အခန်း
(၉၂)
အချိန်က ခြောက်နာခွဲ၊ အလုပ်ဆင်းချိန်
ရောက်ပြီ။
ကျီချင်းချင်းသည် လုလီရှင်းဘေးတွင်
မတ်တပ်ရပ်ပြီး နှင်းဆီပန်းစည်းကိုင်ကာ ဓာတ်လှေကားမှ အောက်သို့ ဆင်းလာခဲ့သည်။
ဓာတ်လှေကား အပြင်ဖက်ရှိ လူတွေက ဓာတ်လှေကားအတွင်းမှ လူနှစ်ယောက်ကိုကြည့်ရင်း
အသက်ရှူမှားသွားကြသည်။ သူတို့ကြည့်ရတာ တစ္ဆေသရဲတစ်ကောင်ကို မြင်တွေ့လိုက်သလို
ဖြစ်နေကြပြီး မည်သူ တစ်ဦးတစ်ယောက်မျှ ဓာတ်လှေကားထဲသို့ မဝင်လာရဲကြပေ။
“မင်္ဂလာပါ၊ ဥက္ကဌလု”
ကျီချင်းချင်းသည် သူမဘေးရှိ လူများ
အချင်းချင်း တီးတိုးပြောနေတာကို ကြားနေရသည်။
ဒါက ဥက္ကဌလုနဲ့ ကျီချင်းချင်းမလား။”
“ကျီချင်းချင်းကို နှင်းဆီပန်းစည်း
ဘယ်သူ ပေးတာလဲ။”
“ထျန်းယွိအင်တာတိန်းမန့်ကို
ဥက္ကဌလုက နှင်းဆီပန်းစည်းကိုင်ပြီး ကျီချင်းချင်းကို လာရှာတာလို့ အရှေ့ကောင်တာက
လူတွေ ပြောတာပဲ။”
“ဒါဆို... ကျီချင်းချင်းနဲ့
ဥက္ကဌလု...”
“မဖြစ်နိုင်ပါဘူး။”
လုလီရှင်းက သူတို့ ပြောနေတာကို
မကြားသလို ဟန်ဆောင်နေခဲ့သည်။ သူမတို့နှစ်ယောက်သား လူရှေ့သူရှေ့မှာပင် အတူတူ
လမ်းလျှောက်လာခဲ့ကြသည်။ ဒီနောက်ပိုင်းမှာတော့၊ သူမတို့ရဲ့ အချစ်ရေးအကြောင်းကို
မနက်ဖြန်လောက်ဆို လူတိုင်း သိရှိသွားကြလိမ့်မည်။
သူမတို့နှစ်ယောက်သား
မြေအောက်ကားပါကင်ဆီသို့ အတူ လျှောက်သွားကြသည်။ ကျီချင်းချင်းက လုလီရှင်း၏ ကားရဲ့
ဘေးဖက်ထိုင်ခုံဆီသို့ ဝင်ထိုင်ခဲ့ပြီး နှင်းဆီပန်း ၉၉ပွင့်ပါသော ပန်းစည်းကို
နောက်ခုံတွင် ထားလိုက်သည်။ နှင်းဆီပန်းတွေက ရဲရဲနီပြီး မွှေးကြိုင်လှပလွန်းသည်။
သူမတို့ ထျန်းယွိအင်တာတိန်းမန့်မှာ
ရှိစဥ်က လုလီရှင်းက သူမကို အကာအကွယ်ပေးသည့် အသွင်သဏ္ဍာန်မှာ ခပ်မိုက်မိုက်နဲ့
အရမ်းကြည့်ကောင်းတယ်။ ကျီချင်းချင်းသည် လုလီရှင်းက သူမကို နှင်းဆီပန်းတွေ
ပေးခဲ့တာကို မေ့လျော့လုနီးပါး ဖြစ်သွားခဲ့ပြီး သူ့ခင်ပွန်းက အလုပ်စောစောဆင်းပြီး
သူမကို ကုမ္ပဏီကနေ လာကြိုတာက ဘယ်လောက် အံ့သြစရာကောင်းလဲ ဆိုသည့် အတွေးတွေထဲ
နစ်မြှုပ်နေခဲ့သည်။
အခုတော့ သူမဟာ စိတ်အေးလက်အေးဖြင့်
သူ့ကားထဲမှာ ထိုင်နေရသည့် အချိန်တွင် လုလီရှင်းက သူမဖက်ကနေ
ခုခံကာကွယ်ပြောဆိုခဲ့သည့် လုလီရှင်းရဲ့ အမူအရာ၊ စကားလုံးတွေနဲ့ အပြုအမူများကို
ပြန်တွေးကြည့်နေမိသည်။
လုလီရှင်းသည် သူ့ရဲ့
ဖြောင့်မတ်မှန်ကန်တဲ့ လုပ်ရပ်တွေကို အလေးအနက် မထားသလို ကျီချင်းချင်းသည်လည်း
ထိုအကြောင်းကို ထပ်မံ မမေးမြန်းခဲ့ပေ။
ကျီချင်းချင်းက သူ့ကို တိတ်တခိုး
ခိုးကြည့်ကာ သူမမျက်နှာပေါ်တွင် ဖုံးကွယ်မစွမ်းသာသည့် အပြုံးတစ်ပွင့်နဲ့
ပြည့်နှက်နေပြီး “မစ်စတာလု၊ အခုနတုန်းက ကျွန်မဖက်ကနေ ရပ်တည်ပေးလို့
ကျေးဇူးတင်ပါတယ်။”
“မစ်စတာလုလား။” လုလီရှင်းသည် ကားကို
လက်တစ်ဖက်ဖြင့် ထိန်းကိုင်ကာ နောက်ကြည့်မှန်ကို တစ်ချက်ကြည့်ပြီး ကားပါကင်မှ
ဖြည်းညှင်းစွာ မောင်းထွက်လာခဲ့သည်။ သူက ကားမောင်းနေရင်း စကားတစ်ခွန်းမှ မပြောပဲ
သူမကို အဓိပ္ပါယ်ပါသော အကြည့်ဖြင့် ကြည့်လိုက်သည်။
ကျီချင်းချင်းက သူ့မျက်ဝန်းအကြည့်ရဲ့
အဓိပ္ပါယ်ကို နားလည်ပြီး ချက်ချင်းပဲ သူ့အတွက် အခေါ်အဝေါ်ကို ပြောင်းလဲလိုက်သည်၊
“ခင်ပွန်း၊ ကျွန်မအတွက် ပြောပေးလို့ ကျေးဇူးတင်ပါတယ်။ ရှင့်ကြောင့်သာ မဟုတ်ရင်၊
ဒီနေ့ ကျွန်မကို သူတို့ အနိုင်ကျင့်တာ ခံရလိမ့်မယ်။”
-- “ကျန်းမာရေးတန်ဖိုး +1၊ Hostရဲ့
လက်ရှိ ကျန်းမာရေးတန်ဖိုးက ၁၂နာရီ ဖြစ်ပါတယ်။”
“သူတို့က မင်းကို အနိုင်ကျင့်တာလား။”
ကျီချင်းချင်းက
ခေါင်းညိတ်ပြလိုက်သည်။
လုလီရှင်းသည် သူ အစည်းအဝေးခန်းထဲသို့
ဝင်သွားသောအခါက မြင်ကွင်းကို ပြန်အမှတ်ရမိသည်။ အဲ့ဒီအချိန်တွင်၊ ကျီချင်းချင်းက
ချင်ယွဲ့ရဲ့ နောက်မှာ ပုန်းအောင်းနေပြီး ကုရှောက်ယွီကို အစွယ်ပြပြီး
ခြေသည်းလက်သည်းတွေ ထုတ်ပြနေသည့် ကြောင်ငယ်လေးလို မာန်ဖီနေသည့်ဟန်ပေါ်သည်။ သူက
ပြုံးပြီး မေးလိုက်သည်၊ “သူတို့မှာ မင်းကို အနိုင်ကျင့်နိုင်မယ့် အရည်အချင်း
ရှိလို့လား။”
“ဒါပေါ့၊ ရှင် မမြင်ဘူးလား...”
“ကိုယ် မြင်ပါတယ်။” လုလီရှင်းက
ထပ်ပြောသည်၊ “ကိုယ် ဒီဖြစ်စဥ်ကို အစကနေ အဆုံးအထိ မြင်တွေ့ခဲ့ပါတယ်။”
ကျီချင်းချင်း “…”
ကျီချင်းချင်းသည် သူမ
ဆက်ပြောတော့မည့် စကားလုံးတွေက လည်ချောင်းထဲမှာ တစ်ဆို့သွားပြီး နင်သွားခဲ့သည်။
လုလီရှင်းက အစည်းအဝေးအခန်းရဲ့ တံခါးနောက်မှာ တစ်ချိန်လုံး ရပ်နေခဲ့တာလား။
ဒါဆိုရင်၊ သူက သူမပြောသမျှကို
ကြားပြီး အစည်းအဝေးခန်းထဲမှာ သူမ အခြားလူတွေကို ဘယ်လို အနိုင်ကျင့်ခဲ့လဲ
ဆိုတာကိုပါ ကြားခဲ့ရမှာပေါ့။
ဒါဆိုရင် သူမ ဘာဖြစ်လို့ ခက်ခက်ခဲခဲ
သရုပ်ဆောင်နေဖို့ လိုအပ်တော့မှာလဲ။
ကျီချင်းချင်းသည် အစတုန်းက သူမ
ဝမ်းနည်းစွာ ငိုကြွေးပြီး သူ့ရင်ခွင်ထဲသို့ ပစ်ဝင်ပြီး တိုင်တောနေသည့်
သရုပ်ဆောင်သည့် ပုံရိပ်များနှင့် စကားလုံးများအတွက် အလွန် ဂုဏ်ယူနေခဲ့တာ ဖြစ်သည်။
ဒါပေမယ့် အခုတော့ သူမ အဲ့ဒီအကြောင်းကို ပြန်တွေးမိတော့ သူမပါးကို သူမကိုယ်တိုင် ဖြတ်ရိုက်ထားသည့်အတိုင်း
ခံစားလိုက်ရသည်။
ဒါက အရမ်းနာကျင်တာပဲ။
ကျီချင်းချင်းသည် တွင်းတူးပြီး
မိမိကိုယ်မိမိ မြှုပ်နှံဖို့ ဆန္ဒရှိခဲ့သည်။
“မင်း ဘာအမှားမှ မလုပ်ခဲ့ပါဘူး။”
လုလီရှင်းက ခပ်ပေါ့ပေါ့ ပြောသည်၊ “မင်းမှာ သူတို့လောက် လွှမ်းမိုးနိုင်စွမ်းနဲ့
သြဇာအာဏာ မရှိဘူး၊ ဒါ့ကြောင့် အဲ့ဒီအချိန် အဲ့ဒီနေရာကို ကိုယ်သာ
ရောက်မလာခဲ့ဘူးဆိုရင် မင်း ရှုံးသွားလိမ့်မယ်။ ဒါ့အပြင်၊ ကိုယ်က မင်းခင်ပွန်းမို့
မင်း လိုအပ်တဲ့အခါ ကိုယ် ကူညီပေးသင့်တာပေါ့။”
ကျီချင်းချင်းရဲ့ စိတ်အခြေအနေဟာ
ပြေလျော့သွားပြီး “ကုရှောက်ယွီ ပြောသလိုမျိုး ကျွန်မက တကယ် ဆိုးရွားနေတဲ့သူ
ဖြစ်နေရင် ဘယ်လိုလုပ်မလဲ။” လို့ မနေနိုင်စွာ မေးမိသည်။
“မင်းရော ကိုယ်က လူကောင်းလို့
ထင်လား။”
ကျီချင်းချင်း သူ့ကို ကြည့်လိုက်သည်။
“အတိတ်ကအကြောင်းတွေကို ပြန်မပြောနဲ့။
မကောင်းတဲ့ အတိတ် မရှိတဲ့သူ ဘယ်သူ ရှိလို့လဲ။ လူတိုင်း ဘယ်သူမဆို တစ်ခါတစ်လေမှာ စိတ်မြန်လက်မြန်ရှိပြီး
တစ်သက်လုံး အမှားလုပ်မိမှာ မဟုတ်ဘူးလို့ ဘယ်သူကမှ အာမ မခံနိုင်ဘူး။”
ကျီချင်းချင်းက ခေါင်းညိတ်လိုက်ပြီး
သူ့စကားတွေက တော်တော်လေး အဓိပ္ပါယ်ရှိတယ်လို့ ခံစားရသည်။
“အနာဂတ်မှာ မင်းကို တခြားသူတွေနဲ့
ရောထွေးမနေစေချင်ဘူး။ မင်းက ကိုယ့်ဇနီးသည် ဆိုတာကို မှတ်ထားပါ။ မင်း
အမှားလုပ်တာတွေကို ကိုယ် မဖမ်းမိစေနဲ့။”
ကျီချင်းချင်းသည်
ရင်ခုန်စိတ်လှုပ်ရှားသွားသည်။ သူမသည် သူမနေရာကို သူမ သိပြီး ပြဿနာရှာဖို့
ဘယ်တုန်းကမှ အစပြုခြင်း မရှိခဲ့ပေ။ ဒါကြောင့် လူတိုင်း သူမကို အပြစ်ရှာဖို့
လုပ်နိုင်မည့်အရာ ဘယ်လိုလုပ်ပြီး ရှိနိုင်မှာလဲ။