အပိုင်း ၁၀၂
Viewers 14k

Chapter 102




"ကုန်းဇီက ဒီတိုင်းပြည်ရဲ့ နာမည်အကြောင်း ကြားဖူးသင့်တယ်"

လင်းရုဖေးက မေးလိုက်၏။

"သူ့ကို ဘယ်လိုခေါ်တာလဲ"

ယွီရွေ့က ဖြေသည်။

"တာ့ကျင့်"

တာ့ကျင့်..လင်းရုဖေးမှာ ဤတိုင်းပြည်၏အမည်အား အမှန်ပင် ကြားဖူးသော်လည်း ကြားဖူးရုံလောက်သာရှိကာ ကောင်းကောင်းမသိချေ။ ယခုခေတ်တွင် ယောင်ကွမ်းတိုက်ကြီးမှာ တိုင်းပြည်လေးခုအဖြစ်ပိုင်းခြားခံလိုက်ရကာ အပိုင်းသေးသေးလေးပင်ဖြစ်သော်ငြား နှစ်ပေါင်းများစွာတိုင် စစ်ပွဲကြီးကြီးမဖြစ်ဖူးသေးဟု ဆိုရပေလိမ့်မည်။ အမတလမ်းစဥ်ကျင့်ကြံသူ အများစုမှာ သမျိုးကမ္ဘာအရေးတွင် ပါဝင်ပတ်သတ်နေလိမ့်မည်မဟုတ်ချေ။ ဆိုရသော် ယင်းမှ သူတို့သည်နှစ်ဦးနှစ်ဖက် အကျိုးများများရနိုင်မည်လည်းမဟုတ်၍ပင်။

ငွေကြေး၊အာဏာ၊ကိုယ်ကျိုးသာကြည့်မှုတို့ဖြင့် ယှဥ်ပါက ကျော်လွန်သည့် တစ်ခုတည်းသော လမ်းမှာ အဆုံးမရှိသောဘဝအားရနိုင်သည့် မသေမျိုးလမ်းသာဖြစ်၏။ အဆုံးတွင်မူ သေမျိုးများမှာ နှစ်ပေါင်းတစ်ဒါဇင်မျှသာ နေရချေသည်။ အာဏာမည်မျှပင်ရှိစေကာမူ အဆုံးတွင်ဖြင့် သူတို့တွင် အုတ်ဂူများသာပိုင်ဆိုင်နိုင်ကြပေလိမ့်မည်။

မှန်ပေသည်...တိုင်းပြည်ကနေ စုဆောင်းထားသည့် ထပ်မံမကျင့်ကြံနိုင်တော့သော ကျင့်ကြံသူအချို့တလေလည်း ရှိပသေးသည်။ ဤကျင့်ကြံသူများမှာ စစ်ပွဲအချိန်တွင် အရေးပါသည့်အခန်းကဏ္ဍကနေ ပါဝင်ပေးကြပေသည်။ အမှန်တွင်ဖြင့် ကျင့်ကြံခြင်းအဆင့်ငါးရှိသူတစ်ဦးက သာမန်သေမျိုးလူတစ်ရာအား ဓါးတစ်ချက်လွှဲရုံဖြင့်သစ်ပစ်နိုင်၏။ စစ်မြေပြင်တွင် သူတို့မှာ ရန်သူအားချေမှုန်းနိုင်သည့် အားကောင်းသည့် လက်နက်များပင်ဖြစ်ချေသည်။

သို့သော်ငြား သေမျိုးကမ္ဘာအရေးတွင် ပါဝင်ပတ်သတ်နေရသည့် အနှီကျင့်ကြံသူများမှာ အမြဲလိုလိုပင် ကျင့်ကြံခြင်းအဆင့်မြင့်မားခြင်းမရှိချေ။ သူတို့အတွက် ကျင့်ကြံခြင်းအဆင့်ငါးရှိသူများမှာ အတော်လေးရှားပါးပေ၏။

ရထားလုံးမှာ ရှေ့သို့ဆက်သွားနေပြီး ဘေးပတ်လည်ရှိ ရှုခင်းများမှာလည်း ပြောင်းလဲသွားချေပြီ။ ဖူမိသားစုကျေးရွာ၏ဆားသင့်မြေအား ချန်ခဲ့ချိန်တွင်စိမ်းစိုသည့်အပင်များနှင့် ကောက်ပဲသီးနှံများအား လမ်းတစ်လျှောက်စတင်တွေ့လာရပြီး အိမ်များသည်လည်း မူလအုတ်ဖြင့်ဆောက်သည့်အိမ်များအဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားလေ၏။ နောက်ထပ် ရက်ပေါင်းတစ်ဆယ်ရက်မျှ ခရီးသွားပြီးသည့်နောက် ကြီးပွားတိုးတက်နေသည့် မြို့တော်အား မြင်တွေ့လိုက်ရပေသည်။

လင်းရုဖေးမှာ လမ်း၌ပင် ခွန်းလွန်သို့ သူကြုံတွေ့ခဲ့ရသည့် အသေးစိတ်အချက်အလက်များအား ခရေစေ့တွင်းကျ ဖော်ပြထားသည့် စာတစ်စောင်ပို့လိုက်သည်။ သို့သော်လည်း စာတွင် သူရင်ဆိုင်ခဲ့ရသည့် အန္တရာယ်များအား တမင်သက်သက်ထိန်ချန်ထားခဲ့ကာ စိတ်ဝင်စားစဖွယ်ရာ တချို့ကိုသာထည့်သွင်းရေးသားထားပေ၏။ ခွန်းလွန်ရှိလူများမှာလည်း မြန်ဆန်စွာဖြင့် စာအား ပြန်ပို့ပေးကြလေသည်။ ယင်းက လင်းရုဖေးအား လုံခြုံရေးကိုဂရုစိုက်ရန်နှင့် သူ မတိုက်ခိုက်နိုင်သည့် တစ်ယောက်ယောက်ဖြင့်ကြုံပါက အရင်ဆုံးထွက်ပြေးရန် ထပ်ကာထပ်ကာတိုက်တွန်းသည့် ဓါတ်ပြားဟောင်းကြီးပင်။ လင်းရုဖေးမှာ စာဖတ်နေရင်းဖြင့်ပင် သဘောတကျရယ်မောမိ၏။

သူ့အထက်ကမွေးချင်းများ၏ အဘိဓါန်ထဲတွင် "ထွက်ပြေးသည်"ဆိုသည့် စကားလုံးမှာ သေချာပေါက် မရှိသော်လည်း သူ့အလှည့်ရောက်လာသည့်အခါတွင်မူ ဤစကားလုံးအား လင်းရုဖေးဦးနှောက်ထဲသို့ အတင်း ထိုးထည့်ချင်နေကြပေသည်။ ထိုသူတို့က သူတို့၏အငယ်ဆုံးလေး ဝေဒနာခံစားရမည်အား အလွန်တရာမှစိုးထိတ်ကြပါ၏။

တာ့ကျင့်သို့ဝင်သည့် ပထမဆုံးနေ့တွင် လင်းရုဖေးမှ ယွီရွေ့ပြောသည့် "အံ့အားသင့်ဖွယ်ကောင်းလှတယ်"ဆိုသည်အား မျက်၀ါးတင်တင်တွေ့ကြုံလိုက်ရသည်။ ခြေလှမ်းသုံးလှမ်းတိုင်းမှာ တွေ့မိသည်က ဘုရားကျောင်းငယ်တစ်ခုဖြစ်သည်။ ခြေလှမ်းငါးလှမ်းလှမ်းသော် ဘုရားကျောင်းအကြီးကြီးတစ်ခုဖြစ်နေ၏။ကောင်းကင်ဘုံအုပ်ချုပ်သူနှင့်ဆိုင်သည့် ဘုရားကျောင်းများမှာ နေရာတိုင်းတွင်ရှိနေလေသည်။ ဘုရားကျောင်းများမှာ အမွှေးနံ့သာအပြည့်ထွန်းညှိပူဇော်ထားကာ တိုင်းသူပြည်သားများက အမှန်ပင် သဒ္ဓါတရားထပ်သန်သန်ဖြင့် ကိုးကွယ်ဆည်းကပ်ကြသည့် ပြယုဂ်မှာထင်ဟန်နေပေတော့၏။


လင်းရုဖေးမှာ အနှီတိုင်းပြည်က မည်သည်ကြောင့် ကောင်းကင်ဘုံအုပ်ချုပ်သူအား ကိုးကွယ်ကြမှန်းကို သိချင်မိ၍ လမ်းဘေးစျေးသည်တစ်ဦးအား တစ်ခုခုဝယ်ရင်း မေးလိုက်သည်။

စျေးသည်က ဤသည်အား ကြားရာတွင် သူက ချက်ချင်းပင် စိတ်လှုပ်တရှားဖြင့် : "ဧည့်သည်..ခင်ဗျားက တာ့ကျင့်ကို အခုမှရောက်ဖူးတာ ဟုတ်တယ်မို့လား"

လင်းရုဖေးက ခေါင်းညိမ့်ပြလိုက်ရင်း : "ဟုတ်ပါတယ်"

စျေးသည်က ပြန်ဖြေလိုက်၏။

"အံ့သြစရာမရှိပါဘူး...တာ့ကျင့်မှာအနေကြာတဲ့သူကတော့ ဒီမေးခွန်းကိုမေးလာမှာမဟုတ်ဘူးလေ..."

ထို့အတွက် သူက လက်ဟန်အမူအရာဖြင့် တာ့ကျင့်တွင် ကောင်းကင်ဘုံအုပ်ချုပ်သူအား ယုံကြည်ကိုးကွယ်ကြသည့်အကြောင်းအရင်းကို ရှင်းပြလာသည်။

လွန်ခဲ့သော နှစ်ရာပေါင်းများစွာအချိန်သို့ ပြန်ဆုတ်ရသော် တိုက်ကြီးအား အကာအကွယ်ပေးထားသည့် တည်ဆောက်ပုံအား အုတ်မြစ်မချမီအချိန်တွင် ဖြစ်၏။ ပုအယ်တိုက်ကြီး၏ မိစ္ဆာများမှာ မကြာခဏဆိုသလို ကျူးကျော်ဝင်ရောက်လာကြသည်. မိစ္ဆာများမှာ ဟင်းလင်းပြင်အား ဖျက်ဆီး၍ တာ့ကျင့်မြေ၏ ဝင်ပေါက်တည့်တည့်အား ပွင့်သွားစေရန်အထိပင် အားကောင်းလွန်းလှသည်။ တာ့ကျင့်ရှိလူအများစုမှာ သာမန်သေမျိုးများသာဖြစ်ကာ သူတို့သာ အောင်မြင်စွာ ကျူးကျော်ခံရပါက တာ့ကျင့်မှာ လူမဆန်စွာသတ်ဖြတ်ခြင်းခံရပေလိမ့်မည်။ သို့သော်ငြား အမတလမ်းစဥ် တက်ရောက်နေသည့် လူများအဖို့ မည်သည့်ကြောင် သေမျိုးများအား အာရုံထားနေမည်နည်း။ သေမျိုးများမှာ မသေမျိုးများ၏မျက်လုံးထဲတွင် ပုရွတ်ဆိတ်သာသာရှိပြီး မိသားစုကြီးကြီးများကိုပင် ဂရုမထားကြချေ။ တာ့ကျင့်မှာ အာဏာသုံးကာ အရာရာလုပ်ခဲ့သော်ငြား တိုင်းပြည်မှ ကျင့်ကြံသူ အယောက်တစ်ရာကျော်မျှသာ ဖိတ်နိုင်၏။ သို့သော်ငြား သူတို့၏စွမ်းအင်နှင့်ဆိုပါက မိစ္ဆာများအား ခုခံနိုင်ရုံလေးသာ။ တာ့ကျင့်က စိတ်လျှော့ဖွယ်အခြေအနေသို့ ရောက်နေချိန်တွင် ကောင်းကင်ဘုံအုပ်ချုပ်သူက သူ့ဓါးနှင့်အတူ ရောက်လာခဲ့ပေသည်။

"ဒဏ္ဌာရီမှာရှိခဲ့တာက ကောင်းကင်ဘုံအုပ်ချုပ်သူက ကျင့်ကြံခြင်းအဆင့်တစ်ဆယ် ရောက်ပြီးနေပြီတဲ့...သူတို့က သူတကယ်ကြီး ဒီလိုအသေးအမွှားကိစ္စလေးတွေကို အာရုံစိုက်လိမ့်မယ်လို့ မထင်ခဲ့ကြဘူးလေ.."

စျေးသည်က ထိုစစ်ပွဲကြီး၏ ပွဲကြည့်ပရိတ်သတ်ဖြစ်နေသကဲ့သို့ စိတ်လှုပ်ရှားစွာ အာမေဍိတ်သံပြုရင်း : "ကောင်းကင်ဘုံအုပ်ချုပ်သူက ဒေါသထွက်လာတော့ အလောင်းတွေသန်းနဲ့ချီ မြုပ်လိုက်ရတယ်...သူ့လက်ထဲက ဓါးချွန်ကြီးက မိစ္ဆာတွေရဲ့ခေါင်းတွေ သန်းနဲ့ချီဖြတ်ပစ်လိုက်တာလေ နောက်ဆုံးမှာ သူက ပွင့်နေတဲ့ ဝင်ပေါက်ကိုပြန်ပိတ်နိုင်ခဲ့တယ်...ငါတို့တာ့ကျင့်က ဒီကံဆိုးမှုထဲမှာ ကောင်းချီးပေးခံရလို့သာတစ်သောင်းအောက်သေဆုံးမှုတွေရှိခဲ့တာ...နောက်ပိုင်းမှာဘာဆက်ဖြစ်လဲဆိုတာ...မင်းလည်းသိပါတယ်"

လင်းရုဖေးမှာ မေးခွန်းထုတ်လိုက်သည်။

"ဒါဆို ကောင်းကင်ဘုံအုပ်ချုပ်သူက တိုက်ကြီးတစ်ခုလုံးကို ကာကွယ်ဖို့ တည်ဆောက်ပုံချထားခဲ့တာပေါ့.."

“ဟုတ်တယ်...ဟုတ်တယ်..သူက သိသိသာသာပဲ ထွက်သွားတော့မှာလေ..ဒါပေမယ့် သူက ကမ္ဘာကြီးကို ဂရုစိုက်ချင်သေးတယ်..အဲ့လိုလူမျိုးက...တကယ်ကို ကောင်းကင်ဘုံအုပ်ချုပ်သူဆိုတဲ့ နာမည်နဲ့ထိုက်တန်တယ်"

စျေးသည်မှာ အားကျမှုအပြည့်ဖြင့်ပင်။

လင်းရုဖေးမှာ စာအုပ်များမှ တိုက်ပွဲအား မြင်ဖူးလေသော်ငြား သရုပ်ဖော်ပုံမှာ သူကလက်ခံနိုင်ဖွယ်မရှိကာ လွန်စွာချဲ့ကားထားပေ၏။ အမှန်တွင်ဖြင့် လူတစ်ယောက်တည်း၏စွမ်းအားနှင့် မိစ္ဆာသောင်းနှင့်ချီချေမှုန်းရန်မှာ စိတ်ကူး၍ပင်မရနိုင်ချေ။ ထို့ပြင် အချိန်များမှာကျော်လွန်လာပြီးဖြစ်ကာ သမိုင်းကြောင်းဖတ်ဖူးသည့် လူအချို့ပင် အတော်အတန်ချဲ့ကားထားသည်ဟု ခံစားရပေလိမ့်မည်။ လင်းရုဖေးသည်လည်း ခြွင်းချက်မဟုတ်ချေ။

သို့သော်လည်း တာ့ကျင့်ပိုင်မြေတွင် ဤသို့သောဘုရားကျောင်းများနှင့်ရက်ရောပေးကမ်းမှုများ ထူထပ်နေခြင်းက စစ်ပွဲကြီးအမှန်တကယ်ရှိခဲ့ကြောင်း ပြောနေ၏။ တစ်နည်းဆိုသော် တာ့ကျင့်ပြည်သူတို့မှာ ကျေးဇူးသိတတ်လွန်းကာ အမွှေးနံ့သာတို့ကလည်း ရပ်တန့်ခြင်းမရှိဘဲ နှစ်ပေါင်းရာနှင့်ချီ ဆက်လက်လောင်ကျွမ်းနေမည့်ပုံပင်။

အစားအစာများစားပြီးနောက် လင်းရုဖေးမှာ အနီးရှိဘုရားကျောင်းအား သွားပြီး ဘုရားကျောင်းထဲတွင် ထားထးသည့် ကောင်းကင်ဘုံအုပ်ချုပ်သူ ရုပ်တုအား ကြည့်မိလိုက်သည်။

ရုပ်တုမှာ အနီရောင်ဝတ်စုံကို၀တ်ဆင်ထားကာ ဓါးနှင့် မတ်မတ်ရပ်နေလေ၏။ ယင်းမှာ အတော်ပင် အိုဟောင်းနေသော်ငြား စိတ်ဝိဥာဥ်၏လှပမှုအား မြင်တွေ့နေရဆဲပင်။ ရုပ်တုအရှေ့တွင် အမွှေးတိုင်ခွက်များနှင့် ရှိခိုးဆုတောင်းဖျာများ ရှိပေသည်။ ပတ်ပတ်လည်မှာ အမွှေးတိုင်ကိုင်ထားသည့်သူများက ကိုးကွယ်ပူဇော်နေကြပြီး မြင်ကွင်းအား ပိုမိုအသက်ဝင်လာစေသည်။

လင်းရုဖေးမှာ ပတ်ပြေးနေသည့် ကလေးတစ်ယောက်က ရုတ်တရက်သူ့အားဝင်တိုက်မိချိန်တွင် သူက ရုပ်တုအားကြည့်နေခြင်းဖြစ်သည်။ သူက ဂရုတစိုက်ဖြင့် လက်ကိုမြောက်လိုက်ရင်း ကလေးအား ပိုသတိထားရန် ပြောကာ ထူပေးလိုက်သည်။ ကလေးမှာ လင်းရုဖေးအား ကြည့်လိုက်ရင်းဖြေကာ ပြေးထွက်သွားချင်ခဲ့သည်။ သို့သော်ငြား ခြေလှမ်းနှစ်လှမ်းမျှသွားပြီးသည့်နောက်တွင် အင်္ကျီလည်ပင်းမှ ဆုပ်ကိုင်ခံလိုက်ရ၏။

“ခင်ဗျားဘာလုပ်ဖို့ ဆွဲထားရတာလဲ"

ကလေးမှာ စူးစူးဝါးဝါးအော်လာကာ ထိန်းချုပ်မရစွာ ရုန်းကန်လာသည်။

လင်းရုဖေးမှာ အသံလာရာကြည့်လိုက်သည့်အခါ အံ့သြသွာဖြင့် ရင်းနှီးနေသည့်မျက်နှာအား တွေ့လိုက်ရသည်။

"ဘာလို့ ဆရာတော်လေးက ဒီမှာရှိနေရတာလဲ"

ကလေးကိုဆွဲထားသည့်သူမှာ လင်းရုဖေး ရှီးလျန့်တောင်တွင် တွေ့ခွင့်ရခဲ့သည့် ဘုန်းကြီးဖြစ်သည်။

ဘုန်းကြီးမှာ ပြုံးလိုက်သည်အခါ စိတ်နှလုံးသိမ်မွေ့ကာ ကြင်နာတတ်နေဆဲပင် : "ကိုယ်တော်က ဒကာလေးနဲ့ရေစက်ရှိတယ်ထင်ပါရဲ့"

“အကျင့်မကောင်းတဲ့ ဘုန်းကြီး..အကျင့်မကောင်းတဲ့ ဘုန်းကြီး...ငါ့ကိုလွှတ်"

ကလေးက လင်းရုဖေးနှင့်ဘုန်းကြီးမှာ အချင်းချင်းသိသည်အား တွေ့သော် ပို၍ပင်ရုန်းကန်လာ၏။ သူက ဘုန်းကြီးမှာ သူ့အားလွှတ်ပေးလိုစိတ်မရှိသည်အား တွေ့သော် ခေါင်းလှည့်ကာ ဘုန်းကြီး၏လက်အားကိုက်ရန်ပြင်သည်။

ဘုန်းကြီးက လက်အားအသာမြောက်လိုက်ကာ ပေါက်စအား အင်္ကျီလည်တိုင်မှ မ လိုက်ရင်း : "ကိုက်တာက ကောင်းတဲ့အကျင့်မဟုတ်ဘူး"

သူက လင်းရုဖေးအား ကြည့်ကာ မေးလာ၏။

"ဒကာလေး..တစ်ချက်လောက်ကြည့်ကြည့်ပါဦး...တစ်ခုခုများပျောက်နေသလားလို့"

ထိုအခါမှသာ လင်းရုဖေးက ရုတ်တရက်နားလည်သွားသည်။ သူက သူ၏ရင်အုံပတ်လည်နားတွင် တစ်ခုခုခံစားလိုက်ရပြီး သူ၏အိတ်မှာအမှန်ပင်ပျောက်ဆုံးနေကြောင်းတွေ့လိုက်ရသည်။ဤကလေး၏နည်းပညာသည်ဖြင့် အမှန်ပင် ကောင်းလှသည်...သူက အခိုးခံလိုက်ရသည်ကိုပင် မခံစားလိုက်ရချေ။

သူ၏ဆောင်ရွက်ချက်အား ဖော်ထုတ်ခံရသည်ကို မြင်ပြီးသည်တွင် ကလေးမှာ အိတ်အားနာနာခံခံထုတ်ပေးရုံသာတတ်နိုင်၏။

သို့သော်လည်း သူက ဘုန်းကြီးအား မုန်းတီးမှုအပြည့်နှင့်ဆဲရေးကာ စိုက်ကြည့်နေဆဲပင် : "မကောင်းတဲ့ ဘုန်းကြီး"

ဘုန်းကြီးမှာ ကောင်းမွန်သည့်စိတ်ဖြင့် ရယ်မောလိုက်ရင်း : "မင်းက ခိုးတဲ့သူလေ...အဲ့ဒီအစား ကိုယ်တော်က ဘယ်လိုလုပ်ပြီး မကောင်းတဲ့ဘုန်းကြီးဖြစ်လာရတာလဲ"

ကောင်လေးမှာ ပြန်ခံပြောလာ၏။

"သူက အထက်တန်းစားတစ်ယောက်ရဲ့သားပဲ...အိတ်လေးတစ်လုံးမရှိတာနဲ့ သေသွားမှာမျိုးမဟုတ်ဘူး...ဘာပဲနေနေ ကျွန်တော်သာ တစ်ခုခုမခိုးရင် အသက်ရှင်နိုင်မှာမဟုတ်ဘူး"

သူ၏ နှစ်ပေါက်တစ်ပေါက်ရိုက်မှုက အကျိုးအကြောင်းခိုင်လုံသည့်ဟန်ဖြင့် : "ခင်ဗျား သူ့ကိုကူညီတယ်..ဒါပေမယ့် ကျွန်တော်ဘဝကိုကျဖျက်ဆီးသွားတယ်လေ...ပြောစမ်းပါ ခင်ဗျားက မကောင်းတဲ့ဘုန်းကြီးဟုတ်လား မဟုတ်ဘူးလားဆိုတာ.."

ဘုန်းကြီးမှာ မူးမေ့မတတ်ဖြစ်သွားရင်း : "မင်းကဒီလိုပြောနေတော့ အဓိပ္ပာယ်မရှိတာတော့မဟုတ်ဘူး"

ကလေးက အခိုင်အမာပြောလာသည်။
"မှန်တယ်မို့လား"

ဘုန်းကြီးက အေးအေးဆေးဆေးဖြေသည်။

" ဒါဆို ဒီလိုဆိုရင်ရော...ကိုယ်တော်က မင်းကိုသတ်ချင်နေမယ့်သူကို ကူပြီးသတ်ပေးမယ်..ဒါဆို မင်းမသေတော့ဘူးလေ..ဘယ်လိုထင်လဲ"

ကောင်လေးမှာ သူ၏စကားလုံးများကြောင့် အေးခဲသွားကာ သူ့ခေါင်းအားမခါပြဘဲမနေနိုင်တော့ချေ။ သူသည် အလွန်ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။ ဤဘုန်းကြီးမှာ သိသာစွာပင် နူးနူးညံ့ညံ့လေးပြောနေသော်ငြား မည်သို့များ ထွက်လာသည့် စကားများက ကြက်သီးထကာ ကြောက်စရာကောင်းနေပါသနည်း။

သူက တွန့်ဆုတ်စွာနှင့် ရေရွတ်လိုက်လေ၏။

"အဲ့ဒီလို ပြဿနာအတွက်ဆိုရင် မလိုပါဘူး..ပိုက်ဆံသာပေးလိုက်ပါ..ဒါဆိုကျွန်တော်ပြန်သွားပြီးတော့ လှည့်သုံးနိုင်မှာ..အဲ့ဒီလို သတ်တာတွေက ပြသနာကြီးမယ့်ကိစ္စတွေ.."

ဘုန်းကြီးက ခေါင်းခါပြကာ သက်ပြင်းချလိမ့်မည်မှန်း မည်သူထင်မည်နည်း။

"ပြဿနာမရှိပါဘူး...ပြဿနာမရှိပါဘူး..လူသတ်တာက ပိုက်ဆံရှာရတာထက် ပိုလွယ်ကူတယ်"

သူက ဤသို့ပြောနေရင်းမှ သူ၏အဖာအထေးများနှင့် အိတ်အားဆွဲထုတ်လိုက်လေသည်။ သူက ယင်းအားလက်ထဲတွင်ခါလိုက်ရာ အိတ်ထဲမှအကြွေစေ့သုံးစေ့သာ ကျလာ၏...ထပ်မရှိတော့ချေ။

ကလေးမှာ ဘုန်းကြီးစကားကြောင့် ထိတ်လန့်လာပြီး စကားတစ်ခွန်းအား စူးစူးဝါးဝါးအော်ဟစ်တော့သည်။

"ခင်ဗျား ရူးနေပြီပဲ"

သူက လှည့်ကာ ပြေးထွက်သွားတော့သည်။ သူ၏ပုံရိပ်လေးကိုကြည့်ရသည်မှာ အတော်လေးကို ကံဆိုးနေပုံရနေ၏။

လင်းရုဖေးမှာ ကြည့်ရင်း ရယ်ချင်လာမိသည်။

"ဒီလိုကလေးသေးသေးလေးကို ဘာကြောင့်များခြောက်နေရတာပါလဲ"

သို့သော်ငြား ဘုန်းကြီးမှာ မှန်ကန်နေသည့်ဟန်ဖြင့် : "သူက အကျိုးအကြောင်းဆီလျော်တယ်လေ..ကိုယ်တော်ကလည်း အကျိုးအကြောင်းဆီလျော်တယ်လေ..မင်းဘယ်လိုများ ကိုယ်တော်က သူ့ကိုခြောက်နေရတာပါလို့ ပြောရတာလဲ"

ရလဒ်အနေဖြင့် သူကဤသို့ပြောနေရင်းမှ ဘုန်းကြီးကိုယ်မှ ထွက်လာသည့် တဂွီဂွီမြည်သံအား လင်းရုဖေးကြားလိုက်ရလေ၏။

___

Translated By IQ-Team.