အခန်း၈၁
Viewers 14k

အခန်း (၈၁)

 

လုလီရှင်းသည် စာရွက်စာတမ်းတွေ လက်မှတ်ထိုးနေတာကို ရပ်တန့်လိုက်ပြီး ဘယ်အချိန် ရှိနေပြီလဲ ဆိုတာကို စစ်ဆေးကြည့်ရှုဖို့ ခေါင်းမော့လိုက်သည်။ အချိန် ၅နာရီခွဲနေပြီ။

 

သူ့မျက်ဝန်းတွေကို ခဏလောက် မှေးလိုက်ပြီး သူ့မျက်ခုံးကြားရှိ နေရာကို လက်ဖြင့် ပွတ်သပ်လိုက်သည်။

 

ဒါက သူ့စိတ်ထင် ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ကားမတော်တဆမှုအပြီးမှာ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေက ပိုဆိုးလာပုံပေါ်သည်။ အရင်က‌လောက် သူ့အလုပ်ဒဏ်ကို မခံနိုင်တော့ဘူး။

 

သူက အရင်ကဆို ညလုံးပေါက် အလုပ်လုပ်နိုင်ပေမယ့် ယခုအခါမှာတော့ အလုပ်လုပ်တာ နည်းနည်းလောက် ကြာလိုက်တာနဲ့ ပင်ပန်းနွမ်းနယ်လာသလို ခံစားရသည်။

 

ခဏလောက် အနားယူပြီးနောက် လုလီရှင်းသည် ကျီချင်းချင်းကို သူမ ဘယ်နေရာမှာ ရှိလဲ လို့ ဖုန်းဆက်ပြီး လှမ်းမေးခဲ့သည်။

 

ဖုန်းကိုင်လိုက်တာနဲ့ ကျီချင်းချင်းရဲ့ အသံကို သူ ချက်ချင်း မကြားရပေ။ အဲ့ဒီအစား လမ်းလျှောက်သံကို သူ ကြားလိုက်ရသည်။ ခဏလောက် စောင့်ပြီးမှ သူက ကျီချင်းချင်းရဲ့ တိုးတိုးလေး ပြောသော အသံကို ကြားလိုက်ရသည်။ “ကျွန်မ ထျန်းယွိအင်တာတိန်းမန့်မှာပဲ ရှိသေးတယ်။ ရှင် တစ်ခုခု လိုအပ်လို့လား။”

“မင်း အိမ်ကို ဘယ်အချိန်လောက် ပြန်လာမလဲ။”

 

ကျီချင်းချင်းရဲ့ အသံက အနည်းငယ် ချီတုံချတုံ ဖြစ်နေခဲ့သည်။ “ကျွန်မ မသေချာဘူး။ နည်းနည်းလောက် ကြာဦးမယ် ထင်တယ်။”

 

“ဒါဆိုရင် ကိုယ့်ကို စောင့်ဦး။ ညနေကျရင် ကိုယ် ထျန်းယွိအင်တာတိန်းမန့်မှာ မင်းကို လာကြိုပေးမယ်။”

 

လုလီရှင်းသည် ဖုန်းရဲ့ အခြားတစ်ဖက်မှ ဆူညံသံအချို့ကို ကြားရသည်။

 

ကျီချင်းချင်းရဲ့ ကတိုက်ကရိုက် ပြောလိုက်သံကို ကြားလိုက်ရသည်။ “အိုကေ၊ ကောင်းပြီလေ။ တခြား ဘာမှ ပြောစရာ မရှိတော့ဘူးဆိုရင် ကျွန်မ ဖုန်းချလိုက်တော့မယ်။”

 

လုလီရှင်းသည် ဖုန်းခေါ်ဆိုမှု ပြတ်တောက်သွားသည့် ဖုန်းကို ကြည့်နေပြီးနောက် ကုမ္ပဏီအတွင်း ဆက်သွယ်သည့် ဖုန်းတစ်လုံးကို ခေါ်ဆိုလိုက်သည်။ “ချန်ကျင်း၊ ငါ့အတွက် နှင်းဆီပန်း ၉၉ပွင့် မှာထားပေး။ ဒီနေ့ ငါ ရုံးမဆင်းခင် ငါ့ရုံးခန်းထဲကို လာပို့ပေးပါ။”

 

လုလီရှင်း၏ ကိုယ်ရေးကိုယ်တာ လက်ထောက်အဖြစ် ချန်ကျင်းသည် သူမသူဌေးအတွက် ကိစ္စ ကြီးကြီးမားမားမှသည် အသေးအဖွဲအရာတွေအထိ နေ့စဥ်ဘဝ အရေးကိစ္စအားလုံးကို ကိုယ်တွယ်ဖြေရှင်းပေးရဿည်။ သူမသည် လုလီရှင်းရဲ့ တောင်းဆိုချက်ကို ကြားလိုက်ရသောအခါ အရမ်းအံ့အားသင့်သွားခဲ့သည်။

 

သူမသည် လုလီရှင်း၏ လက်ထောက်အဖြစ် အလုပ်လုပ်ကိုင်ခဲ့သည်မှာ နှစ်အတော် ကြာခဲ့ပြီ။ ဒီနှစ်များအတွင်း လုလီရှင်းသည် မည်သည့် ကောလဟလသတင်းများထဲမှာမှ ပါဝင်ခဲ့ဖူးခြင်း မရှိသလို သူ့အနားတွင် မည်သည့် အမျိုးသမီးမှလည်း မရှိခဲ့ပေ။

 

ပြီးတော့ အခု သူက နှင်းဆီပန်း ၉၉ပွင့်ကို ပေးဖို့ အစပျိုးနေပြီလား။

 

သူ အဲ့ဒီနှင်းဆီပန်းပွင့်တွေကို ဘယ်အမျိုးသမီးကို ပေးမလို့လဲ။

 

သူမသည် အရည်အချင်းရှိပြီး ကျွမ်းကျင်လိမ္မာသော လက်ထောက်တစ်ဦးအနေဖြင့် ချန်ကျင်းသည် သူမရဲ့ စူးစမ်းလိုစိတ်နှင့် စိတ်လှုပ်ရှားမှုတွေကို ထိန်းချုပ်ထားခဲ့သည်။

 

“ကောင်းပါပြီ၊ စီအီးအိုလု”

 

ချန်ကျင်းသည် ဖုန်းချပြီး နှင်းဆီပန်းစည်း သွားဝယ်ဖို့ အောက်ထပ်ကို ဆင်းသွားခဲ့သည်။

 

မိနစ် နှစ်ဆယ်ကြာပြီးနောက် သူမသည် နှင်းဆီပန်းပွင့် ၉၉ပွင့်နှင့်အတူ အပေါ်ပြန်တက်လာပြီး လုလီရှင်းရဲ့ ရုံးခန်းထဲသို့ ဝင်သွားခဲ့သည်။

 

“စီအီးအိုလု၊ ဒါက ရှင် တောင်းဆိုထားတဲ့ နှင်းဆီပန်းစည်းပါ။”

 

“အင်း၊ အဲ့ဒီနေရာမှာ ထားခဲ့လိုက်” လုလီရှင်းသည် မော့မကြည့်ပဲ ပြန်ဖြေလိုက်သည်။

 

ချန်ကျင်းက သူမကို နောက်ထပ် ဘာအမိန့်မှ ထပ်မပေးတော့သည့်အတွက် ပန်းစည်းကို တင်ထားခဲ့ပြီး ရုံးခန်းထဲမှ ထွက်လာခဲ့သည်။

 

နှင်းဆီပန်း ၉၉ပွင့်က ရိုးရှင်းပေမယ့်... သိသာပေါ်လွင်လွန်းသည်။ မျှဝေအသုံးပြုသည့် လက်ထောက်တွေရဲ့ ရုံးခန်းထဲကို သူမ ဝင်လာတာနဲ့ လူတစ်ယောက်က အနားရောက်လာပြီး စပ်စုမေးမြန်းသည်။

 

“ချန်ကျင်း၊ အဲ့ဒီနှင်းဆီပန်းပွင့်တွေက ဘာလုပ်တာလဲ။”

 

“စီအီးအိုလုက သူတို့ကို ဝယ်ခိုင်းလို့လေ။”

 

“စီအီးအိုလုကလား။”

 

“ဟေး... ဒီကို မြန်မြန်လာကြ။ စီအီးအိုလု အလုပ်ဆင်းသွားပြီ။”

 

လူတိုင်းက ရုံးခန်းရဲ့ မှန်ပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်ကြသည်။

 

လုလီရှင်းသည် မျက်နှာအမူအရာကင်းမဲ့စွာ နှင်းဆီပန်း ၉၉ပွင့်ကို ကိုင်ဆောင်ရင်း လမ်းလျှောက်ထွက်သွားခဲ့သည်။

 

“စီအီးအိုလုမှာ ကောင်မလေး ရှိတာလား။”

 

“ငါ မသိဘူးလေ။”

 

“အိုး... ဘုရားရေ၊ သူ တစ်ယောက်ယောက်နဲ့ ချိန်းတွေ့နေတာ သေချာတယ်။ စီအီးအိုလုရဲ့ နှလုံးသားကို ဖမ်းစားနိုင်တဲ့ ကံကောင်းတဲ့ အမျိုးသမီးက ဘယ်သူဖြစ်မလဲလို့ တွေးကြည့်မိတယ်။”

 

“စီအီးအိုလု အလုပ်ပြန်ဆင်းကတည်းက အချိန်ပို မဆင်းတော့တာ အံ့သြစရာ မရှိတော့ဘူး။ သူ့မှာ ကောင်မလေး ရှိနေလို့ကိုး။ သူမ ဘယ်သူလဲ ဆိုတာတော့ ငါတို့ မသိရဘူး။”

 

“စီအီးအိုလုက ပန်းစည်းကိုတောင် လူသိသူသိ ပေးဖို့ လုပ်နေတာပဲလေ။ သူ့ကောင်မလေးရဲ့ အထောက်အထားကို အချိန်အကြာကြီး ဖုံးကွယ်ထားမှာ မဟုတ်ဘူး ဆိုတာ သေချာတယ်။ ကိုယ့်လူတို့ စောင့်ကြည့်ကြတာပေါ့။ ရက်အနည်းငယ်အတွင်းမှာ စီအီးအိုလုရဲ့ ကောင်မလေးက ဘယ်သူလဲ ဆိုတာ ပေါ်လာပါလိမ့်မယ်။”

 

ထို့နောက် ကုမ္ပဏီဝန်ထမ်းတွေရဲ့ အကြည့်အောက်မှာပင် လုလီရှင်းသည် နှင်းဆီပန်း ၉၉ပွင့်ကို သယ်ဆောင်ကာ ကုမ္ပဆီမှ အလုပ်ဆင်းသွားခဲ့သည်။ သူသွားလေရာကို လိုက်ပါလာသော တုန်လှုပ်ခြောက်ခြားနေသော အကြည့်များစွာကို လက်ခံရရှိခဲ့သည်။

 

တစ်ခဏချင်းမှာပင် စီအီးအိုလုက သူ့ကောင်မလေးအတွက် နှင်းဆီပန်း ၉၉ပွင့် ပေးဖို့ ထွက်သွားကြောင်း ကုမ္ပဏီတစ်ခုလုံး အတင်းအဖျင်းတွေ ပျံ့နှံ့သွားခဲ့ပြီး အဆောက်အဦး တစ်ခုလုံးရှိ လူတိုင်းနီးပါး ဒီအကြောင်းကို သိရှိသွားခဲ့ကြသည်။