အခန်း၈၈
Viewers 16k

အခန်း (၈၈)

 

ကျီချင်းချင်းသည် လွန်ခဲ့သော တစ်နာရီခန့်က ထျန်းယွိအင်တာတိန်းမန့်၏ မြေအောက်ကားပါကင်သို့ ရောက်ရှိလာပြီး ၁၈ထပ်သို့ တန်းသွားခဲ့သည်။ သူမသည် ကားရပ်နားသည့်နေရာမှ အစည်းအဝေးခန်းဆီသို့ တန်းတန်းမတ်မတ် သွားခဲ့တာ ဖြစ်၍ လူအနည်းငယ်သာ သူမကို မြင်တွေ့ခဲ့ရသည်။

 

လုလီရှင်းတစ်ယောက် ထျန်းယွိအင်တာတိန်းမန့်သို့ နှင်းဆီပန်းစည်းဖြင့် ရောက်လာသောအခါ၊ ဧည့်ကြိုစားပွဲမှ မိန်းကလေးတွေက သူ့အား သူ့အိုင်ဒေါကို မြင်တွေ့ရန် ကြိုးစားသည့် အခြားသောပရိတ်သတ်တစ်ဦးလို့သာ တွေးထင်ခဲ့ကြသည်။ ဒါ့ကြောင့် သူက ကျီချင်းချင်းအကြောင်းကို မေးတဲ့အခါ “မသိဘူး” လို့ ပေါ့ပေါ့ပါးပါး ပြန်ဖြေခဲ့ကြသည်။

 

သို့သော် သူမသည် နှင်းဆီပန်းစည်းကို တစ်ချက် လှမ်းကြည့်ပြီး လုလီရှင်းကို ကြည့်လိုက်မိသည်။

 

လုလီရှင်းရဲ့ မျက်နှာကို မြင်လိုက်ရတဲ့ မိန်းကလေးရဲ့ ပထမဆုံး အတွေးက ဒီလူက အရမ်းချောတာပဲ။

 

သို့သော်လည်း သူမသည် မကြာမီ သူမရဲ့ နေ့ခင်းဖက်အိမ်မက်မှ နိုးထလာပြီး သူမရှေ့တွင် ရပ်နေသည့်လူက မစ်စတာလု ဖြစ်နေသည်ကို သိလိုက်ရသည်။

 

ထိုမိန်းကလေးက ထိတ်လန့်စပြုလာသည်။ သူမက အမြန်ထရပ်လိုက်ပြီး၊ သူမရဲ့ လုပ်ရပ်ကြောင့် သူမစားပွဲပေါ်ရှိ ရေဖန်ခွက်ကို တိုက်မိသွားခဲ့သည်။ ဒါပေမယ့် သူမရဲ့ဘော့စ်ကို ကြိုဆိုနှုတ်ဆက်ဖို့ ပြင်ဆင်နေသည့်အတွက် ရေဖန်ခွက်ကို မဖမ်းလိုက်မိဘူး။ “မင်္ဂလာပါ... ဥက္ကဌလု”

 

“ကျီချင်းချင်း ဒီကို မလာဘူးလား။”

 

“သူမ ဒီကို မလာပါဘူး။ ကျွန်မ သူမကို မတွေ့မိဘူး။”

 

ထျန်းယွိအင်တာတိန်းမန့်ကို လုမိသားစုက ပိုင်ဆိုင်သော်လည်း လုလီရှင်းသည် အစုရှယ်ယာရှင်များနှင့် ကျင်းပလေ့ရှိသော အထွေထွေအစည်းအဝေးပွဲများ၊ ကုမ္ပဏီနှစ်ပတ်လည် အစည်းအဝေးများကို တက်ရောက်ရန်သာ လာရောက်‌လေ့ရှိသည်။ ထျန်းယွိအင်တာတိန်းမန့်ကို သူ အရမ်းမစွက်ဖက်ရသည့် အကြောင်းအရင်းကတော့ သူက အဓိက ကုမ္ပဏီကိစ္စနှင့် အရမ်းရှုပ်နေပြီး ဖျော်ဖြေရေးနယ်ပယ်နှင့်လည်း မကျွမ်းဝင်တာကြောင့်ပင်။ ထို့အပြင် ကုမ္ပဏီကို ချန်ရှုယီမှ ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်သောကြောင့် ဒီကုမ္ပဏီအတွက် သူ အများကြီး စိတ်ပူနေဖို့ မလိုအပ်ပေ။

 

ထို့ကြောင့် လုလီရှင်းသည် ချန်ရှုယီရဲ့ ရုံးခန်းကိုသာ တန်းသွားခဲ့သည်။

 

ဖျော်ဖြေရေးကုမ္ပဏီတွင် အတင်းအဖျင်းပြောကြသူများ နည်းနည်းနောနော မဟုတ်ပေ။ လုလီရှင်း ထွက်သွားသည်နှင့် မိန်းကလေးတွေအားလုံး အရှေ့ကောင်တာပတ်လည်တွင် စုဝေးလာကြသည်။

 

“အခုပဲ ထွက်သွားတဲ့သူက ဥက္ကဌလု,မလား။”

 

“ဟုတ်တယ်၊ သူပဲ။”

 

“သူ သေသွားပြီ မဟုတ်လား။”

 

“အဓိပ္ပါယ်မရှိ ပြောနေတာတွေ ရပ်လိုက်။ သူ လေဖြတ်နေတယ်လို့ ကြားသိခဲ့ရပေမယ့် ကံကောင်းထောက်မစွာနဲ့ ကျန်းမာရေး ပြန်ကောင်းလာပြီး လွန်ခဲ့တဲ့ နှစ်ရက်ကပဲ ထူထူထောင်ထောင် ပြန်ထနိုင်ခဲ့တယ်။ မနေ့ကပဲ ဥက္ကဌလု ရုံးပြန်တက်တယ်လို့ လုကုမ္ပဏီကလူတွေ ပြောတာကို ငါ ကြားလိုက်ရတယ်။”

 

“ဒါဆို သူ ဒီကို ရောက်လာတာက...”

 

“သူက နှင်းဆီပန်းစည်းနဲ့ ရောက်လာတာ ဆိုတော့ ရှယ်ယာရှင် အစည်းအဝေးကို လာတက်တာ မဟုတ်တာတော့ သေချာပါတယ်။”

 

“ငါတို့ ကုမ္ပဏီရဲ့ နှစ်ပတ်လည် အစည်းအဝေး ကျင်းပဖို့က လေးလလောက် လိုသေးတာ ဆိုတော့ သူ သေချာပေါက် နှစ်ပတ်လည် အစည်းအဝေးအတွက် ဒီကို လာတာ မဖြစ်နိုင်ဘူး။”

 

“သူက ဒုဥက္ကဌချန်ကို လာတွေ့တာ မဟုတ်ဘူးလား။”

 

“အရွယ်ရောက်ပြီး အမျိုးသားနှစ်ယောက် တွေ့ဆုံတဲ့အခါမှာ နှင်းဆီပန်းစည်းကို ဘာဖြစ်လို့ ယူလာရမှာလဲ။’

 

“ဒုဥက္ကဌချန်က လက်ထပ်ပြီးသားနော်။ ကောင်မတွေရေ၊ နင်တို့ခေါင်းထဲက အတွေးတွေကို ရပ်လိုက်ကြတော့။”

 

 

“ဒါဆို၊ သူက ဒီကို ဘာလာလုပ်တာလဲ။”

 

“ဥက္ကဌလုက... ငါ့ကို ကျီချင်းချင်း ဘယ်မှာလဲလို့ မေးသွားတယ်။”

 

“…”

 

ကျီချင်းချင်း...

 

ကျီချင်းချင်း...

 

“ငါထင်နေတဲ့ ကျီချင်းချင်းနဲ့ အတူတူပဲလား။”

 

“ငါလည်း နင်ထင်နေတဲ့ ကျီချင်းချင်းလို့ပဲ ထင်နေတယ်။ သူမက ထျန်းယွိအင်တာတိန်းမန့်နဲ့ စာချုပ်ချုပ်ထားတဲ့ မင်းသမီးတစ်လက်ပဲ။”

 

 

“ငါ မယုံနိုင်ဘူး။ ဥက္ကဌလုနဲ့ ကျီချင်းချင်းက ဘယ်လိုလုပ်ပြီး တွဲနိုင်မှာလဲ။ ဒါက ဖြစ်နိုင်ပါ့မလား။ ကျီချင်းချင်းရဲ့ ရုပ်ရည်က...”

 

“.... အတော်လေး လှတာပဲ။”

 

“…”

 

“ဒါဆို ဥက္ကဌလု ကိုင်ထားတဲ့ ပန်းစည်းက...”

 

“ကျီချင်းချင်းအတွက် ဖြစ်နိုင်လောက်တယ်။”

 

“ခဏလေး၊ ငါ စိတ်ငြိမ်ဖို့ လိုအပ်တယ်။”

 

“ငါ-ငါ... ငါလည်း စိတ်ငြိမ်ဖို့ လိုနေပြီ။”

 

“…”

 

ချန်ရှုယီရဲ့ ရုံးခန်းဟာ ၂၃လွှာမှာ တည်ရှိသည်။ လုလီရှင်းက ချန်ရှုယီရဲ့ ရုံးခန်းကို တန်းသွားခဲ့သည်။

 

လုလီရှင်း သူ့ရုံးခန်းသို့ ရောက်သွားချိန်တွင် ချိန်ရှုယီသည် အသေးအဖွဲကိစ္စအချို့ကို ကိုင်တွယ်ဖြေရှင်းနေဆဲ ဖြစ်သည်။ ချိန်ရှုယီသည် လုလီရှင်းက သူ့ရှေ့တွင် မတ်တပ်ရပ်နေတာကို မြင်တွေ့လိုက်ရသောအခါ အံ့အားသင့်သွားသည်။ လုလီရှင်းသည် မတော်တဆမှုမှာ ရရှိခဲ့သည့် ဒဏ်ရာများကြောင့် မကြာသေးမီအချိန်က စိုးရိမ်ရသော အခြေအနေတွင် ရှိနေခဲ့သည်။ ချိန်ရှုယီက ပြုံးပြီး “မင်း တကယ် ကံကောင်းတာပဲ။ လွန်ခဲ့တဲ့တစ်ပတ်လောက်က ငါ မင်းကို လာတွေ့တဲ့အချိန်တုန်းက ဆရာဝန်က မင်းမှာ အချိန်သိပ်မကျန်တော့ဘူးလို့ ငါ့ကို ပြောခဲ့တယ်။ သူ မင်းကို မကယ်နိုင်တော့ဘူးလို့ ပြောတယ်။ ဒါပေမယ့် တစ်ပတ်အတွင်းမှာပဲ၊ မင်းက အလွယ်တကူ ပြန်နာလန်ထူလာနိုင်ပြီပေါ့။”

 

ထို့နောက် သူ့အကြည့်တွေက လုလီရှင်း ကိုင်လာသော နှင်းဆီပန်းစည်းပေါ်သို့ ကျရောက်သွားခဲ့သည်။ “ဒီနှင်းဆီပန်းစည်းက...”

“ဒါက မင်းအတွက် မဟုတ်ဘူး။”

 

ချန်ရှုယီက ကျီစယ်စနောက်လိုဟန်ဖြင့် မေးသည်။ “ဒါဆိုရင် ဒီပန်းစည်းက ဘယ်သူ့အတွက်လဲ။”

 

“ကျီချင်းချင်း”

 

“သူမက မင်း ငါ့ကို နောက်ဆုံးအကြိမ်တုန်းက ပြောခဲ့တဲ့ အမျိုးသမီးမလား။ ဘာဖြစ်လို့လဲ။ မင်း သူမကို ကြိုက်လို့လား။”

 

လုလီရှင်းက ပေါ့ပေါ့ပါးပါး ပြန်ဖြေသည်။ “သူမက ငါ့ဇနီးလေ။”

 

ချိန်ရှုယီသည် ရေငုံ့သောက်နေတာ ဖြစ်သည်။ လုလီရှင်းရဲ့ ဝန်ခံ‌ပြောဆိုချက်ကို ကြားလိုက်ရသောအခါတွင် ချိန်ရှုယီဟာ ရေသီးသွားပြီး ရေကို မနည်းမျိုချလိုက်ရသည်။ သူက ရေသီးပြီး ချောင်းဆိုးသွားသည့်အတွက် ရေတွေက နှာခေါင်းထဲ ရောက်ကာ မွန်းသွားစေခဲ့သည်။ သူ အသက်ရှုကြပ်ပြီး သေလုနီးပါး ခံစားလိုက်ရသည်။