အခန်း
(၉၁)
လုလီရှင်းက လှောင်ရယ် ရယ်လိုက်သည်၊
“ကြည့်ရတာ လက်ထောက်ဒါရိုက်တာလီက ထျန်းယွိအင်တာတိန်းမန့်အတွက်
စီမံခန့်ခွဲနိုင်စွမ်းတွေ လျော့ကျသွားပုံပဲ။”
“ဥက္ကဌလု ကျွန်တော့်ကို
အထင်လွဲနေတာပါ။”
"ချင်းချင်းရဲ့
တောင်းဆိုချက်တွေက တော်တော်လေး ကျိုးကြောင်းဆီလျော်မှုရှိတယ်လို့ ကျွန်တော်ထင်တယ်။
ပထမဆုံးအနေနဲ့ ချင်းချင်းက ရှန်းဝေဝေကို တွန်းချတဲ့သူ မဟုတ်ဘူး။ ဒုတိယအချက်၊
ကျီချင်းချင်းက ရှန်းဝေဝေကို ပြဿနာရှာတယ်ဆိုပြီး ပြောနေတာတွေအတွက် သက်သေအထောက်အထား
မရှိဘူး။ ဒါံကြောင့် ရှန်းမိန်းကလေးက အခု တစ်လလုံး ချင်းချင်း ကြုံတွေ့ခဲ့ရတဲ့
စိတ်အနှောင့်အယှက်ဖြစ်ရတဲ့ ကိစ္စရပ်တွေ အားလုံးအတွက် တာဝန်အရှိဆုံး ဖြစ်ပြီး
တာဝန်ယူသင့်တယ်။ ရှန်းမိန်းကလေးက ဝေ့ပေါ်မှာ တောင်းပန်စာ တင်ပေးရမယ့်အပြင်
ချင်းချင်းရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုအတွက် လျော်ကြေး ထပ်ပေးရပါမယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆောင်ရွက်စရာ ရှိတာတွေ ဆောင်ရွက်ဖို့ ကျွန်တော့်ရှေ့နေက
ရှန်းမိန်းကလေးကို မကြာခင်မှာ ဆက်သွယ်လာပါလိမ့်မယ်။”
လုလီရှင်းသည် အတော်လေး သနားစရာ
ကောင်းနေသည့် အသွင်ပေါက်နေသည့် ရှန်းဝေဝေကို ကြည့်ကာ “ရှန်းမိန်းကလေး၊ မင်းမှာ
ငြင်းဆန်စရာ တစ်ခုခု ရှိဦးမလား။”
ကုရှောက်ယွီက ရှန်းဝေဝေအတွက်
ကူညီပေးရန် စကားမဟပဲ မနေနိုင်ပေ၊ “အစ်ကိုရှင်း၊ ဝေဝေကို ဒီလို မပြောပါနဲ့။ မင်း
သူမကို မသိလို့ပါ၊ သူမက...”
“ပါးစပ်ပိတ်ထား” လုလီရှင်းက
မျက်နှာထားတင်းတင်းဖြင့် “မင်းဟာမင်း မသိမိုက်မဲပြီး အရည်အချင်းမရှိတာ အဆင်ပြေတယ်၊
ဒါပေမယ့် အခု၊ မင်းလုပ်သမျှ အရာအားလုံးက နေ့တိုင်း ဒီအမျိုးသမီးနောက်ကို
တစ်ချိန်လုံး လိုက်ပါနေခဲ့တာပဲ။ ကုမိသားစုရဲ့ စည်းစိမ်ဥစ္စာအားလုံးကို ဖျက်ဆီးချင်နေတာလား။”
ကုရှောင်ယွီက အပြစ်ရှိသည့်စိတ်ဖြင့်
“ကျွန်တော် မဟုတ်ပါဘူး...”
“ကုရှောက်ယွီ၊ ကုမိသားစုက ထျန်းယွိအင်တာတိန်းမန့်ရဲ့ စတော့ရှယ်ယာ
တစ်စိတ်တစ်ပိုင်းကို ပိုင်ဆိုင်ထားတာကြောင့် မင်း ဒီမှာ မရိုးမဖြောင့်တဲ့
ကိစ္စရပ်တွေ လုပ်လို့ရပြီလို့ မထင်နဲ့။ ဒါနဲ့၊ မင်းက ဖျော်ဖြေရေးနယ်ပယ်မှာ
ချင်းချင်းရဲ့ အသက်မွေးဝမ်းကြောင်းအလုပ်ကို ပိတ်ဆို့ချင်တာလား။ မင်းမှာ
အဲ့လိုလုပ်နိုင်စွမ်း မရှိမှာကို ငါကြောက်မိတယ်။ တကယ်လို့ မင်းရဲ့ နောက်မှာ
ကုမိသားစုသာ မရှိဘူးဆိုရင် မင်းလို မသိမိုက်မဲပြီး အရည်အချင်းမရှိသူမှာ
သုံးဖြုန်းဖို့ ပိုက်ဆံတောင် ရှိပါ့မလား။ မင်းရဲ့ နောက်မှာ ကုမိသားစု မရှိပဲ
ဒီနယ်ပယ်မှာ မင်း အာဏာပြနိုင်မယ်လို့ ထင်လား။ မင်းရဲ့ နောက်မှာ ကုမိသားစုသာ
မရှိရင် မင်းဆိုတဲ့လူက ဘာမှ မဟုတ်ဘူး။ မင်းက ကုမိသားစုကို ဘယ်လို ချဲ့ထွင်ပြီး
ဘယ်လို တိုးတက်အောင် လုပ်ရမလဲ ဆိုတဲ့ နည်းလမ်းတွေ စဥ်းစားမယ့်အစား ကလပ်သွားလိုက်၊
ဇိမ်ခံကားတွေ ဝယ်လိုက်၊ အမျိုးသမီးတွေကို ဘယ်လိုလိုက်လံပိုးပန်းရမလဲ ဆိုတာတွေကိုပဲ
တစ်ချိန်လုံး တွေးနေခဲ့တယ်။ မင်းရဲ့ သုံးဖြုန်းပုံနဲ့ဆို ကုမိသားစုရဲ့
စည်းစိမ်ဥစ္စာတွေက ဘယ်လောက်ကြာကြာ ခံနိုင်မလဲလို့ မင်း တွေးဖူးလား။”
ကုရှောက်ယွီသည်
ဆူပူကြိမ်းမောင်းတာကို ခံရပြီးနောက် ခေါင်းမထောင်နိုင်တော့ပေ။
“မင်းရဲ့ အရည်အချင်းအရ ပိုပြီး
ချမ်းသာကြွယ်ဝလာဖို့ကို ငါ မမျှော်လင့်ပါဘူး၊ ဒါပေမယ့် အနည်းဆုံးတော့ အဖိုးကု
မင်းအတွက် ချန်ထားခဲ့တဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းသိမ်းနိုင်လိမ့်မယ်လို့ ငါ
မျှော်လင့်ခဲ့တယ်။ ဒါပေမယ့်၊ နောင်မှာ မင်းရဲ့ ဒီလို မောက်မာတဲ့ အပြုအမူမျိုးကို
ငါ ထပ်တွေ့ရရင် ငါ့ရဲ့ ရက်စက်တဲ့ လုပ်ရပ်အတွက် အပြစ်မတင်နဲ့။”
ရှန်းဝေဝေက ကုရှောက်ယွီရဲ့
လက်မောင်းကို ကူကယ်ရာမဲ့စွာ ဆုပ်ကိုင်လိုက်သည်။ သူမက ခေါင်းတဆတ်ဆတ်ငြိမ့်ကာ
“ရှောက်ယွီ၊ ကျွန်မအတွက် ခုခံပြောဆိုနေတာတွေ ရပ်လိုက်ပါတော့။” ရှန်းဝေဝေက
သူမနှုတ်ခမ်းပါးကို အသာကိုက်ရင်း လုလီရှင်းကို ကြည့်ကာ “ဒီကိစ္စက ကျွန်မအမှားပါ။
ဒီကိစ္စနဲ့ ပတ်သက်သမျှ အရာအားလုံးကို ကျွန်မ တာဝန်ယူပြီး ကျီမိန်းကလေး
ဖြစ်စေချင်တဲ့အတိုင်း အားလုံး လုပ်ပေးပါ့မယ်။”
လုလီရှင်းက ရှန်းဝေဝေကို
မထူးမခြားသလို ကြည့်ကာ “ရှန်းမိန်းကလေးကလည်း ကန့်ကွက်ခြင်း မရှိတဲ့အတွက်
ဒီကိစ္စကို ပြေလည်အောင် ဖြေရှင်းဖို့ ဒီလို လုပ်ကြမယ်။ ကျွန်တော်က
ရှန်းမိန်းကလေးကို ဝေ့ပေါ်မှာ တောင်းပန်စာကို တတ်နိုင်သမျှ အမြန်ဆုံး
ရေးတင်ပေးစေချင်ပါတယ်။ အပိုလျော်ကြေးအတွက်ကတော့... ကျွန်တော်ရှေ့နေက ဒီကိစ္စနဲ့
ပတ်သက်ပြီး သိပ်မကြာခင်မှာ ဆက်သွယ်လာပါလိမ့်မယ်။ မင်း လိုချင်တာ ရှိရင်၊
ကျွန်တော်ရှေ့နေကို ဆက်သွယ်ပြီး ဆွေးနွေးနိုင်ပါတယ်။ နောက်ပြီး...”
လုလီရှင်းက သူ့ရဲ့ ရေခဲလို
အေးစက်နေသည့် အကြည့်များဖြင့် အခန်းပတ်ပတ်လည်ကို ကြည့်လိုက်သည်၊ “ဒီလို သီးသန့်
တွေ့ဆုံမှုမျိုးတွေ နောင်မှာ ထပ်မတွေ့ရဖို့ ကျွန်တော် မျှော်လင့်တယ်။” လုလီရှင်းက
သူတို့ကို ခက်ထန်စွာ ပြစ်တင်ပြောဆိုခဲ့သည်၊ “ကုမ္ပဏီမှာ စည်းမျဥ်းစည်းကမ်းတွေ
မရှိလို့လား။ ဒီလိုကိစ္စမျိုးတွေကို ဖြေရှင်းဖို့ သီးသန့်အစည်းအဝေးတစ်ခု
လုပ်ဆောင်ဖို့ လိုအပ်သလား။”
ဘယ်သူမှ ပြန်မပြောရဲကြပေ။
သူက လှည့်ပတ်ကြည့်ရင်း ချန်ရှုယီကို
ကြည့်ကာ “ရှုယီ၊ မင်း ငါ ပြောချင်တာကို နားလည်သဘောပေါက်တယ်မလား။”
တံခါးဝနားမှာ ရပ်နေသည့် ချန်ရှုယီက
သူ့လည်ချောင်းကို ရှင်းကာ ပြန်ဖြေသည်၊ “မင်း၊ ငါ နားလည်သဘောပေါက်တယ်။”
လုလီရှင်းရဲ့ အကြည့်က ချင်ယွဲ့ထံသို့
အခြေကျသွားသည်၊ “မင်းက ချင်းချင်းရဲ့ အေးဂျင့်လား။”
ချင်ယွဲ့သည် သူက ဒီကိစ္စကို
အပြင်လူတစ်ယောက် ကြည့်နေသည့်အတွက်ကြောင့် လုလီရှင်းက ရုတ်တရတ် သူ့ကို
မေးခွန်းတစ်ခု မေးမြန်းလိုက်သောအခါဝယ် အထိတ်တလန့် ဖြစ်သွားသည်။
သို့ရာတွင်၊ သူက သူ့ကိုယ်သူ
စိတ်တည်ငြိမ်အောင် အမြန်လုပ်လိုက်ပြီး ပြန်ဖြေခဲ့သည်၊ “ဟုတ်ပါတယ်၊ ကျွန်တော်က
ကျီမိန်းကလေးရဲ့ အေးဂျင့်ပါ။ ကျွန်တော့်နာမည်က ချင်ယွဲ့ပါ။”
လုလီရှင်းက ခေါင်းတစ်ချက် ညိမ့်ပြကာ
“ဒီကိစ္စကို ဒီလိုပဲ ဖြေရှင်းလိုက်ကြတာပေါ့။ ဒီနေ့ ဖြစ်ပျက်ခဲ့သမျှ အကြောင်းတွေကို
ကောလဟလတွေ မကြားချင်ဘူး။ လူတိုင်းက ကိုယ်လုပ်စရာ ရှိတာကိုပဲ ဆက်လုပ်ကြလိမ့်မယ်လို့
မျှော်လင့်ပါတယ်။”
ဒါက ခြိမ်းခြောက်မှုတစ်ခုပဲ။
အစည်းအဝေးအခန်း တစ်ခုလုံး
တိတ်ဆိတ်ငြိမ်သက်သွားသည်။
လုလီရှင်းက တခြား ဘာစကားမှ
ပြန်မပြောခဲ့ပဲ အစည်းအဝေးခန်းထဲမှ လူတိုင်းကို သေသေချာချာ ထပ်ကြည့်ခဲ့သည်။ သူက
နောက်သို့ ပြန်လှည့်ပြီး ကျီချင်းချင်းထံ လျှောက်သွားကာ သူမမျက်နှာကို
တည့်တည့်ကြည့်လိုက်သည်။ ကျီချင်းချင်းရဲ့ မျက်လုံးလေးများသည် လဆန်းမှာ ထွက်ပြူသည့်
လခြမ်းကွေးလို ပြုံးပျော်နေသည်။ လုလီရှင်းရဲ့ လေသံက နူးညံ့ပျော့ပျောင်းသွားကာ
သူ့အသံက အရင်က ပြောနေသည့် အသံနှင့် လုံးဝ ကွာခြားသွားပြီး “ကိုယ် မင်းကို
အိမ်ပြန်ပို့ပေးမယ်။”
ကျီချင်းချင်းသည် သူမ လက်မှာ
ကိုင်ထားသော နှင်းဆီပန်း ၉၉ပွင့်ပါ ပန်းစည်းကြီးရဲ့ ပန်းရနံ့တွေကို
မွှေးကြူလိုက်သည်။ သူမမျက်နှာပေါ်တွင် အလွန်လင်းလက်နေသော အပြုံးတစ်ပွင့် ရှိကာ
အခုလောလောဆယ် သူမရဲ့ နှလုံးသားက ပျားရည်တွေထက်တောင် ချိုမြိန်နေလေသည်။
“ကောင်းပြီ။”
-- “တာဝန် ပြီးမြောက်ပါပြီ။
ကျန်းမာရေးတန်ဖိုး +10 ဖြစ်ပြီး လက်ရှိ ကျန်းမာရေးတန်ဖိုးက ၁၁နာရီ ဖြစ်ပါတယ်။”