အခန်း၉၀
Viewers 14k

အခန်း (၉၀)

 

ကျီချင်းချင်းက အသာလေး ချောင်းဟန်ပြီး တီးတိုးပြောသည်၊ “သူတို့ ကျွန်မကို အနိုင်ကျင့်ကြတယ်။”

 

သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် တီးတိုးဆိုနေတာကို မြင်လိုက်ရသည့် ကြည့်ရှုသူတွေက အရမ်းရင်းနှီးနေမှန်း သိလိုက်ကြသည်။

 

ကုရှောက်ယွီသည် ငြိမ်ငြိမ်လေး ဆက်နေဖို့ သည်းခံနိုင်စွမ်း မရှိတော့ပဲ လုလီရှင်းကို ဒေါသတကြီးကြည့်ကာ “အစ်ကိုရှင်း အဲ့ဒီမိန်းမ အရူးလုပ်တာကို မခံလိုက်နဲ့။ သူမက ချူစားတတ်တဲ့မိန်းမတစ်ယောက်ပဲ။ ဒီမိန်းမက ကျော်ကြားချင်တာကြောင့် ကျွန်တော့်ကို သူမရဲ့ ကျောထောက်နောက်ခံ လုပ်ပေးဖို့ တောင်းဆိုခဲ့တယ်။ ကျွန်တော် သူမကို စွန့်ပစ်ပြီးနောက် သိပ်မကြာခင်မှာပဲ သူမက နောက်ထပ် သူဌေးလက်သစ်တစ်ယောက်ကို ထပ်ရှာတွေ့ခဲ့တယ်။ မနေ့ကပဲ၊ သူမနဲ့ သူမရဲ့သူဌေးလက်သစ်တို့ စျေးဝယ်စင်တာမှာ ဆယ်မိနစ်အတွင်း ယွမ်တစ်သန်းခွဲ သုံးစွဲခဲ့တယ် ဆိုတာကို အစ်ကို သိလား။”

 

ကုမိသားစုနှင့် လုမိသားစုတို့သည် အချင်းချင်း ရင်းနှီးသော ဆက်ဆံရေးအချို့ ရှိခဲ့သည်။ ကုမိသားစုသည်လည်း ထျန်းယွိအင်တာတိန်းမန့်တွင် ရှယ်ယာအချို့ ပိုင်ဆိုင်ထားသည်။ မဟုတ်ရင် ကုရှောက်ယွီက ဖျော်ဖြေရေးနယ်ပယ်မှာ ကျီချင်းချင်းရဲ့ အသက်မွေးဝမ်းကြောင်းအလုပ်ကို ပိတ်ပင်နိုင်တယ်လို့ ဘယ်တော့မှ ခြိမ်းခြောက်ခဲ့မှာ မဟုတ်ဘူး။”

 

လုလီရှင်းက ခေါင်းမော့ပြီး ကုရှောက်ယွီကို ‌အေးစက်စွာ ကြည့်လိုက်သည်။ “သူဌေးလက်သစ်လား။”

 

“ဟုတ်တယ်၊ သူမက သူဌေးလက်သစ်တစ်ယောက်နဲ့ အတူရှိခဲ့တယ်။ တစ်စုံတစ်ယောက်က သူတို့နှစ်ယောက်ရဲ့ ဓာတ်ပုံကို ရိုက်ခဲ့မိသေးတယ်။ အစ်ကိုရှင်း၊ ဒီမိန်းမရဲ့ အသွင်အပြင်ကြောင့် အရူးလုပ်တာကို မခံလိုက်ပါနဲ့။ ဒီမိန်းမက သူမ လိုချင်တာကိုရဖို့ ရက်စက်ကြမ်းကြုတ်တဲ့ နည်းလမ်းတွေကို အသုံးပြုခဲ့တယ်။ ကျွန်တော် သူမနဲ့ အချိန်အတော်ကြာ အတူရှိခဲ့ပေမယ့် သူမရဲ့ ပင်ကိုယ်အကျင့်စရိုက်ကို မသိခဲ့ဘူး။ သူမက မာနကြီးတယ်၊ တစ်ကိုယ်ကောင်းဆန်တယ်၊ အတုအယောင်ဆန်ပြီး လောဘလည်းကြီးတယ်။ သူမလို မိန်းမမျိုးက... အိုး...”

 

ကုရှောက်ယွီ စကားပြောနေတုန်းမှာပင်၊ လုလီရှင်းက နှင်းဆီပန်းစည်းကို ကျီချင်းချင်းလက်ထဲ ထည့်ပေးလိုက်သည်။ သူက မျက်လုံးတွေကို ကျဥ်းမြောင်းကာ ကု‌ရှောက်ယွီအနားသို့ တစ်လှမ်းချင်း တစ်လှမ်းချင်းစီ လျှောက်လာခဲ့သည်။ ထို့နောက်၊ သူက ကုရှောက်ယွီရဲ့ မျက်နှာကို လက်သီးဖြင့် ထိုးလိုက်သည်။

 

ကုရှောက်ယွီသည် ရုတ်တရတ် ကျရောက်လာသည့် လက်သီးချက်ကြောင့် အော်ဟစ်ညည်းတွားမိကာ မြေပြင်ပေါ်သို့ လဲကျသွားသည်။ သူ့မျက်နှာပေါ်မှာ ဒဏ်ရာ ချက်ချင်း ပေါ်လာခဲ့သည်။

 

ရှန်းဝေဝေက သူ့ကို ကူညီပေးဖို့ အမြန်ပြေးသွားသည်။ ကုရှောက်ယွီက ခေါင်းငိုက်စိုက်ကျနေပြီး သူ့မျက်နှာပေါ်တွင် ရှုပ်ထွေးနေသော အမူအရာ ပေါ်လာသည်၊

 

ကျီချင်းချင်းသည် လုလီရှင်းနှင့် ဆက်ဆံရေးကို မည်ကဲ့သို့ တည်ဆောက်နိုင်ခဲ့သနည်း။

 

ကျီချင်းချင်းသည် ကုရှောက်ယွီကို မြေပေါ်သို့ လဲကျသွားအောင် ထိုးလိုက်နိုင်သည့်အတွက် လုလီရှင်းကို ချီးကျုးဂုဏ်ပြုပေးလိုသည်။

 

တော်လိုက်တာ၊ ငါ့ခင်ပွန်းက အရမ်းချောတာပဲ။

 

လုလီရှင်းက သူ့နက်ခ်ကတိုင်ကို ဖြည်လျော့လိုက်ပြီး ကုရှောက်ယွီကို ငုံ့ကြည့်လိုက်သည်။ သူ့မျက်နှာအမူအရာဟာ မည်းမှောင်နေရင်း “ကုရှောက်ယွီ၊ မင်းက ယောကျာ်းတစ်ယောက် မဟုတ်ဘူးလား။ သူမရဲ့ ရည်းစားဟောင်းတစ်ယောက်အနေနဲ့ တခြားသူတွေရှေ့မှာ မင်းရည်းစားဟောင်းကို အကဲဖြတ်ပြီး နှိမ့်ချပြောဆိုဖို့ မင်းမှာ အရည်အချင်းမရှိဘူး။”

 

“အစ်ကိုရှင်း၊ ကျွန်တော် လိမ်နေတာ မဟုတ်ပါဘူး။ ကျီချင်းချင်းရဲ့ အကျင့်စရိုက်က ကျွန်တော် ပြောတဲ့အတိုင်းပဲ။” ကုရှောက်ယွီသည် သူ့အမှားကို ဝန်မခံနိုင်သည့်အတွက် ဇွတ်ငြင်းဆိုခဲ့သည်။

 

“အရင်က ကျီချင်းချင်း ဘာတွေပဲ လုပ်ခဲ့လုပ်ခဲ့၊ မိန်းကလေးတစ်ယောက်ကို လက်ပါတဲ့ မင်းလိုလူမျိုးက ကိုယ့်ကိုယ်ကို ယောကျာ်းတစ်ယောက်လို့ ဆိုရဲလား။” လုလီရှင်းက သူ့ကိုကြည့်ပြီး တည်ငြိမ်စွာ ပြောခဲ့သည်။ “အခုအချိန်ကစပြီး မင်းပါးစပ်ကနေ ကျီချင်းချင်းအကြောင်းကို သွားပုတ်လေလွင့် ပြောနေတာမျိုး ငါ မကြားချင်တော့ဘူး။ မင်း အရင်က ကျီချင်းချင်းက မင်းကို ချူစားတယ် ဆိုတဲ့ ကောလဟလတွေကို ဖြန့်ခဲ့ဖူးပြီး အဲ့ဒီကောလဟလတွေကို မှန်မှန်ကန်ကန် ဖြေရှင်းပေးနိုင်မယ်လို့ ငါ မျှော်လင့်တယ်။ ကျီချင်းချင်းက မင်းကို အရင်က ချူစားတယ်လို့ ဘယ်သူမှ မထင်စေချင်ဘူး၊ ငါပြောတာ မင်း နားလည်လား။”

 

ကုရှောက်ယွီသည် အသက်ရှုကြပ်လာပြီး စကားပြန်မပြောနိုင်ပေ။

 

“မင်း နားလည်လား။”

 

ကုရှောက်ယွီက အံတင်းတင်းကြိတ်ပြီး အလျော့မပေးစွာ “... သူမက ကျွန်တော့်ကောင်မလေးလို့ ကျွန်တော် ဘယ်တော့မှ ဝန်မခံဘူး။”

 

လုလီရှင်းက မြေပေါ်မှာ ကျနေတဲ့ ခါးပတ်ကို ကန်လိုက်ပြီး လှောင်ပြောင်သရော်သည့်အသံဖြင့် “မင်းကမှ သူမကို ချူစားတဲ့သူလို့ ထင်စေချင်တယ် ဆိုရင်လည်း သူတို့ကို ငါ အဲ့လို ပြောပြပေးဖို့ ပြဿနာ မရှိဘူး။”

 

ကုရှောက်ယွီရဲ့ မျက်နှာဟာ ပျက်ယွင်းသွားခဲ့သည်။ သူ့စကားတွေက သူ့ကို အကြီးအကျယ် စော်ကားလိုက်ပုံပေါ်သည်၊ “ကျွန်တော် သူမဆီက ခါးပတ်တစ်ခုပဲ ရခဲ့ဖူးတာ။”

 

“မင်းကရော သူမကို ဘာလက်ဆောင် ပေးဖူးလို့လဲ။”

 

ကုရှောက်ယွီ နှုတ်ဆိတ်သွားသည်။

 

“မင်း နှုတ်ဆိတ်နေတယ် ဆိုတော့ မင်းက သူမကို ဘာလက်ဆောင်မှ မပေးခဲ့ဖူးဘူးလို့ ဆိုလိုတာပဲ။ သူမက မင်းအတွက် ဂဏန်းငါးလုံး သုံးစွဲခဲ့တယ်။ အချစ်ရေးမှာ အများဆုံး သုံးစွဲခဲ့တဲ့သူက ငွေကြေးထောက်ပံ့သူဖြစ်ပြီး အနည်းဆုံး သုံးစွဲခဲ့သူက ချူစားသူပဲ။ သူမက ပိုက်ဆံ အများဆုံး သုံးစွဲခဲ့တာကြောင့် သူမသာ ငွေကြေးထောက်ပံ့ပေးသူ မဟုတ်လား။”

 

ကုရှောက်ယွီက အံ့တင်းတင်းကြိတ်ကာ “ကျွန်တော် အခု နားလည်သွားပါပြီ။”

 

လုလီရှင်းက ချက်ချင်း မေးသည်၊ “မင်း ဘာကို နားလည်သွားတာလဲ။

ကုရှောက်ယွီက စကားလုံး တစ်လုံးချင်းစီကို သေသေချာချာ ပြောခဲ့သည် “ကျီချင်းချင်းနဲ့ ကျွန်တော်က ဒီအတိုင်း သာမာန် သူငယ်ချင်းတွေလိုပါပဲ။ သူမက ကျွန်တော့်ကို ချူစားခဲ့တဲ့ မိန်းမ မဟုတ်ဘူး။”

 

လုလီရှင်းက လက်ထောက်ဒါရိုက်တာလီကို လှည့်ကြည့်လိုက်သည်။ လက်ထောက်ဒါရိုက်တာလီသည် အနည်းငယ် စိတ်မသက်မသာ ဖြစ်နေပုံရသည်။ “ကျီချင်းချင်း ပြောသမျှကို ငါကြားတယ်။ ကျီချင်းချင်းနဲ့ ရှန်းဝေဝေကြားက ကိစ္စကို လက်ထောက်ဒါရိုက်တာလီက ဘာဖြစ်လို့ ဝင်ရောက်စွက်ဖက်ခဲ့တာလဲ။ ဒီကိစ္စကို မင်း ကြားမဝင်ဖို့ ငါ ညွှန်ကြားထားပြီးသား။ ငါ့ညွှန်ကြားချက်က မင်းအတွက် အဓိပ္ပါယ် မရှိတာလား။”

 

“မဟုတ်၊ မဟုတ်၊ မဟုတ်၊ ... အဲ့လို မဟုတ်ပါဘူး။ ဥက္ကဌလု၊ ကျွန်တော်ကို ဒီကိစ္စကို ကုမ္ပဏီအကျိုးအတွက် လုပ်ခဲ့တာပါ။ နောက်ဆုံးတော့၊ ဒီအဖြစ်အပျက်က ကုမ္ပဏီကို ဆိုးဆိုးရွားရွား ထိခိုက်မှာကို စိုးရိမ်လို့ပါ။”