အခန်း၆၉
Viewers 8k

Chapter 69

(လင်းယောင်ယောင်၏ လျှို့ဝှက်ချက်)



ဤဆေးကြောင့် အလုပ်သမားများသည် သူတို့ အိပ်မက်ထဲမှာ အရေးကြီးသည့် အလုပ်များကိုလည်း ပြီးမြောက်အောင် အကြံများထွက်လာတတ်ကြသည်။ နောင်တရနေသူများစွာသည် ဤအိပ်မက်ဆေးမှတစ်ဆင့် နောင်တစိတ်များ ပျောက်ကွယ်သွားကြပြီး ပျော်ရွှင်ဖွယ်အဆုံးသတ်ကို ရရှိနိုင်ကြသည်။


ဤအိပ်မက်မက်ဆေးကြောင့် စိတ်ပိုင်းဆိုင်ရာမသန်စွမ်း ဖြစ်နေသူအချို့ပင်လျှင် ဝိညာဉ်ရေးနယ်ပယ်က ပြန်ပြီး တိုးတက်လာ၍ နဂိုရှိစဉ်အခါက သူတို့ရရှိခဲ့ဖူးသည့် ပျော်ရွှင်မှုနှင့် တက်ကြွမှုကို တစ်ဖန်ပြန်လည်ခံစားခဲ့ရသည်။ ဆေး၏ အာနိသင်ကလည်း ခေါင်းကိုက်ခြင်းမျိုးမဖြစ်တတ်ပေ။


စုချင်းဟယ် ၏ အိပ်မက်မက်ဆေးကို သုံးစွဲဖူးသူများသည် ထိုဆေးကို ကောင်ကြောင်း တခြားသူများအား ကြော်ငြာပေးကြသည်။


၅ရက်မြောက်နေ့နှင့် ၆ရက်မြောက်နေ့ပြီးနောက်၊ အိမ်မက်မက်ဆေး သည် စမ်းသုံးသူ ပိုများလာကာ အခြားသူများကို သူ့အလိုလို ကြော်ငြာသွားသောကြောင့် ထိပ်တန်း 1,000 ထဲသို့ ဝင်ရောက်ခဲ့သည်။ ထိုမှတစ်ဆင့်သာ စုချင်းဟယ် ၏အဆင့်သည် လူတိုင်းကို လျင်မြန်စွာ ကျော်တက်သွားတော့သည်။ နောက်ဆုံးတွင်၊ သူမသည် ဤအိပ်မက်မက်ဆေးဖြင့် မထင်မှတ်ထားသော အောင်မြင်မှုတစ်ခုရလာပြီး ဆေးအုပ်စုတွင် ပထမနေရာကို ရရှိခဲ့သည်။ သို့သော် ယနေ့က ဒုတိယနေ့ဖြစ်ပြီး ဖိုရမ်များတွင် အိမ်မက်ဆေး နှင့်ပတ်သက်သော ကြော်ငြာများစွာမရှိသေးပေ။

သို့သော်လည်း "အိမ်မက်မက်ဆေး" အတွက် မဲပေးမှုသည် အဆင့်တစ်ခုသတ်မှတ်ထားပြီးဖြစ်သည်။ တခြားသူများသည် ထိုဆေးကို လုံးဝစမ်းသုံးမကြည့်ဘူးသော်လည်း မဲပေးလိုက်ကြသည်။ အမှန်တစ်ကယ် အစမ်းအသုံးပြုသူအချို့သည် သူတို့နှစ်သက်သည့်အတိုင်း အမြဲတမ်းမဲပေးမည်ဖြစ်သည်။ သူတို့သည် ပြိုင်ပွဲဝင် ပစ္စည်းတစ်ခုစီတိုင်းကို အကြွင်းမဲ့ စိတ်ပါလက်ပါတွေ့ကြုံခံစားရန် မကြိုးစားကြသောကြောင့် မဲများနေသော်လည်း အရသာမကောင်း၊မထူးခြားသည့် ပစ္စည်းများလည်း ရှိတတ်၏။ဤသည်က ကံတရားနှင့်သာ ဆိုင်သည်။ သို့သော်လည်း ယခုကတည်းက အမှတ်များတက်လာခြင်းက စိုးရိမ်စရာပင်။


လင်းယောင်ယောင် သည်စုချင်းဟယ် ကို မရင်းနှီးသော သူငယ်ချင်း သို့မဟုတ် အသိအကျွမ်းအဖြစ်သာ မှတ်ယူခဲ့သော်လည်း မူရင်းဝတ္ထုထဲကလို အဖြစ်အပျက်များ ဖြစ်ပျက်မလာအောင်ကာကွယ်ပေးချင်မိသည်။ သူမအပေါ် ဘယ်လောက်ပဲ လျစ်လျူရှုထားပါစေ စုချင်းဟယ် က သူမ၏ သူငယ်ချင်းဖြစ်နေလေပြီ။

"နင့်ရဲ့မဲအခြေအနေ ဘယ်လိုရှိလဲ"


စုချင်းဟယ် က ဝူလီလီနှင့် ယန်ယိဖေး သူမဆီ လာသွားသည်ကို သူမအား ဘယ်တုန်းကမှ မပြောခဲ့တာကြောင့် မသိကြောင်း ဟန်ဆောင်ရုံသာ ရှိတော့သည်။သူမသည် အမြဲပင် ခပ်တည်တည်နေလေ့ရှိပြီး ယနေ့မှ လာမေးနေသဖြင့် စုချင်းဟယ် အနည်းငယ် အံ့သြသွားသော်လည်း ကျေနပ်သွားသည်။


"မဲအခြေအနေက ကောင်းပါတယ်… လောလောဆယ်တော့ အဆင့်ငါးနေရာမှာ ရပ်တည်နေတယ်…ယောင်ယောင် နဲ့ မတူပေမယ့် ယောင်ယောင်က ငါ့ထက် အရမ်းတော်တာကြောင့် အရမ်းကျေနပ်ပါတယ်...ဒီတစ်ခါ ရွေးလိုက်တဲ့ ဆေးက နည်းနည်းတော့ ကောင်းပါတယ်...ဒီလောက်ထိ မဲတွေရမယ်လို့တောင် မထင်ထားဘူး"

စုချင်းဟယ် သည် သာမန်လူတစ်ဦးအဖြစ် မွေးဖွားလာသောကြောင့် သူမ၏ နှလုံးသားထဲတွင် သိမ်ငယ်စိတ်များ အမြဲရှိနေခဲ့သည်။ အစတုန်းက သူမ ပထမဖြစ်လိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးခဲ့ဖူးပေ။ သူမ၏ ရည်မှန်းချက်က ပထမဆုံးဖြစ်ဖို့ မဟုတ်၊ သူမ အကောင်းဆုံးကြိုးစားချင်ရုံသာဖြစ်သည်။ အရန်ကုထုံးပြိုင်ပွဲ၏ စည်းမျဉ်းအချို့အတွက်၊ သူမ များများစားစားမသိသလို၊သိလည်းမသိချင်ပေ။ မူရင်းဝတ္ထုတွင် သူမ သည် လင်းယောင်ယောင် ၏ အမျိုးမျိုးသော အနိုင်ကျင့်မှုနှင့် ရန်စမှုများကြောင့် စိတ်ပူပန်ခဲ့ရပြီး သူမကို သတိထားပြီး သွားလာနေရသည်။ ဘေးဒဏ်ကို ရင်ဆိုင်ရင်း သူမသည် ရှောင်မင် ၏အကူအညီကို အားကိုးခဲ့ရသည်။


လင်းယောင်ယောင် မျက်မှောင်ကြုတ်လိုက်သည်။ သူမသည် စုချင်းဟယ် ကို လုံးဝဒုက္ခမပေးသော်လည်း စုချင်းဟယ် သည် အခြားအခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရသေးသည်။


ဤသည်မှာ ဇာတ်ဆောင်တွေဆို ဒီလိုပဲလား...


သူမသည် လင်းယောင်ယောင် ဖြစ်လာပြီးနောက် မည်သို့ပြုမူရမည်ကို သင်ယူနေပြီဖြစ်သည်။ ဒီတစ်ခါ သေတွင်းထဲကျမယ့်သူက ဘယ်သူလဲ...


ခံစားချက်တွေကို လှုံ့ဆော်ပေးမည့် သူမက အစမပျိုးသေး‌ေသာကြောင့် စုချင်းဟယ် နှင့် ရှောင်မင် တို့၏ ဆက်ဆံရေးမှာ သိပ်ပြီး နီးစပ်မှု မရှိသေးပေ။ သို့သော် စုချင်းဟယ် သည် သာမန်တိုက်ခိုက်ရေးသမားများနှင့် အရန်ကုထုံးပညာရှင်များ၏ ထောက်ပံ့မှုနှင့် အရည်အသွေးမြင့် ဆေးဝါးများကို ရှောင်မင်အား ရံဖန်ရံခါ ပေးတတ်သည်။ သူမ စုချင်းဟယ် ၏အခက်အခဲများအတွက် ခေါင်းကိုက်နေသည်...


သူမကူညီသင့်ပါသလား....


သို့သော်၊ယခုက ဒုတိယနေ့သာ ရှိသေးသည်။တစ်ချိန်ချိန် သူမ ဒုက္ခရောက်တော့မှာကို မြင်လာမှ ထိုကိစ္စကို စဉ်းစားကြည့်လျှင်ရပေသည်။ သူမရောက်ရောက်ချင်း ဖြစ်တည်လာသည့် လိပ်ပြာအကျိုးသက်ရောက်မှုကြောင့်လည်း ဖြစ်နိုင်သည်။


ညပိုင်းတွင် လင်းယောင်ယောင် သည် အိပ်ရာမဝင်မီ လင်းရွှမ် နှင့် စကားစမြည်ပြောနေသည်။


"အစ်ကို ရွှမ်... လုလင်းကို ညီမ အတွက် တစ်ခုခု စစ်ဆေးခိုင်းပေးလို့ရမလား ၊ ဆေးအဖွဲ့ထဲက စုချင်းဟယ် ရဲ့ မဲစာရင်းက ပုံမှန်ပဲလားဆိုတာကို သိချင်လို့ သူက ညီမ သူငယ်ချင်းဆိုတော့ သူမရဲ့ မဲအချက်အလက်နဲ့ ပတ်သက်ပြီး ပြဿနာတချို့ ရှိမယ်ထင်တယ်"


လင်းရွှမ်သည် ကောင်မလေးက သူ့အား စကားအနည်းငယ်ထပ်ပြောလာ၍ ပျော်သွားသော်လည်း တစ်ခြားတစ်ယောက်အကြောင်း ဖြစ်နေ၍ စိတ်မကြည်ဖြစ်သွား၏။


သို့သော်၊ ကလေးမလေးက တစ်ခုခုလုပ်ခိုင်းခြင်းက ယခု ပထမဆုံးအကြိမ်ပင်။ သူနှင့် စကားပြောလေ့ရှိသော်လည်း သူ့ကို ‌နာမည်တောင်တပ်မခေါ်တော့သလို အမြဲ ရှောင်ဖို့ကြိုးစားတတ်သည်။ ဆွေမျိုးများရှေ့တွင်၊ ဝေ့ယွမ်နှင့် ခြားနားစွာ ဆက်ဆံပုံမပေါ်စေရန် အစ်ကို လင်းရွှမ် ဟုခေါ်သည်။ ယခုကမူ သူ့နာမည်၏ နောက်ဆုံးအလုံးကို အဖျားဆွတ်ခေါ်လိုက်သည်။အစ်ကိုရွှမ် ဆိုသည့် နာမည်လေးသည် ပိုရင်းနှီးသလိုခံစားရလေသည်။ ကလေးမလေး၏ အသံသည် သိမ်မွေ့နူးညံ့ပြီး အားကိုးတကြီး တောင်းဆိုလိုက်ခြင်းဖြစ်၏။ လင်းရွှမ် သူ့နားတွေအရည်ပျော်သွားသလို ခံစားလိုက်ရသည်။


"မင်း ကိုယ့်ကို ဒီလိုမျိုး ထပ်ခါထပ်ခါ ခေါ်ရင် သဘောတူမယ်"


လင်းယောင်ယောင်: "လုလင်း က ပြင်ပ ဆက်သွယ်ရေးတွေ အားလုံးကို စောင့်ကြည့်နေနိုင်တယ် ဆိုတာကို ညီမ မှတ်မိသားပဲ.. သူ့ကို တိုက်ရိုက် မေးလိုက်မယ် ... လုလင်း ..အစ်ကိုရှိလား "


"ဟုတ်ကဲ့၊ ဒီမှာပါ"


လုလင်း သူ မသိလိုက်ခင်မှာပင် အလိုလိုထူးမိသွား၏။


လင်းရွှမ် ၏ အသံသည် အေးစက်ပြီး ဝမ်းနည်းသွားသည်။


"...လုလင်း ၊ မင်းရဲ့ ဘော့စ်က ငါဆိုတာ မှတ်မိသေးလား "


လုလင်း သူ့စိတ်ထဲမှာ ရေရွတ်လိုက်သည်။


"... Oh My Gosh... မနက်ဖြန်ကျရင် ငါတော့ ကိုယ်ကာယလေ့ကျင့်ခန်းကို နှစ်ဆထပ်ပြီးလုပ်ရမယ်နဲ့ တူတယ်"


လင်းယောင်ယောင် က


"အစ်ကိုကြီးနော် ....ကိုယ်ရေးကိုယ်တာ ကိစ္စကြောင့်တော့ အစ်ကို လုလင်း ကို အနိုင်မကျင့်ပါနဲ့လား"


လင်းရွှမ် ဒေါသထွက်သွားသည်။


"သိသာပါတယ်...မင်း ကိုယ့်ကို အပြင်လူထက်တောင် ပိုပြီးကြည့်မရဖြစ်နေတယ်ပေါ့လေ …အပြင်လူနဲ့ပေါင်းပြီး ကိုယ့်ကို အနိုင်ကျင့်ချင်တာလား"


လုလင်းက စိတ်ရှုပ်စွာဖြင့် ကြားဝင်ပြောလာ၏။


"...ကဲ...ဒီက အတွင်းလူနှစ်ယောက်ကလည်း အတင်းကို ရန်ဖြစ်နေတော့တာပဲ...မသိရင် စုံတွဲတွေကျနေတာပဲ"


လုလင်း၏ လှောင်ပြောင်စကားကို ကြားသောအခါ လင်းယောင်ယောင် နှင့် လင်းရွှမ် တို့ တိတ်ဆိတ်နေကြသည်။ ရှက်သွားသည့် လင်းယောင်ယောင် က တိတ်ဆိတ်မှုကို ချိုးဖျက်လိုက်ပြီး


"အဟမ်း...ဘာလဲ...အိပ်တော့မယ်...ဂွဒ်နိုက်"

ထို့နောက် သူမသည် အသံဆက်သွယ်ရေးကိရိယာကို အမြန်ပိတ်လိုက်သည်။ အခြားတစ်ဖက်ရှိ၊ဂြိုဟ် X-312 တွင် လုလင်း သည် မကြာခင်ရောက်လာတော့မည့် လင်းရွှမ် ၏ လက်သီးချက်အားကြောက်ရွံ့စွာ ခေါင်းကို ကမန်းကတန်းဝှက်ထားလိုက်သည်။


"ဘော့စ်… ကျွန်တော် ပြောတာ မဟုတ်ဘူး...စကားပြောလောသွားလို့ပါ"

ထို့နောက် လင်းရွှမ် က လုလင်း ၏ လက်မောင်းကို လက်သီးဖြင့် အသာအယာ ထိုးလိုက်သည်။


"မဟုတ်ဘူး…ငါက မင်းကို ချီးမွမ်းချင်တာ… မင်း အခုနပြောတဲ့စကားအတွက်လေ"


လုလင်းကို ခိုင်းလိုက်ခြင်းသည် အလွန်ထိရောက်သည်။ နောက်တစ်နေ့နံနက်တွင် လင်းယောင်ယောင် သည် အမည်မသိဆက်သွယ်ရေးနံပါတ်တစ်ခုထံမှ "စုံစမ်းစစ်ဆေးခြင်းရလဒ်များ" ဟုခေါ်သော ကုဒ်ဝှက်ထားသော အချက်အလက်ဖိုင်တစ်ခုကို လက်ခံရရှိခဲ့သည်။ သူမ၏လက်ဗွေကို စစ်ဆေးပြီး မျက်ကြည်လွှာကို စကင်န်ဖတ်ရန် လိုအပ်သည်။ အားလုံးပြီးလျှင် လုံခြုံသည့်နေရာမှာ ဖွင့်ဖို့လည်း အချက်တစ်ချက် ရေးသားထားသည်။ လင်းရွှမ် ၏ မက်ဆေ့ချ်မှာလည်း


"ဖတ်ပြီး ဘာလုပ်ချင်လဲဆိုတာ ကိုယ့်ကို ပြောပြပါ… ဒီကိစ္စမှာ မင်းရဲ့ သူငယ်ချင်းဟောင်းနဲ့ လက်ရှိ သူငယ်ချင်းလည်း ပါတယ်…မင်းကလည်း ပြိုင်ပွဲဝင်တွေထဲက တစ်ယောက်ဆိုတာကို သတိရပါ…လူကိုယ်တိုင် ထွက်မပြပါနဲ့"


နေ့လည်ခင်းတွင် အဆောင်သို့ လင်းယောင်ယောင် ပြန်ရောက်သောအခါ လုလင်း ပေးပို့ထားသည့် အချက်အလက်ဖိုင်ကို ဖွင့်ကြည့်လိုက်လျှင် ဝူလီလီ သည် စုချင်းဟယ် ကို ချောက်ချရန်အတွက် ယန်ယိဖေး နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိခဲ့သည်။ ဝူလီလီ ၏ အကြောင်းပြချက်မှာ နားလည်ရန် လွယ်ကူပေသည်။ ပထမဦးစွာ ဝူလီလီ သည် သူမနှင့် ရန်သူဖြစ်လာခဲ့သည်။ စုချင်းဟယ် နှင့် သူမတို့သည် ရင်းနှီးခဲ့ကြပြီးဖြစ်၍ သူမ၏ သူငယ်ချင်းအဖြစ် သတ်မှတ်နိုင်သည်။ ဒုတိယအချက်၊ စုချင်းဟယ် သည် မကြာသေးမီက ရှောင်မင် နှင့် အတော်လေးရင်းနှီးခဲ့ပြီး ဝူလီလီ က ရှောင်မင် ကို ကြိုက်နေသူပင်။ထိုအခါ ဝူလီလီ သည် သူမကို မနိုင်သောကြောင့် ဒေါသဖြေဖျောက်ရန် စုချင်းဟယ် အား အသုံးပြုရန် စီစဉ်ခဲ့သည်။ ဘယ်လိုပင်ဖြစ်ဖြစ်၊ စုချင်းဟယ်သည် ဘယ်အသိုင်းအဝိုင်းကြီးကမှ ဆင်းသက်လာသူ မဟုတ်တာကြောင့်ပင်။


စုချင်းဟယ် အပေါ်ထားရှိသော လင်းယောင်ယောင် ၏ သဘောထားမှာ အနည်းငယ်အေးစက်နေသော်လည်း စုချင်းဟယ် ကဲ့သို့ သာမန်လူ တစ်ယောက်ကို သူမသာဆိုလျှင် လက်စားချေမှာမဟုတ်ပေ။ယခု သူမ အံ့သြသွားသည်ကက ယန်ယိဖေး ကလည်း ဤကိစ္စမှာ ပါဝင်နေခြင်းကိုပင်။ ထို့ကြောင့်လည်း ယခုအချိန်တွင် အဆင့် ထောင်နှင့်ချီနေရာတွင်ရှိသင့်သော စုချင်းဟယ် ၏အဆင့်သည် ပဉ္စမသို့ရောက်ရှိနေသည်မှာ အံ့သြစရာမဟုတ်ပေ။ ထို့အပြင် သူမတို့သည် မဲများကို အတုလုပ်သူမှာ စုချင်းဟယ် ကိုယ်တိုင်ဖြစ်ကြောင်း သက်သေအထောက်အထားများ အပြည့်အ၀ အတုလုပ်ထားခဲ့ကြသည်။ ဝူလီလီ တစ်ယောက်တည်းသာဆို ဘယ်တော့မှ မလုပ်နိုင်ပေ။


အင်ပါယာတွင် အထွတ်အထိပ် ဆရာတစ်ဆူဖြစ်ပြီး ဟက်ကာ လုလင်း ၏ မိုးကောင်းကင်ကို အံတုနိုင်သော နည်းပညာထက် တော်နေသူကြောင့် သူမလည်း အမှန်တစ်ကယ် သက်သေမပြနိုင်ပေ။ နောက်ကွယ်က ခေါင်းဆောင် ယန်ယိဖေး၏ လျှို့ဝှက်ချက်ကို ရှာမတွေ့လျှင် ခက်ရတော့မည်ဖြစ်သည်။


ခဏတာ ထိတ်လန့်သွားပြီးနောက် လင်းယောင်ယောင်သည် ယန်ယိဖေး ပါဝင်ရခြင်း၏ အကြောင်းရင်းကို အမြန် နားလည်သွားခဲ့သည်။ မူရင်းဝတ္ထုတွင် ယန်ယိဖေး သည် မူလ လင်းယောင်ယောင် ၏ အကြံပေးတစ်ဦးအဖြစ် မကြာခဏသရုပ်ဆောင်ခဲ့သည်။သူမသည် မူလပိုင်ရှင်ကို စုချင်းဟယ် နှင့် ဘယ်လိုဆက်ဆံရမည်ဆိုသည်ကို သင်ပေးပြီး ရှောင်မင် အား လုယူဖို့ အကြံဥာဏ်အမျိုးမျိုးပေးခဲ့သည်။ထိုသို့၊ လင်းယောင်ယောင် နှင့် ရှောင်မင် အတူတူရှိနေသရွေ့ ရှောင်ကျန်း က သူမကို လုယူနိုင်မှာ မဟုတ်ခြင်းကြောင့်ပင်။ နောက်ပိုင်း၊လင်းယောင်ယောင် က ရှောင်မင် ကို စိတ်မဝင်စားတော့လျှင်တောင် သူမ၏ ရက်စက်ပြီး မာနထောင်လွှားသည့် အပြုအမူကို ကြည့်ပြီး သူမကို ရှောင်ကျန်းကလည်း သဘောကျမှာ မဟုတ်တော့ပေ။


ယန်ယိဖေး သည် ရှောင်ကျန်း ကို ချစ်သော်လည်း သူမ စိတ်ထဲက အကြံများကြောင့် မူလပိုင်ရှင်အား ဘယ်တော့မှ မပြောခဲ့ပေ။ သူမသည် မနာလိုစိတ်များကို ဖုံးကွယ်ကာ သူမ၏ သူငယ်ချင်းကို ဒုက္ခရောက်အောင် တွန်းပို့နေခဲ့သည်။ နောက်ပိုင်းမှာ၊မူလပိုင်ရှင်က ရှောင်မင် ကိုကျော်ပြီး ရှောင်ကျန်း ၏ လက်ထပ်ခွင့်ကို သဘောတူလိုက်ပြီးနောက် ယန်ယိဖေး သည် ခံစားချက်ကို ဖုံးဖိမထားနိုင်တော့ဘဲ မူလပိုင်ရှင်နှင့် သူငယ်ချင်းအဖြစ်မှ ရပ်စဲသွားသည်။ ယန်ယိဖေး သည် ဖြူစင်သော စိတ်ထားရှိသူဟု မဆိုနိုင်သော်လည်း အလွန်တရာဆိုးသွမ်းနေသူမဟုတ်ချေ။ နောက်ဆုံးတော့ သူမသည် သူငယ်ချင်းများကြားမှ ခင်မင်ရင်းနှီးမှုကို နည်းနည်းလေး ဂရုစိုက်သူပင်။သူမသည် လင်းယောင်ယောင် ကို နာကျင်အောင်လုပ်ဖို့ ဘယ်တုန်းကမှ မတွေးခဲ့ချေ။ လင်းမိသားစု၏ အခြေအနေများ ကျဆင်းသွားပြီးနောက် ယန်မိသားစုသည် သူတို့ကိုယ်ကို ကာကွယ် ရပ်တည်ခဲ့သည်။ ထိုအရာက အံ့သြစရာ မဟုတ်ပေ။ယန်ယိဖေးနှင့် မူလပိုင်ရှင်သည် သူငယ်ချင်းကောင်းများမှ သူစိမ်းများဖြစ်လာခဲ့ပြီးဖြစ်သည်။ ယန် မိသားစုသည် လင်းမိသားစုကို ကူညီပြီး အားကောင်းနေပြီဖြစ်သော ရှောင်မင် ကို စော်ကားရန် မစွန့်စားရဲကြချေ။


ယခုမူ၊ လင်းယောင်ယောင် သည် မူလပိုင်ရှင်ကို အစားထိုးခဲ့ပြီးဖြစ်သဖြင့် သူမ၏ မူလဇာတ်ကောင်ရော၊သူမ၏ ဇာတ်ကြောင်းကပါ ယခင်ကနှင့် လုံးဝကွဲလွဲသွားခဲ့သည်။ထို့ကြောင့် စုချင်းဟယ် ကို ပြဿနာရှာနေသော ယန်ယိဖေး သည် မူရင်းဇာတ်ညွှန်းနှင့် ကိုက်ညီစွာပင် ပြဿနာဆက်ရှာမည်ဖြစ်သည်။ သူမနှင့် လာမပေါင်းသောကြောင့် ယန်ယိဖေး ကသာ ခေါင်းဆောင်သဘောမျိုးဖြစ်လာခဲ့သည်။ စုချင်းဟယ် ကို အရှက်ရစေသော အကြောင်းရင်းများသည် အနည်းငယ် ပြောင်းလဲသွားသည်။ စုချင်းဟယ် က သူမလမ်းကို


ပိတ်ဆို့လိုက်သည်။ သူမသည် ဆေးပညာဌာနမှ အကောင်းဆုံးကုထုံးဆရာဘွဲ့အတွက် တိုက်ပွဲဝင်ကာ ရှောင်ကျန်း ၏ အာရုံကို ဆွဲဆောင်လိုခဲ့သည်။ အချစ်က တစ်ကယ်ကို မျက်စိကန်း‌စေ၏။


လင်းယောင်ယောင် မှင်တက်သွားပြီး နောက်ဆုံးတွင် သက်ပြင်းချလိုက်သည်။ ဤကိစ္စကို သူမ တစ်ကယ် ဝင်မစွက်ဖက်သင့်ချေ။သို့မဟုတ်ပါက သူမသည် ယန်ယိဖေး အတွက် သူစိမ်းဖြစ်သွားရုံသာမက တစ်သက်လုံး လုံးဝရန်သူဖြစ်သွားလိမ့်မည်။ ဤအကြောင်းကြောင့် သူမ ဆက်လက်ပြီး မူရင်းဝတ္ထုရှိ မင်းသမီး စုချင်းဟယ် ၏ ကံကြမ္မာကို ဂရုတစိုက် စဉ်းစားကြည့်လိုက်သည်။ သီအိုရီအရဆိုလျှင် ဤကမ္ဘာသည် "ဒဏ္ဍာရီထဲမှ အရှင်သခင်" ဆိုသည့် စာအုပ်အရ အမှန်တစ်ကယ်တည်ဆောက်ထားသည့် ကမ္ဘာအစစ်ဖြစ်လျှင် စုချင်းဟယ် သည် ဤကမ္ဘာတွင် လုံးဝကံကောင်းသူဖြစ်သင့်သည်။ သူမကို ဆန့်ကျင်သူများက ကောင်းကောင်း မဆုံးသတ်နိုင်ပေ။သူမနှင့် မိတ်ဖွဲ့သူတွေကသာ အကောင်းတွေ့ရနိုင်၏။


လင်းယောင်ယောင် သည် ဇာတ်ကြောင်းကို ကြိုတင်ခန့်မှန်းကြည့်လိုက်ရာ ဇာတ်ကြောင်းက အပြောင်းအလဲအချို့ ဖြစ်ထားသောကြောင့် စုချင်းဟယ်နှင့် ရှောင်မင် အကြား ဆက်ဆံရေးသည်လည်း ကွဲလွဲသွားပုံရသည်။ ယခုမူ ဇာတ်ကြောင်းက သူ့အလိုလို ဖြည့်စွက်ပြုပြင်သွားလိမ့်မည်ဖြစ်သည်။


သူမသည် အမျိုးသားနှင့် အမျိုးသမီး ခေါင်းဆောင်များကြားတွင် ဝင်ရောက်စွက်ဖက်ရန် မကြံစည်ခဲ့ပေ။ သူမသည် သူတို့နှင့် ဝေးနိုင်သမျှဝေးဝေးနေချင်ခဲ့သည်။ သူမဘာသာသူမ ဘဝကို ဖြတ်သန်းချင်နေသော်လည်း စိတ်ထဲမှာ အတွေးတစ်ခုပေါ်ရလေသည်။


'စုချင်းဟယ် က ရှောင်မင် နဲ့ မကြိုက်တာမျိုး ဖြစ်သွားနိုင်သလား'


မူရင်းဝတ္ထုထဲမှာတောင် စာဖတ်သူတော်တော်များများက အမျိုးသားဇာတ်ဆောင် ရှောင်မင် ကို မကြိုက်ကြပေ။ အမျိုးသား ဇာတ်ဆောင်ကိုပြောင်းလဲရန်အတွက် ပရိသတ်များက တောင်းဆိုခဲ့ကြသလို၊ ဝတ္ထုထဲတွင် မည်သည့် အမျိုးသားဇာတ်ဆောင်မှ မပါအောင်အထိ ပြောခဲ့ဖူးလေသည်။ စုချင်းဟယ် ၏ရုန်းကန်နေရသောအသက်မွေးဝမ်းကြောင်း လမ်းကြောင်းနှင့် အခြေခံလူတန်းစား ဇာတ်ဆောင်တစ်ဦးအနေဖြင့် သူမသည် အောက်ခြေအဆင့်မှ ပိုမိုအစွမ်းထက်လာကာ ဆေးဝါးလက်ထောက် ကုထုံးပညာရှင်များကြားတွင် အတောက်ပဆုံးဖြစ်တည်လာသည်ကို လူတိုင်းမြင်ချင်ကြသည်။ စုချင်းဟယ် ထံသို့ ရှောင်မင် ချဉ်းကပ်လာခြင်းသည် သူမ၏ ပြောင်မြောက်သော ဆေးဘက်ဆိုင်ရာ အရည်အချင်းများနှင့် ထီးနန်းလုရာမှာ သူ၏ အစ်ကိုတော်များက သူ့အား သတ်ပစ်မှာစိုးခြင်းကြောင့်ဟု စာဖတ်သူအများစုက ယူဆကြသည်။ ပြတ်ပြတ်သားသားပြောရလျှင် အားလုံးသည် ထီးနန်းအတွက်သာသူက ချဉ်းကပ်လာခြင်းပင်။


ထို့အပြင်၊ သူတို့ နှစ်ယောက်သား အခေုအနေတစ်ခုထိ ရောက်ပြီးနောက် စုချင်းဟယ် သည် ထိပ်တန်းအရာရှိကျောက် ၏မြေးဖြစ်ကြောင်း ရှောင်မင် တွေ့ရှိခဲ့သည်။ထိုအခါ စုချင်းဟယ် ၏ မိသားစုနောက်ခံက သူ၏ အကြီးဆုံးပြိုင်ဘက်ဖြစ်သော ပထမမင်းသား ရှောင်ရို့ အား တိုက်နိုင်ရန် ကူညီပေးနိုင်ကြောင်း သူ သိရသည်။ သို့သော် စုချင်းဟယ် ကကျောက် မိသားစုနှင့်မည်သို့ပတ်သတ်နေသည်ကို မကြာမီ ထုတ်ဖော်ရန် တောင်းဆိုခဲ့သည်။


လင်းယောင်ယောင် ပထမဆုံးရောက်လာသောအခါ သူမနှင့် လင်း မိသားစု၏ ကံကြမ္မာကို ပြောင်းလဲပစ်ချင်ခဲ့သည်။ ယခုချိန်မှာ သူမ၏ ကံကြမ္မာကို ကြိုးကြိုးစားစားလုပ်နိုင်လျှင် ပြောင်းလဲသွားနိုင်မည်ဟု ယုံကြည်လိုက်ပြီဖြစ်သည်။ သူမသည် စုချင်းဟယ် နှင့် မလွှဲမရှောင်သာ ရေစက်ရှိသော်လည်း မူရင်းဝတ္ထုနှင့် နှိုင်းယှဉ်ပါက လုံးဝခြားနားသော ဆက်ဆံရေးတစ်ခုဖြစ်သည်။ သူမကို စုချင်းဟယ် က သူငယ်ချင်းအဖြစ် သတ်မှတ်ခဲ့သည်။ စုချင်းဟယ် သည် သူမအား ရိုးသားပြီး စေတနာမေတ္တာရှိသော အကြည့်ဖြင့် အကြိမ်ပေါင်းများစွာ ကြည့်ရှုနေသည်ကို သူမ မြင်လိုက်ရသောအခါ ခင်မင်စိတ်များလည်း အလားတူဖြစ်တည်လာရတော့သည်။


ရှောင်မင် သည် စုချင်းဟယ် နှင့် မထိုက်တန်ကြောင်း သူမပင် ခံစားလာရသည်။ စုချင်းဟယ် သည် သူမအား စိတ်နှလုံးအကြွင်းမဲ့ ချစ်ခင်တွယ်တာမြတ်နိုးသည့် ယောက်ျားတစ်ယောက်နှင့်သာ ပေါင်းဖက်သင့်သည်ဟု မြင်မိသည်။ထိုအရာကလည်း လင်းယောင်ယောင် ၏ တဒင်္ဂအတွေးသက်သက်ပင်။ မူရင်းကလို ရှောင်မင် ကို စုချင်းဟယ်က ရိုးရိုးသားသား နှစ်သက်လျှင် သူမလည်း မကူညီနိုင်ပေ။


လင်းယောင်ယောင် သည် စုချင်းဟယ် နှင့် ခပ်ဝေးဝေးမှာနေပြီး သိပ်မနီးစပ်ချင်တာကြောင့်လည်း စိုးရိမ်ကြောင့်ကြရမိသည်။သူမ မျက်မှောင်ကြုတ်ကာ အချိန်အတော်ကြာ တွေးတောခဲ့သော်လည်း နောက်ဆုံးတွင် စုချင်းဟယ် နှင့် ရှောင်မင် တို့ ရေစက်မဆုံနိုင်အောင် လုပ်မည်ဟုသာ ဆုံးဖြတ်ချက်ချခဲ့သည်။ ယင်းမှာ ကျောက် မိသားစုနှင့် စုချင်းဟယ် ကို ဆွေမျိုးများအဖြစ် အချင်းချင်း ကြိုတင်အသိမှတ်ပြုရန် လှုံ့ဆော်ပေးခြင်းဖြစ်သည်။ ရှောင်မင် သည် လုံလောက်သော အင်အားကြံ့ခိုင်မှု မရှိမီတွင် လမ်းပိတ်ပစ်မှရမည်ဖြစ်သည်။




xxxxx


Ei Thet Hmue