အခန်း၉၄
Viewers 16k

အခန်း (၉၄)

 

ကျီချင်းချင်းသည် ကားပြတင်းပေါက်ကနေ ထိုစုံတွဲကို ငေးကြည့်နေခဲ့သည်။

 

လုလီရှင်းသည် သူမ ကြည့်နေရာဖက်သို့ လိုက်ကြည့်ပြီး‌နောက် “မင်း မနာလို ဖြစ်နေတာလား။” ဟု မေးလိုက်သည်။

 

ကျီချင်းချင်းက ခေါင်းယမ်းလိုက်ပြီး ရှေ့မီးပွိုင့်ကိုကြည့်ကာ ပြောလိုက်သည်၊ “ယာဥ်ထိန်းရဲတွေ သိပ်မကြာခင် ရောက်လာလိမ့်မယ်။ လျှပ်စစ်ကားတွေက လူနှစ်ယောက် စီးခွင့်မရှိလို့ သူတို့ အဖမ်းခံရလိမ့်မယ်။”

 

သူမ ပြောသလိုပဲ၊ ယာဥ်ထိန်းရဲက သူတို့ကို ဖမ်းဆီးသွားခဲ့သည်။

 

လုလီရှင်း “...” သူမက တကယ့်ကို ရိုမန့်တစ်မဆန်တဲ့ အမျိုးသမီးပဲ။

 

“ကျွန်မ သူတို့ကို မနာလို မဖြစ်ပါဘူး။” ကျီချင်းချင်းက လုလီရှင်းဖက်သို့ လှည့်ကြည့်ကာ ပြုံးပြလိုက်သည်၊ “ကျွန်မကတော့ အဖိုးပြောတာ မှန်တယ်လို့ ထင်တယ်။ အချစ်ကြောင့် လက်ထပ်တာ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ကိုယ်နဲ့ လိုက်ဖက်တဲ့သူတစ်ယောက်ကို ရှာဖွေဖို့က ပိုအရေးကြီးတယ်။ မစ္စတာလု၊ ကျွန်မကတော့ ရှင့်ကို လက်ထပ်ခွင့်ရတာ အရမ်းကံကောင်းဆိုတာ ကျွန်မ သိတယ်။ ကျွန်မတို့ရဲ့ အိမ်ထောင်ရေးမှာ ချစ်ခြင်းမေတ္တာမရှိနိုင်ရင်တောင် ကျွန်မ ရှင့်အပေါ်မှာ အမြဲ သစ္စာရှိနေမှာဖြစ်လို့ ရှင် ဒါကို စိတ်ချယုံကြည်ထားနိုင်တယ်။”

 

 

 

 

 

 

 

 

 

ကျီချင်းချင်းဟာ တစ်ခါမှ မချစ်ခဲ့ဖူးသည့်အတွက် အချစ်ဆိုတာ ဘယ်လို ခံစားချက်လဲ ဆိုတာ သူမ ရှင်းရှင်းလင်းလင်း မသိခဲ့ဘူး။ အချစ်ရေးနှင့် အိမ်ထောင်ရေးကို သူမ အများကြိး မျှော်မှန်းမထားဘူး။ သူမသည် တည်ငြိမ်သောဘဝလေးတစ်ခုကိုသာ ပိုင်ဆိုင်ချင်ရုံမျှသာ စိတ်ကူး ရှိသည်၊ ကျီချင်းချင်းသည် ခါးသီးသော ဆင်းရဲဒုက္ခများကို ထပ်မံခံစားဖို့ ခံနိုင်ရည် မရှိချင်တော့ပါ။

 

ယာဥ်မောင်းထိုင်ခုံနှင့် ခရီးသည်ထိုင်ခုံတို့သည် တစ်ခုနှင့်တစ်ခု အလွန်နီးကပ်နေသည်။ ကျီချင်းချင်းက သူ့ကိုကြည့်ပြီး လုလီရှင်းသည်လည်း သူမကို ပြန်ကြည့်နေခဲ့သည်။

 

ထိုအချိန် မီးပွိုင့်က နီရာမှ စိမ်းသွားခဲ့သည်။

 

လမ်းဆုံမှာ ပိတ်နေသည့် ယာဥ်တန်းက တဖြည်းဖြည်း ရှေ့သို့ တိုးလာခဲ့သည်။

 

လုလီရှင်းရဲ့အကြည့်တွေက ကျီချင်းချင်းရဲ့ ကြည်လင်တောက်ပတဲ့ အကြည့်တွေနဲ့ ဆုံတွေ့နေတုန်းပါပဲ။ ဒီနေ့ဟာ သူ အလုပ်စလုပ်ကတည်းက အစောဆုံး အလုပ်ဆင်းတဲ့နေ့ ဆိုတာ သူ သိလိုက်ရသည်။ ယာဥ်ကြောပိတ်ဆို့နေမှုဟာ အဆုံးမရှိ၊ ကားတွေက ခရုတွေလို တရွေ့ရွေ့ ဘီးလှိမ့်ရုံသာ မောင်းနှင်နိုင်သည်။ အလုပ်ဆင်းချိန်လောက်မှာ ယာဥ်ကြောပိတ်ဆို့တတ်မှန်း သူ အရင်က လုံးဝ သတိမထားမိဘူး။

 

သို့သော် ဒီလိုယာဥ်ကြောပိတ်ဆို့မှုကြောင့် လူတွေက စိတ်မရှည် ဒေါသထွက်နေတာမျိုး မရှိဘူး။ အဲ့ဒီအစား သူတို့ အလုပ်မှဆင်း အိမ်ပြန်ရတာ ဖြစ်သည့်အတွက် အလွန်တရာ စိတ်ပေါ့ပါးနေကြသည်။

 

နေညိုညိုဟာ ကားပြတင်းအပြင်ဖက် လွင့်မျောနေသော ဖြူဖွေးဖွေး တိမ်တိုက်တွေရဲ့ နောက်ဝယ် တည်ရှိနေသည်။ လုလီရှင်းသည် ဤကဲ့သို့သော မြင်ကွင်းမျိုးကို မခံစားရသည်မှာ ကြာခဲ့ပြီ။ သူ ကျီချင်းချင်းကို လှည့်ကြည့်မိသည်။ ကျီချင်းချင်းရဲ့ မျက်နှာပေါ်ရှိ တောက်ပပြီး ရွှင်လန်းနေသည့် အပြုံးတွေရဲ့ ဖမ်းစားမှုအောက်မှာ သူ အကြည့်မလွဲနိုင်တော့ပေ။

 

လူတိုင်းဟာ ဘဝမှာ သူတို့လိုချင်တဲ့အရာကို မရနိုင်ကြဘူး။

 

သူကတော့ သူမကို လက်ထပ်ခွင့်ရခဲ့တာ ကံကောင်းတယ်။

 

“ကိုယ့်ကို ခင်ပွန်းလို့ခေါ်”

 

ခင်ပွန်း

 

-- “ကျန်းမာရေးတန်ဖိုး +1၊ Hostရဲ့ လက်ရှိ ကျန်းမာရေးတန်ဖိုးက ၁၄နာရီ ဖြစ်ပါတယ်။”

 

***

 

နာရီဝက်အကြာတွင် လုအိမ်တော်၏ ကားဂိုဒေါင်ထဲသို့ ကားမောင်းဝင်လာခဲ့သည်။ တံခါးမကနေ အိမ်ထဲ ဝင်ဝင်ချင်းမှာပင် ကျီချင်းချင်း ကိုင်ဆောင်ထားသည့် နှင်းဆီပန်းစည်းက အန်တီဖေးရဲ့ အမြင်ကို ဖမ်းစားသွားခဲ့သည်။

 

“ပန်းလေးတွေက အရမ်းလှတာပဲ။ သခင်မလေး ဝယ်လာတာလား။”

 

“မဟုတ်ဘူး၊ ဒါက မစ်စတာလု လက်ဆောင်ပေးတာ။”

 

“သခင်လေးက သခင်မလေးကို ပန်းစည်း လက်ဆောင်ပေးတာလား။” အန်တီဖေးက ကျီချင်းချင်းနှင့် လုလီရှင်းတို့ကို မရေမရာအကြည့်တွေနဲ့ ကြည့်လိုက်သည်၊ “ကျွန်မကို အဲ့ပန်းတွေ ပေးခဲ့ချေ၊ ပန်းအိုးထဲထိုးပြီး အခန်းထဲ ထည့်ပေးထားမယ်။ ခြေလက်ဆေးပြီး လာခဲ့လေ၊ ထမင်းပွဲ ပြင်ထားလိုက်မယ်။”

 

ကျီချင်းချင်းက အန်တီဖေးလက်ထဲ ပန်းတွေ ထည့်ပေးလိုက်ပြီး ခြေလက်ဆေးရန် ရေချိုးခန်းထဲ ဝင်သွားခဲ့သည်။

 

အန်တီဖေးက ပန်းတွေကို ဧည့်ခန်းထဲ ယူလာခဲ့သည်။ ဧည့်ခန်းထဲတွင် ထိုင်ပြီး စာဖတ်နေသည့် သခင်ကြီးလုက နှင်းဆီပန်း ၉၉ပွင့်ကို မြင်လိုက်သောအခါ မေးလိုက်သည်၊ “ပန်းတွေက ဘယ်သူ ပို့လိုက်တာလဲ။”

 

“ဒီပန်းတွေက သခင်လေး သူ့ဇနီးသည်ကို လက်ဆောင်ပေးတာတဲ့။”

 

“လီရှင်းက ချင်းချင်းကို ပန်းပို့ပေးခဲ့တာလား။”

 

“ဟုတ်တယ်။”

 

အဖိုးအိုက သူမရဲ့ တုံ့ပြန်မှုကို ကြားလိုက်ရတဲ့အခါ ပြုံးသွားပြီး၊ “ငါ ပြောခဲ့သလိုပဲ၊ နှစ်ယောက်သား လိုက်ဖက်ညီနေသရွေ့ ခံစားချက်တွေကို ဖြည်းဖြည်းချင်း မွေးမြူလာနိုင်လိမ့်မယ်။ သူတို့ တစ်ယောက်နဲ့တစ်ယောက် ခံစားချက် မရှိဘူးဆိုရင်တောင် သူတို့ရဲ့ ဆက်ဆံရေးက အနှေးနဲ့ အမြန်ဆိုသလို တိုးတက်လာလိမ့်မယ်။ ဒါက လီရှင်းရဲ့အဖွားနဲ့ ငါ့တုန်းကနဲ့ အတူတူပဲ။” ဘဝတစ်ပါးသို့ ကူးပြောင်းသွားသူ မစ္စလုအကြောင်း ပြောနေချိန်တွင် အဖိုးအိုရဲ့ မျက်နှာတွင် အပြုံးတွေ ပြည့်နှက်နေခဲ့သည်၊ “ငါတို့အိမ်ထောင်မကျခင်က ငါ သူမကို တစ်ခါမှ မတွေ့ဖူးဘူ၊ ငါတို့ အိမ်ထောင်ကျပြီး သုံးရက်လောက်ကြာမှ ငါတို့ စကားပြောဖြစ်ခဲ့ကြတယ်။ ဒါပေမယ့် ငါတို့ လက်ထပ်ပြီး တစ်လအကြာမှာတော့ ငါတို့ ခွဲခွာဖို့ စိတ်ကူး လုံးဝမရှိတော့ဘူး။”

 

“ဟုတ်မယ်၊ ဒီနေ့ခေတ်လူငယ်တွေက ဘယ်လို ရိုမန့်တစ်ဆန်ရမှန်း သိကြာတယ်။ သခင်လေးအတွက် သခင်ကြီး ထပ်မံ ပူပန်စရာ မလိုတော့ဘူး။” အန်တီဖေးက နှင်းဆီပန်းတွေကို လှည့်ပတ်ကြည့်ပြီး မေးသည်၊ “သခင်ကြီး၊ ဒီပန်းတွေကို သခင်ကြီးရဲ့ အခန်းမှာရော ထည့်ထားချင်သေးလား။”

 

“ဒီပန်းတွေကို ငါ့အခန်းထဲ ထားလို့ ဘာအကျိုးရှိမှာလဲ။ ဒီပန်းတွေကို သူတို့အခန်းထဲပဲ ထည့်ပေးလိုက်၊ ပန်းအိုးတစ်အိုးနဲ့ မလောက်ရင် နောက်ထပ် ပန်းအိုးများများ ထပ်သုံးလိုက်။”

 

“ကောင်းပြီ၊ ကျွန်မ အခုပဲ လုပ်လိုက်မယ်။”

 

ညစာစားပြီးသည်နှင့် အိမ်အပေါ် ပြန်တက်လာသည့် ကျီချင်းချင်းသည် သူမတို့ရဲ့ အခန်းတံခါးကို ဖွင့်လိုက်သည်နှင့် တပြိုင်နက် နှင်းဆီပန်းတွေရဲ့ ထုံသင်းကြိုင်နေသော မွှေးရနံ့တွေရဲ့ မိတ်ဆက်ခြင်းကို ခံလိုက်ရသည်။

 

နှင်းဆီပန်း ၉၉ပွင့်အတွက် အန်တီဖေးက ပန်းအိုးအမျိုးမျိုး ခွဲထိုးခဲ့သည်။ ပန်းပွင့်တွေ ပြည့်နှက်နေသည့် ပန်းအိုးတွေကို အခန်းတစ်ဝိုက် အမြင်ဖမ်းစားနိုင်ဆုံးနေရာမှာ နေရာချထားခဲ့သည်။ နှင်းဆီပန်းပွင့်တွေက စွဲမက်ဖွယ်ကောင်းသော မွှေးရနံ့ကို ထုတ်လွှင့်နေခဲ့သည်။

 

ကျီချင်းချင်းသည် ပန်းတွေရဲ့ မွှေးရနံ့ကို ရှူရှိုက်ရင်း ကုတင်တစ်ဝိုက် ပျော်ရွှင်စွာ လူးလိမ့်နေခဲ့သည်။ ဒါက သူမ ပထမဆုံးအကြိမ် နှင်းဆီပန်းတွေကို လက်ခံရရှိခဲ့ဖူးတာ ဖြစ်သည်။ လုလီရှင်းက သူမကို ဟန်ဆောင်ပန်ဆောင်လုပ်ဖို့ ဒီနှင်းဆီပန်းတွေကို ပေးခဲ့တာ ဖြစ်ပေမယ့် ဒါက သူမ ပထမဆုံးအကြိမ် တစ်ယောက်ယောက်ထံမှ ပန်းတွေ လက်ခံရရှိခဲ့ဖူးတာ ဖြစ်သည်။