အပိုင်း ၁၀၃
Viewers 14k

Chapter 103
တာ့ကျင့် [ ကြီးမြတ်သောကျင့် ]

-------------


ယွီရွေ့မှာ မရယ်ဘဲမနေနိုင်ချေ။

"ဆရာတော်လေး..အစာမစားရတာဘယ်လောက်ကြာပါပြီလဲ"

ဘုန်းကြီးက သက်ပြင်းချလိုက်ရင်း : "ကိုယ်တော်က ရှက်ရွံ့စရာကောင်းအောင် ပိုက်ဆံပြတ်လတ်နေပါတယ်...အာ"

လင်းရုဖေး : "ကျွန်တော်တို့လည်း သွားစားတော့မှာနဲ့ ကြုံနေတာပဲ...ဆရာတော်လေး...ကျွန်တော်တို့နဲ့ဘာကြောင့်များ အတူတူမသွားရမှာလဲ”

ဘုန်းကြီးမှာ ငြင်းပယ်လိုက်ရင်း : "ကိုယ်တော်က မထိုက်တန်ရင် ဆုလာဘ်ကိုမလိုချင်ပါဘူး..ဒါက ဘယ်လိုလုပ် သင့်လျော်ပါလိမ့်မလဲ"

လင်းရုဖေးက ဆက်ပြောသည်။

"ဆရာတော်လေးက ဘယ်လိုများ မထိုက်တန်ပါဘူးလို့ပြောနိုင်ရတာလဲ..ဆရာတော်လေးကသာ ကျွန်တော့်အိတ်ကိုရှာဖို့ကူညီပေးခဲ့တာပဲလေ"

“မင်းမှန်ပါတယ်"

ဘုန်းကြီးက ခေါင်းညိမ့်ပြလိုက်ရင်း : "ဒါဆို ဒကာတို့ကို ဒုက္ခပေးရဦးမှာပါပဲ"

ထို့နောက် လူတစ်စုမှာအပြင်ဘက်သို့ ဦးတည်လိုက်ကြသည်။လင်းရုဖေးက ဘုန်းကြီးအားအမည်မေးလိုက်သော် နန့်ယင်းဘုရားကျောင်းမှ ရွှမ်ချင်းဟုခေါ်ကြောင်း ပြန်ဖြေလာပြီး သူက လောကတစ်ခွင်လှည့်လည်သွားလာနေတာဟုဆိုသည်။ ထို့မှတစ်ဖန် တာ့ကျင့်၏အင်ပါယာမိသားစုက တစ်ခုခုရင်ဆိုင်နေရကာ သူ့အားကူညီရန်ဖိတ်ကြားလာသဖြင် တိုက်ဆိုင်သွားရခြင်းပင်။

“ဒါနဲ့ ဆရာတော် ရွှမ်ချင်းက အသားမစားနိုင်ဘူးနော် ဟုတ်တယ်မို့လား"

စားသောက်ဖို့ပြောနေရင်းမှ လင်းရုဖေးက ဤသည်အား ရုတ်တရက် သတိရသွားလေသည်။

“ဟုတ်ပါတယ်"

ရွှမ်ချင်းက ဆက်၍ဆိုသည်။

"ဘုန်းကြီးတွေက ကျွေးမွေးဖို့ လွယ်ပါတယ်..ဒကာလေး..ဒီဘုန်းကြီးကို ထမင်းပေါင်းနှစ်ပွဲသာ ဝယ်ပေးပါ"

လင်းရုဖေးမှာ မည်သို့များ ဆန္ဒရှိမည်နည်း။ သူက ရွှမ်ကျင်းအား အတင်းဆွဲခေါ်ကာ စားသောက်ဆိုင်ကောင်းကောင်းရွေးလိုက်ပြီး သူ့အတွက် တမင်သက်သက်ပင် သတ်သတ်လွတ်အစားအစာများ ပြည့်လျှံစွာမှာပေးလိုက်သည်။

ရွှမ်ကျင်းသည်လည်း သူမစားသောက်ရသည်မှာ မည်မျှကြာသွားသည်အား မသိချေ။ ပထမအကြိမ် အစားအသောက်ရောက်လာသည်နှင့် လင်းရုဖေးဖြင့်စကားပြောနေသည်အား ချက်ချင်းရပ်ကာ တူများကိုင်၍ မယုံနိုင်လောက်အောင် အားရပါးရစားသောက်တော့၏။

လင်းရုဖေးတွင် မည်သည့်အခါမှ အစာစားချင်စိတ်ကောင်းကောင်းမရှိချေ ...ထို့ကြောင့် သူက ဟင်းအမည်နည်းနည်းသာ စားလေသည်။ သူက ထမင်းအိုးကြီးတစ်လုံးနှင့် သတ်သတ်လွတ်ဟင်းပွဲအနည်းငယ်အား အလွယ်လေး သိပ်နိုင်သည့် ရွှမ်ချင်းအား စိတ်ဝင်တစားစောင့်ကြည့်နေမိသည်။ ထိုအခါမှပင် ထိုသူ့တွင်ကျေနပ်သွားသည့်ပုံပြလာသည်။

လင်းရုဖေးမှာ မေးမိ၏။

"ဆရာတော်လေး..ညကျရင် ဘယ်မှာကျိန်းတော်မူမှာပါလဲ"

ရွှမ်ချင်းက ပြန်ဖြေသည်။

"ကိုယ်တော် ဘုရားကျောင်းမှာ နေမှာပါ"

သူက လက်အုပ်ချီရင်း လင်းရုဖေးထံဦးညွတ်ပြကာ : "ကိုယ်တော်က ကောင်းကင်ဘုံအုပ်ချုပ်သူကို ကျေးဇူးတင်ရမယ်...တကယ်လို့သူ့ကိုးကွယ်သူတွေရဲ့ ကျယ်ပြန့်တဲ့ဘုရားကျောင်းအဆောက်အအုံတွေကြောင့်သာ မဟုတ်ရင် ဘုန်းကြီးက ကောင်းကင်ကို စောင်လုပ် ကမ္ဘာမြေကို ဖျာအဖြစ် သုံးရတော့မှာပဲ"

လင်းရုဖေးမှာ ရယ်မောလိုက်ရင်း : "ဆရာတော်က ကောင်းကင်ဘုံအုပ်ချုပ်သူကို ယုံကြည်တာပဲ..ဒါဆို ဘာလို့များ ကျွန်တော့်ကိုဦးညွတ်နေတာပါလဲ..စကားမစပ် ဆရာတော်ခုဏက တာ့ကျင့်အင်ပါယာမိသားစုက ဖိတ်ခေါ်ခဲ့တယ်လို့ ပြောလိုက်သလားလို့"

"ဟုတ်ပါတယ်"

ရွှမ်ချင်းက ဖြေလိုက်ရင်း : "လင်းကုန်းဇီရော အင်ပါယာမိသားစုဆီသွားချင်လို့လား"

လင်းရုဖေးက ခေါင်းညိမ့်ပြလိုက်ရင်း : "ကျွန်တော့်မှာ ပေးပို့ရမယ့် ဖိတ်ကြားစာရှိတယ် ပြီးတော့ ဆရာတော်နဲ့ တစ်လမ်းတည်းသွားဖို့ ကြုံကြိုက်သွားတယ်...ဘာလို့များ ဆရာတော်က ကျွန်တော်နဲ့လိုက်ပြီး အဖော်လုပ်မပေးတာလဲ"

ရွှမ်ချင်းမှာ တစ်ခဏမျှ တွေးဆနေရင်း : "ဒကာလေးအတွက် ဒုက္ခဖြစ်စေနေပါဦးမယ်"

လင်းရုဖေးမှာ ခေါင်းခါပြလိုက်ပြီး : "ဘာဒုက္ခရှိမှာလဲ...လမ်းတစ်လျှောက်လေးတင်ပဲကိုဗျာ"

ထို့ကြောင့် ရွှမ်ချင်းမှာ သဘောတူသွားလေသည်။

သို့သော်ငြား ထိုသို့ဖြစ်သွားရင်တောင်မှ လင်းရုဖေးက သူ့အား တည်းခိုခန်းတွင်အတူတူနေရန်ဖိတ်ကြားလာသည့်အခါ ရွှမ်ချင်းမှာ ငြင်းဆန်လာ၏။ သူက ဘုရားကျောင်းတွင်သာ နေမည်ဖြစ်ကြောင်းပြောလာကာ လင်းရုဖေးအား အများကြီးနှောင့်မယှက်နိုင်ကြောင်းပါ ပြောလာသည်။ လင်းရုဖေးက အမှန်ပင် ခေါင်းမာနေသည့်သူ့အား တွေ့ရချိန်တွင် အရှုံးပေးရချေသည်။

ရွှမ်ချင်းက မထွက်ခွာမီတွင် နှစ်ဦးသား တာ့ကျင့်အင်ပါယာမြို့တော် [ တန့်ရှောင်း[2] ] သို့ မနက်ဖြန်မနက်တွင် အတူတူထွက်ခွာရန် သဘောတူလိုက်ကြ၏။

သူတို့က ရထားလုံးစီးကာသွားပါက လမ်းတွင် မတော်တဆမကြုံရလျှင် တန့်ရှောင်းသို့ရောက်ရန် လေးငါးရက်ခန့် ကြာမည်ဖြစ်သည်။

ယွီရွေ့က ပိုးယပ်တောင်ကိုသုံးကာ သူ့အား ညင်သာစွာ ခပ်ပေးနေရင်း လင်းရုဖေးဘေးတွင် ရှိနေ၏။ သူမက ပြုံးကာ အနှီဘုန်းကြီးမှာ စိတ်ဝင်စားဖွယ်ပုဂ္ဂိုလ်ဖြစ်ကြောင်းပြောသည်။

လင်းရုဖေးမှာ သူမအားကြည့်လိုက်ပြီးနောက် ဖူဟွားအား ကြည့်လိုက်ပေသည်။ သူက သက်ပြင်းချရင်း ဟုန်လွမ်ကြယ်[3]က သူတို့မိသားစုဆီသို့များ သက်ဆင်းရန်ဆုံးဖြတ်ထားသည်လားဟုပင် တွေးလိုက်မိ၏။

ယွီရွေ့က စူးစူးဝါးဝါးကြည့်ကာ : "သခင်လေး.. ဘယ်လိုများ ကျွန်မကို ဒီလိုမျိုးကျီစားရတာလဲ...သူက ဘုန်းကြီးတစ်ပါးနော်"

လင်းရုဖေးက အေးအေးဆေးဆေး ပြောလိုက်သည်။

"သူက ကြည့်မကောင်းဘူးလား"

“ကြည့်ကောင်းတယ်...သူက ကြည့်ကောင်းတယ်..."

ယွီရွေ့က နှုတ်ခမ်းကိုက်ရင်း ဆို၏။

"ဒါပေမယ့် သူက ဘုန်းကြီးတစ်ပါးဖြစ်နေတုန်းလေ"

လင်းရုဖေး : "တကယ်လို့ သာသနာ့ဘောင်ကို စွန့်ခွာပြီးတော့ သာမန်ဘဝကိုပြန်သွားဖို့ ခံယူချက်ရှိသေးရင်ရော"

သူက ထိုသို့ပြောလိုက်ရင်းမှ မထိန်းနိုင်ဘဲ အရင်ဆုံး ရယ်မောမိသွား၏။

"အသေးလေး[4]...ဘာတွေစိတ်လှုပ်ရှားနေတာတုန်း..ငါက စနေတာပါ"

ယွီရွေ့က "ဟမ့်"ခနဲအသံပြုကာ ဆိုသည်။

"အဲ့လို မလုပ်နိုင်ဘူး...ကျွန်မသာအတည်ယူလိုက်ပြီး ဘုန်းကြီးက သာသနာ့ဘောင်ကနေ စွန့်ခွာဖို့ငြင်းဆန်ရင်ရော သခင်လေး ဘယ်လိုလုပ်မှာလဲ"

လင်းရုဖေးမှာ ရင်ဘတ်အားပုတ်ပြလိုက်ပြီး : "ကောင်းပြီလေ..ငါဘုန်းကြီးကို ကြိုးချည်ပြီးတော့ သူ့ကို မင်းအတွက် ခေါ်လာပေးမယ်လေ"

ယွီရွေ့နှင့်ဖူဟွားမှာ ကျယ်လောင်စွာ သံပြိုင်ရယ်လိုက်ကြလေသည်။ သူမတို့နစ်ဦးလုံးမှာ လင်းရုဖေးက နောက်နေသည်သာဖြစ်ပြီး နှလုံးသားထဲသို့ မထည့်ကြောင်း သိကြပေသည်။ သို့သော်ငြား သူ့ဘေးရှိ ကုရွှမ်းတုသည်ဖြင့် မျက်မှောင်ကြုတ်သွား၏။လင်းရုဖေးမှာ အခန်းထဲသို့ဝင်ချိန်တွင် သူ့အား မည်သည့်အတွက်ကြောင့် ဤမျက်နှာမျိုးဖြစ်နေရသလဲဟု မေးလိုက်သည်။

ကုရွှမ်းတု : "ကိုယ်က မင်းသူ့ကို မရိုက်နိုင်မှာစိုးတာ...အာ..."

လင်းရုဖေးက မေးခွန်းထုတ်မိရသည်။

"သူက အဲ့ဒီလောက်အထိ အားကောင်းတယ်လား"

ကုရွှမ်းတုက ဆိုသည်။

"သူတင်မကဘူး..နန့်ယင်းဘုရားကျောင်းကသူတိုင်းက အကုန်လုံးမကောင်းဆိုးဝါးတွေပဲ..လက်ရှိ မင်းသာ သူနဲ့တကယ်ကြီးရန်ဖြစ်ခဲ့ရင် မင်းကသူ့ရဲ့ပြိုင်ဘက်ဖြစ်နိုင်မှာမဟုတ်ဘူး"

လင်းရုဖေးက တွေးတွေးဆဆဖြစ်သွားမိ၏။

ရွှမ်ချင်းက စားသောက်ဆိုင်မှထွက်လာပြီးသည်တွင် သူတည်းခိုမည့် ဘုရားကျောင်းဆီသို့ ဖြေးဖြေးမှန်မှန်လေးလျှောက်သွားလေ၏။ ကောင်းကင်မှာ မည်းမှောင်နေကာ လမ်းပေါ်တွင် လမ်းသွားလမ်းလာ လူအနည်းငယ်သာ ရှိသည်။ သူက နောက်ဖေးလမ်းကြားဘေးတွင် ဖြတ်သွားလိုက်ချိန်တွင် ကလေးငယ်၏နားကွဲမတတ်အော်သံနှင့် ခက်ထန်စွာအော်ငေါက်ဆဲဆိုနေမှုတို့ဖြင့် ရောယှက်နေသည် အသနားခံတောင်းပန်နေသည့်အသံကိုကြားလိုက်ရသည်။

ရွှမ်ချင်း၏ခြေလှမ်းများမှာ တစ်ခဏမျှ ရပ်ဆိုင်းသွားကာ လမ်းကြားထဲသို့ လျှောက်၀င်သွားလိုက်သည်။

လမ်းကြားလေးမှာ အလင်းမှိန်မှိန်လေးသာရှိ၍ အမျိုးမျိုးအထွေထွေပစ္စည်းများဖြင့် ရှုပ်ပွနေ၏။ ထောင့်နားလေးတွင်မူ တုတ်ကိုင်ထားသည့် လူလတ်ပိုင်းအချို့ရဲ့ ရိုက်နှက်ခြင်းကိုခံနေရသည့် ကွေးကွေးလေးဖြစ်နေသည့်ကလေးတစ်စုပင်။

"အမှိုက်ထုပ်ကောင် ..ဒီနေ့က ကောက်ရိတ်သိမ်းတဲ့နေ့လား..မင်းရဲ့အတွေးသေးသေးလေးတွေကို ဖယ်ထုတ်လိုက်..မင်းနောက်ထပ် အသက်မရှင်ချင်တော့ဘူးလား"

ထိုသူက ပြောနေရင်းနှင့် တုတ်ကိုယူကာ ကလေးပေါ်သို့လွှဲရန်ပြင်လိုက်သည်။

သို့သော်ငြား သူသည် ရုတ်တရက်ပင် အနောက်မှ နူးညံ့ညင်သာသည့်"အော်မီတော်ဖော် ဗုဒ္ဓ"ဟုဆိုသော အသံကိုကြားလိုက်ရသည်။

ထိုလူက လှည့်ကြည့်လိုက်သည့်အခါ သင်္ကန်းအဟောင်းတစ်ထည်ဝတ်ထားသည့် ချောမောလှသည့် ဘုန်းကြီးတစ်ပါးအား တွေ့လိုက်ရလေ၏။

ထိုသူ၏မျက်လုံးများမှာ တစ်ဝက်ပိတ်ထားကာ သိမ်သိမ်မွေ့မွေ့အသံနှင့် ရွတ်ဆိုနေသည်။

"ဘာကြောင့်များ ဒကာနှစ်ယောက်က ကလေးတစ်အုပ်ကို အနိုင်ကျင့်နေရတာပါလဲ"

“ခင်ဗျားအပူမပါဘူး..ထွက်သွားမလား ဒါမဟုတ် ခင်ဗျားကိုရော ရိုက်ပေးရမလား"

ထိုလူသည်် ဤသည်က အလွန်ပိန်ပါးသည့်ဘုန်းကြီးသာဖြစ်ကြောင်းတွေ့လိုက်ရာ သူ့မျက်နှာအနေအထားမှာ ပို၍တောင်မှ ရက်စက်ဟန်ရှိလာသည်။

သူက မြေပြင်ပေါ်သို တံတွေးထွေးလိုက်ရင်း လက်ထဲရှိတုတ်အား ယမ်းလိုက်ကာခ: "ထွက်သွား"

ဘုန်းကြီးမှာ မရွေ့သည့်အပြင် ရပ်နေ၏။

“ခင်ဗျား လူလိုပြောတာကို နားမလည်နိုင်ဘူးလား"

ထိုလူက ဘုန်းကြီးမရွေ့သွားသည်အား သတိထားမိရာ ပို၍ပင် စိတ်တိုလာချေသည်။ သူက ဤနယ်မြေတစ်ဝိုက်ရှိ လူမိုက်ခေါင်းဆောင်ဖြစ်ကာ သူ့ထိန်းချုပ်မှုအောက်တွင် သူခိုးတစ်အုပ်စုကြီးရှိလေ၏။ အနှီသူခိုးအများစုမှာ ငယ်ရွယ်ကာ ထောက်ပံ့မှုမရှိသည့် ကလေးများပင်...ထိုကလေးများမှာ ထိန်းချုပ်ရအလွယ်ကူဆုံးဖြစ်သည်။

“အော်မီတော်ဖော် ဗုဒ္ဓ"

ဘုန်းကြီးမှာ လက်အုပ်ချီလိုက်ရင်း သက်ပြင်းအရှည်ကြီးချမိလေသည်။

"ပိုက်ဆံရှာရတာက အမှန်တော့ လွယ်ကူတဲ့ကိစ္စ မဟုတ်ပါလား"

သူက ပြောပြီးသည်တွင် သူ့ကိုယ်သူ တတွတ်တွတ်ပြောလိုက်၏။

"သတ်လိုက်တာမှ ပိုလွယ်ဦးမယ်"

ထိုသို့ပြောလိုက်သည်နှင့် သူကလှည့်ထွက်သွားကာ လမ်းကြားထဲမှ လျှောက်ထွက်လာလိုက်၏။

ထိုအုပ်စုက ဘုန်းကြီးကြောက်သွားသည်ဟု ထင်လိုက်ကြသည်။သူတို့က သူ့အား အကြိမ်အနည်းငယ်ခန့်ရယ်သွမ်းသွေးပြီးသည်နှင့် လေဟာနယ်အား ဖြတ်တိုက်လာသည့် ချွန်ထက်သည့်လက်နက်၏ အသံက ရုတ်တရက်ပင် သူတို့၏နားဘေးမှကြားလိုက်ရသည်။ မကြာမီ သူတို့၏လည်ပင်းဆီမှနေ အေးစက်သည့်အထိအတွေ့တစ်ခုကိုခံစားမိသွားကာ သူတို့၏အမြင်အာရုံမှာ လုံ၀အမှောင်အတိဖုံးလွှမ်းသွားတော့သည်။


ဒုန် ဒုန် ဒုန်

အနောက်မှ လေးလံသည့်အရာများ မြေပေါ်သို့ပစ်ကျသည့် အသံထွက်လာကာ ကလေးများ၏ စူးစူးဝါးဝါးအော်သံများမှာ တစ်ဆက်တည်းဆိုသလို အထိတ်တလန့်ထွက်ပေါ်လာတော့၏။

ဘုန်းကြီးမှာ ဤသည်အား ကြားသော်ငြား လှည့်မကြည့်ချေ။ သူက အော်မီတော်ဖော် ဟု ထပ်မံ၍ ရွတ်ဆိုနေပြီးနောက် အင်္ကျီလက်ထဲတွင် သိမ်းထားသည့် အိတ်ကလေးအား ထုတ်ယူကာ ကျန်နေသည့် အကြွေစေ့သုံးစေ့အား ဂရုတစိုက်ရေတွက်ကြည့်လိုက်လေ၏။

နောက်တစ်နေ့တွင် လင်းရုဖေးက တည်းခိုခန်းအပေါက်ဝ၌ ရွှမ်ချင်းနှင့် ဆုံတွေ့သည်။ သူက ထိုဘုန်းကြီး၌ စားသောက်ရန်ပိုက်ဆံမရှိသည်အားသိသဖြင့် သူ့အတွက် အစာသွပ်မုန့်များအား အထူးတလည် ထုပ်ပိုးပေးထားလိုက်သည်။

ရွှမ်ချင်းမှာ ပျော်ရွင်စွာပင် အစာသွပ်မုန့်အားယူလိုက်ရင်း တစ်ပိုင်းအား တည်တည်ငြိမ်ငြိမ်စားလိုက်၏။ သူက ကျေနပ်သည့်ပုံပြနေချိန်တွင် ဘေးမှသူ့အား တစ်ယောက်ယောက်ခေါ်သံကိုကြားလိုက်ရသည်။

"ဘုန်းကြီး"

ရွှမ်ချင်းမှာ လှည့်ကြည့်လိုက်သော် လင်းရုဖေး၏အိတ်အားခိုးခဲ့သည့် မနေ့က ကလေးအား တွေ့လိုက်ရသည်။

ထိုကလေးမှာ ရွှမ်ချင်းအား မျက်လုံးတောက်တောက်လေးများနှင့် ကြည့်နေရင်း : "ဘုန်းကြီး ကျွန်တော် ဘုန်းကြီးဆီကနေ ကိုယ်ခံပညာသင်လို့ရမလား"

ရွှမ်ချင်းမှာ သတိလစ်မတတ် ထိတ်လန့်သွားကာ သူ့ကိုယ်သူ ညွှန်ပြလိုက်မိ၏။

"ကိုယ်တော့်ဆီကနေလား..."

ကောင်လေးက ခေါင်းညိမ့်ပြလိုက်သည်။

"ကျွန်တော် မနေ့ညက အဲ့ဒါကို မြင်လိုက်တယ်..ကျွန်တော်လည်း ဘုန်းကြီးဆီကနေ ဘယ်လိုသတ်ရမလဲဆိုတာ သင်ချင်တယ်"

ရွှမ်ချင်းက မေးလိုက်မိ၏။

"မင်းက ဘယ်လိုသတ်ရမလဲဆိုတာ သင်ပြီးဘာလုပ်ချင်လို့လဲ"

ကလေးမှာ အေးဆေးတည်ငြိမ်စွာဖြေလာသည်။

"တကယ်တော့ ပိုက်ဆံရှာမလို့ပါ...ပိုက်ဆံအများကြီးရှာမလို့"

"ပိုက်ဆံ"ဆိုသည့် စကားလုံးအားကြားရာတွင် ရွှမ်ချင်း၏မျက်နှာက ခါးသီးမှုတို့ဖြင့်ဖုံးလွှမ်းသွားတော့သည်။

သူက လက်ယမ်းပြကာ ဆိုလိုက်သည်။

"တော်ပြီ..တော်ပြီ..တခြားတစ်ယောက်သွားရှာချေ.."

သူက ထိုသို့ပြောပြီးသည်နှင့် ရထားလုံးထဲသို့ ကပျာကယာဝင်သွားတော့သည်။

သူက ထိုအရာအား မှားယွင်း မြင်နေသည်လား မမြင်သည်လား မသေချာသော်လည်း လင်းရုဖေးမှာ အနှီရွှမ်ချင်း၏နောက်ကျောကနေ မပျော်မရွှင်ဖြစ်နေခြင်းအား ခံစားလိုက်ရ၏။


****

စာရေးသူမှာ ပြောစရာရှိတယ်~

ကုရွှမ်းတု : မင်းမူးမသွားခဲ့ရင် ဘယ်လောက်တောင်ကောင်းလိမ့်မလဲ..

လင်းရုဖေး : ကျွန်တော် မူးမသွားခဲ့ရင်...

ကုရွှမ်းတု : ?

လင်းရုဖေး : ဒါဆိုရင် ကျွန်တော်က လာမယ့်အခန်းကစ အပိတ်ခံရမှာ စိုးမိတယ်

ကူရွှမ်းတု : ........


─────────────────────────────────────────────────


[1]ကိုယ်က တစ်ခါမှမကြားဖူးတော့ ဒီပုံပြင်ကဘာဆိုတာ သေချာမသိဘူး။ ဒါပေမယ့် ဒီနေရာမှာက မူလစာသားပါ..တကယ်လို့ ပုံပြင်အကြောင်းသိရင် ကောမန့်လေး ချန်ပေးကြပါလို့ uwu 类似什么逆水斩龙之类的 ↩

[2] ထန်ရှောင်းက မီးထွန်းပွဲတော်လို့ အဓိပ္ပါယ်ရပါတယ်။ ကိုယ် ဒါကို မြို့အမည်လို့ မသိခင်က မီးထွန်းပွဲတော်အဖြစ်နဲ့ပဲ ထင်ခဲ့တာပါ။

[3] ဟုန်လွမ်ကြယ်...သူက လက်ထပ်ခြင်းနဲ့ ပွဲကျင်းပတာကို ရည်ညွှန်းတာပါ။ ရိုးရာဓလေ့အရ မင်းဒီကြယ်ကိုမြင်ရင် မင်းရဲ့စစ်မှန်တဲ့ဖူးစာကို တွေ့ရလိမ့်မယ်...ယနေ့ခေတ်လူ့အသိုင်းအဝိုင်းမှာတော့ ဟုန်လွမ်ကြယ်ရွေ့နေတယ်ဆိုတဲ့ ဒေသိယစကားကို သိပ်မကြာခင်လက်ထပ်ရတော့မယ်လို့ ဆိုလိုတဲ့ ရှေ့ပြေးလက်ထပ်ပွဲအနေနဲ့ ရည်ညွှန်းပြီးသုံးပါတယ်..

[4] ဒီနေရာက စကားစုက 小丫头 အကြမ်းဖျင်းဘာသာပြန်ရရင် "မိန်းမငယ်လေး"ဒါပေမယ့် အစေခံမိန်းကလေးတွေအတွက်လည်း သုံးလေ့ရှိပြီးတော့ ချစ်ခင်ကြင်နာမှုအဖြစ်လည်း သုံးပါတယ်...။ ဒီကိစ္စမှာ ချစ်ခင်ကြင်နာမှုထက်ပိုပြီး ခံစားရပေမယ့် တစ်ချိန်တည်းမှာပဲ"မိန်းမငယ်လေး"က အသံထွက်ရမှာဆန်းနေလို့"အသေးလေး"လို့ အစားထိုးပေးလိုက်ပါတယ်..။

__

Translated By IQ-Team.