အခန်း
(၈၆)
ကျီချင်းချင်းရဲ့
စကားကြောင့် ကုရှောက်ယွီဟာ သေလုနီးပါး ဒေါသထွက်သွားခဲ့သည်။
ကျီချင်းချင်းထံမှ
ခါးပတ်တစ်ခုကို လက်ဆောင်အဖြစ် အမှန်တကယ် ရရှိခဲ့မှန်းကို သတိရမိသော်လည်း ထိုလက်ဆောင်ကို
အမှန်တကယ် အလေးအနက်ထားခြင်း မရှိခဲ့ပေ။ သူ့အိမ်တွင် ခါးပတ်တွေ အများကြီး
ရှိသောကြောင့် ဒီနေ့ အသုံးပြုဝတ်ဆင်ဖို့ ခါးပတ်တစ်ခုကို ကြုံရာကျပန်း ရွေးချယ်ခဲ့သည်။
ကျီချင်းချင်း သူ့ကို လက်ဆောင်ပေးခဲ့တဲ့ ခါးပတ်က ဘယ်ခါးပတ်လဲ ဆိုတာကို သူ
ဘယ်လိုလုပ်ပြီး မှတ်မိနိုင်ပါ့မလဲ။
“ဒါက
ခါးပတ်တစ်ခုလေးပဲ မဟုတ်ဘူးလား။ ငါ မင်းကို ဒီအတွက် ပိုက်ဆံပြန်ပေးမယ်။”
“ကျွန်မ
ရှင့်ပိုက်ဆံတွေကို မလိုချင်ဘူး။ ကျွန်မ အဲ့ဒီခါးပတ်ကိုပဲ လိုချင်တယ်။”
ကျီချင်းချင်းက သူ့ခါးမှာ ဝတ်ဆင်ထားတဲ့ ခါးပတ်ကို ကြည့်ရင်း “အဲ့ဒီခါးပတ်ကို
အခုချက်ချင်း ချွတ်ပြီး ကျွန်မကို ပြန်ပေး။”
“မင်း...
မင်း သိပ်မလွန်လာနဲ့။”
“ကျွန်မက
အရမ်းလွန်တယ်တဲ့လား။ ဒါပေမယ့် ကျွန်မကတော့ ကျွန်မ အရမ်းလွန်တယ်လို့ မထင်မိပါဘူး။”
ကျီချင်းချင်းက သူ့ကို မျက်တောင်မခတ်ပဲ စိုက်ကြည့်နေသည်။ သူမမျက်ဝန်းထဲမှာ
နွေးထွေးတဲ့ အရိပ်အယောက် လုံးဝ မရှိဘူး။ ဒီတစ်ခါမှာတော့ သူမရဲ့ အသံကပါ
ပြင်းထန်နေသည်။ “အခုချက်ချင်း ပြန်ပေး။ အခုချက်ချင်း ခါးပတ်ကို ချွတ်ပြီး
ကျွန်မကို ပြန်ပေး။”
လက်ထောက်ဒါရိုက်တာလီက
ကြားဝင်ပြောသည်။ “ကျီချင်းချင်း၊ ဒီလိုမလုပ်ပါနဲ့...”
ကျီချင်းချင်းက
သူ့ကို ကြည့်ကာ “လက်ထောက်ဒါရိုက်တာလီ၊ ရှင်က ကျွန်မလုပ်တာ ယုတ္တိမတန်ဘူးလို့
ထင်နေတာလား။ တကယ်လို့ ကျွန်မက ဒီလို လုပ်တယ် ဆိုရင်တောင်၊ ဒါက ကျွန်မ
ကိုယ်ရေးကိုယ်တာကိစ္စပဲ။ ကျွန်မရည်းစားဟောင်းကို ကျွန်မ ပေးထားတဲ့ လက်ဆောင်ကိုပဲ
ကျွန်မ ပြန်တောင်းနေတာ၊ ဒါမှမဟုတ် လက်ထောက်ဒါရိုက်တာလီက ကျွန်မရဲ့
ကိုယ်ရေးကိုယ်တာကို ဝင်ရောက်စွက်ဖက်ဖို့ စီစဥ်နေတာလား။”
“တော်ပါတော့၊
ပြောနေတာတွေ ရပ်လိုက်ပါတော့။” ရှန်းဝေဝေက သူမခေါင်းကို မော့ကာ ကျီချင်းချင်းကို
မျက်နှာပြည့်နေသည့် မျက်နှာလေးဖြင့် ကြည့်ကာ “ကျီချင်းချင်း၊ ငါ တောင်းပန်ပါတယ်။
ဒါတွေအားလုံး ငါ့အမှားပါ၊ နင် ဖြစ်စေချင်တဲ့အတိုင်း ဘာမဆို ငါ လုပ်ပေးပါ့မယ်။”
“ငါတို့
ဒီကိစ္စကို နောက်မှာ ပြောမယ်။ ငါ ကိစ္စတစ်ခုချင်းစီကို တစ်ခုပြီးတစ်ခု
ဖြေရှင်းသွားမှာပါ။” သူမက ကုရှောက်ယွီကို ကြည့်ကာ “မစ်စတာကုက
သူ့ရည်းစားဟောင်းပေးခဲ့တဲ့ ခါးပတ်ကို ပြန်မပေးချင်လို့လား။ ဒါမှမဟုတ် ရှင်
ကျွန်မကို လွမ်းဆွတ်သတိရနေလို့ ဒါကို ပြန်မပေးချင်တာလား။”
“အဓိပ္ပါယ်မရှိတာတွေ
ပြောမနေနဲ့။” ကုရှောက်ယွီက ဒေါသကြောင့် အသက်ရှု မြန်လာသည်။ သူ့ဒေါသတွေကို
ကျီချင်းချင်းက ထပ်ကာထပ်ကာ နှိုးဆွပေးနိုင်သည်။ သူ့ဦးနှောက်ထဲ တဝီဝီမြည်နေပြီး
သူ့ရဲ့ စဥ်းစားချင့်ချိန်နိုင်မှုတွေအားလုံး ပျောက်ဆုံးကုန်သည်။ သူက သူ့ခါးမှာ
ဝတ်ထားတဲ့ ခါးပတ်ကို ချက်ချင်း ချွတ်ပြီး ကျီချင်းချင်းဆီသို့
လွှင့်ပစ်ပေးလိုက်သည်။ သူ့က အံတင်းတင်းကြိတ်ရင်း “ငါ ဒီကိစ္စကို မှတ်ထားမယ်။”
ကျီချင်းချင်းက
သူ သူမဆီသို့ ပစ်ပေးလိုက်သည့် ခါးပတ်အား မဖမ်းသည့်အပြင် ဘေးဖက်သို့
ရှောင်ဖယ်လိုက်သည်။ ထိုခါးပတ်ဟာ မြေပြင်ပေါ်သို့ ကျသွားခဲ့သည်။
ကျီချင်းချင်းက
ထိုခါးပတ်ကို ဘေးဖက်သို့ သူမခြေထောက်နှင့် ကန်ထုတ်ပြီး “အမှိုက်” လို့
ပြောလိုက်သည်။
“ကျွန်မနဲ့
ကျွန်မရည်းစားဟောင်းကြားက ကိစ္စကို ဖြေရှင်းပြီးပြီ ဆိုတော့၊ ကျွန်မနဲ့
ရှန်းမိန်းကလေးတို့ကြားက ကိစ္စကို ဖြေရှင်းရမယ့် အချိန်ရောက်ပြီ။”
ရှန်းဝေဝေက
သူမမျက်ရည်တွေကို သုတ်ဖယ်လိုက်ပြီး အသံတိုးတိုးလေးဖြင့် “ကျွန်မ ဆန္ဒရှိ...”
“မဟုတ်ဘူး၊
နင် ဘာကိုမှ ဆန္ဒမရှိပါဘူး။” ကျီချင်းချင်းက သူမကို ကြားဖြတ်ပြောသည်။ “တကယ်လို့
နင် ငါဖြစ်စေချင်တဲ့အတိုင်း လုပ်ပေးဖို့ ဆန္ဒရှိတယ်ဆိုရင်၊ နင် ငါ့ကို
အနိုင်ကျင့်ဖို့ နင့်ကောင်လေးကို မှီခိုခဲ့မှာ မဟုတ်ဘူး။”
“ကျွန်မ
အဲ့လို မဟုတ်ပါဘူး။” ရှန်းဝေဝေ ရှင်းပြသည်။ “ကျွန်မက... ကျွန်မက ကျွန်မတို့ကြားက
ကိစ္စတွေကြောင့် ကုမ္ပဏီအပေါ် မကောင်းတဲ့ အကျိုးသက်ရောက်မှုတွေ ရှိမှာဆိုးလို့ပါ။
ဒီကိစ္စရဲ့ အကျိုးဆက်အားလုံးကို ကျွန်မ တကယ်လက်ခံပေးမှာပါ။”
ကျီချင်းချင်းက
လက်ထောက်ဒါရိုက်တာလီကို တစ်ချက်ကြည့်ပြီး “ဒါရိုက်တာ၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး
ကျွန်မတို့ ဘယ်လိုလုပ်သင့်တယ်လို့ ရှင်ထင်လဲ။”
လက်ထောက်ဒါရိုက်တာလီက
မျက်မှောင်အသာကြုတ်လိုက်မိသည်။ ကျီချင်းချင်းက ဒီလောက် ထက်ထက်မြက်မြက်
ပြောဆိုနိုင်လိမ့်မည်ဟု သူ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။ “ဒါဆိုရင်... ဝေဝေ
တောင်းပန်တာနဲ့ပဲ...”
“အဲ့တာဆို
ကျွန်မ အဆင်ပြေပါတယ်။ လက်ထောက်ဒါရိုက်တာလီ ပြောသလိုပဲ၊ နင် ငါ့ကို ဝေ့ပေါ်မှာ
တရားဝင် တောင်းပန်သင့်တယ်။ နင် ငါ့ကို တစ်လလောက် အပြောခံ အဆိုခံ ဖြစ်ပျက်ခဲ့သမျှ
ကိစ္စအားလုံးနဲ့ ပတ်သက်ပြီး ရှင်းပြပေးဖို့ ပြောချင်တယ်။ ငါ နင် ရိုးရိုးသားသား
ပြောဆိုတာကိုပဲ လိုချင်တယ်။ အမှန်တရားကို လှည့်စားဖို့ မကြိုးစားပါနဲ့။ ဒါ့အပြင်
ဝေ့ပေါ်မှာ နင် ငါ့ကို နစ်နာကြေး ယွမ် သန်းနှစ်ဆယ် ပေးရင်ပေး မပေးရင် ထောင်ကျအောင်
တရားစွဲမယ်လို့ ဘယ်လို ခြိမ်းခြောက်ခဲ့လဲ ဆိုတာကိုပါ ပြောပြစေချင်တယ်။ အဲ့ဒီနေ့က
ငါတို့ စကားများရန်ဖြစ်ခဲ့တာမျိုး မရှိခဲ့ဘူး၊ ဒါ့ကြောင့် မှတ်တမ်းဗီဒီယိုမှာ
စကားပြောဆိုတဲ့ အကြောင်းအရာကို ပြန်လည်ရယူဖို့ နှုတ်ခမ်းကိုကြည့်ပြီး
စကားပြောဆိုတာတွေကို ဖတ်ရှုပေးနိုင်သူတစ်ဦးကိုပါ ငါ ရှာဖွေရလိမ့်မယ်။”
ရှန်းဝေဝေကို
လျော်ကြေးပေးဖို့ တောင်းဆိုတာက သူမအတွက် အသုံးမဝင်ဘူး။ အဆုံး၌ ရှန်းဝေဝေမှာ သူမ
တောင်းဆိုသလောက်ကို ပေးချေပေးနိုင်သည့် ဘဏ္ဍာရေးပံ့ပိုးသူ များစွာ ရှိသည်။