်များပြီး သူတို့ ကိုင်တွယ်ဖြေရှင်းတဲ့ အမှုတွေက ယွမ် သန်းဆယ်ချီ တန်တဲ့ အမှုတွေပါ။ တတိယအဆင့် မင်းသမီးတစ်ဦးနှင့် သူ့ရဲ့ စပွန်ဆာအကြောင်းကို သူ့သူဌေးက သူ့ကို ဘာဖြစ်လို့ ဖြေရှင်းခိုင်းရတာလဲ။

 

စာရွက်စာတမ်းများစွာဖြင့် ဝန်းရံနေသော လုလီရှင်းသည် သူ့ခေါင်းကို မော့ကာ ဥပဒေရေးရာဌာနရဲ့ ဒါရိုက်တာကို ကြည့်လိုက်သည်။ လုလီရှင်းက သူ့ကို မေးမြန်းလိုက်သည်။ "ငါ့ကို ရုတ်တရတ် ချမ်းသာကြွယ်ဝလာတဲ့ သူဌေးလို့ ပုံဖော်တာ မှန်ကန်တယ်လို့ မင်းထင်လား။"

 

ဥပဒေရေးရာဌာနရဲ့ ဒါရိုက်တာက ချက်ချင်း ခေါင်းခါလိုက်သည်။ သူ့သူဌေးရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို မေးမြန်းဖို့ မလိုအပ်သည့်အတွက် မသေချာ မရေရာတဲ့ စကားတွေကို မပြောတော့ပဲ တည်ကြည်လေးနက်စွာ ကတိပေးလိုက်သည်။ "စီအီးအိုလု၊ စိတ်ချပါ၊ ကျွန်‌တော် ဒီကိစ္စကို အခုချက်ချင်း ကိုင်တွယ်ဖြေရှင်းလိုက်ပါ့မယ်၊ ဒီအသရေဖျက်တဲ့..."

 

"ဒါ အားလုံးတော့ မမှားဘူး။" လုလီရှင်း ချောင်းခပ်ဖွဖွဆိုးရင်း အမူအရာကင်းမဲ့နေသော သူ့မျက်နှာသွင်ပြင်ကို ထိန်းသိမ်းထားရင်း စကားဆိုလိုက်သည်။ "အဲ့ဒီဓာတ်ပုံထဲမှာ ပါတာ ကျီချင်းချင်းနဲ့ ငါ ဆိုတာ အမှန်ပဲ။ သုံးစွဲလိုက်တဲ့ ငွေပမာဏကလည်း မှန်တယ်..."

 

အတိုချုပ်ပြောရရင် သူဟာ "ရုတ်တရတ် ချမ်းသာကြွယ်ဝလာသူ" ဆိုသည့် စကားစုမှတစ်ပါး အခြားအရာကိစ္စအားလုံးက အမှန်ပါပဲ။

 

လုလီရှင်းက စကားပြောနေတာကို ရပ်လိုက်သည်။ ဒီလူကို အခုလောလောဆယ် ကိုင်တွယ်ခိုင်းဖို့ မလိုအပ်သေးဘူး။

 

"မင်း အရင်ဆုံး ပြန်သွားနှင့်လိုက်ပါ။ မင်း ဒီကိစ္စကို ကိုင်တွယ်ဖို့ မလိုအပ်တော့ဘူး။"

 

"ကောင်းပါပြီ။" ဒါရိုက်တာက ရုံးခန်းထဲမှ ထွက်သွားခဲ့သည်။

 

လုလီရှင်းက ဖုန်းခေါ်ဆိုလိုက်သည်။ "ချန်ဖေးအင်တာတိန်းမန့် သတင်းတိုက်ကို ဝယ်ယူဖို့ အန္တရာယ်ဖြစ်နိုင်ချေရှိတဲ့ ကိစ္စရပ်တွေနဲ့ ကုန်ကျစရိတ်ကို အကဲဖြတ် တွက်ချက်လိုက်ပါ။ ဒါကို ဝယ်ယူဖို့ ကုန်ကျစရိတ်က ဂဏန်းခုနစ်လုံးထက် နည်းရင် ငါ့ကို ဖုန်းခေါ်စရာ မလိုဘူး၊ ချက်ချင်း တန်းဝယ်လိုက်။ ချန်ဖေးအင်တာတိန်းမန့် သတင်းတိုက်ကို ဝယ်ယူဖို့ လိုအပ်တဲ့ အစီအစဥ်ကို အမြန်ဆုံး ရေးဆွဲပြီး ဝယ်လိုက်ပါ။"

 

ထိုသို့ ‌ပြောပြီးနောက် သူ ဖုန်းချလိုက်သည်။ သူ့စားပွဲပေါ်မှ စာရွက်စာတမ်းများကို ကြည့်ရှုစစ်ဆေးဖို့ သူ့ခေါင်းကို ပြန်ငုံ့လိုက်သည်။

 

မနေ့ညက အချိန်ပိုအလုပ်မလုပ်ခဲ့ခြင်းရဲ့ အကျိုးဆက်က ဒီနေ့တစ်နေ့လုံး အလုပ်တွေ စုပုံနေခဲ့သည်။ အချိန်တွေကုန်တာ မြန်ပြီး သူ မသိလိုက်ခင်မှာ အလုပ်တွေ အကုန်လုံး ပြီးဆုံးခါနီးနေပြီ။

 

-- "သေဆုံးခါနီး သတိပေးချက်: နောက်နှစ်နာရီအတွင်း သင့်ဇနီးသည် ကျီချင်းချင်းကို အလုပ်မှသွားကြိုပြီး နှင်းဆီပန်း ၉၉ပွင့် လက်ဆောင်ပေးပါ။"