အခန်း
(၈၄)
ကျီချင်းချင်းသည်
ဝတ္ထုဇာတ်လမ်းထဲမှ အမျိုးသမီးဇာတ်လိုက်ကို သူမ လုံးဝ မကြိုက်ဘူး။
ဝတ္ထုထဲတွင်
အမျိုးသမီးဇာတ်လိုက် ရှန်းဝေဝေအား လရောင်ဖြူလေးအဖြစ် ပုံဖော်ရေးဖွဲ့ထားသည်။ သူမသည်
ဖြူစင်ပြီး ကြင်နာတတ်သော နှလုံးသားရှိသည်။ ထို့အပြင် သူမတွင် အမျိုးသားတွေက သူမကို
မြင်မြင်ချင်း ချစ်ကြိုက်သွားစေသည့် ဇာတ်လိုက်အရှိန်အဝါ တစ်ခု ရှိခဲ့သည်။ သူမသည်
သရုပ်ဆောင်ရတာကို နှစ်သက်ပြီး ချောမောလှပသည့် အသွင်အပြင်ကြောင့် သူမသည်
ဖျော်ဖြေရေးနယ်ပယ်ထဲသို့ ဝင်ရောက်လာခဲ့သည်။ သို့သော် သူမတွင် အင်အားကြီးမားသည့်
ကျောထောက်နောက်ခံမရှိသည့်အပြင် ချမ်းသာကြွယ်ဝသော မိသားစုမှ ဆင်းသက်လာတာ
မဟုတ်သောကြောင့် သူမသည် ဖျော်ဖြေရေးနယ်ပယ်တွင် တိုးတက်အောင်မြင်ရန်
ရုန်းကန်ခဲ့ရသည်။
ဖျော်ဖြေရေးလောကတွင်
သူမရဲ့ ကိုယ်ပိုင်ကြိုးစားအားထုတ်မှုဖြင့် တဖြည်းဖြည်း တိုးတက်လာမယ်ဆိုရင်
ဘယ်လောက် ကောင်းလိုက်မလဲ၊ သို့သော် ရှန်းဝေဝေသည် အမျိုးသားကြယ်ပွင့်များစွာနှင့်
မရှင်းမရှင်း ဆက်ဆံရေးတွေ များလာခဲ့သည်။ ရလဒ်အနေဖြင့် အမျိုးသားဇာတ်ပို့တွေက သူမ
လိုအပ်သည့် အရင်းအမြစ်တွေနှင့် အခက်အခဲများကို ကူညီဖြေရှင်းပေးကြောင်း
ဝတ္ထုဇာတ်လမ်းထဲတွင် ပါဝင်ခဲ့သည်။
သူမအား
ပံ့ပိုးပေးမည့် ပထမဆုံး အမျိုးသားဇာတ်ပို့ဟာ ကုရှောက်ယွီဖြစ်သည်။
ကုရှောက်ယွီတွင်
ချမ်းသာကြွယ်ဝသော ကျောထောက်နောက်ခံရှိသည်။ သူ့မှာ ပိုက်ဆံသာရှိပြီး တခြား ဘာမှ
မရှိဘူး။
သူ့မှာ
ဦးနှောက်တောင် မရှိဘူး။
သူနှင့်
အမျိုးသားဇာတ်လိုက် လုလီထင်းတို့က အချစ်ကို အလေးအနက်ထားသည်။ ရှန်းဝေဝေအတွက်
သူတို့နှစ်ယောက်စလုံးက ဘာမဆို လုပ်ပေးချင်စိတ် ရှိကြသည်။
ယခုပင်၊
ကုရှောက်ယွီက ရှန်းဝေဝေကို ကာကွယ်ပေးဖို့အတွက် လူမိုက်တစ်ယောက်လို ပြုမူနေခဲ့သည်။
နှစ်ဖက်စလုံး
နာရီဝက်ကျော်ကြာအောင် ရှေ့မတိုး နောက်မဆုတ်သာ ဖြစ်နေပြီးနောက် ကုရှောက်ယွီသည်
စိတ်မရှည်တော့ပေ။
“ဝေဝေ၊
တခြားသူတွေကို သိပ်ကြင်နာမနေနဲ့။ ကျီချင်းချင်းက မင်း ကြင်နာတတ်မှန်း သိတာကြောင့်
မင်းကို အနိုင်ကျင့်နေတာ။ မကြောက်ပါနဲ့၊ ကိုယ် ဒီနေ့ ဒီနေရာကို ရောက်နေကတည်းက
မင်းအတွက် ဒီကိစ္စကို ဖြေရှင်းပေးမယ်။”
ကျီချင်းချင်းသည်
ခပ်တိုးတိုးလေး ရယ်မောမိသည်။ “ယို... သခင်လေးကုက ဒုက္ခရောက်နေတဲ့ အလှလေးကို
ကယ်တင်ဖို့ ကြိုးစားနေတာလား။”
ကုရှောက်ယွီက
ကျီချင်းချင်းကို လှည့်ကြည့်လိုက်သည်။ သူက ရုတ်တရတ် အဓိပ္ပါယ်အပြည့်ပါသည့်
အပြုံးမျိုးဖြင့် ပြောလိုက်သည်။ “ကျီချင်းချင်း၊ မင်း မနာလိုဖြစ်နေတာလား။”
ကျီချင်းချင်းသည်
ကုရှောက်ယွီ ပြောလိုသည့် အဓိပ္ပါယ်ကို နားလည် သဘောမပေါက်မီ သူ့စကားနောက်ကွယ်မှ
အဓိပ္ပါယ်ကို အချိန်အတော်ကြာအောင် စဥ်းစားခဲ့ရသည်။
ရှန်းဝေဝေကို
သူမက မနာလိုဖြစ်နေတယ်လို့ ပြောချင်တာလား။ သူမက ရှန်းဝေဝေကို မနာလိုစိတ်ကြောင့်
အကြိမ်ကြိမ် ဒုက္ခပေးခဲ့တယ်လို့ သူ ပြောနေတာလား။
ကျီချင်းချင်း
ဟက်ဟက်ပက်ပက် ရယ်မောလုနီးပါး ဖြစ်သွားခဲ့သည်။
ကုရှောက်ယွီနဲ့
လုလီထင်းတို့မှာ ဘာဖြစ်လို့ ဒီလို ဦးနှောက်ဖွဲ့စည်းပုံမျိုးတွေ ရှိနေရတာလဲ။ သူမက
မနာလိုစိတ်ကြောင့် ရှန်းဝေဝေကို ဒုက္ခပေးနေတယ်လို့ ဘာ့ကြောင့် ယုံကြည်နေရတာလဲ။
“ရှန်းဝေဝေကြောင့်
မင်းကို ငါ စွန့်ပစ်လိုက်တယ်လို့ မင်း ယုံကြည်နေလို့ပဲ မဟုတ်လား၊ ဒါ့ကြောင့် မင်း
သူမကို ဦးတည်တိုက်ခိုက်နေတာ မဟုတ်လား။ မင်းတို့ ဇာတ်ကား တွဲရိုက်တုန်းက မင်းက
ငါ့ကြောင့်နဲ့ သူမကို တမင်တကာ ပြဿနာရှာပြီး အဆက်မပြတ် ဒုက္ခပေးခဲ့တယ်။
ကျီချင်းချင်း မင်း လက်လျှော့သင့်တယ်။ ငါ ကြိုက်တဲ့သူက ဝေဝေပဲ။ ငါ မင်းကို
ဘယ်တော့မှ ကြိုက်လာမှာ မဟုတ်ဘူး။ မင်း ငါတို့ကို ဘယ်လောက်ပဲ နှောင့်ယှက်ပါစေ၊ ငါ
ဝေဝေအပေါ်ထားတဲ့ အချစ်ကို မင်း မပြောင်းလဲနိုင်ဘူး။”
ကုရှောက်ယွီသည်
ကျီချင်းချင်းက သူ့ကို ချစ်နေသေးကြောင်း ယုံကြည်မှုအပြည့်ဖြင့် သူမကို
ငြင်းဆန်ခဲ့သည်။ သူ့ရဲ့ ယုံကြည်မှုပြင်းပြသည့် သဘောထားက ကျီချင်းချင်းကို
ကြောင်အမ်းအမ်း ဖြစ်စေခဲ့သည်။
လူတစ်ယောက်က
ဘယ်လိုဖြစ်ပြီး ဒီလောက် ရူးနိုင်ရတာလဲ။
သူ့မှာ
မာန မရှိဘူးလား။
သူ့ကို
ဒီလိုပြောထွက်ဖို့ ဘယ်သူကများ အရမ်းယုံကြည်မှု ပေးခဲ့တာလဲ။
“ဒါဆိုရင်၊
ရှင် သူမကို ရွေးချယ်ခဲ့လို့ ကျွန်မက သူမကို မနာလိုဖြစ်ပြီး ဒုက္ခပေးနေတာလို့ ပြောချင်တာလား။
ကုရှောက်ယွီ၊ ကျွန်မ ရှင့်ကို ရှင့်မျက်နှာကို သေချာမြင်နိုင်ဖို့ မှန်တစ်ချပ်
ပေးရမလား။”
ကုရှောက်ယွီက
လှောင်ရယ် ရယ်လိုက်သည်။ “ကျီချင်းချင်း၊ မင်းရဲ့ ခံစားချက်တွေကို ဖုံးကွယ်နေစရာ
မလိုအပ်ဘူး။ အနာဂတ်မှာ မင်း ငါ့ကို တွေ့ချင်သေးရင် မင်း ဝေဝေ့ကို
ဒုက္ခမပေးတော့နဲ့။ မဟုတ်ရင် မင်း ငါ့ကို ရက်စက်တယ်လို့ အပြစ်မတင်နဲ့။”
“နင့်ကို
ရက်စက်တယ်လို့ အပြစ်ဆိုရင်ရော...”
“ဒါဆို၊
မင်းမှာ ကျောထောက်နောက်ခံ လတ်တလောမှ ချမ်းသာကြွယ်ဝလာတဲ့ သူဌေး ရှိတယ် မဟုတ်လား။ ငါ
မင်းကို ပြောပြမယ်၊ မင်းရဲ့ သူဌေးက ချမ်းသာကြွယ်ဝတယ် ဆိုရင်တောင် ငါ မင်းရဲ့ အသက်မွေးဝမ်းကြောင်းကို
တားမြစ်နိုင်စွမ်း ရှိသေးတယ်။ တကယ်လို့ မင်း ဖျော်ဖြေရေးနယ်ပယ်ထဲမှာ
ဆက်နေချင်သေးရင် မင်း ဝေဝေ့ကို အနိုင်ကျင့်နေတာကို ရပ်လိုက်စေချင်တယ်။”