အခန်း၆၇
Viewers 8k

Chapter 67

(စစ်မှန်သော အမာခံ ပရိတ်သတ် )



"ကောင်းပြီ...တစ်ခုတော့ရှိတယ်...ညီမ သူ့ကို ကြိုက်လား၊မကြိုက်လားဆိုတာကို ... နောက်မှ အတည်ပြုလိုက်ဦးမယ်…နောက်မှ အစ်ကိုဝေ့ယွမ်ကို ပြောပြမယ်လေ"


လင်းယောင်ယောင် ၏ စကားများသည် ကျည်ဆန်တစ်ခုလိုပင် တိကျနေသဖြင့် ဝေ့ယွမ် အံ့အားသင့်သွားသည်။ သူ စိတ်ငြိမ်အောင်ထိန်းထားပြီး အံကြိတ်ကာ ပြောလိုက်သည်။


"လပန်းပွင့်နားကပ်ကို ပေးခဲ့တဲ့ ကောင်လေးပဲလား"

လင်းယောင်ယောင်: "အင်း"


ချက်ချင်းပင်၊အမြဲတမ်း စိတ်ကောင်းရှိပြီး တည်ငြိမ်သူ ဝေ့ယွမ် သည် ရုတ်တရက် ကားကို ရုတ်တရက် အမြန်အရှိန်မြှင့်လိုက်ပြီး...


"အစ်ကို့ ညီမကို မကြာခင် တခြားမိသားစုက ကလေးတစ်ယောက်က ခေါ်သွားတော့မှာပဲ...ကိုယ် အခုကစပြီး မက်ခါ ကျွမ်းကျင်မှုကို စပြီး လေ့ကျင့်ရမှာ...ညီမ အရမ်းကြိုက်တဲ့လူဆိုရင်တောင်၊ အစ်ကိုတွေက လုံးဝ သနားမပေးနိုင်ဘူး”


လင်းယောင်ယောင်: "ကောင်းပါပြီ"


မကြာမီမှာပင် သူမတို့သည် ဝေ့မိသားစု၏ အဓိကနေထိုင်ရာအိမ်သို့ ရောက်လာကြသည်။ အဆိုပါအိမ်သည် ဧကရာဇ်မြို့တော် ရှိ Seaview ခရိုင်၏ တောင်စောင်းတွင် ခေတ်ဟောင်းဥရောပပုံစံဖြင့် ဆောက်ထားသော အိမ်ကြီးတစ်အိမ်ဖြစ်သည်။ ဘေးပတ်ပတ်လည်မှာ စိမ်းလန်းသောသစ်ပင်များနှင့် အကန့်အသတ်မရှိသော အပြာရောင်ပင်လယ်ကြီးတို့ဖြင့် ဝန်းရံထားသည်။ ရှုခင်းက အတော်လေး ထူးခြား၏။


ဝေ့ယွမ် သည် အောက်ကမ်းရိုးတန်းရှိ တစ်မိသားစုစာ အိမ်တန်းကြီးကို လက်ညှိုးထိုးပြပြီး


"တောင်စောင်းက အိမ်ကမှ အဓိကအိမ်ပါ…အခု မျိုးဆက်သစ်လူငယ်အများစုက အောက်က အိမ်တွေမှာပဲ နေကြတယ်… ဦးလေးရဲ့ အရင်အိမ်ကြီးဘေးမှာ၊ မကြာသေးခင်ကမှ မင်းအတွက်ဆိုပြီး အိမ်တစ်လုံးဆောက်ခဲ့တယ်...ပြီးခဲ့တဲ့နှစ်ရက်ကမှ ဆောက်ပြီးခဲ့တာဆို တော့ အလှဆင်ဖို့အချိန်မရှိသေးဘူး...အခု ညီမ လာပြီဆိုတော့ ကံကောင်းသွားတာပေါ့... ညီမ ကြိုက်တဲ့ အလှဆင်စတိုင်လ်ကို ရွေးပြီး လာလို့ရပြီ... ဘယ်အချိန်မဆို အဲဒီနေရာကို ပြန်နေလို့ရတယ်"


ကြယ်တာရာခေတ်တွင် မြေနေရာများသည် ကျယ်ပြောပြီး လူဦးရေကျဲပါးသော်လည်း ဧကရာဇ်မြို့တော်၏ မြေဈေးမှာ အလွန်မြင့်မားနေသေးသည်။ သို့သော် ဝေ့မိသားစုလိုမျိုး စစ်တပ်မိသားစုသည် ဤကမ်းခြေက သူတို့၏ ကိုယ်ပိုင်နယ်မြေဖြစ်သည်။ သူတို့ လိုချင်သလောက် အိမ်တွေ အများကြီး ဆောက်နိုင်ကြ၏။


လင်း မိသားစု၏ ရှေးကျသော အိမ်ကြီးကဲ့သို့ပင်။ 10မိုင်အကွာအဝေးရှိ မြက်ခင်းပြင်နှင့် သစ်တောများသည် လင်းမိသားစုမှ ပိုင်ဆိုင်ထားခြင်းသည်။ လင်းယောင်ယောင် သည် အလကားနေရင်း Seaview ဗီလာတွင် နောက်ထက်အိမ်တစ်လုံးပိုင်ဆိုင်ခဲ့သည်။ ယခုဆို သူမ အလွန်စိတ်လှုပ်ရှားနေပြီး ကမ်းခြေကို လျှောက်သွားချင်နေမိသည်။ ဝေ့ မိသားစုက သူမကိုကောင်းပေးနေရခြင်းသည် လျော်ကြေးပေးရန် ဖြစ်သော်လည်း သူမသည် ဤသကြားဖြင့် အုပ်ထားသော တောင်းပန်မှုတို့ကို အရှက်မဲ့စွာ သဘောကျနေခဲ့သည်။ သူတို့မှာ ရိုးသားမှုမရှိလျှင် ဝေ့မိသားစုက ယခုလို လုပ်ပေးမှာမဟုတ်ပေ။


ဝေ့ယွမ် သည် ကလေးမလေး ပျော်ရွှင်နေသည်ကို တွေ့လိုက်ရသောအခါ


"ယောင်ယောင်…ဝန်ထုပ်ဝန်ပိုး မဖြစ်ပါနဲ့၊ ဒါတွေက ဝေ့ မိသားစုရဲ့ ကလေးတစ်ယောက် ရှိသင့်တဲ့ အရာတွေပဲ"


လင်းယောင်ယောင် : " ညီမ ဝန်ထုပ်ဝန်ပိုး မခံစားရပါဘူး ဒါက ညီမအိမ်ဖြစ်နေပြီကို"


ထို့နောက် လင်းယောင်ယောင် နှင့် ဝေ့ယွမ် သည် အရှိန်ပြင်းပြင်းဖြင့်ကားကိုရပ်လိုက်ပြီး ကားပေါ်မှ ဆင်းလာသောအခါ အဘိုးဝေ့ နှင့် အဘွားဝေ့တို့သည် အိမ်တံခါးဝတွင် စောင့်နေပြီဖြစ်သည်။ ဝေ့ဟန့် နှင့် ယုလန် တို့သည် လင်းထျန်းယွဲ့ တို့ လင်မယားလိုပင် များသောအားဖြင့် ဆူးတပ်ဖွဲ့၏စစ်တပ်ကြယ်ပွင့်နယ်မြေတွင် နေထိုင်ကြသည်။ အဘိုးဝေ့သည် အရင်ကလိုပင် ဂုဏ်သိက္ခာရှိသော လူလတ်ပိုင်းအရွယ်လေးနှင့် တူနေသေးသည်။ အဘွားဝေ့သည် အသက်40ကျော်အရွယ်နှင့်တူပြီး နူးညံ့သိမ်မွနေသော်လည်း ဖြူဖျော့ပြီး ပိန်လှီနေသည်။ သူမ ကျန်းမာရေးကလည်း သိပ်မကောင်းခြင်းကြောင့်ဖြစ်သည်။


လင်းယောင်ယောင် ကိုတွေ့သည်နှင့် သူတို့ နှုတ်ဆက်လိုက်ကြသည်။ လင်းယောင်ယောင် သည် ဤအဘွားကို ပထမဆုံးမြင်ဖူးသည်မှာ သိသာထင်ရှားသော်လည်း မသိစိတ်ကနေ၍ အလွန်ရင်းနှီးသွားသည်။ သူမကပင် အဘွား ဝေ့၏လက်ကို ဆုပ်ကိုင်လိုက်ပြီး


"အဘွား"


အဘွားဝေ့ အနည်းငယ် စိတ်လှုပ်ရှားသွားပြီး လေသံတိုးတိုးလေးနှင့် ပြန်ဖြေသည်။ထို့နောက် သူမကို သေချာကြည့်ပြီး ပြုံး၍ပြောလာသည်။


"သမီးက အမေနဲ့တူလိုက်တာကွယ်… ဒါပေမယ့် ဒီစိတ်ထားလေးက ငါတို့ရဲ့ ဝေ့ မိသားစုလိုပဲ သိပ်နူးညံ့တာပဲ"


သွေးစကားပြောနေခြင်းက တစ်ကယ့်ကို မှော်ဆန်သည့် အရာပင်။သူမ၏ အဘိုး၊အဘွားနှစ်ယောက်လုံးနှင့်စကားပြောဆိုနေစဉ် သူမ စိတ်ထဲ ရှက်စိတ်တစိုးတစိမျှ မခံစားရပေ။ တစ်ကယ် အိမ်ပြန်ရောက်သွားသလို သက်တောင့်သက်သာဖြစ်နေသည်။ လင်းယောင်ယောင် ပေးသောလက်ဆောင်သည် အသက်ကြီးသူနှစ်ဦးကြားတွင် အလွန်ကြိုက်သွားသည်။ အထူးသဖြင့် သူမ ပြုလုပ်ထားသော လက်ရာမြောက် အချိုပွဲများ၊ ပျားရည် ရှောက်ပန်းသီးလက်ဖက်ရည်၊ ချိုချဉ်စပ် ဆော့စ်များနှင့် ညစာအတွက် အရန်ဟင်းလျာများကို မြင်လိုက်ရသောအခါ အဘွားဝေ့၏ မျက်လုံးများက ကြည်လင်နူးညံ့လာသည်။ ထို့နောက် သူမသည် လင်းယောင်ယောင် နှင့် ဆေးဖက်ဝင်အပင်များဖြင့် လက်ဖက်ရည်ပြုလုပ်နည်းများကို ခဏတာ ဆွေးနွေးတိုင်ပင်ခဲ့သည်။


အဘွားဝေ့က ကျန်းမာရေး မကောင်းပေ။ သူမသည် ကြယ်တာရာခေတ်ရှိ အရန်ကုထုံးပညာရှင်များကို ခေါင်းစားစေသော မျိုးဗီဇရောဂါတစ်ခုရှိသည်။ ကောင်းကောင်းအနားယူဖို့ လိုအပ်သည်။ ထို့အပြင် သူမသည် တစ်နှစ်ပတ်လုံး ဆေးဖက်ဝင်ဟင်းချို အပျော့စားကို သောက်ရမည်ဖြစ်ပြီး ဖြည့်စွက်စာကိုလည်း အချိန်အကြာကြီး စားသုံးရမည်ဖြစ်သည်။ သို့သော်လည်း၊ ရောဂါလက္ခဏာတွေကို သက်သာရုံမျှဖြစ်ပြီး ပျောက်ကင်းအောင်မကုသနိုင်ပေ။သူမကို နည်းနည်းပိုပြီး ခွန်အားဖြစ်စေနိုင်ခြင်းသာ။


အဘွားဝေ့သည် အဆင့် 6 နှင့် 7 ၏ ထိပ်တန်းပါဝင်ပစ္စည်းများကို ရှာဖွေပြီး ဘေးထွက်ဆိုးကျိုးမဖြစ်စေမည့် ကုထုံးနည်းလမ်းဖြင့် ချက်ပြုတ်ထားသည့် အစား‌အသောက်များကို မစားပါက အပြည့်အဝ ပြန်လည်ကောင်းမွန်လာမည်မဟုတ်ပေ။ အဆင့် 6 ပါဝင်ပစ္စည်းများကို အချိန်ကြာမြင့်စွာ စားသုံးရန် လိုအပ်ပြီး အဆင့် 7 ပါဝင်ပစ္စည်းများကိုလည်း ပိုမိုကောင်းမွန်လာစေရန် အကြိမ်ပေါင်းများစွာ သောက်ရန် လိုအပ်သည်။ သို့သော်၊ လက်ရှိအခြေအနေတွင်၊ အဆင့် 6 ပါဝင်ပစ္စည်းများသည် အလွန်ရှားပါးပြီး သတ္တမအဆင့် 7ပါဝင်ပစ္စည်းများဆိုလျှင် တွေ့တောင် မတွေ့ရပေ။ ရံဖန်ရံခါ တွေ့ကြုံမှသာ အနည်းငယ် စားနိုင်သဖြင့် သူမ၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေက အနည်းငယ် တိုးတက်လာခြင်းဖြစ်သည်။


အဘွားဝေ့၏ ခန္ဓာကိုယ်သည် အားနည်းနေပြီဖြစ်၍ အဘိုးဝေ့အား ဝိညာဉ်လမ်းညွှန်မှုများကို တိုက်ရိုက်လုပ်မပေးနိုင်တော့ပေ။ ထို့ကြောင့် အဘိုးဝေ့၏ စိတ်ပိုင်းဆိုင်ရာ နယ်ပယ်မှာ အနည်းငယ် ချို့ယွင်းနေပြီး သူ၏ စိတ်ပိုင်းဆိုင်ရာ အဆင့်သည် SS မှ S သို့ ကျဆင်းသွားခဲ့သည်။


ထို့ကြောင့် လင်းယောင်ယောင် သည် နောက်ကျလျှင် အဘွား၏ အဆင့်ကို မြှင့်တင်ရန် ကြိုးစားရမည်ဟု တွေးမိသည်။ သူမသည် ပိုမိုအဆင့်မြင့်သော ပါဝင်ပစ္စည်းများကို ရှာဖွေပြီး အဘိုးလင်း၊ အဘိုးဝေ့နှင့် အဘွားဝေ့၏ ခန္ဓာကိုယ်များကို ကုသရန် လိုအပ်နေသည်။ ပန်းတိုင်သည် အနည်းငယ် လက်တွေ့မကျသလို၊စမ်းတဝါးဝါးဟု ထင်ရသော်လည်း သူမ ကြိုးစားအားထုတ်နေသရွေ့ အောင်မြင်နိုင်မည်ဟု ယုံကြည်သည်။ သူတို့ပေးခဲ့သည့် လက်ဆောင်တွေအတွက် ပြန်ပေးဆပ်တာမဟုတ်ဘဲ သူမကို တစ်ကယ်ဂရုစိုက်ပေးသော ဤသက်ကြီးရွယ်အိုများကို ပိုကျန်းမာပြီး အသက်ပိုရှည်စေချင်မိ၏။


နေ့လယ်စာ ဟင်းလျာများကို သူမ ရင်းနှီးနေသည်။ အကြောင်းမှာ၊ဝေ့မိသားစုက ဖုယင်းကို မနက်ခင်းတုန်းက လာကူညီဖို့ တောင်းဆိုခဲ့တာဖြစ်သည်။ အများစုမှာ သူမ ကိုယ်တိုင် ဖုယင်း အား သင်ပေးထားသော အစားအစာများ ဖြစ်ပြီး၊ဖုယင်းကိုယ်တိုင် သူမ၏ သင်ကြားရေး ဗီဒီယိုအတိုင်း လိုက်ချက်ထားတာပင်။


ချက်ပြုတ်ပြီးသောအခါ ဖုယင်း သည် အတူတူ မစားဘဲ လင်းယောင်ယောင် ကို နှုတ်ဆက်ရန် ထွက်လာပြီး


"ယောင်ယောင် အစ်မ ဒီမနက် ခရီးထွက်ရမယ်...ဒီနေ့ ဆိုင်ရဲ့ အစားအသောက်ကို ကြိုပြီး ပြင်ဆင်ပြီးပြီ ဆိုတော့ ပြန်သွားရမယ်လေ"

"ဟုတ်လား"


ဖုမိသားစု ညီအစ်မတွေက ဝေ့မိသားစုကို သူတို့အိမ်လို သတ်မှတ်ကြသော်လည်း လင်းယောင်ယောင်နှင့် ဝေ့မိသားစု၏ ဒုတိယအကြီးအကဲများကြားက ဆက်ဆံရေးကို နှောက်ယှက်မည်မဟုတ်ကြပေ။ ဖုယင်း သည် လင်းယောင်ယောင် နောက်ကို တစ်လခွဲကျော် လိုက်ပြီး ဟင်းချက်နည်းများကို ကောင်းမွန်စွာ သင်ယူခဲ့သည်။ သူမလက်ရာက လင်းယောင်ယောင် လောက် အရသာမကောင်းသော်လည်း စက်ရုပ်တွေ ပြုလုပ်ထားသည့် သာမန်အစားအစာထက် ပိုကောင်း၏။ အရန်ကုထုံး အာနိသင်ကလည်း မဆိုးချေ။


ယခင်က လင်းယောင်ယောင် သည် ယုံကြည်စိတ်ချရသော အလယ်အလတ်အဆင့် အစားအစာလက်ထောက်တစ်ဦးကို ရှာဖွေရန် ဖုယင်း ကို တောင်းဆိုခဲ့သည်။ မကြာသေးမီက သူမသည် သူတို့အား အရန်ကုထုံးအကျိုးသက်ရောက်မှုများရှိသည့် ရှေးခေတ်တရုတ်အစားအစာပြုလုပ်နည်းကို စတင်သင်ကြားပေးခဲ့သည်။ လေ့ကျင့်သင်ကြားပြီးနောက် ဝေ့ မိသားစု၏ အဓိကနေထိုင်ရာ နေရာသို့ လူကြီးများကို ချက်ကျွေးရန် ခန့်အပ်ခံရမည်ဖြစ်သည်။


လင်း မိသားစုအတွက်မူ၊ အဘိုးကြီး လင်း ၏ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုက ပိုပြင်းထန်သောကြောင့်၊ သူသည် လက်ထောက်ကုထုံးပညာရှင်မှ ပြုလုပ်သော ဖြည့်စွက်အစားအစာကို ရေရှည်စားရမည်ဖြစ်သည်။


မာစတာအဆင့် အစားအသောက် ကုထုံးပညာရှင်တစ်ဦးသည် စီနီယာ အစားအသောက်ကုထုံးပညာရှင် ဖုယင်းထံလာပြီး ချက်ပြုတ်ရန် သင်ယူရမှာလား....


သို့သော်လည်း လင်းယောင်ယောင် ကြိုက်နှစ်သက်စေရန်အတွက် မာစတာ အဆင့် အစားအသောက် ကုထုံးပညာရှင် သုံးဦးထဲမှ ယုရှို့ ဟုခေါ်သော သက်လတ်ပိုင်း အမျိုးသမီး အစားအသောက် ကုထုံးပညာရှင်သည် သူမ၏ သင်ကြားရေး ဗီဒီယိုများထံမှ သင်ယူနိုင်ခဲ့သည်။ သူမ အံ့အားသင့်မိသည်က၊ အဘွား ဝေ့ သည် သူမ၏ သင်ကြားရေး ဗီဒီယိုများကို အမှန်တစ်ကယ် ကြည့်ရှုခဲ့တာပင်ဖြစ်သည်။ ဟင်းချက်နည်းအချို့ကိုလည်း အဘွားဝေ့ သင်ယူခဲ့သည်။ သူမသည် ဆေးဝါးပညာရှင်တစ်ဦးဖြစ်သောကြောင့်၊ "ဆေးဘက်ဝင် အစားအစာ" များကို ပို၍ သင်ယူချင်နေ၏။


လင်းယောင်ယောင် သည် အဘွားဝေ့က သူမ ဗီဒီယိုများကို ကြည့်သည်ဆို၍ အထူးဝမ်းသာနေမိတော့သည်။ စားသောက်ပြီးနောက် သူမသည် အဘွားကို မီးဖိုချောင်ထဲသို့ဝင်၍ ရိုးရှင်းပြီး အရသာရှိသော ဆေးဖက်ဝင်ဟင်းလျာအချို့ကို သင်ကြားပေးလိုက်သည်။ ရှီပတီး နှင့် ဂျင်ဆင်းကြက်စွပ်ပြုတ်လည်းပါသည်။ လုံးဝ ဖယ်ကျဥ်ထားခံရသည့် အဘိုး ဝေ့ နှင့် ဝေ့ယွမ် တို့သည်တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။ထို့နောက် အဘိုး ဝေ့ က လေးနက်သည့်မျက်နှာထားနှင့်...


" ယောင်ယောင် နဲ့ ... မင်းအဘွားးက ငါ့ကို ဂရုမစိုက်တော့သလို ခံစားရတယ်... တွေ့လား ... နေ့လယ်စာ စားချိန်တုန်းက ငါ့အတွက် ဟင်းတောင်ထည့်မပေးဘူး… အားလင်း နဲ့ ချမ့်ယောင် အရင်က ရှိနေတုန်းကလည်း သူမက ဒီလိုကြီးပဲ"


ဝေ့ယွမ် က ပြုံးပြီးပြောလိုက်သည်။


"ဒါပေမယ့် ယောင်ယောင် က အဘိုးအတွက် ဟင်းတွေ ခဏခဏ ထည့်ပေးသားပဲ... အဘွားက သူမကို အရမ်းချစ်နေတာလေ… ပုံမှန်အားဖြင့်တော့ သူမက အဘိုးဘေးမှာ အမြဲရှိနေတတ်တယ်မလား… အဘိုး ထမင်းတစ်ဝက်လောက် ထပ်စားလိုက်ပါဦး"


အဘိုးကြီး ဝေ့သည် ထိုအကြောင်းကို တွေးကာ ချက်ချင်း နှစ်သိမ့် ကျေနပ်သွားသည်။


ညစာစားချိန်တွင် ဝေ့ မိသားစုမှ အဘိုးအဘွားများနှင့် မြေးများသည် အဘွား ဝေ့ နှင့် လင်းယောင်ယောင် ပြုလုပ်သော ရှီပတီး နှင့် ဂျင်ဆင်းကြက်စွပ်ပြုတ်ကို သောက်ကြည့်ကြသည်။ စားသောက်နေကြချိန်မှာ သူတို့ဘဝက အတော်လေး ပျော်စရာကောင်းသည်ဟု ရုတ်တရက် ခံစားလိုက်ရတယ်။


ပြန်သွားခါနီးတွင် အဘွားဝေ့သည် လင်းယောင်ယောင် လက်ကို ကိုင်လိုက်ပြီး


"ယောင်ယောင် လေး နောက်လည်းလာခဲ့နော်...ကျောင်းမှာ အမှားလုပ်မိရင် သည်းခံမနေနဲ့...သမီး အစ်ကို ဝေ့ယွမ် ကို ပြောပြပါ...သူက မသေချာဘူး ဆိုရင် အဘိုးနဲ့အဘွားကိုပြော...သမီးက ရန်စခဲ့ရင်လည်း အဘွားတို့ ကြည့်ရှင်းလိုက်မယ်"

အဘိုးဝေ့ကလည်း ပြောလာပြန်၏။


"သမီး အဖေ တက္ကသိုလ်တက်တုန်းက မကြာခဏ ရန်ဖြစ်ပြီး အတန်းပျက်တတ်တယ်... ဆရာမက သူ့ကို အိမ်ပြန်ခိုင်းတာ...သမီး အဘွားက သမီး အဖေရဲ့ အနိုင်ကျင့်ခံခဲ့ရတဲ့ ကျောင်းသားကို ကျေနပ်အောင် ဖြေရှင်းပေးခဲ့ရတာ"

လင်းယောင်ယောင် ရှက်သွားသည်။ လင်းမိသားစုသည် သူမ၏ ချို့ယွင်းချက်များကို ကာကွယ်ထားပြီး သူမအား လိုက်လျောပေးနေသည်ဟု သူမထင်ခဲ့သော်လည်း ဝေ့ မိသားစု၏ ပုံစံက ပိုဆိုးလာမည်ဟု သူမမျှော်လင့်ခဲ့ပေ။ သူမ ပြုံး၍ပြောလိုက်သည်။


"အဘွား...သမီးက အတန်းဖော်တွေကို ဘယ်တော့မှ အနိုင်မကျင့်ဘူး...တစ်ကယ်လို့ သမီးက လူတစ်ယောက်ကို အနိုင်ကျင့်ရင် အဲဒီလူက သမီးအပေါ် အမှားတစ်ခုခုလုပ်ထားတာ နေမှာပေါ့...ဒါမျိုးဆို တစ်ကယ်လုပ်ရမယ်…သမီးကို အဘွား တစ်ချိန်လုံး ကူညီနေစရာ မလိုပါဘူး...သမီး ကိုယ်တိုင် ရှင်းနိုင်ပါတယ်"


ဝေ့ယွမ် ကလည်း ကြားဖြတ်ပြောလာသည်။


"အင်း...ကျွန်တော် သက်သေပြနိုင်တယ်... ယောင်ယောင် က ကျောင်းမှာ အံ့သြစရာပဲ၊ သူမက အစားအသောက် အရန်ကုထုံးဌာနရဲ့ အသိအမှတ်ပြုခံရသူ ဘော့စ်လေ…သူမကို သွားထိတဲ့သူကိုတော့ ကျွန်တော်ဖြေရှင်းလိုက်မှာပါ"


အဘွားဝေ့က လက်မထောင်ပြပြီး


"တော်တယ်"


အဘိုးဝေ့လည်း သက်သာရာရသွားသည်။


လင်းယောင်ယောင်:...


ဒါက မျိုးရိုးဗီဇနဲ့များ ဆိုင်နေလို့ သူမလည်း စွာတာတာ ဖြစ်နေတာလား...

ထိုနေ့ညသန်းခေါင်ကျော်ပြီးနောက်၊ Star Network ရှိ "ကျောင်းသားသစ်ဖလား" နောက်ဆက်တွဲကုထုံးပြိုင်ပွဲ၏တရားဝင်ဝက်ဘ်ဆိုဒ်၏ virtual space တွင် ပြိုင်ပွဲဝင်များ၏ ပါဝင်မှုများကို စာရင်းပြုစုပြီး ပြသခဲ့သည်။ မဲစာရင်းများကို အတတ်နိုင်ဆုံး မျှတစေရန်အတွက် ပြိုင်ပွဲဝင်များ၏ အမည်များကို ဖော်ပြထားခြင်း မရှိပေ။ သို့သော် ပြိုင်ပွဲဝင်များ၏ လျှောက်လွှာနံပါတ်ကို တင်ထားသည်။


စျေးဝယ်ပလက်ဖောင်းတွင် နာမည်ကောင်းရှိသော ဝယ်ယူသူတိုင်းသည် မြည်းစမ်းကြည့်ရန် အရည်အချင်းပြည့်မီပြီး ၁၀မဲပေးပိုင်ခွင့် ရှိသည်။ ဖြည့်စွက်အစားအစာတစ်မျိုးစီကို တစ်ကြိမ်သာ မဲပေးနိုင်သည်။ မဲအားလုံး ပေးပြီးပါက၊ နောက်ဆုံးသတ်မှတ်ရက်မတိုင်မီပယ်ဖျက်ရန်နှင့်ပြန်လည်မဲပေးရန်အခွင့်အရေးသုံးမျိုးရှိလိမ့်မည်။ ပလက်ဖောင်းသည် မည်သည့်အများပြည်သူ သို့မဟုတ် သီးသန့်အချိန်များတွင်မဆို ပြိုင်ပွဲဝင်များအား မဲဆွယ်စည်းရုံးရန် မတိုက်တွန်းသော်လည်း ဆွေမျိုးများနှင့် သူငယ်ချင်းများ အယောက် 100အထိ မဲ ကူပေး၍ ရပေသည်။ မိသားစုများနှင့် မိတ်ဆွေများထံမှ မဲ 100 ထက်ကျော်သွားပါက အပိုမဲများကို ထည့်ရေတွက်မည်မဟုတ်ပေ။


ပြိုင်ပွဲဝင်တော်တော်များများက သူတို့လက်ရာကို စိုးရိမ်နေကြပြီး ညသန်းခေါင်ကတည်းက စောင့်နေကြသည်။ သို့သော်လည်း၊ လင်းယောင်ယောင် သည် စောစော အိပ်ပျော်သွားသည်။ ဘာပဲဖြစ်ဖြစ် မဲပေးချိန်က အချိန် 10 ကြာမည်ဖြစ်သည်။ ထို့အပြင်၊ သူမသည် ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိ၏။


ဂြိုလ် X-312 တွင် အပြင်းအထန်ဖိအားပေးခံရသော နည်းပညာ ကျွမ်းကျင်သူ လုလင်းသည် စောစော အိပ်ပျော်နေပြီဖြစ်သည်။ သို့သော် ညသန်းခေါင် 12နာရီခန့်တွင် မကောင်းဆိုးဝါးဘော့စ်က သူ့ကို စောင်ခြုံထဲမှ ဆွဲထုတ်လိုက်သည်။


ထို့နောက် လုလင်းကို ဘော့စ်ဖြစ်သူက "ကျောင်းသားသစ်ဖလား" အရန်ကုထုံးပြိုင်ပွဲ၏ တရားဝင်ဝက်ဘ်ဆိုဒ်သို့ ဝင်ရောက်ပြီး မိန်းကလေး လင်း၏ ပြိုင်ပွဲဝင်နံပါတ်ကို ရှာဖွေရန် Star Network ကျူးကျော်မှုနည်းပညာကို အသုံးပြုရန် တောင်းဆိုခဲ့သည်။


အကြောင်းမှာ၊လင်းရွှမ် သည် သူ၏ချစ်လှစွာသောညီမဖြစ်သူအတွက် ပထမဆုံးမဲပေးသူဖြစ်လိုသောကြောင့်ဖြစ်သည်။ လုလင်းသည် အိပ်ငိုက်ခြင်းကြောင့် စိတ်တိုဒေါသထွက်နေသော်လည်း စစ်အမိန့်ကို ချိုးဖောက်ရန် ခဲယဉ်းသည်။ စိတ်ရောဂါ သူဌေး၏ နေ့စဉ် ကိုယ်ကာယ လေ့ကျင့်မှုကို လက်တုံ့ပြန်မည်ကို ကြောက်သဖြင့် သူ ထလာသေးသည်..။


"ဘော့စ်… တစ်ယောက်ပြီးတစ်ယောက် ပြိုင်ထားတဲ့ ဟင်းတွေကို စားပြီးမှ ဘော့စ်ညီမရဲ့ လက်ရာကို မှန်းကြည့်ပေါ့"

လင်းရွှမ် က သူ့ကို မကျေမနပ်စိုက်ကြည့်နေ၏။


"ငါ တခြားသူတွေဟာကို မှားပြီးတော့တောင် မစားချင်ဘူး"


လုလင်း :...


ကံကောင်းထောက်မစွာပင်၊ လုလင်း ၏ စွမ်းရည်သည် ထူးချွန်နေဆဲဖြစ်၍ လင်းယောင်ယောင် ၏ ဝင်ခွင့်နံပါတ်ကို အမြန်ရှာဖွေတွေ့ရှိခဲ့သည်။


သို့သော်လည်း မကြာမီတွင် ပြဿနာအသစ်တစ်ခုကို ကြုံတွေ့ခဲ့ရသည်။ ယခုမှ သန်းခေါင်ကျော်ပြီး၍ 2မိနစ်သာရှိသေးသော်လည်း ကလေးမလေး၏ ဟင်းငါးပွဲသည် မဲဒါဇင်ပေါင်းများစွာ ရရှိပြီးဖြစ်ကြောင်း လင်းရွှမ် မြင်လိုက်ရသည်။ တစ်ချို့ ဟင်းပွဲတွေက မဲတွေ ရာနှင့်ချီပြီး ရထားသည့်အခါ လင်းရွှမ် သည် အလွန်ယုတ္တိမဲ့သော တောင်းဆိုမှုတစ်ခုကို ပြုလုပ်ခဲ့သည်။


"မဲအားလုံးကိုရှင်းပစ်လိုက်…ငါသူမကိုပထမဆုံးမဲပေးချင်တာ… ငါမဲပေးပြီးနောက်ရှင်းသွားတဲ့ မဲအရေအတွက်ကိုပြန်ပေါ်အောင် လုပ်လိုက်လေ"


လုလင်း ရူးလုမတတ် ဖြစ်သွားတော့သည်။


"... ကျွန်တော် မလုပ်နိုင်ဘူး... စက္ကန့်တိုင်း မဲအသစ်တွေ ပေးနေကြတာလေ"


လင်းရွှမ် က မကျေမနပ်နှင့်…


"မင်း ပလင်ဖောင်း စနစ်တစ်ခုလုံးကို ချွတ်ယွင်းသွားအောင် 11စက္ကန့်ကြာအောင် လုပ်ထားလိုက်… ငါကလွဲရင်ဘယ်သူမှ မဲပေးလို့မရဘူး"


လုလင်း - "...ဘာလို့ 11စက္ကန့်တိတိ အချိန်ယူရမှာလဲ"


လင်းရွှမ်: "ဒါက သူမနာမည်မလို့"


လုလင်းသည် အလွန်ပင် ပင်ပန်းနေသည်။ဘော့စ်က ကျန်သူတွေလောက် ကြမ်းတမ်းသော်လည်း ကောက်ရိတ်သိမ်းပွဲကနေ ပြန်လာကတည်းက သူ့တစ်ကိုယ်လုံးမှာ အချစ်၏ ချဉ်စူးစူးအနံ့တွေ ထွက်လာနေသလိုပင်။ ကံကောင်းထောက်မစွာ၊ သူ့သူငယ်ချင်းအများစုသည် single ခွေးတစ်ကောင်၏ရနံ့ ရနေသေး၍ သူ့မှာ အဖော်ရှိသေးသည်ဟု ဆိုရပေမည်။


ရလဒ်အနေဖြင့်၊ လူအများသည် အရသာရှိလှသော ဟင်းကောင်းတစ်ပွဲအတွက် မဲပေးလိုစဉ်၊ လုံးဝမဲမပေးနိုင်ကြောင်း တွေ့ရှိခဲ့ရသည်။ ထိုဟင်းအတွက် မူလမဲအရေအတွက်မှာလည်း ထူးထူးခြားခြားပင် ဘာမှ မရှိတော့ပေ။ သူတို့ ဝက်ဘ်စာမျက်နှာကို ပြန်လည် refreshပြီး ခဏအကြာတွင် ပျောက်ဆုံးနေသော မဲများသည် နောက်ထပ်မဲတစ်မဲ တိုးပြီး ပြန်လည်ရောက်ရှိလာသည်။ ယခုမှပဲ မဲပေး၍ ရသွားတော့သည်။ဤထူးဆန်းစွာ error တက်နေသောအချိန်သည် "11စက္ကန့်" ကြာသည်။



xxxxx

Ei Thet Hmue