အပိုင်း ၁၀၄
Viewers 15k

Chapter 104
အရှင်မင်းကြီး

-------------


အိတ်ထဲတွင် အကြွေစေ့သုံးစေ့သာကျန်သည့် ရွှမ်ချင်းမှာ သဘာဝအလျောက်ပင် ထိုကလေးအား ပိုက်ဆံရှာရန် သင်ပေးနိုင်လိမ့်မည်မဟုတ်။ ထို့ကြောင့် ကလေး၏စိတ်ပျက်သွားသည့်အကြည့်အောက်တွင်ပင် ဖူဟွားမှာ ကြာပွတ်အားပင့်လိုက်ရင်း လမ်းတစ်လျှောက် အဝေးသို့မောင်းနှင်သွားလေ၏။ လင်းရုဖေးမှာ ရွှမ်ချင်းနှင့်စကားပြောရင်း ရထားလုံးထဲတွင် ထိုင်လျက်ပါလာသည်။

ရွှမ်ချင်းက သူသည် နန့်ယင်းဘုရားကျောင်းမှလာသည်ဖြစ်ပြီး သုံးနှစ်ကြာ ခရီးသွားလာနေ၏ဟုဆိုလာသည်။ သူက နေရာအများအပြားသို့ရောက်ဖူးကာ ထူးဆန်းကာကို့ရိုးကားယားနိုင်သည့် အရာများနှင့်လည်း ဆုံခဲ့ရသည်။ လင်းရုဖေးက သူ့စကားများအား စိတ်ဝင်စားမှုအပြည့်နှင့် နားထောင်နေပြီး တစ်ခါတစ်ရံမေးခွန်းတစ်ခု သို့မဟုတ် နှစ်ခုအား မေးလာရင်း လေထုမှာ အလွန်သဟဇာတဖြစ်နေ၏။

“ဆရာတော်က တာ့ကျင့်အင်ပါယာနန်းတော်ဆီသွားရတဲ့ အကြောင်းရင်းက ဘာများပါလဲ"

လင်းရုဖေးက သိချင်စိတ်အပြည့်နှင့်မေးလိုက်သည်။

“ကိုယ်တော်ကို အထက်တန်းစားတစ်ယောက်က နတ်ဆိုးစိတ်ဝိညာဥ်ဝင်ပူးတာ ခံရတယ်ဆိုပြီး အကြောင်းကြားခဲ့တယ်...ဒါကြောင့် သူတို့က ဒီဘုန်းကြီးကို ရိုးရာနည်းလမ်းအတိုင်းနှင်လွှတ်ဖို့ ဖိတ်ကြားရတာပဲ"

ရွှမ်ချင်းက ဆက်၍ဆို၏။

"လင်းကုန်းဇီကရော ဘယ်သူ့ဆီကိုများ ဖိတ်ကြားစာပို့မလို့ပါလဲ"

လင်းရုဖေးက ဖြေသည်။

"တာ့ကျင့်ရဲ့ မင်းသားပိုင်ထျန်းရွေ့ထံကိုပါ"

“အို့...ဒါဆိုသူကိုး.."

ရွှမ်ချင်းမှာ နားလည်သွားသည့်ပုံပြလာသည်။

ပိုင်ထျန်းရွေ့မှာ တာ့ကျင့်မင်းသားဖြစ်ကာ ကျင့်ကြံခြင်းအဆင့်ရှစ်ထိပင် ရောက်နေသူဖြစ်သည်။ သူက တာ့ကျင့်အင်ပါယာမိသားစုတွင် ကျင့်ကြံခြင်းအဆင့်ငါးအား ဖြတ်ကျော်ခဲ့ဖူးသည့် တစ်ဦးတည်းသော ဓါးသိုင်းကျင့်ကြံသူတစ်ယောက်ဖြစ်သည်။သို့သော်ငြား လူများအကြားသူ၏ ဂုဏ်သတင်းမှာကောင်းမွန်ခြင်းမရှိချေ။ သူ့တွင် ထူးချွန်သည့်ပါရမီရှိသော်လည်း သူက ပြုံးနေသည့်ကျားတစ်ကောင်[1]စစ်စစ်ဖြစ်၏။ သူ့တွင် ကောက်ကျစ်တတ်သည့် ဥာဥ်ရှိကာ စိတ်အပြောင်းအလဲမြန်ပြီး ကြိုတင်မှန်းဆ၍မရနိုင်ချေ။ သူက လူအများအပေါ်ဖမ်းဆီးချုပ်နှောင်ခြင်းမရှိသော်လည်း သူ့အားရန်စရဲသည့်သူမှာ ကောင်းမွန်သည့်အရာများကြုံတွေ့ရလိမ့်မည်မဟုတ်ချေ။ ကောလဟာလများအရ သူတို့က ပိုင်ထျန်းရွေ့နှင့်ပထမဆုံးဆုံတွေ့သည်တွင် သူကပြုံးနေမည်ဖြစ်ပြီး သူတို့မိတ်ဆွေဖြစ်သွားပြီးအချိန်အထိ သူက ပြုံးနေမည်ဖြစ်သည်။ အဆုံးတွင်မူ သူကပြုံးနေလျက်ပင် သူတို့အားဓါးဖြင့်သတ်ဖြတ်ပစ်လိုက်မည်ဖြစ်သည်။ ကြက်သီးထဖွယ်အဖြစ်ဆုံးအရာမှာ သူ၏အပြုံးက ဟန်ဆောင်နေခြင်းမဟုတ်၍ပင်။ သူ၏ခံစားချက်အစစ်အမှန်ကို မည်သည့်တစ်ခဏမည်သည့်မိနစ်၌မဆို တွေ့နိုင်ပေ၏...သူက ပထမတစ်မိနစ်တွင် သင့်အား မိတ်ဆွေကဲ့သို့ဆက်ဆံနေမည်ဖြစ်ပြီး နောက်တစ်မိနစ်တွင် သင့်အား အမှန်ပင် သတ်ချင်လာပေလိမ့်မည်။

ဤကောလဟာလများက ပျံ့နှံ့လျက်ရှိကာ အစစ်အမှန်ဟုတ်သည် မဟုတ်သည်အားပြောရန် ခဲယဥ်းလှ၏။

သို့သော်ငြား လင်းရုဖေးမှာ တမူထူးသည့်သဘာဝရှိသော ဓါးသမားများအား တွေ့ရှိဖူးပြီးပြီဖြစ်၍ အနှီပိုင်ထျန်းရွေ့၏ ကောလာဟာလပုံရိပ်နှင့်ပတ်သတ်၍ အထူးတလည် ဆန်းကြယ်သည်ဟု မခံစားရချေ။

“သူက လှည့်စားတတ်တဲ့သဘောရှိတဲ့ မိန်းမလှလေးနဲ့တူတယ်...လင်းကုန်းဇီ ဒကာလေးအဲ့ဒီရောက်တဲ့အခါ သတိထားပြီးနေပါ"

ရွှမ်ချင်းက သတိပေးလာ၏။

လင်းရုဖေးမှာ ရွှမ်ချင်း၏စကားများအား အတည်မယူချေ။

"မဟုတ်မှ...ဆရာတော်က ပိုင်ထျန်းရွေ့အကြောင်းသိတယ်ပေါ့"

ရွှမ်ချင်း : " နည်းနည်းပါးပါး..သိတာပါ"

လင်းရုဖေးက ရွှမ်ချင်း၏အမူအရာမှာ အလွန်ထူးဆန်းနေသည်ဟု ခံစားလိုက်ရသော်ငြား အများကြီးမတွေးမိချေ။

ရာသီဥတုက သေလောက်အောင်ပင် ပူ၏။ ဖူဟွားမှာ ရထားလုံးထဲတွင် အအေးဓါတ်ရှိရန် ရေခဲများစွာထည့်ထားသည့်တိုင် အပူငွေ့ငွေ့ရှိနေဆဲပင်။ ယွီရွေ့က လင်းရုဖေးအား ယပ်ခတ်ပေးနေစဥ် သူမက ချွေးတစ်စက်မျှမထွက်ပုံပေါ်သည့် ရွှမ်ချင်းအား သတိထားမိသွားကာ သိချင်စိတ်အပြည့်နှင့် မေးလာ၏။

"ဆရာတော်လေးက...ဘယ်လိုလုပ်ပြီး ချွေးမထွက်ရတာပါလဲ...ဟင်..."

ရွှမ်ချင်းက ပြုံးလိုက်ရင်း : "တည်ငြိမ်နေတဲ့နှလုံးသားက ဒကာမလေးကို အေးမြစေပါလိမ့်မယ်"

“တည်ငြိမ်နေတဲ့နှလုံးသားက လူကိုအေးမြစေတယ်..ဒါကအလိမ်အညာကြီးပဲ"

ယွီရွေ့က ရေရွတ်လိုက်သည်။

“ဘုန်းကြီးတွေက မလိမ်ဘူး"

ရွှမ်ချင်းမှာ အးအေးဆေးဆေးဖြေလာသည်။

“ဆရာတော်လေးက မလိမ်ပါဘူး"
လင်းရုဖေးက ရယ်မောလိုက်ရင်း : "လူတွေလိမ်ရင် သူတို့တွေအေးတာကိုခံစားရမှာမှ မဟုတ်တာ သဘာဝပဲလေ"

ရွှမ်ချင်းက ခေါင်းညိမ့်ပြကာ : "ဘာပဲဖြစ်ဖြစ် လင်းကုန်းဇီက အရာရာနားလည်တယ်"

ယွီရွေ့က မျက်လုံးပြူးလာရင်း : "ဒါပေမယ့် ဆရာတော်လေးက လူသေမဟုတ်ဘူးလေ...သူဘယ်လိုများ အေးတာကိုခံစားနိုင်တာလဲ"

ရွှမ်ချင်းက စကားမပြောလာသော်ငြား ယွီရွေ့အား မျက်တောင်ခတ်ပြလိုက်၏။ ယွီရွေ့ကလည်း ပြန်ခံ၍ စိုက်ကြည့်ပေးလိုက်သည်။ နှစ်ဦးသားမှာ မျက်လုံးများနီလာသည်အထိ တစ်ဒင်္ဂမျှစိုက်ကြည့်နေကြသည်။ သို့သော်ငြား သူမမှာ အနှီဘုန်းကြီးက အမှန်ပင် မျက်တောင်မခတ်သည်အား တွေ့သွားသော် သူမက မည်သို့များနိုင်နိုင်ချေရှိမည်နည်း။ ထို့ကြောင့် သူမက မကျေနပ်သည့်အမူအရာနှင့်ပါးစပ်ကို အသာပိတ်လိုက်ပြီး ထောင့်ဘက်သို့ ကျုံ့သွားလိုက်သည်။

လင်းရုဖေးက အခြေအနေအား မြင်သွားသော် ကျယ်ကျယ်လောင်လောင်ရယ်မောရင်း ဆိုလိုက်၏။

"သခင်လေး..ကျေးဇူးပြုပြီး ကျွန်တော်တို့မိသားစုရဲ့ မိန်းမငယ်လေးကို အနိုင်မကျင့်ပါနဲ့တော့ဗျာ"

“အော်မီတော်ဖော် ဗုဒ္ဓ"

ရွှမ်ချင်းက လက်အုပ်ချီလိုက်ပြီး မျက်နှာတည်တည်ဖြင့် ဆိုလာသည်။

"ဘုန်းကြီးတွေက မိန်းမငယ်လေးတွေကို သရဲဇာတ်လမ်းတွေပြောပြနေတဲ့အချိန်ကလွဲလို့ ဘယ်တော့မှ အနိုင်မကျင့်ဘူး"

လင်းရုဖေးမှာ ထပ်၍ပင် ရယ်သံပေါက်ကွဲထွက်လာတော့သည်။

ရက်ပေါင်းတစ်ဆယ်ရက်မျှ ခရီးသွားပြီးသည်နှင့် လင်းရုဖေးမှာ အနှီရွှမ်ချင်းအကြောင်း များစွာလေ့လာခဲ့ရသည်။ ဤဘုန်းကြီးမှာ အလွန်စိတ်ဝင်စားဖွယ်ကောင်းကာ အကြောင်းအရာများများလည်း သိပေ၏၊ သူက တာ့ကျင့်အင်ပါယာမိသားစု၏လျှို့ဝှက်ချက် အနည်းငယ်ပင် လင်းရုဖေးအား ပြောပြလာသည်။ အဖေများနှင့်သားများက တစ်ဦးလည်ပင်းနှင့်တစ်ဦးကိုစောင့်ကြည့်နေကြသည့် မွေးချင်းပြိုင်ဘက်များကဲ့သို့ဖြစ်စဥ်မှာ အင်ပါယာမိသားစုထဲတွင် အဖြစ်များလေ၏။

သို့သော်ငြား တခြားသောစိတ်ဝင်စားစရာ အကြောင်းအရာများလည်းရှိသေးသည်။...အကြီးဆုံးမင်းသားက ထီးနန်းအားမလိုချင်သည်အထိ အမျိုးသမီးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခြင်းတို့ကဲ့သို့သောအကြောင်းအရာမျိုးပင်။ သို့သော်ငြား နှစ်ဦးသား မကြာမီလက်ထပ်တော့မည့်အချိန်တွင် မသေမျိုးဆရာသခင်တစ်ယောက် ရုတ်တရက်ပေါ်လာမည်အား မည်သူသိမည်နည်း။ သူက အမျိုးသမီးမှာ မင်းသားအား ဖြားယောင်းရန် စေလွှတ်လိုက်သည့် မိစ္ဆာတစ်ကောင်ဖြစ်ကြောင်းဆိုလာချေသည်။ ထို့နောက် သူက အစက်အပြောက်ပေါ်တွင် စာလုံးထွင်းလိုက်ရာ အမျိုးသမီးမှာ သူမ၏မူလပုံစံ သနားစဖွယ်ယုန်စိတ်ဝိညာဥ်အသွင်ပြောင်းသွားလေသည်။ အကြီးဆုံးမင်းသားမှာ အမျက်ချောင်းချောင်းထွက်သွားရလေသည်။ သူက ဓါးအား ဆွဲထုတ်ကာ မသေမျိုးဆရာသခင်၏ခေါင်းအားဖြတ်လိုက်ပေ၏။ ထို့နောက် သူက ဂရုတစိုက်ဖြင့် ယုန်လေးအား ကောက်ယူကာ လူအများအရှေ့တွင် ယုန်လေး၏နားရွက်များအား ပိတ်လိုက်ရင်း သူနေထိုင်ရာနန်းဆောင်သို့ခေါ်သွားလေသည်။

ယွီရွေ့မှာ အံ့အားသင့်စွာနားထောင်နေရင်းမှ ရေရွတ်လိုက်မိသည်။

"ဒါက ဖြစ်နိုင်လို့လား...ပုံမှန်ဇာတ်ကြောင်းအတိုင်းဆို မင်းသားက ထိတ်လန့်သွားပြီးတော့ အဆုံးမှာ မသေမျိုးဆရာသခင်က မိစ္ဆာကို ထိန်းချုပ်ခွင့်ပြုလိုက်ရမှာ မဟုတ်ဘူးလား"

“ဟုတ်တယ်လေ...လူတိုင်းကတော့ ဒီလိုတွေးတာပဲ တာ့ကျင့်နဲ့ မိစ္ဆာတွေက ရန်ငြိုးကြီးကြီးရှိတယ်...အကြီးဆုံးမင်းသားကလည်း စင်ကြယ်သင့်တယ်"

ရွှမ်ချင်းက ဆိုလိုက်ရင်း : "ဒါပေမယ့် ဒီကိစ္စက အာ...နောက်ပိုင်းကျတော့ အပြောင်းအလဲကြီးကြီးဖြစ်သွားတယ်လေ"

“ဘယ်လို အပြောင်းအလဲများလဲ" ယွီရွေ့က မေးလိုက်သည်။

“အဲ့ဒီ ခေါင်းပြုတ်သွားတဲ့ မသေမျိုးဆရာသခင်ရဲ့ကိုယ်က တကယ်တမ်း မိစ္ဆာအနေနဲ့ပြောင်းသွားတယ်လေ...ပြီးတော့ အဲ့ဒီအမျိုးသမီးက အကြီးဆုံးမင်းသားအိမ်မှာ လဝက်လောက်အားပြည့်အောင်လုပ်ပြီးသွားတော့ သူမရဲ့လူသားပုံစံကိုပြန်ရသွားတယ်"

ရွှမ်ချင်းက ဆိုလိုက်ရင်း : "နောက်ပိုင်းမှာ သူက တစ်ယောက်ယောက်ကို စစ်ဆေးဖို့ပို့လိုက်တော့ အဲ့ဒီအမျိုးသမီးက တစ်ကယ်တမ်း ယုန်စိတ်ဝိညာဥ် မဟုတ်ဘဲ မသေမျိုးဆရာသခင်ကြောင့် မတရားခံခဲ့ရတာ"

ယွီရွေ့က အံ့အားသင့်သွားသည့် အသံထွက်လိုက်မိကာ : "အဲ့ဒီလို ကိစ္စမျိုးက ဖြစ်နိုင်လို့လား"

"အင်ပါယာမိသားစုနဲ့စပ်လျဥ်းနေတဲ့ ကိစ္စတိုင်းက ဒကာလေးတို့တွေးတောင်မတွေးနိုင်အောင်ဘဲ ဒါပေမယ့် သူလည်းဘာမှမလုပ်နိုင်ဘူးလေ"

ရွှမ်ချင်းမှာ ခေါင်းအားယမ်းလိုက်ကာ သူ၏အသံအနေအထာမှာ ဝမ်းနည်းနေသည့်ဟန်ဖြင့် : "ကံကောင်းထောက်မပြီး အကြီးဆုံးမင်းသားက ပြတ်သားပြီးတော့ လူလိမ်တွေကို အခွင့်ကောင်းယူခွင့်မပေးခဲ့တာ...စိတ်မကောင်းစရာလေးတစ်ခုက..."

“စိတ်မကောင်းတာ..."

လင်းရုဖေးက စိတ်ဝင်စားစွာမေးလိုက်၏။

"စိတ်မကောင်းစရာလေးတစ်ခုက ဘာများလဲ”

ရွှမ်ချင်းက သူ့ခြေထောက်များအား ရိုက်လိုက်ရင်း ရယ်လာသည်။

"ကံမကောင်းတာက အမျိုးသမီးက ဒီကပ်ဆိုးကြီးကြုံပြီးတော့ အင်ပါယာမိသားစုကိုကြောက်လန့်သွားတယ်...သူမက အကြီးဆုံးမင်းသားနဲ့အတူနေရမှာကို ပြင်းပြင်းထန်ထန်ကန့်ကွက်တော့တယ်လေ"

လင်းရုဖေးနှင့် ယွီရွေ့မှာ တစ်ချိန်တည်းမှာပင် အချင်းချင်းစိုက်ကြည့်လိုက်မိသည်။ သူတို့က အကြောင်းအရာမှာ ထိုနည်းဤပုံကြီးဖြစ်သွားလိမ့်မည်ဟု မမျှော်လင့်ထားချေ။ စာအုပ်၏ဇာတ်ကြောင်းအတိုင်းဆိုပါက အကြီးဆုံးမင်းသားနှင့် သူ၏ချစ်ရသူလေးတို့ နောက်ဆုံးတွင် ပျော်ရွှင်လှပသည့် ဘဝလေးတွင် နေသွားသင့်သည်မဟုတ်ပါလား။

“ပြီးတော့ အဆုံးကရော...အဆုံးမှာ ဘာဖြစ်သွားတာလဲ"

ယွီရွေ့က စကားအားဆက်လိုက်၏။

“အဆုံးမှာ အကြီးဆုံးမင်းသားက ဒေါသထွက်သွားရပေမယ့် သင့်တင့်လျောက်ပတ်တဲ့အချိန်ရောက်လာတော့ မယူချင်တဲ့နန်းကိုဆက်ခံလိုက်ရတယ်လေ"

ရွှမ်ချင်းက ဤသို့ပြောနေရင်းမှ ခန္တာကိုယ်ကို ဟိုဒီယိမ်း၍ရယ်မောလိုက်ကာ : "လက်ရှိနေ့ရက်တွေရဲ့ မွန်မြတ်လှပါတယ်ဆိုတဲ့ ဧကရာဇ်က ဘယ်သူများထင်လို့လဲ...ဟားဟားဟားဟား...သူဘယ်တော့မှ သူ့ရဲ့ယုန်ငယ်လေးကို ရှာမတွေ့နိုင်သေးတာ သနားစရာပဲ"

လင်းရုဖေးနှင့် ယွီရွေ့မှာ ရုတ်တရက်ပင် ပြောစရာမရှိဖြစ်သွားရသည်။ ရွှမ်ချင်း၏ရယ်သံကနေတဆင့် သူက တခြားသူ၏ကံဆိုးမှုအား ရယ်မြူးနေသည်ကို အတိုင်းသား ခံစားလိုက်ရသည်။

သူတို့က ရွှမ်ချင်းနှင့် အကြီးဆုံးမင်းသားတို့ကြား ဆက်နွှယ်မှုအားမသိခဲ့ကြချေ။

ရွှမ်ချင်းက ရယ်နေသည်အား လက်စသတ်လိုက်ရင်း လက်ယမ်းပြလာ၏။

"ဒါက ကောလဟာလသက်သက်ပဲ ..လင်းကုန်းဇီ ဒါကို နန်းတော်ထဲမှာ မပြောရဘူးနော်....မှာစိုးလို့"

သူက ချောင်းနိမ့်နိမ့်ဆိုးရင်း : "လက်ရှိမွန်မြတ်တဲ့ ဧကရာဇ် စိတ်တိုလာမှာစိုးလို့".”

လင်းရုဖေးက ခေါင်းညိမ့်ပြရင်း သတိထားပါမည်ဟု ဆိုလိုက်ရသည်။

ယွီရွေ့သည်ကား ဘေးတွင် မျက်စိလည်နေ၏။ သူမမှာ ဤလက်တွေ့ဆန်သည့် အဆုံးသတ်အား လက်မခံနိုင်ပုံပေါ်သည်။သူမ၏မျက်နှာ အမူအရာမှာ ရှုပ်ထွေးနေသည်။ သူမက အကြိမ်ပေါင်းများစွာ ရွှမ်ချင်းအားကြည့်၍ တစ်ခုခုပြောချင်ပါသော်ငြား ကိုယ့်ကိုကိုယ် ထိန်းထားလိုက်ရသည်။

ရလဒ်အနေနှင့် ထိုညတွင် သူတို့က ယွီရွေ့ တောင်တောင်ထဲမှ ဖမ်းလာသည့်ယုန်ရိုင်းတစ်ကောင်အား စားသောက်ခဲ့ကြသည်။

ယုန်ရိုင်းမှာ အိမ်မွေးယုန်ကဲ့သို့ မဟုတ်ချေ။ အသားမှာ အနည်းငယ်ရင့်[2]ကာ ကောင်းစွာမကိုင်တွယ်ပါက အနံ့ထွက်ပေလိမ့်မည်။ ကံကောင်းစွာဖြင့် ဖူဟွားမှာ အချက်အပြုတ်ကောင်းသူ ဖြစ်၏။ သူမက ယုန်သားအား ဦးစွာ အရသာမှုန့်ဖြင့်စိမ်လိုက်ပြီး ဖြေးဖြေးချင်း ကျက်သွားစေရန် မီးဖိုပေါ်သို့တင်လိုက်သည်။များမကြာမီတွင် မျက်နှာပြင်မှ အဆီတို့မှာ ကြွပ်ရွလာကာ အသားနံ့လှိုင်လှိုင်ထွက်လာ၏။

သတ်သတ်လွတ်သမားဖြစ်သည့် ရွှမ်ချင်းအဖို့ ဤသည်အား မခံစားနိုင်သည်မှာ စိတ်မကောင်းဖွယ်ဖြစ်၍ သူ့အတွက် ယွီရွေ့အထူးဖုတ်ထားသည့် ကန်စွန်းဥများသာ စားရလေသည်။

ယုန်သားမှာ အမှန်ပင် အရသာကောင်းမွန်လှသော်ငြား ရာသီဥတုက လွန်စွာမှပူသဖြင့် လင်းရုဖေး၏စားချင်စိတ်သည်လည်း မကောင်းချေ။ သူက ယုန်ခြေထောက်အား စားပြီးသည်နှင့် ပင်ပန်းလာသကဲ့သို့ ခံစားရသည်။ အဆုံးတွင်ဖြင့် သူ နည်းနည်းလေးမျှပိုစားစေရန် ဖူဟွားက ဆန်အချို့အားဖိချေကာ သူ့အတွက် ပဲစေ့စွပ်ပြုတ်အေးတစ်ပန်းကန်လုပ်ပေးလာသည်။

ရွှမ်ချင်းမှာ သက်ပြင်းချလိုက်ရင်း : "ဘာလို့များ လင်းကုန်းဇီရဲ့ အစာစားချင်စိတ်က အရမ်း ဆိုးဝါးရတာလဲ မင်းသာ ဒီလိုမစားမသောက်ဘဲနေရင် ခန္ဓာကိုယ်က ယိုယွင်းလာလိမ့်မယ်"

လင်းရုဖေးက လက်ယမ်းကာ သူက ဖြစ်နေကျဖြစ်၍မထူးခြားကြောင်း ရွှမ်းချင်းအား မစိုးရိမ်ရန် ပြောလိုက်သည်။

ညနေခင်းတွင် လူစုက တောင်ပေါ်က ဆင်းလာရင်း တောင်ခြေတွင် အနားယူရန် တည်းခိုခန်းတစ်ခုအား ရှာလိုက်၏။

လင်းရုဖေးက ပုံမှန်အတိုင်းပင် ကောင်းကောင်းအိပ်မပျော်ကာ ကုရွှမ်းတုနှင့်အတူ ထွေရာလေးပါးပြောချင်ခဲ့သည်။ သို့သော်ငြား သူက ကုရွှမ်းတုမှာ သူနှင့်အတူမရှိကြောင်း တွေ့လိုက်ရသည်။ ဤသည်မှာ အနှီဘုန်းကြီးရွှမ်ချင်းရောက်လာသည့်အချိန်မှစ ကုရွှမ်းတုမှာ ပို၍ပို၍စကားနည်းလာသည့်ပုံပင်။ အချိန်အများစုမှာ သူက လင်းရုဖေးဘေးတွင် တိတ်တိတ်လေးရပ်နေကာ စကားပြောခြင်း ဖြေကြားခြင်းလည်းမရှိချေ။ အချိန်အတော်ကြာလာသည့်အခါ လင်းရုဖေးမှာ ယင်းအား နေသားမကျဖြစ်လာသည်။

သူက အိပ်ရာထဲတွင် တစ်ဒင်္ဂမျှ လူးလွန့်ကာလှည့်ပတ်နေချိန်တွင် နဘေးမှ ကုရွှမ်းတု၏စကားသံအား ကြားလိုက်ရသည်။

"ဘာလဲ..အိပ်မပျော်ဘူးလား"

“အင်း.."

လင်းရုဖေးက မေးလိုက်သည်။

"အကြီးအကဲ ဘယ်တွေသွားနေတာလဲ"


ကုရွှမ်းတု : "ကိုယ်သွားခဲ့တာက..."

သူက စကားအား အဆုံးမသတ်ခင် လင်းရုဖေးထံမှ အဖြတ်ခံလိုက်ရသည်။

"ခင်ဗျား ဝိညာဥ်တွေကို သွားဖမ်းတယ်လို့တော့ မပြောနဲ့နော်"

ကုရွှမ်းတု : "မင်းဘယ်လိုသိသွားတာလဲ"

လင်းရုဖေးက သက်ပြင်းချမိသည်။

သို့ဆိုရင်တောင် ကုရွှမ်းတုမှာ သူအမှန်တကယ်သွားခဲ့သည့်နေရာအား ပြောပြချင်ပုံမပေါက်သဖြင့်ခလင်းရုဖေးကလည်း ထပ်မေးရန် မသင့်တော်ဟုသာခံစားလိုက်ရသည်။ သူက ကုရွှမ်းတုနှင့် ရွှမ်ချင်းအကြောင်း စကားစမြည်ပြောနေရင်းမှ ကုရွှမ်းတုကဆိုလာ၏။

"ဒီရွှမ်ချင်းရဲ့ စိတ်နေစိတ်ထားက ကောင်းမွန်လှတယ် ..ဒါပေမယ့် တစ်ခါတစ်လေ သူ့ရဲ့ထင်မြင်ချက်တွေက အတော်ထူးဆန်းတယ်...အံ့အားသင့်စရာမလိုပါဘူး"

လင်းရုဖေးမှာ သိချင်လာရသည်။

"အကြီးအကဲအသံနားထောင်ရတာ ဘာလို့များ ခင်ဗျားကဒီဘုန်းကြီးကို အကြာကြီးသိနေသလိုမျိုး ခံစားမိပါလိမ့်"

ကုရွှမ်းတုက မေးလိုက်သည်။

"အဲ့လိုဖြစ်သွားသလား"

လင်းရုဖေးက ခေါင်းညိမ့်ပြရင်း : "သေချာပေါက် အဲ့လိုပေါ့"

"ဒါဆို မင်းခံစားချက်တွေက မှားသွားပြီ"

ကုရွှမ်းတုက အတွေးထဲနစ်မြောနေကာ သူဘာတွေးနေသလဲတော့ မသိချေ။

"ရက်နဲနဲလောက်ကြာရင် ကိုယ်တို့က တာ့ကျင့်အင်ပါယာနန်းတော်ကိုရောက်တော့မှာ...မင်းပိုပြီးသတိထားရမယ်"

လင်းရုဖေးက မေးခွန်းထုတ်၏။

"အကြီးအကဲက ဘာတွေများ သိထားလို့လဲ"

ကုရွှမ်းတုက ခေါင်းခါပြလိုက်ရင်း : "ကိုယ်တစ်ခုမှ မသိပါဘူး...ဒါပေမယ့် ရွှမ်ချင်းကိုအကူအညီတောင်းခံရတယ်ဆိုကတည်းက ဒီကိစ္စက ပြဿနာကြီးဖြစ်လိမ့်မယ် ပြီးတော့...ဖြေရှင်းရလွယ်ကူမှာမဟုတ်ဘူး"

လင်းရုဖေးက သူ၏စကားလုံးများအား ချင့်ချိန်စဥ်းစားနေ၏။

ကုရွှမ်းတုသည် အိပ်ချင်နေသည့်ပုံအား ပြမလာမီအထိ အသံတိုးတိုးနှင့် လင်းရုဖေးအား စကားဆိုနေသည်။ လင်းရုဖေးမှာ သူ့အားအနားယူရန် တိုက်တွန်းလိုက်သည်။ သူက သမ်းဝေလိုက်ကာ ၀တ်ရုံလက်ရှည်အား ယမ်းလိုက်ပြီးသည်နှင့် လင်းရုဖေး၏အရှေ့တွင် သူ့ကိုယ်က ပျောက်သွားလေသည်။

သူ့အားကြည့်ရသည်မှာ အလွန်ဆိုးဆိုးဝါးဝါးပုံစံပင်။ သူ့အား ဤသို့ကြည့်နေရင်းမှ လင်းရုဖေးက ရှီးလျန့်တောင်ပေါ်တွင် ဖြစ်ပျက်ခဲ့သည်အား ရုတ်တရက်အမှတ်ရကာ ဤအင်ပါယာနန်းတော်သို့ သွားသည့်ခရီး၌လည်း ကုရွှမ်းတုလိုချင်သည့်အရာ တစ်ခုခုရှိနေနိုင်မည်လား။

လင်းရုဖေးမှာ ဤအကြောင်းအား ပိုတွေးလေလေ အဓိပ္ပါယ်ရှိလေလေဖြစ်သည်။ အိပ်ရာထက်တွင် လှဲနေရင်း ဤကိစ္စအား အချိန်အတော်ကြာစဥ်းစားနေမိသည်။ မနက်ခင်းအလင်းရောင် ထွက်ပေါ်လာသည့်အချိန်မှသာ တစ်မှေးလောက်အိပ်မိချေသည်။

နောက်တစ်နေ့တွင် ရထားလုံးမှာ လမ်းပေါ်သို့ပြန်ရောက်လာသည်။ လင်းရုဖေးက ပြတင်းပေါက်အား မှီနေရင်း မှေးနေ၏။

တာ့ကျင့်အင်ပါယာ၏မြို့တော်မှာ တန့်ရှောင်းဖြစ်သည်။ ဤအမည်ဖြစ်ရခြင်းမှာ တန့်ရှောင်းမြို့ထက်တွင် တစ်ညလုံးလင်းထိန်စေမည့် ကြယ်နှင့်တူသည့် အလင်းတန်းများရှိနေ၍ပင်။ ဤအလေ့အထမှာ နေရာတွင်ရှိခဲ့သည်က ကာလကြာပြီဖြစ်ကာ မည်သည်ကြောင့် စတင်ခဲ့သည်အား သူမသိချေ။ သို့သော်ငြား တန့်ရှောင်းဆိုသည့်အမည်က စင်စစ်တွင် နှစ်ပေါင်းရာချီဖြတ်သန်းခဲ့ပြီးလေ၏။

လင်းရုဖေးက "တန့်ရှောင်း"ဆိုသည့် စကားလုံးအား ကြိုက်သည်။ ထို့ကြောင့် သူသည်လည်း အင်ပါယာမြို့ရှိရာ ရှေ့သို့ လှမ်းကြည့်နေမိလေ၏။

သူတို့က အင်ပါယာမြို့တော်နှင့် ပို၍နီးကပ်လာသည်နှင့်အမျှ ပတ်ပတ်လည်ပတ်၀န်းကျင်မှာ ပို၍ကြီးပွားတိုးတက်လာလေပင်။တာ့ကျင့်ပြည်သူပြည်သားများမှာ လူချောလေးတစ်ယောက်လမ်းလျှောက်လာသည်နှင့် သူ့အားလှပသည့်ပိုးခြည်ပန်းပွင့်များပေါက်သည်အထိ ရဲတင်းသောကောင်မလေးများပင်ရှိလာသည့်တိုင် ပွင့်လင်းလွန်းပေသည်။

လင်းရုဖေးမှာ တာ့ကျင့်ရှိ ဤအလေ့အထအား သတိမမူမိကာ အံ့အားသင့်သွားရသည်။ ရာသီဥတုမှာ ပူအိုက်လွန်းလှသဖြင့် လင်းရုဖေးအား ပန်းနှင့်ပေါက်သည့် အမျိုးသမီးကလည်း အင်္ကျီနှင့်စကတ်အတိုအား ဝတ်ဆင်ထားသည်။ သူမ၏ဆံနွယ်များအား ချည်နှောင်ထားပြီး ခါးရိုးအား လှစ်ဟာပြထား၏။ သူမက လင်းရုဖေး၏မျက်လုံးပြူးသွားသည်အား ကြည့်ရင်း သူမက သူ့အားခြောက်လန့်သလိုဖြစ်သွား၍ မြူးထူးရယ်မောလာသည်။ သူမက ပြည်တွင်းရှိဒေသိယစကားနှင့် စတင်စကားပြောလာသော်ငြား ကံဆိုးစွာဖြင့် လင်းရုဖေးမှာ တစ်လုံးမှနားမလည်ချေ။

အဆုံးတွင်ဖြင့် ဖူဟွားနှင့်ယွီရွေ့တို့က လင်းရုဖေးအား ကူ၍ လမ်းဘေးတွင်ရုတ်တရက်ပေါ်လာသည့် ချယ်ရီပန်းပွင့်များ[3]အား ကူတားလိုက်ရချေသည်။ အစေခံမလေးနှစ်ယောက်မှာ သူတို့၏ကုန်းဇီက စကားပြောစရာမရှိဖြစ်ကာ ထိကပါးရိကပါးပြုခံရတော့မည်အား အာရုံရသည်အခါ သူမတို့၏နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ပွင့်ခိုတွဲလာသည်။

လင်းရုဖေးမှာ ထိတ်လန့်စွာ ရေရွတ်လိုက်သည်။

"ဒါကြီးက အရမ်းတဲ့တိုးဆန်တာပဲ"

“ဒါက တာ့ကျင့်ရဲ့မူပိုင်ပဲလေ"

ရွှမ်ချင်းက ရယ်မောလိုက်ရင်း : "ကုန်းဇီက မကြာခင် ကျင့်သားရလာပါလိမ့်မယ်"
_______

Translated By IQ-Team.