အခန်း
(၉၃)
နှင်းဆီပန်းတွေရဲ့ မွှေးရနံ့ကြောင့်
ကားအတွင်းမှ လေထုက အရမ်းမွှေးသည်။ ကျီချင်းချင်းသည် ပန်းတွေရဲ့ မွှေးရနံ့ကြောင့်
အသက်ပြင်းပြင်း ရှုရှိုက်လိုက်သည်။ ထို့နောက် ကျီချင်းချင်းသည် လုလီရှင်းကို
လှည့်ကြည့်လိုက်သည်။ နှင်းဆီပန်း ၉၉ပွင့်ပါ ပန်းစည်းကို သူမကို ပေးဖို့အတွက်
သူ့လို အလုပ်များနေသည့်လူက ဘာဖြစ်လို့ အလုပ်စောစော ဆင်းလာရတာလဲ။
ဖြစ်နိုင်တာက...
“ဒီနေ့ နှင်းဆီပန်းတွေအတွက်
ကျေးဇူးပါ။ သူတို့က အရမ်းလှတယ်။ ဒါပေမယ့်... ရှင် ကျွန်မကို နှင်းဆီပန်းတွေ
ပေးဖို့အတွက်နဲ့ ဘာဖြစ်လို့ အလုပ်စောစာ ဆင်းလာရတာလဲ။”
လုလီရှင်းက သူမ မကြာခဏ ပြောလေ့ရှိတဲ့
ဆင်ခြေကိုပဲ အသုံးချခဲ့သည်၊ “အဖိုးက ဒီနေ့ ကိုယ့်ကို အိမ်စောစော ပြန်လာဖို့
မှာလိုက်တယ်၊ ကိုယ် အလုပ်စောစောဆင်းတော့ မင်းကိုလည်း တစ်ခါတည်း ဝင်ကြိုလိုက်တာ။
အဖိုးက ကိုယ်တို့အတူရှိနေတာကို မြင်ရရင် အရမ်းပျော်သွားလိမ့်မယ်။”
“အိုး...” ကျီချင်းချင်းသည် သူ့ရဲ့
ရှင်းပြချက်ကို နားထောင်ပြီးသောအခါ ခေါင်းလေး ငုံ့သွားသည်။
သူ့ရဲ့ ရှင်းပြချက်က သူမကို
နောက်တစ်ခါ ပါးဖြတ်ရိုက်သလိုပါပဲ။
သူမသည် သူက သူမကို အမှန်တကယ်
ကြိုက်နှစ်သက်နေတယ်လို့ တွေးမိခဲ့ပေမယ့် ဒါက သူမရဲ့ စိတ်ကူးယဥ်ဆန်သော အတွေးတစ်ခုသာ
ဖြစ်နေခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် သူမသည် ထိုစကားကို အပြင်မှာ
ထုတ်မပြောခဲ့သည့်အတွက် တော်ပါသေးသည်၊ မဟုတ်ပါက သူမကိုယ်သူမ အရှက်ခွဲသလို
ဖြစ်သွားလိမ့်မည်။
လုလီရှင်းက လမ်းထောင့်ကို
တစ်ချက်ကြည့်ပြီး ကားပါကင်မှ ကားကို မောင်းထွက်ခဲ့သည်။ မြေအောက်ကားပါကင်မှ
ထွက်သွားသည်နှင့် မြင်ကွင်းတွေဟာ တောက်ပသွားသည်။
လုလီရှင်းက ရုတ်တရတ် တစ်စုံတစ်ခုကို
သတိရသွားဟန် သူ့မျက်ဝန်းတွေ မှေးကျဥ်းသွားသည်။ လုလီရှင်းက ကျီချင်းချင်းကို
ပေါ့ပေါ့ပါးပါး မေးလိုက်သည်၊ “မင်းက လက်ဆောင်အနေနဲ့ ခါးပတ်တွေ ပေးရတာကို
သဘောကျတာလား။”
ကျီချင်းချင်းသည် သူ့လေသံကို
နားထောင်ပြီး အခု သူ ပျော်နေလား မပျော်ဘူးလား ဆိုတာကို ခန့်မှန်းမရဘူး။
ကျီချင်းချင်းသည် ရုတ်တရတ်
သူ့အမေးကြောင့် ကြောင်အသွားသည်။ ပြီးမှ အခု သူ ပြောနေတာက ကုရှောက်ယွီကို
မူလပိုင်ရှင်က လက်ဆောင်ပေးခဲ့တဲ့ ခါးပတ်အကြောင်းမှန်း မှန်းဆနိုင်သွားသည်။ သူမသည်
ကုရှောက်ယွီကို နေ့ခင်းကြောင်တောင် သူမ လက်ဆောင်ပေးထားခဲ့သော အခု သူ ဝတ်ဆင်ထားသည့်
ခါးပတ်ကို အတင်းဖိအားပေး ချွတ်ခိုင်းခဲ့ပြီးနောက် အမှိုက်တစ်ခုလို
နင်းချေပစ်ခဲ့သည်။
သူက ဒါကို ဘာဖြစ်လို့
အကြောင်းပြချက်မရှိ မေးမြန်းနေရတာလဲ။
သူပဲ အတိတ်က အကြောင်းတွေကို
ပြန်မပြောဖို့ သူမကို ပြောခဲ့တာ မဟုတ်ဘူးလား။
“မဟုတ်ပါဘူး၊ အဲ့ဒီတုန်းက သူ့ကို
ဘာပေးရမလဲ မစဥ်းစားနိုင်လို့ တွေ့ရာဝယ်ပြီး လက်ဆောင်ပေးလိုက်တာ။ ဒါ့ကြောင့်၊
မျက်စိရှေ့မှာ မြင်လိုက်ရတဲ့ ခါးပတ်ကိုပဲ ပေါ့ပေါ့ပါးပါးဝယ်ပြီး သူ့ကို
လက်ဆောင်ပေးလိုက်တာလေ။” ဟု ကျီချင်းချင်းက ပြောသည်။ ကျီချင်းချင်းသည် သူမ
သိပ်မကြာသေးခင်ကမှ လုလီရှင်းကိုလည်း ခါးပတ်တစ်ခု ပေးခဲ့သောကြောင့် သူမရဲ့
ရှင်းပြချက်က မလုံလောက်မှန်းကို နားလည်သဘောပေါက်ခဲ့သည်။ လုလီရှင်းရဲ့ မျက်နှာကို
တိတ်တဆိတ် ခိုးကြည့်လိုက်ပြီး သူမက ပြုံးရွှင်စွာဖြင့် “ဒါပေမယ့် ရှင်က
ကျွန်မရဲ့ခင်ပွန်းဖြစ်လို့ ရှင့်ကို လက်ဆောင်ပေးခဲ့တဲ့ ခါးပတ်ကိုတော့ ကျွန်မ
ဂရုတစိုက် ရွေးဝယ်ခဲ့တာပါ။”
ကျီချင်းချင်းသည် သူမ ထိုသို့
ပြောပြီးနောက်တွင် သူမရဲ့ ရှင်းပြချက်က လုံလောက်မှု မရှိသေးသလို ခံစားရသောကြောင့်
သူမက ရိုးရိုးသားသား ထပ်ဖြည့်ပြောလိုက်သေးသည်၊ “ကျွန်မ ရှင့်ကို ဝယ်ပေးထားတဲ့
ခါးပတ်က သူ့ကို ဝယ်ပေးခဲ့တဲ့ဟာထက် အများကြီး ပိုစျေးကြီးတယ်။”
-- “ကျန်းမာရေးတန်ဖိုး +1၊ Hostရဲ့
လက်ရှိ ကျန်းမာရေးတန်ဖိုးက ၁၃နာရီ ဖြစ်ပါတယ်။”
“ပိုစျေးကြီးတာလား။ ဘယ်လောက်
ပိုစျေးကြီးလဲ။”
“သူ့ကို ဝယ်ပေးတာထက် ဒေါ်လာ နှစ်ရာ
ပိုစျေးကြီးတယ်...” ကျီချင်းချင်းသည် ကားအတွင်းမှ လေထုဟာ အတော်လေးကို ပြင်းထန်ပြီး
အန္တရယ်များကြောင်း သိလိုက်ရသည့်အတွက် သူမက ရိုးသားစွာဖြင့် “ခါးပတ်က စျေးကြီးတယ်
စျေးမကြီးဘူး ဆိုတာ သိပ်အရေးမပါပါဘူး။ ခါးပတ်တစ်ခုက ဘယ်လောက်တန်လို့လဲ။ ခါးပတ်ရဲ့
တန်ကြေးထက် အရေးကြီးဆုံးက ကျွန်မ ပေးခဲ့တဲ့ လက်ဆောင်ရဲ့ နောက်ကွယ်က ရိုးသားမှုကမှ
ပိုအရေးကြီးတာလေ။”
လုလီရှင်းက သူမကို
တစ်ချက်လှမ်းကြည့်လိုက်ပြီး “မင်းရဲ့ ရိုးသားမှုလား။ ကုရှောက်ယွီက မင်း
သဘောကျတဲ့သူ မဟုတ်ဘူးလား။” လို့ မေးသည်။
ဒါကို သူမ ဘယ်လို ရှင်းပြရပါ့မလဲ။
မူလပိုင်ရှင်က ကုရှောက်ယွီကို
အမှန်တကယ် ချစ်မြတ်နိုးခဲ့တာ ဖြစ်သည်။ ချစ်ခြင်းမေတ္တာကြောင့် နောက်ဆုံးမှာ
လက်ထပ်ရလိမ့်မယ်လို့ သူမ ထင်မြင်ခဲ့တာကြောင့် သူမက ကုရှောက်ယွီနဲ့ တွဲခဲ့တာ
ဖြစ်သည်။ ကုရှောက်ယွီသည် သူ့အနီးအနားမှာ ဝဲလာသည့် မိန်းကလေးများကို ဆော့ကစားရတာ နှစ်သစ်သည့်
ဘော်ကြော့ သူဌေးသားတစ်ဦးမျှသာ ဖြစ်လိမ့်မယ်ဟု သူမ မထင်မိခဲ့ပေ။ သူက သူမရဲ့အချစ်ကို
ဘယ်တော့မှ အပြန်အလှန်ချစ်ခြင်းမျိုး မပေးအပ်ခဲ့သလို သူတို့အတူရှိစဥ်
အခြားမိန်းကလေးတွေနှင့်လည်း ပျော်ပါးခဲ့ဖူးသည်။
“အရင်က ကျွန်မ သူ့ကိုကြိုက်တယ်လို့
ရှင်ထင်နေတာလား။” သူမသည် လုလီရှင်းရဲ့ မျက်နှာကို ကြည့်လိုက်သည်၊ သူ့မျက်နှာက
တဖြည်းဖြည်း အုံ့မှိုင်းလာသည်။ ကျီချင်းချင်းက ဆက်ပြောသည်မှာ “ဒါပေမယ့် ကျွန်မ
ကုရှောက်ယွီရဲ့ အသွင် အစစ်အမှန်ကို မြင်ပြီးတာနဲ့ သူနဲ့ ပတ်သက်တဲ့ ကျွန်မရဲ့ အမြင်တွေ
အားလုံး လဲပြိုသွားခဲ့တယ်။ သူ့ရဲ့ စရိုက်အမှန်ကို မသိခင်က ကျွန်မ သူ့ကို
အဲ့ဒီခါးပတ် လက်ဆောင်ပေးခဲ့မိတယ်။ တကယ်လို့ သူက မြာပွေတဲ့သူမှန်း သိခဲ့ရင် ရှင်
ကျွန်မကို သေအောင် ရိုက်နှက်ရင်တောင် ကျွန်မ သူနဲ့ ချိန်းတွေ့ခဲ့မှာ မဟုတ်ပါဘူး။”
လုလီရှင်းရဲ့ မျက်လုံးတွေက
မည်းမှောင်သွားပြီး သူ့လေသံကလည်း မာတင်းလာကာ “သူ့အကြောင်းကို မင်း
အထင်လွဲနေသေးလား။”
ကျီချင်းချင်းရဲ့မျက်နှာပေါ်တွင်
ခါးသီးနေသော အရိပ်အယောင်တစ်ခု ပေါ်ထွက်လာသည်။ လုလီရှင်းက ဘာဖြစ်လို့
တခြားအမျိုးသားတွေနဲ့ သွားတူနေရတာလဲ။ သူတို့အားလုံး အမျိုးသမီးတစ်ယောက်ရဲ့
ဆက်ဆံရေး သမိုင်းကြောင်းကို အရမ်းစိတ်ဝင်စားကြသည်။
“ရှင်ပဲ အတိတ်ကအကြောင်းအရာတွေကို
ပြန်မပြောဖို့ ပြောခဲ့တဲ့သူ မဟုတ်ဘူးလား။”
လုလီရှင်းက သူမကို ကြည့်ကာ မေးသည်၊
“ကိုယ် မင်းကို ဒီအကြောင်း မေးလို့ မရဘူးလား။”
“ဟုတ်ကဲ့၊ ရှင် မေးနိုင်ပါတယ်။
ကျွန်မ ငယ်ရွယ်စဥ်အချိန်က ဥာဏ်သိပ်မမီခဲ့ဘူး၊ ကျွန်မမှာ လက်တွေ့မကျတဲ့
စိတ်ကူးယဥ်အတွေးတွေကို အမြဲတမ်း အိမ်မက် မက်နေခဲ့တာ။” ကျီချင်းချင်းက
အပြုံးလေးဖြင့် ဆက်ပြောသည်မှာ “မိန်းကလေး တော်တော်များများက အချစ်နဲ့
အိမ်ထောင်ရေးကို လိုလားတောင့်တကြတာပဲလေ။”
လုလီရှင်းသည် လမ်းကိုသာ တိတ်တဆိတ်
ကြည့်နေခဲ့သည်၊ သူက ကားမောင်းဖို့ကိုသာ အာရုံစိုက်နေပေမယ့် ကျီချင်းချင်း
ပြောနေတာတွေကိုလည်း နားထောင်နေခဲ့သည်။
အိမ်အပြန်လမ်းတွင်
ယာဥ်ကြောပိတ်ဆို့မှု အနည်းငယ် ကြုံရသည်။ မီးပွိုင့်မှာ မီးနီသွားတော့ ကားကို
အရှိန်လျှော့ပြီး လူကူးမျဥ်ကြားရှေ့မှာ ရပ်တန့်လိုက်သည်။
ကားရဲ့ ညာဖက်ခြမ်းတွင်
လျှပ်စစ်ကားကို မောင်းနှင်နေသည့် အမျိုးသားတစ်ဦးရှိပြီး သူ့နောက်တွင်
အမျိုးသမီးတစ်ဦး ထိုင်စီးနေကာ အချိန်တိုင်းလိုလို ရှေ့မှအမျိုးသားနားထဲ
တီးတိုးစကားဆိုနေခဲ့သည်။ အမျိုးသားက နောက်သို့လှည့်ကြည့်ကာ တစ်စုံတစ်ရာကို
တုံ့ပြန်ပြောဆိုလိုက်ပုံပါပဲ။ ထိုစုံတွဲဟာ စကားပြောရင်း ရယ်မောနေကြသည်၊
သူတို့နှစ်ယောက်ကြည့်ရတာ အလွန်နွေးထွေးပြီး ချစ်ဖို့ကောင်းတဲ့ စုံတွဲဖြစ်ပုံပါပဲ။