အခန်း၇၀
Viewers 8k

Chapter 70



စုချင်းဟယ် သည် ထိပ်တန်းအရာရှိကျောက်ပိုဟိုင် ၏မြေးဖြစ်ကြောင်းအမှန်တကယ်ဖော်ပြပါက ရှောင်မင် သည် မဖြေရှင်းနိုင်ဘဲ သူမနှင့် ခပ်ခွာခွာနေရမည်ဖြစ်သည်။ သူတို့နှစ်ဦးသည် စစ်မှန်သောချစ်ခြင်းမေတ္တာအတွက် ရည်မှန်းထားလျှင် အဆုံးတွင် ပေါင်းစည်းနိုင်သော်လည်း အလှည့်အပြောင်းများစွာဖြင့် ပေါင်းစည်းနိုင်မည်ဖြစ်သည်။ ဤအရာကြောင့် တစ်ယောက်နှင့်တစ်ယောက် တကယ်လွဲချော်သွားလျှင် သူမ၏ကံကြမ္မာကိုလည်း ပြောင်းလဲနိုင်သည်ဟု ဆိုလိုသည်။ စဉ်းစားရင်း လင်းယောင်ယောင် က လင်းရွှမ် ကို


" လုလင်း က 'နစ်ကို' လို့ နာမည်ပေးထားတဲ့ ကျောင်ချင်းယွင် ဆီကို အမည်ဝှက်နဲ့ မက်ဆေ့ခ်ျပို့နိုင်မယ်လို့ ညီမ မျှော်လင့်ပါတယ်.… စုချင်းဟယ် က သူ့အမွှာညီမဆိုတာကိုလေ"


ခဏအကြာတွင် လင်းရွှမ် ၏ သတင်းစကား ပြန်ရောက်လာသည်။


"ဒီသတင်းကို မင်းဘယ်လိုသိတာလဲ၊ သတင်းက ယုံရလို့လား…ကိုယ်တွေ့တဲ့အချက်အလက်တွေအရ ထိပ်တန်းအရာရှိကျောက် ရဲ့ တစ်ဦးတည်းသောသမီး ကျောင်မင်ရု က ဘွဲ့ရပြီး သုံးနှစ်ကြာတဲ့အထိ ပျောက်သွားခဲ့တယ်.. နောက်ပိုင်းမှာ မိသားစုဆီကို သားတစ်ယောက် ခေါ်လာပြီးပြန်လာခဲ့တယ်..."


ကျောက်ချင်းယွင် သည် ထိပ်တန်းအရာရှိကျောက် ၏မြေးအဖြစ် ကြီးပြင်းလာခဲ့သူဖြစ်သည်။ သို့သော် သူ့တွင် အမွှာညီမ သို့မဟုတ် ကျောက်မိသားစုမှ ကျန်မြေးတစ်ယောက်ရှိသည့်ကိစ္စကို တစ်ခါမျှ မကြားဖူးခဲ့ပေ။ လင်းယောင်ယောင် သည် လင်းရွှမ် ကို အလွန်အမင်းယုံကြည်သောကြောင့် မရှင်းပြနိုင်သော အဖြစ်ကို မတော်တဆ ဖော်ထုတ်မိသွားပြီဖြစ်သည်။သူမ ရုတ်တရတ် စိုးရိမ်သွား၍ အချိန်အတော်ကြာ စဉ်းစားပြီးနောက်


“သတင်းက စိတ်ချရပါတယ်...ညီမဘယ်လိုသိလဲဆိုတာကို အစ်ကိုအိမ်ပြန်တဲ့အခါ ပြောပြမယ်”


လင်းရွှမ် ဆက်မမေးတော့ပေ။ ကံကောင်းထောက်မစွာ၊သူက သူမကို ယုံကြည်သွား၏။


"ကောင်းပြီ ကိုယ် လုလင်း ကို လုပ်ခိုင်းလိုက်မယ်… ဒီကိစ္စကို ကျောက် မိသားစုဆီ လွှဲထားလိုက်တာက ပိုသင့်တော်ပါတယ်"


မူရင်းဝတ္ထုတွင် စုချင်းဟယ် ၏မိခင် ကျောက်မင်ရု ကို ဖခင်ထိပ်တန်းအရာရှိကျောက်အိမ်တွင် မွေးဖွားခဲ့သည်။ သို့သော် သူမသည် ငယ်ငယ်လေးကတည်းက မိဘတွေနှင့် အတူမနေရ‌ေသာကြောင့် ချစ်ခြင်းမေတ္တာငတ်မွတ်ခဲ့ရသည်။ ငယ်ရွယ်သန်စွမ်းသော မိန်းကလေးတစ်ဦးအနေဖြင့် ကျောက်ပိုဟိုင် ၏ လျစ်လျူရှုခံရပြီး ကြေးစားတပ်ဖွဲ့တစ်ခု၏ ခေါင်းဆောင် စုယိယုံ နှင့် ချစ်ကြိုက်ခဲ့သည်။ ကျောက်ပိုဟိုင် ကိုယ်တိုင်ကလည်း ထိပ်တန်းအရာရှိကျောက် မဖြစ်မီ သာမာန်လူပဲဖြစ်၍ သူမသည် မိဘများအား ဂရုမစိုက်စွာပင် ကိုယ့်ကိုယ်ကို အလွန်ယုံကြည်မှု ရှိခဲ့သည်။


သူမ အဖေကလည်း ချမ်းသာပြီး ချောမောလှပတဲ့ မိန်းမနဲ့ လက်ထပ်ခဲ့လို့ ရာထူးကြီးလာခဲ့တာ မဟုတ်ဘူးလား...


ဘွဲ့ရပြီးနောက် ကျောက်မင်ရု သည် စုယိယုံ နှင့်အတူ ခိုးရာလိုက်ပြေးခဲ့သည်။ သူမသည် ဂြိုလ်ငယ်တစ်ခုသို့သွားကာ အိမ်ထောင်ပြု၍နေထိုင်ရင်း သူမ၏ ဖခင်ထံမှ တစ်ပြားတစ်ချပ်မှ မလိုချင်သဖြင့် မိသားစုကို မဆက်သွယ်ခဲ့ပေ။ သို့သော် အချိန်ကောင်းများသည် မကြာရှည်တတ်သောကြောင့် ဆင်းရဲသည့် စုံတွဲများ၏ ဘဝသည် ခက်ခဲလာရသည်။ လက်ထပ်ပြီးနောက် စုယိယုံ သည် ဗီဇပြလာတော့သည်။အရက်လည်းသောက်လာပြီး ယောက်ျားဆိုသည့် မာနပြလာကာ ပြော‌ဆို မကောင်းတော့ပေ။ထို့ကြောင့်လင်မယားနှစ်ယောက်ကြားမှာ သဘောထားကွဲလွဲမှုများ တိုးလာသည်။


သူမလည်း ကိုယ်ဝန်ရှိလာပြီး အရည်အချင်းမြင့်မားသော အမြွှာကလေးများကို မွေးဖွားခဲ့သည်။ ဤသည်မှာ မူလက ပျော်ရွှင်ဖွယ်ဖြစ်ရပ်တစ်ခုဖြစ်သော်လည်း သားဖြစ်သူတွင် မျိုးရိုးဗီဇချို့ယွင်းချက်တစ်ခုရှိခဲ့ပြီး ထိုရောဂါကို ငယ်စဉ်ကတည်းက ကုသပါက ပျောက်ကင်းသွားနိုင်သည်။ သို့သော် မျိုးဗီဇပြုပြင်ရေး ဆေးဝါးများ၏ စျေးနှုန်းက ကြီးမားလှသဖြင့် စုယိယုံ နှစ်ရာနှင့်ချီအောင်အလုပ်လုပ်လျှင်ပင် ထိုပိုက်ဆံက မပြည့်နိုင်ပေ။ယခုတော့လည်း အချစ်တွေ မှေးမှိန်သွားခဲ့ပြီဖြစ်သည်။ စုယိယုံ သည် ဇနီးနှင့် သားသမီးများကို ထောက်ပံ့ရန် သူတစ်ယောက်တည်း၏ ၀င်ငွေကို အားကိုးနေရသည်။ ဘဝ၏ ဝန်ထုပ်ဝန်ပိုးကြောင့် သူ အသက်ရှုမဝသလို ဖြစ်နေရသည်။


ကျောက်မင်ရု ကလည်း သူ့အား အသုံးမကျမှုအတွက် တစ်နေ့လုံး ကြိမ်းမောင်းဆဲပင်။ သူသည် ဇနီးဖြစ်သူကို ယခင်ကကဲ့သို့ အလိုလိုက်မဆက်ဆံနိုင်ဘဲ အလုပ်တစ်ခုနှင့် အပြင်ထွက်လေ့ရှိပြီး အနားယူရန် အိမ်ပြန်ရောက်သောအခါ မူးရူးကာ ပြန်လာတတ်သည်။


စစ်ဗိုလ်တစ်ယောက်၏ သမီးဖြစ်သည့် ကျောက်မင်ရုသည် ငွေကြေးကိစ္စအတွက် ဘယ်တုန်းကမှ စိတ်မဆင်းရဲခဲ့ရပေ။ယခုတော့ သူမ၏ အချစ်အိပ်မက်ကလည်း ပျက်သွားခဲ့ရသည်။ သားဖြစ်သူ၏ မျိုးရိုးဗီဇချို့ယွင်းမှုကို ကုသရန်အတွက် ခင်ပွန်းဖြစ်သူထံမှ ထွက်ခွာရန် ရွေးချယ်ခဲ့သည်။ သူမတို့ ကွာရှင်းမှုက အတော်လေး အေးချမ်းခဲ့သည်။


ကျန်းမာသော သမီးငယ် စုချင်းဟယ် သည် စုယိယုံ နှင့်အတူ ကျန်ခဲ့သည်။ တော်ဝင်မြို့တော်ကို ပြန်ရောက်ပြီးနောက် ကျောက်မင်ရု သည် စုချင်းဟယ် အတွက် စားစရိတ်ဟု ဆိုကာ ငွေတစ်ထောင်ပေးခဲ့သည်။ သို့သော် စုယိယုံ က မာနကြီးသူပီပီ သူမ ပေးသောငွေကို ပြန်ပေးကာ သူ့နေထိုင်ရာနေရာမှ ထွက်ခွာသွားခဲ့သည်။ မူရင်းဆက်သွယ်ရေးနံပါတ်ကိုလည်း ဖျက်သိမ်းခဲ့သည်။ သူသည် သူ့သမီး စုချင်းဟယ် ကို ကိုယ်ပိုင်အလုပ်ဖြင့် ပြုစုပျိုးထောင်ခဲ့ပြီး အလွန်ကြိုးစားခဲ့သော်လည်း ဆယ်နှစ်ကျော်ကြာပြီးနောက်မှ၊ကြေးစားတပ်ဖွဲ့၏ ခေါင်းဆောင်အဖြစ်သာရှိခဲ့သည် ။သမီးဖြစ်သူအတွက် ဆေးပညာ သင်ယူစရိတ်ကလည်း အတော်ကြီးမားလှပေသည်။


စုယိယုံ သည် သူတို့သားအဖ၏ လက်ရှိသတင်းကို ကျောက်မင်ရု သိသွားမည်ကို ရှက်ရွံ့နေခဲ့သည်။ သူ့သမီးကို စွန့်လွှတ်ရမှာ စိုးရိမ်သည့်အတွက် သူ့မှာ ထူးချွန်ထက်မြက်သည့် မိခင်တစ်ယောက်ရှိသည့်အကြောင်းအား သမီးဖြစ်သူကို မပြောခဲ့ပေ။ ဝတ္ထုထဲတွင်၊ စုချင်းဟယ် နှင့် ကျောက် မိသားစုတို့သည် ယခုမှစပြီး လပေါင်းများစွာကြာမှ ပြန်လည်စုံစည်းကြမည်ဖြစ်သည်။


စုချင်းဟယ် ၏ဖခင် စုယိယုံ သည် ငွေကြေးအတွက် အလွန်အန္တရာယ်များသော ကြေးစားတပ်ဖွဲ့ခေါင်းဆောင် တာဝန်ကို ထမ်းဆောင်ခဲ့သည်။ အောင်မြင်စွာ ပြီးမြောက်နိုင်လျှင် စုချင်းဟယ် သည် လာမည့်လေးနှစ်အတွက် ဆေးပညာ သင်ယူစရိတ်အတွက် စိုးရိမ်စရာ မလိုတော့ပေ။ အစွန်းထွက်လေးများပင် အကျိုးခံစားရလိမ့်မည်ဖြစ်သည်။ ထိုအခါ သားအဖနှစ်ယောက်သား ဧကရာဇ်မြို့တော် သို့ ပြောင်းရွှေ့နေထိုင်နိုင်ပြီး ချမ်းသာသောမိသားစုများသာ နေထိုင်နိုင်သည့် အရပ်တွင် အိမ်တစ်လုံးဝယ်နိုင်သည်။


ဘယ်သူသိမှာလဲ...ဒီမစ်ရှင်က စုယိယုံ ကို သေလုနီးနီးဖြစ်စေမယ်ဆိုတာ...


သို့သော်လည်း ရှောင်မင် ၏အကူအညီဖြင့် စုယိယုံ ကို အကောင်းဆုံးတပ်မတော်ဆေးရုံသို့ အလျင်အမြန်ပို့ဆောင်ခွင့်ရခဲ့ပြီး စုချင်းဟယ် က သူ့အား ကျေးဇူးတင်နေရသည်။ ထိုအချိန်တွင်၊ဆေးရုံတွင် ပုံမှန်စစ်ဆေးမှုများပြုလုပ်နေသောဗိုလ်ချုပ် ကျောက်ပိုဟိုင် သည် သူ့သမီးငယ်စဉ်ကနှင့် ဆင်တူသောမိန်းကလေးကိုရုတ်တရက်တွေ့ရှိခဲ့ရသည်။ သို့နှင့်၊သူ့မြေးမလေးကို မှတ်မိသွားသည်။


ရှောင်မင် သည် သူမအဖေ၏ အသက်ကို ကယ်တင်ခဲ့၍ သူမသည် ရှောင်မင်ကို ကျေးဇူးရှင်ကြီးပမာ မှတ်ယူနေခဲ့၏။ သူမတို့ သားအဖသည် တစ်ဦးနှင့်တစ်ဦး မှီခိုနေရသောကြောင့် နောက်ဆုံးတွင် သူမစိတ်ထဲမှာ ရှောင်မင်ကို အားကိုချင်လာသည်။ သူမ၏ဆွေမျိုးများဖြစ်သော ကျောက် မိသားစုကို အသိအမှတ်ပြုပြီးနောက်၊ သူမ နှလုံးသားထဲတွင် ဖုံးကွယ်ထားသော သိမ်ငယ်မှုကြီးက ပျောက်ကွယ်သွားပြီး ရှောင်မင် နှင့် မထိုက်တန်ဘူးဟု သူမ မခံစားမိတော့‌ေပ။ ရှောင်မင် က သူမကို တရားဝင် ချစ်ခွင့်ပန်ပြီးနောက် သူတို့ ချစ်သူဖြစ်ခဲ့ကြသည်။


ရှောင်မင် သည် ကျောက် မိသားစုနှင့်သူမ၏ သွေးသားဆက်နွယ်မှုကို မကြေငြာခိုင်းသေးသောအခါ သူမလည်း နာခံခဲ့သည်။


ကျောက်ချင်းယွင် သည် သူ့တွင် အမြွှာညီမတစ်ယောက်ရှိသည်ကို သိလိုက်ရသည့်အတွက် အလွန်ဝမ်းသာသွားသည်။ သို့သော် သူသိလိုက်သော ညီမမှာ ရည်းစားရှိနေ‌ေသာကြောင့် သူ ဘဝင်မကျဖြစ်သွား၏။ သူက ရှောင်မင် ကို အကြိမ်ပေါင်းများစွာ ရန်စဖို့ကြံနေသော်လည်း စုချင်းဟယ် က ကြားထဲမှ မဖြစ်အောင်တားလေ့ရှိသည်။ဤသို့ဖြင့်၊မောင်နှမကြား ဆက်ဆံရေးက နည်းနည်းတင်းမာလာတော့သည်။


ကျောက်မင်ရု သည် သူ့သမီးကို ချစ်ပေးချင်သော်လည်း စုချင်းဟယ် က သူမကို မလိုအပ်တော့ကြောင်း သိရှိခဲ့ရသည်။ သူမ၏ ဖခင်သည် ငွေ ကြေးခက်ခဲသည့်အတွက် သေလုနီးပါးဖြစ်နေသော်လည်း စုချင်းဟယ် သည် ကျောက် မိသားစုထံမှ ငွေကြေးထောက်ပံ့မှုကို ငြင်းပယ်ခဲ့သည်။သားအမိနှစ်ယောက်မှာလည်း သူစိမ်းများလို ခပ်တန်းတန်းဖြစ်နေခဲ့သည်။


စုချင်းဟယ် သည် ရှောင်မင် ကို ခွဲမရအောင်ချစ်နေကြောင်းကို ထိပ်တန်းအရာရှိ ကျောက် သိသွားသောအခါ သူ့မြေးမလေး၏ ပျော်ရွှင်မှုသည် ဤလူကို မှီခိုအားထားနေရကြောင်း သိလိုက်ရသည်။ သူလုပ်နိုင်သမျှ ရှောင်မင် ကို တိတ်တဆိတ် ကူညီဖို့ပင်ဖြစ်သည်။


ကျောက်ပိုဟိုင် သည် အရပ်သားများကို ကိုယ်စားပြုသည့် ကြယ်သုံးပွင့်တပ်မှူးဖြစ်သည်။ သူသည် အင်ပါယာမြို့တော်နှင့် အနီးတစ်ဝိုက်ရှိ အရေးပါသော ဒေသများကို ကင်းလှည့်သည့် ကင်းလှည့်လုံခြုံရေးတပ်ဖွဲ့များအတွက်သာ တာဝန်ရှိပြီး အရေးကြီးသော မည်သည့်တပ်ဖွဲ့ကိုမျှ မထိန်းချုပ်ချေ။ ဆန့်ကျင်ဘက်အနေနှင့်၊ သူသည် ဧကရာဇ်မင်းမြတ်၏ အယုံကြည်ရဆုံးသူဖြစ်ပြီး စစ်သူကြီးသုံးဦးထဲမှာလည်း အယုံကြည်ရဆုံးဖြစ်သည်။


မြို့တော်တွင် တပ်စွဲထားသော အခြားထိပ်တန်းအရာရှိနှစ်ဦးမှာ တော်ဝင်ဌာနခွဲ၏ ကြယ်လေးပွင့်တပ်မှူးဖြစ်ပြီး လက်ရှိဧကရာဇ်မင်းမြတ်၏ ဦးရီးတော်ဖြစ်သော ရှောင်ချင် ရှိနေသည်။ သူ့အဖွဲ့သည် ဧကရာဇ်မိသားစုကို ခုခံကာကွယ်မည့် ပထမဆုံးအဖွဲ့ဖြစ်ပြီး ဧကရာဇ်ဘုရင်ကလည်း သူ့ကို အလွန်လေးစားလျက်ရှိသည်။


လင်းမိသားစု၏ ကြယ်ငါးပွင့် စစ်ဗိုလ်ကြီး လင်းကျန့်ဟိုင် သည် မီးခိုးရောင်ဝံပုလွေတပ်ဖွဲ့ကို ပိုင်ဆိုင်ထားသူဖြစ်သည်။ သူသည် အလွန်အစွမ်းထက်သောကြောင့် ဧကရာဇ်မင်းကပင် သူ့ကိုကြောက်ပြီး ယဉ်ကျေးစွာဆက်ဆံရသည်။


ဆန့်ကျင်ဘက်အားဖြင့်၊ ဧကရာဇ်သည် ရိုကျိုးပြီး အသနားခံဆုံးသော မာရှယ်ကြီး ကျန်းပိုဟိုင် နှင့် အနီးစပ်ဆုံး ဖြစ်သည်။ ထိုကဲ့သို့သော ကျန်းပိုဟိုင် သည် စုချင်းဟယ် ၏ အလိုဆန္ဒကြောင့် ရှောင်မင် ၏ သူလျှိုသဘောမျိုး ဖြစ်လာခဲ့သည်။


သို့သော်လည်း ယခု ဘာမှဖြစ်မလာသေးပေ။


လင်းယောင်ယောင် ၏ နှလုံးသားသည် အလွန်လျင်မြန်စွာ ခုန်နေရသည်။ သူမ စွက်ဖက်လိုက်လျှင် စုချင်းဟယ် နှင့် ရှောင်မင် အကြားက ချစ်ခြင်းမေတ္တာကိုသာမက ရှောင်မင် ၏ ကံကြမ္မာကိုလည်း ပြောင်းလဲသွားပေမည်။ ရှောင်မင် သာ စုချင်းဟယ် နှင့် အတူမရှိခဲ့ပါက ကျောက် မိသားစု၏အကူအညီမပါဘဲ၊ ရှောင်မင် သည် ထိုရာထူးကို ဤဘဝတွင် အလွယ်တကူ ရယူနိုင်မည် မဟုတ်ပေ။ သို့သော် သူမမှာလည်း အပြစ်လုံးဝမရှိချေ။


မူရင်းဝတ္ထုတွင်၊ ရာဇပလ္လင်အတွက် ရှောင်မင် သည်မူလပိုင်ရှင်ကို အမျိုးမျိုး စိတ်ဆင်းရဲအောင်လုပ်ခဲ့သဖြင့် လင်းယောင်ယောင်သည် ရူးသွပ်လုနီးပါးဖြစ်သွားရသည်။ သူသည် လင်းရွှမ် ကို အမျိုးမျိုးချောက်ချကာ ဒဏ်ရာရစေပြီး လင်းထျန်းယွဲ့ ကိုလည်း အကျဉ်းချထားခဲ့သူပင်။ သူက လင်း မိသားစုကို ပျက်စီးစေသည့် အကြီးမားဆုံးတရားခံဖြစ်သည်။ ရှောင်မင် သည် ယခုကတည်းက ဧကရာဇ်ဖြစ်ဖို့ ရည်မှန်းထားသည်ဆိုလျှင် ယခု သူမ၏ လှုပ်ရှားမှုက သူ့အောင်မြင်မှုလမ်းကို နည်းနည်းပိုခက်ခဲအောင် လုပ်လိုက်တာပင်ဖြစ်ချေတော့သည်။ ရှောင်မင်၏ ရက်စက်ကြမ်းကြုတ်သောအပြုအမူများနှင့် နှိုင်းယှဉ်လျှင် သူမ၏ လုပ်ရပ်က အဆတစ်ထောင် ကြင်နာနေသေးသည်။


ထို့နောက် လင်းယောင်ယောင် သည် လင်းရွှမ် ကို ဘယ်လိုပြောပြီး စည်းရုံးရမလဲဆိုသည်ကို ဆက်လက် စဉ်းစားခဲ့သည်။ သူမသည် ခေတ်အဆက်ဆက်နှင့်အချိန်ကာလများကို ဖြတ်သန်းခဲ့ပြီး စာအုပ်ထဲက ကမ္ဘာကိုရောက်လာခြင်းပင်။


သူတို့နေထိုင်တဲ့ကမ္ဘာဟာ စာအုပ်တစ်အုပ်နဲ့တည်ဆောက်ထားတဲ့ကမ္ဘာတစ်ခုပဲလို့ပြောရင် ဘယ်သူက ယုံချင်မှာလဲ...


သူမနှင့် လင်းရွှမ် ၏ ဆက်ဆံရေးက သာမန် ညီအကိုမောင်နှမတွေထက် အများကြီး ပိုနီးစပ်သော်လည်း သူတို့ကြားမှာ ကွာဟချက်များစွာ ရှိသေးသည်။


လင်းရွှမ် ကသာ သူမက တစ်ကယ် လင်းယောင်ယောင် မဟုတ်ဘဲ အပြင်လူတစ်ယောက်မှန်းသာ သိခဲ့ရင် သူမကို သတ်ပစ်မှာလား…


လင်းမိသားစုအပေါ် ဘယ်တုန်းကမှ မနာလိုခဲ့ဖူးသော်လည်း ဂိမ်းကစားနေရင်း မေ့မြောသွားခဲ့သည့် နေ့ရက်များတွင် ရှေ့ဆက်ဖြစ်လာမည့်အရာများကို အိမ်မက်ရှည်ကြီးအဖြစ်မက်ခဲ့သည်။


အိပ်မက်မှ နိုးထပြီး ရက်အနည်းငယ်အကြာမှာ ရှောင်ကျန်း က အမှန်တစ်ကယ်ပင်၊ ရွှယ်လန်စတား ပွဲကို တက်ရောက်ဖို့ ဖိတ်ကြားလာခဲ့၏။ ယန်ယိဖေး ၏ အမျိုးမျိုးသော လုပ်ရက်များက ရှောင်ကျန်း ကို အမှန်တစ်ကယ် နှစ်သက်နေကြောင်း အိပ်မက်ထဲတွင်လည်း ပါခဲ့ဖူးသည်။ တစ်နည်းဆိုရသော် အိပ်မက်သည် အမှန်တစ်ကယ်ဖြစ်လာခဲ့သည်။


သူမ ရှောင်မင် ကို ရုတ်တရက် မကြိုက်သဖြင့် အစားအသောက် ဖြည့်စွက်ဌာနသို့ ပြောင်းခဲ့ရခြင်းလည်း ဖြစ်သည်။ ဆက်လက်ပြီး ဧကရာဇ် မိသားစုနှင့် စစ်ဗိုလ်ချုပ်တို့ကြား တိုက်ပွဲက လှိုင်းထန်ခဲ့သည်။ လင်းရွှမ် က သူမထက် သေချာသိသွားမည်ဖြစ်သည်။သူသည် သူမ မပါဝင်နိုင်သော၊ လုပ်ခွင့်မရှိသော ကိစ္စရပ်များကို ကိုင်တွယ်ရမည့်သူပင်။


ရှောင်မင် ဧကရာဇ်မဖြစ်နိုင်ခဲ့လျှင် အရာအားလုံး အကောင်းဆုံးဖြစ်သွားပေမည်။ သို့သော်လည်း ရှောင်မင် သည် လင်း မိသားစုကို ကိုင်တွယ်ရန် အကြီးဆုံးမင်းသား ရှောင်ရို့ နှင့် လက်တွဲခဲ့သည်။ သူတို့နှစ်ယောက်လုံးက မကောင်းကြပေ။ သို့သော် တတိယမင်းသား ရှောင်ကျန်း သည် ဧကရာဇ်ဖြစ်ရန် ရည်မှန်းချက်ပင်မရှိပေ။ ဘယ်သူက နောက်တက်လာမည့် ဧကရာဇ်ဖြစ်ပါစေ လင်းမိသားစုသည် သူတို့ကိုယ်သူတို့ ကာကွယ်ဖို့နှင့် ထီးနန်း လွန်ဆွဲပွဲများ၏ သားကောင်မဖြစ်ဖို့ ခုခံကာကွယ်မှုများ ပိုရှိထားရန် လိုအပ်ပေသည်။


ထိုအကြောင်းကိုတွေးပြီးနောက် လင်းယောင်ယောင် စိတ်သက်သာရာရသွားသည်။ သူမသည်"အကြီးမားဆုံးလျှို့ဝှက်ချက်" ကို လင်းရွှမ် အား ပြောပြတော့မည်ဖြစ်ပြီး ဆိုလိုသည်မှာ သူမ ပခုံးပေါ်ရှိဝန်ထုပ်ဝန်ပိုးများစွာကို ဖယ်ရှားနိုင်တော့မည်ဖြစ်သည်။ သူမသည် လင်း မိသားစု၏ မူလကံကြမ္မာကို လင်းရွှမ် နှင့်အတူ ပြောင်းလဲနိုင်မည်ဖြစ်၏။ နေ့ခင်းဘက်မှာ စမ်းသပ်စရာ တစ်ခုလုပ်စရာရှိသေးသည်။ သို့သော်လည်း မစ္စတာချိုက်သည် ယနေ့တွင် အစားအသောက်ကုထုံးသုတေသန အခြေစိုက်စခန်းသို့ လာမှာ မဟုတ်သောကြောင့် သူမကိုယ်တိုင် စမ်းသပ်၍လည်းရသည်။


လင်းယောင်ယောင် ခဏစဉ်းစားပြီး သူမနှင့် ကလေးသွေးစပျစ်နွယ်ပင် 012 ကို ကုသဖို့ အရသာရှိသည့် ဟင်းများချက်ဖို့ စီစဉ်ခဲ့လေသည်။


စကားမစပ်၊ သူမ ဟင်းချက်နေသည်ကိုလည်း မှတ်တမ်းတင်ထားခဲ့သည်။ ယနေ့မှစ၍ သူမသည် Weibo တွင် ရှေးဟောင်း တရုတ်အစားအစာ သင်ကြားရေးဗီဒီယိုကို အပ်ဒိတ်ပြန်လည်တင်ပေးတော့မည်ဖြစ်သည်။ စိတ်အေးလက်အေးနှင့် အချိန်အလုံအလောက်ရှိနေ‌ေသာကြောင့် ယခင်က အိမ်ချက်ဟင်းလျာအများစုဖြစ်ပြီး ယခင်သင်ကြားပြသဗီဒီယိုများကဲ့သို့ ရှုပ်ထွေးသော ငါးဟင်းလျာနှစ်မျိုးကို ပြုလုပ်ရန် ဆုံးဖြတ်ခဲ့သည်။ တစ်မျိုးက ရှဉ့်မန်ဒရင်းငါးဖြစ်ပြီး၊ ယခင်က သူမတို့မိသားစုအတွက် ပြုလုပ်ခဲ့သော ထင်းရှူးစေ့ငါးများနှင့် အနည်းငယ်ကွာခြားသည်။


ရှဉ့်မန်ဒရင်းငါးသည် လိမ္မော်ရောင်ရှိပြီး အစာစားချင်စိတ်ကို နှိုးဆွပေး သည်။ အပြင်ဘက်မှ ငါးအရသာရှိပြီး အတွင်းဘက်တွင် ချိုချိုချဥ်ချဉ်အရသာရှိသည်။ စိတ်ဝင်စားဖို့ကောင်းသည်က ရှဉ့်နှင့်တူသည့် မန်ဒရင်းငါးကြော်ကို စားပွဲပေါ်တင်သည့်အခါ ထိုငါးကိုပြုတ်ထားသော အရည်ကို လောင်းလိုက်ပါက ငါးက ရှဉ့်များလို အော်မြည်လာမှာ ဖြစ်သည်။


အခြားဟင်းပွဲက အန်ဟွေ ပြည်နယ်မှ နာမည်ကြီး ငါးဟင်းလျာဖြစ်သည့် ငါးကိုက်သိုးသားပင်။ ချက်ပြုတ်နည်းကမူ သိုးသားလေးတစ်ပိုင်းကို ငါးဗိုက်ထဲကို ထည့်ပြီး ချက်လိုက်ရမှာဖြစ်သည်။ ဒဏ္ဍာရီအရ ကွန်ဖြူးရှပ်သည် "Fresh" ဟူသော စကားလုံးကို "ငါး(fish)" နှင့် "သိုးငယ်(lamb)" အား ပေါင်းစပ်ထားပြီး ဖန်တီးခဲ့သည်ဟု ဆိုထားသည်။ ထို့ကြောင့် "ငါးကိုက်သိုး" ကို "လတ်ဆတ်သောစွပ်ပြုတ်" ဟုခေါ်ဆိုရမည်ဖြစ်သည်။ အရသာ ဘယ်လောက် အရသာရှိလဲဆိုသည်ကို တွေးကြည့်နိုင်ပေသည်။


ဟင်းနှစ်မျိုးစလုံးကို မန်ဒရင်းငါးနှင့်သာ ပြုလုပ်ထားသော်လည်း အရသာက လုံးဝကွဲပြားသည်။ ထို့အပြင် သူမသည် အရံဟင်း နှစ်မျိုးဖြစ်သည့် ဆောင်းဖရဲသီးနှင့် ပုစွန်ခြောက် အရေခွံ၊ ရှာလကာရည်စိမ် ဂေါ်ဖီထုပ် ကိုလည်း ချက်ပြုတ်ခဲ့သည်။ အရန်ဟင်းများက ဟင်းသီး ဟင်းရွက်များဖြစ်၍ 012က မစောင့်ဘဲ 012 အသားဟင်းနှစ်မျိုးကို မြည်းကြည့်လိုက်သည်။ အချိန်အတော်ကြာအောင် သူ တစ်ယောက်တည်း ရှုပ်ယှက်ခတ် အောင်လုပ်နေပြီးမှ


"သခင်...အားပိုင် ကို ဧည့်သည်အဖြစ် ဖိတ်လို့ရမလား... ဒီနေ့ အိမ်မှာ တစ်ယောက်တည်းနေရမယ် ဆိုတော့ ပျင်းတယ်လို့ ကြောင်လေးက ပြောတယ် "




xxxxxx

Ei Thet Hmue