အခန်း
(၈၃)
“လက်ထောက်ဒါရိုက်တာလီ၊
ရှင်က ဒီကိစ္စကို ဘယ်လို ဖြေရှင်းစေချင်လို့လဲ။”
“ကြည့်လေ၊
မင်းရဲ့ အလုပ်နဲ့ သက်ဆိုင်တဲ့ စာချုပ်စာတမ်းတွေကိုလည်း မင်း ပြန်ရထားပြီးပြီ။ မင်း
အများကြီး ဆုံးရှုံးသွားခဲ့တာ မဟုတ်ပါဘူး။ မင်းနဲ့ ဝေဝေတို့က တစ်ကုမ္ပဏီတည်းက
အနုပညာရှင်တွေပဲ။ မင်းတို့နှစ်ယောက် ဒီမှာ အလုပ်လုပ်ရင်း မကြာခဏဆိုသလို
အချင်းချင်း ကတောက်ကဆ ဖြစ်နေတာက မကောင်းဘူး။ ဒီလို အရေးမပါတဲ့
အသေးအဖွဲကိစ္စလေးတွေကို ဇာချဲ့လွန်းလို့ မကောင်းဘူး မဟုတ်လား။ ဒီလိုဆိုရင်ရော
ဘယ်လိုလဲ။ ဝေဝေက မင်းကို တောင်းပန်လိုက်ရင် ဒီကိစ္စကို ဒီအတိုင်းပဲ
ပြီးလိုက်ကြတာပေါ့။”
ကျီချင်းချင်းက
လက်ထောက်ဒါရိုက်တာလီကို အေးစက်စွာ ကြည့်နေရင်း သူ ပြောနေတာတွေကို
နားထောင်လိုက်သည်။ သူ့ပြောစကားတွေကို လေးလေးနက်နက် စဥ်းစားနေသလိုမျိုး တစ်ခဏလောက်
စကားပြန်မပြောဖြစ်ဘူး။
သို့သော်
သူမရဲ့ အဖြေကို ကြားရတာသည်မှာ မသက်သာလှပေ။
“လက်ထောက်ဒါရိုက်တာလီ၊
ကျွန်မ ရှင့်စကားတွေကို သဘောမတူဘူး။ အသေးအဖွဲကိစ္စဆိုတာ ဘာကို ဆိုလိုချင်တာလဲ။
ကျွန်မ တစ်လလုံး ဆိုင်ဘာအကြမ်းဖက်မှုကို ခံခဲ့ရတယ်။ ဒီလိုလေလေးနဲ့
တောင်းပန်စကားလေးတစ်ခွန်းက လုံလောက်တဲ့ ဖြေရှင်းချက်တစ်ခုလို့ ဆိုနိုင်ပါ့မလား။”
“ဒါဆို
မင်း ဘာလိုချင်သေးလဲ။” ကုရှောက်ယွီက နှာခေါင်းရှုံ့သည်။ “မင်းပြောတဲ့
ဆိုင်ဘာအကြမ်းဖက်မှုဆိုတာ ဘာကို ဆိုလိုချင်တာလဲ။ မင်းအကြောင်း အွန်လိုင်းပေါ်မှာ
ရေးသားထားတဲ့ အကြောင်းအရာတွေက လွဲမှားနေလို့လား။ ငါ မင်းကို လွန်ခဲ့တဲ့
ရက်အနည်းငယ်ကမှ လွှင့်ပစ်လိုက်တာ၊ မင်းက ရုတ်တရတ် ချမ်းသာကြွယ်ဝလာတဲ့
သူဌေးတစ်ဦးကို ဖမ်းဆုပ်ထားနိုင်လိုက်ပြီးပြီ။ မင်းက ပေါ့ပျက်ပျက်နိုင်တဲ့
မိန်းမတစ်ယောက်ပဲ။”
“ပေါ့ပျက်ပျက်နိုင်တာလား။”
ကုရှောက်ယွီက
သူမကို ကဲ့ရဲ့ရှုတ်ချလိုက်သည်။ “ဆယ်မိနစ်အတွင်း ယွမ် သန်းတစ်ဝက်လောက်
သုံးဖြုန်းလိုက်တယ်။ ကျီချင်းချင်း၊ ငါ မင်းကို ကျွေးမွေးထားတုန်းကနဲ့ လုံးဝကို
မပြောင်းလဲသွားဘူး။ မင်းအတွက် ပိုက်ဆံတွေ သုံးဖြုန်းခဲ့တဲ့ အရူးက ဘယ်သူလဲ။ မင်းရဲ့
နာမည်ဂုဏ်သတင်းကို သူ မသိဘူး မလား။”
“ငါ့ကို
နင် ကျွေးမွေးထားတုန်းကလား။” ကျီချင်းချင်းက အဓိပ္ပါယ်မရှိသော ဟာသတစ်ခုကို
နားဆင်လိုက်ရသလိုပင်။
ဝတ္ထုဇာတ်လမ်းထဲမှာ
ကျီချင်းချင်းနှင့် ကုရှောက်ယွီတို့ အတူတူရှိစဥ်က မူလပိုင်ရှင်က သူ့ကို
တကယ်ချစ်မြတ်နိုးခဲ့သည်။ သူမက သူ့ပိုက်ဆံကြောင့် သူနှင့် အတူရှိတာ မဟုတ်ပဲ သူ့ကို
တကယ်ချစ်မြတ်နိုးသောကြောင့် သူ့ကောင်မလေးအဖြစ် အလေးအနက် ထားခဲ့သည်။
“မစ်စတာကု၊
ဟာသပြောနေတာ ရပ်လိုက်ပါတော့။ ရှင် အခု ဝတ်ထားတဲ့ ခါးပတ်က ကျွန်မ ရှင့်ကို
ဝယ်ပေးထားတာပဲ။ ရှင်ရဲ့လောဂျစ်အရ ပြောရမယ်ဆိုရင် ကျွန်မကသာ ရှင့်ကို
ကျွေးမွေးထားတဲ့သူပဲ။”
“ကျီချင်းချင်း၊
မင်း...”
စားပွဲပေါ်မှာ
တင်ထားသည့် ကျီချင်းချင်းရဲ့ လက်ကိုင်ဖုန်းက အသံမြည်လာတာကြောင့် ကုရှောက်ယွီရဲ့
အော်သံက တစ်ပိုင်းတစ်စဖြင့် ရပ်တန့်သွားခဲ့သည်။
ကျီချင်းချင်းက
ဖုန်းကောက်ကိုင်လိုက်သောအခါ ခေါ်ဆိုသူနာမည်က လုလီရှင်းဆိုတာ တွေ့လိုက်ရသည်။
ရှန်းဝေဝေက
ကုရှောက်ယွီကို စည်းရုံးဖို့
ဒီအခွင့်အရေးကို အရယူခဲ့သည်။ “ရှောက်ယွီ၊ ဒီလိုမျိုး မလုပ်ပါနဲ့။
စိတ်လျော့ပါဦး။”
ရှန်းဝေဝေရဲ့
ဖျောင်းဖျမှုကြောင့် ကုရှောက်ယွီက ချက်ချင်း စိတ်ငြိမ်သွားခဲ့သည်။ “ဘာကိစ္စလဲ။
မင်းကို အဲ့ဒီ ရုတ်တရတ်ကြီး ချမ်းသာကြွယ်ဝလာတဲ့ သူဌေးက ဖုန်းခေါ်တာလား။”
ကျီချင်းချင်းက
သူ့ကို အရေးအရာလုပ်မနေတော့ပေ။ “ဟေး... ကျွန်မ ထျန်းယွိအင်တာတိန်းမန့်ကို
ရောက်နေတာ။ ရှင် ကိစ္စရှိလို့လား။”
တစ်ဖက်မှ
လုလီရှင်းက သူမကိ မေးလိုက်သည်။ “မင်း အိမ်ကို ဘယ်အချိန်လောက် ပြန်မှာလဲ။”
ကျီချင်းချင်းက
ကုရှောက်ယွီကို တစ်ချက်ကြည့်လိုက်သည်၊ ဒီပြဿနာကောင်က စိတ်ရှုပ်စရာပဲ။ “ကျွန်မ
မသေချာဘူး။ နည်းနည်းလောက် ကြာဦးမယ် ထင်တယ်။”
တစ်ဖက်မှ
လုလီရှင်းက ပြောသည်။ “အဲ့တာဆို ကိုယ့်ကို စောင့်နေ။ ညနေကျရင် ကိုယ် မင်းကို ထျန်းယွိအင်တာတိန်းမန့်ကနေ
လာကြိုပေးမယ်။”
ကုရှောက်ယွီက
ပြောသည်။ “ကျီချင်းချင်း၊ မင်း ဒီကိစ္စကို ပြီးပြတ်အောင် ဖြေရှင်းလို့ မပြီးမချင်း
မင်း ပြန်လို့ မရဘူး။”
ရှန်းဝေဝေက
အသံတုန်တုန်ယင်ယင်ဖြင့် ပြောသည်။ “ရှောက်ယွီ၊ ဒီလို မလုပ်ပါနဲ့။ ဒါက
ကျွန်မအမှားပါ။ သူမကို အဲ့လို မပြောပါနဲ့။”
“လုံလောက်ပြီ၊
မင်းတို့ တစ်ယောက်နဲ့ တစ်ယောက် ငြင်းခုံပြောဆိုနေတာကို ရပ်ပြီး စိတ်အေးအေးထားကြပါ။
ငါတို့ အခု ဒီနေရာကို ပြဿနာတစ်ခု ဖြေရှင်းဖို့ ရောက်နေတာ၊ နောက်ထပ် ပြဿနာတစ်ခုကို
အစပျိုးဖို့ မဟုတ်ဘူး။”
ကျီချင်းချင်းက
သူတို့ကို မျက်စောင်းလှမ်းထိုးလိုက်ပြီး လုလီရှင်းကို စကားဆိုသည်။ “အိုကေ၊
ကောင်းပါပြီ။ ရှင့်မှာ ပြောစရာ မရှိတော့ဘူးဆိုရင် ကျွန်မ
ဖုန်းချလိုက်တော့မယ်နော်။”
ဖုန်းချပြီးနောက်
ကျီချင်းချင်းသည် သူမအင်္ကျီလက်ကို ခေါက်လိုက်သည်။
သူမက
ဘာမှ ပြန်မပြောလို့ ဒီနှစ်ယောက်က သူမကို အနိုင်ကျင့်လို့ ရမယ့်လူလို့ ထင်နေတာလား။
အခုအချိန်မှာတော့
သူမဖက်တွင် တောင်တန်းကြီးတစ်ခုလို မားမားမတ်မတ် ရပ်တည်ပေးနိုင်တဲ့
ကျောထောက်နောက်ခံ လုလီရှင်း ရှိနေပြီ။