အခန်း၈၉
Viewers 14k

အခန်း (၈၉)

 

“ဘာ-ဘာလဲ။ မင်းဇနီးလား။ ဒါက ဘယ်တုန်းက ဖြစ်သွားတာလဲ။ ငါ ဘာဖြစ်လို့ ဒါကို မသိခဲ့ရတာလဲ။”

 

“ဒါက လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဖြစ်ပျက်သွားခဲ့တာ။”

 

“မင်းတို့နှစ်ယောက် လက်ထပ်ပြီးပြီလား။”

 

“အင်း၊ ငါတို့ လက်ထပ်ပြီးပြီ။”

 

“မင်း...” ချိန်ရှုယီ ပြောစရာစကား ပျောက်ရှသွားသည်။

 

သူတို့နှစ်ယောက်က အတူတူ ကြီးပြင်းလာကြသည့် အတန်းဖော်တွေ ဖြစ်တာကြောင့် လုလီရှင်းက ဘယ်လိုလူမျိုးလဲ ဆိုတာ သူ ကောင်းကောင်း သိသည်။ သူ့ကို ဘယ်အမျိုးသမီးနဲ့မှ ရင်းရင်းနှီးနှီး ရှိတာမျိုး မမြင်ဖူးခဲ့ဘူး။ သူ သူမနဲ့ လက်မထပ်ခင် သူမအကြောင်းကို သူ ဘယ်လောက် သိထားခဲ့လဲ။

 

“မင်း သူမအကြောင်းကို သိလို့လား။”

 

လုလီရှင်းက သူ့အမေးကို ပြန်မဖြေပေ။ “ငါ ဒီကို သူမကို လာကြိုဖို့ လာခဲ့တာ၊ သူမ ဘယ်မှာလဲ။”

 

“မင်း သူမကို ဖုန်းခေါ်ကြည့်ပါလား၊ ဘာဖြစ်လို့ မင်းက ငါ့ကို လာမေးနေရတာလဲ။’

 

“ငါ သူမကို ဖုန်းခေါ်ပြီးပြီ၊ ဒါပေမယ့် သူမ ဖုန်းမကိုင်လို့။ သူမ ဘယ်မှာ ရှိလဲ ဆိုတာကို မင်းဝန်ထမ်းတွေကို မေးပေးပါလား။”

 

ချန်ရှုယီသည် ကူကယ်ရာမဲ့သလို ခံစားလိုက်ရသည်။ ကျီချင်းချင်းသည် ၁၈ထပ်ရှိ အစည်းအဝေးခန်းတွင် ရှိနေကြောင်းကို သတင်း မရရှိမီ ဖုန်းအကြိမ်ကြိမ် ခေါ်ဆိုခဲ့ရသည်။

 

“အစည်းအဝေးက ဘာကိစ္စလဲ။”

 

“ငါလည်း သိပ်မသိဘူး။”

 

လုလီရှင်း မတ်တပ်ရပ်ပြီး ထွက်သွားသည်။

 

ချန်ရှုယီသည် လုလီရှင်းရဲ့ နောက်ကျောကို ကြည့်ကာ ခဏလောက် အတွေးများနေခဲ့သည်။ ထို့နောက်၊ သူ့လက်ထဲမှ အလုပ်ကို ချထားကာ လုလီရှင်းနှင့်အတူ ၁၈ထပ်သို့ လိုက်သွားရန် ဆုံးဖြတ်လိုက်သည်။

 

“ကျွန်မ တောင်းပန်ပါတယ်၊ ဒါပေမယ့် ကျွန်မ ရှင်နဲ့ ချိန်းတွေ့ခဲ့တာ ရှင့်ပိုက်ဆံကြောင့် မဟုတ်ဘူး။ ကျွန်မတို့ ချိန်းတွေ့ချိန်မှာ သုံးတဲ့ ပိုက်ဆံကလွဲရင်၊ ကျွန်မ ရှင့်ဆီက ဘာလက်ဆောင်မှ မရခဲ့ဖူးဘူး။ ဒါပေမယ့် အခု ရှင် ဝတ်ထားတဲ့ ခါးပတ်ကတော့ ကျွန်မ ရှင့်ကို လက်ဆောင်ပေးထားတဲ့ဟာပဲ...”

 

“ကျွန်မ ရှင့်ပိုက်ဆံကို မလိုချင်ဘူး၊ ကျွန်မ အဲ့ဒီခါးပတ်ကိုပဲ လိုချင်တယ်။ အခုချက်ချင်း ချွတ်ပြီး ကျွန်မကို ပြန်ပေး။”

 

“တကယ်လို့ နင် သဘောမတူဘူးဆိုရင်၊ ငါ နင့်ကို ဆက်လက် တရားစွဲဆိုရလိမ့်မယ်။”

 

“၁၈လိုင်း သရုပ်ဆောင်တစ်ယောက်မှာ ဘယ်လို အနာဂတ်မျိုး ရှိမှာလဲ။”

 

“မစ်စတာကု၊ ရှင် ကျွန်မနဲ့ မဆွေးနွေးခင် ရှင့်ဘောင်းဘီကို အရင်ဆွဲတင်သင့်တယ်လို့ ကျွန်မ အကြံပြုပါရစေ။”

 

လုလီရှင်းနှင့် ချန်ရှုယီတို့ အစည်းအဝေးခန်းရှေ့သို့ ရောက်ရောက်ချင်းမှာပင် အခန်းတံခါးက ပိတ်ထားသော်လည်း အခန်းတွင်းမှ ကျယ်လောင်ပြီး ယုံကြည်မှုရှိသော အသံတစ်သံကို သူတို့ ကြားနိုင်ပါသေးသည်။ ထိုအသံကို ကြားရုံမျှဖြင့် စကားပြောနေသောသူက... အတော်လေး ကြမ်းတမ်းသော လူတစ်‌ယောက်မှန်း သူတို့ ပြောနိုင်သည်။

 

“ရှောက်ယွီ၊ ဒီလိုမလုပ်ပါနဲ့။ အရမ်းစိတ်လိုက်မာန်ပါ မလုပ်ပါနဲ့။”

 

ရုတ်တရတ် ကြားလိုက်ရသည့် အသံကြောင့် သူတို့ လက်ပါခြေပါ စကားများရန်ဖြစ်တာမှန်း သူတို့ ပြောလိုက်နိုင်သည်။

 

လုလီရှင်းရဲ့ မျက်နှာဟာ မည်းမှောင်သွားပြီး တံခါးကို တွန်းဖွင့်ကာ ဝင်သွားခဲ့သည်။

 

အစည်းအဝေးခန်းထဲ မြင်ကွင်းက ဖရိုဖရဲ ဖြစ်နေခဲ့သည်။

 

ကုရှောက်ယွီသည် ရှန်းဝေဝေရဲ့ တားမြစ်မှုကို လျစ်လျူရှုထားခဲ့သည်။ သူ့မျက်လုံးမှာ ဒေါသတွေအပြည့်ဖြင့် ရုတ်တရတ် မတ်တပ်ထရပ်လိုက်သည်။ သို့သော် လူတစ်‌ယောက်က ကျီချင်းချင်းကို သူ့နောက်ကျောသို့ အလျင်အမြန် ပို့ပေးခဲ့သည်။ ကုရှောက်ယွီရဲ့ ဒေါသအောက်တွင် ထိုလူက မတုန်မလှုပ် ဆက်ရှိနေဆဲပင်။

 

“ကျီချင်းချင်း၊ မင်း သူဌေးလက်သစ်ကို ဘယ်လို ဆွဲဆောင်ထားနိုင်ပါစေ၊ သူတို့က နင့်ကို မကယ်တင်ပေးနိုင်ဘူး။ ဖျော်ဖြေရေးနယ်ပယ်မှာ မင်းအနာဂတ်ကို ငါ လုံးဝ ဖြတ်‌တောက်ပစ်နိုင်တယ်။”

 

“မင်းက ဘယ်သူ့ရဲ့ အနာဂတ်ကို ဖျော်ဖြေရေးနယ်ပယ်က ဖြတ်တောက်ပစ်မှာလဲ။” လုလီရှင်းရဲ့ အသံက မကျယ်ပေမယ့် အားကောင်းသည်။

 

အခန်းထဲရှိ လူတိုင်း တိတ်ဆိတ်သွားကြသည်။ သူတို့အားလုံး အခန်းတံခါးဝဆီက အမျိုးသားကို လှည့်ကြည့်လိုက်သည်။

 

ကျီချင်းချင်း လှည့်ကြည့်လိုက်တော့ တံခါးဝမှာ ရပ်နေသည့် လုလီရှင်းကို မြင်တွေ့လိုက်ရသည်။

 

ကျီချင်းချင်းသည် လျှပ်စီးအသွင် မျက်ရည်များ ကျဆင်းလာခဲ့ပြီး လုလီရှင်း လက်‌မောင်းထဲသို့ ပြေးဝင်သွားခဲ့ကာ “ခင်ပွန်း၊ သူတို့က ကျွန်မကို ဝိုင်းအနိုင်ကျင့်ကြတယ်။”

 

ချန်ရှုယီသည် အရာအားလုံးကို မြင်တွေ့ခဲ့ရသည်။ မူလက ရဲရဲတောက် မာနကြီးပြီး စိတ်အားထက်သန်နေသော ကျီချင်းချင်းသည် လုလီရှင်းရဲ့ ရင်ခွင်ထဲတွင် ခိုလှုံစရာ နေရာကို ရှာဖွေနေသည့် ခိုကိုးရာမဲ့ ငှက်လေးအသွင်သို့ ပြောင်းလဲသွားခဲ့သည်။

 

ထိုစုံတွဲကိုကြည့်ရင်း သူ့မျက်နှာပေါ်တွင် လုံးဝ မယုံကြည်နိုင်တဲ့ အမူအရာတစ်ခု ဖြစ်ပေါ်သွားသည်။ သူက လုလီရှင်းကို တိတ်တဆိတ် စိုက်ကြည့်ကာ သူ့အတွေးဝယ်၊ ညီအစ်ကို မင်းက ဒီလို မိန်းကလေးမျိုးကို ကြိုက်တာပါလား။

 

ချန်ရှုယီ တစ်ယောက်တည်းသာ ထိတ်လန့်တုန်လှုပ်နေတာ မဟုတ်ပေ။ ရှန်းဝေဝေ၊ ကုရှောက်ယွီ၊ လက်ထောက်ဒါရိုက်တာလီနှင့် ချင်ယွဲ့တို့ပါ အံ့အားသင့်ကုန်ကြသည်။

 

“ဥ-ဥက္ကဌ...လုလား။ ကျီ..ကျီ...ကျီချင်းချင်း....သူမက...”

 

ကျီချင်းချင်းသည် သူမစိတ်ထဲတွင် တိတ်တဆိတ် ရယ်လိုက်သည်။ သူမက ထိုအခေါ်အဝေါ်ကို နှုတ်ကျိုးနေပုံရပြီး လူတိုင်းရှေ့မှောက်တွင် လုလီရှင်းကို “ခင်ပွန်း” လို့ ခေါ်လိုက်မိသည်။

 

သူမတော့ သွားပြီ။ အရင် ဆေးရုံတက်စဥ်က သူမကို လုလီရှင်းက သူတို့ရဲ့ ဆက်ဆံရေးအကြောင်းကို လူရှေ့သူရှေ့ ထုတ်ဖော်မပြောရဘူးလို့ သူမကို သတိပေးခဲ့တာကို သတိရမိခဲ့သည်။

 

သူမသည် သရုပ်ဆောင်မုဒ်တွင် အလွန်အကျွံ နစ်ဝင်သွားခဲ့သည်။

 

ကျီချင်းချင်းသည် အံတင်းတင်းကြိတ်ကာ လုလီရှင်းကို မော့ကြည့်လိုက်သည်။ သူမရဲ့ မျက်ဝန်းအိမ်တွင် မျက်ရည်စိုရွှဲနေပြီး “ဒါလင်၊ သူတို့က ကျွန်မကို အနိုင်ကျင့်နေတယ်။”

 

လုလီရှင်းသည် သူမကို သူ့ရင်ခွင်ထဲ မှီတွယ်စေရင်း သူ့ခါးကို ဖက်ခွင့်ပြုလိုက်သည်။ သူ့ရဲ့ အားလပ်နေသည့် လက်တွေဖြင့် သူမခေါင်းကို အသာပုတ်ပေးလိုက်သည်။ သူတို့နှစ်ဦးသာ ကြားလောက်သည့် အသံလေးဖြင့် “ကိုယ့်ကို ရှင်းရှင်းလင်းလင်း ပြောလေ” လို့ ပြောလိုက်သေးသည်။