အခန်း၇၁
Viewers 8k

Chapter 71

(အမျိုးသားဇာတ်ဆောင်၏ အာရုံကိုဆွဲဆောင်နိုင်ခြင်း)


အားပိုင် ကြောင်နှင့် 012 သွေးစပျစ်နွယ်ပင်များသည် မတူညီသောမျိုးစိတ်များဖြစ်သည်။ သူတို့၏ ခင်မင်မှုက အစားအသောက်သမားတွေကြားရှိ ခင်မင်မှုထက် ဘာမှ မပိုပေ။ သူတို့သည် လူသားမဟုတ်သည့် နှစ်ယောက်ဖြစ်၍ သူငယ်ချင်းဖြစ်သွားခြင်းပင်။


ဒါမှမဟုတ် အိမ်မွေးတိရစ္ဆာန် သူငယ်ချင်းလို့ ခေါ်ရမလား...


သူတို့နှစ်ဦးသည် မတူညီသောနေရာများတွင် နေထိုင်စဉ် အဆက်အသွယ် မပြတ်တောက်ခဲ့သလို လူ့ဘ၀တွင် အတွေ့အကြုံပိုရှိပြီး IQ မြင့်သော အားပိုင် ၏ အသိပညာနှင့် လမ်းညွှန်မှုတို့ကလည်း 012အပေါ် အဆက်အသွယ်မပြတ်ရှိနေခဲ့သည်။ လူသားများ မွေးမြူထားသော ဂြိုလ်သားတိရိစ္ဆာန်များနှင့် ဂြိုလ်သားအပင်များသည် လူသားများကဲ့သို့ ဉာဏ်ရည်မမီသော်လည်း “ဉာဏ်ရည်မနိမ့်သော၊ ကာကွယ်ထားသောမျိုးစိတ်များ” လည်းဖြစ်သည်။ လူသားများနှင့် သူတို့၏ ဆက်ဆံရေးသည် လူသားများကြားရှိ အချို့သော ဆက်ဆံရေးများထက် များစွာ နက်နဲသည်။ တစ်ချို့လူတွေက သူတို့မွေးမြူထားသည့် တိရိစ္ဆာန်များ သို့မဟုတ် အပင်များကိုတောင် သဘောကျသွားနိုင်သည်။.


ဤကိစ္စနှင့် စီးပွားရေးလုပ်ရန်အတွက် ကုန်သည်များလည်း ကြိုးစားကြသည်။ ကုန်သည်များသည် ထူးခြားဆန်းပြားသော တိရိစ္ဆာန်များ၊ ထူးခြားဆန်းပြားသော အပင်များ သို့မဟုတ် အခြားအိမ်မွေးတိရစ္ဆာန်များအတွက် ကြီးမားကျယ်ပြန့်သော touch screen အမြင်ဦးနှောက်ဆက်သွယ်ရေးကိရိယာများကို တီထွင်ထုတ်လုပ်ထားသည်။ အပလီကေးရှင်း စာသားများသည် အလွန်နည်းပါးပြီး ဆက်သွယ်ရေးသည် အများအားဖြင့် ပုံစံများနှင့် အသံများကို အသုံးပြုကြသည်။ ထို့ကြောင့် တိရစ္ဆာန်များက လက်သည်းများနှင့် ကုတ်ခြစ်လို့လည်းရသလို၊ ရိုးရှင်းပြီး လွယ်ကူပေသည်။


ဤနည်းဖြင့် ဂြိုလ်သားတိရိစ္ဆာန်များသည် ပိုင်ရှင်များနှင့် ဆက်သွယ်နိုင်သလို အခြားဂြိုလ်သားသူငယ်ချင်းများနှင့်လည်း ဆက်သွယ်ချိတ်ဆက်နိုင်သည်။ တိရစ္ဆာန်ကာတွန်းများကြည့်နိုင်သလို၊ သူတို့ အကြိုက်ဆုံး မီနီဂိမ်းများကိုလည်း ကစားနိုင်သည်။ အမျိုးမျိုးသော အိမ်မွေးတိရစ္ဆာန် သင်ကြားရေးသင်တန်းများသို့ သွားပြီး၊ အိမ်မွေးတိရစ္ဆာန်ကုန်တိုက်များကိုလည်း သွားနိုင်သေးသည်။ ပိုင်ရှင်က အိမ်မွေးတိရစ္ဆာန်များကို စောင့်ကြည့်ဖို့၊ အမြင်ဦးနှောက်ကို ချိတ်ဆက်ဖို့ သူတို့၏ ကိုယ်ပိုင် အမြင်ဦးနှောက်ကို အသုံးပြုနိုင်သည်။ ဥပမာအားဖြင့်၊ ဂြိုလ်သားအပင် 012 သည် အသံမထွက်တတ်ပေ။ ချောက်ထဲက ထွက်လာသည့် စာမတတ်သူမို့ စာတောင် မဖတ်တတ်ပေ။ထို့ကြောင့် သူ၏ သူငယ်ချင်း အားပိုင် နှင့် ဆက်သွယ်ရန် အလင်းဦးနှောက်ကို အသုံးပြုရန် ခက်ခဲလှသည်။ သို့သော် ကံကောင်းထောက်မစွာပင်၊ အိမ်မွေးတိရစ္ဆာန်များအတွက် အမြင် ဦးနှောက်တွင် ကီးဘုတ်နှင့် အီမိုတီကွန်များစွာ ပါရှိသည်။


လင်းယောင်ယောင် သည် 012 ၏ဖန်သားပြင်နှင့် အားပိုင် ၏ ချက်တင်ကို အကြိမ်ပေါင်းများစွာ ကြည့်ရှုပြီး သူမ ရယ်လိုက်ရသေးသည်။


အားပိုင်မှ ပေးပို့သောအသံမက်ဆေ့ချ်သည် မတူညီသောလေသံဖြင့် "မြောင်မြောင်မြောင်" ဟု အစဉ်လိုက်ပေးပို့ပြီး ကြောင်ကစားစရာ၊ ငါးခြောက် သို့မဟုတ် ကြောင်အဆာပြေမုန့်ကို စားလိုသော အီမိုဂျီတစ်ခုနှင့် ၎င်းတို့ကိုဝယ်ယူရန် လင့်ခ်ပါ ပြထားသေးသည်။


ထို့နောက် အားပိုင်က "အင်ပါယာကို အုပ်စိုးခြင်း" ဆိုသည့် စာအုပ်ထဲကလို မြောင်က ဧကရာဇ်ပုံစံဖြင့် သရဖူဆောင်းထားပုံကို ပေးပို့ထားသည်။ ယခုမှ သူ၏ အမြင်ဦးနှောက်ကို အသုံးပြုဖို့ စတင် သင်ယူခဲ့သည့် ကလေး သွေးစပျစ် 012 က ပိုသနားစရာကောင်းပြီး အီမိုဂျီ များကိုသာ ပေးပို့နိုင်ရှာသည်။သူ မကြာခဏပို့လေ့ရှိသည်မှာ မျက်နှာပေါ်တွင် မေးခွန်းအမှတ်အသားပါသော ဂြိုလ်သားအပင်တစ်ပင်၏ အီမိုဂျီတစ်ခုဖြစ်သည်။


သူ့သူငယ်ချင်း အားပိုင် နှင့်အတူ 012 ၏ဘဝသည် ရုတ်တရက် ဆန်းပြားလာသည်။ စား၊ သောက်၊ အိပ်၊ ရေချိုးတတ်သည်မှစ၍ အင်တာနက် စွဲလမ်းသည့် ကလေး ဖြစ်လာခဲ့သည်။ သို့သော်၊ အင်တာနက်အသုံးပြုခြင်း၏ ဝါသနာသည် ပထမအရေးကြီးသောအရာများနောက်တွင် ရပ်တည်နေသည်။ 012 သည် အစာစားခြင်း၊ အိပ်စက်ခြင်း၊ နေပူဆာလှုံခြင်း၊ ရေချိုးခြင်း စသည်တို့ကို အင်တာနက်အသုံးပြုရန် အချိန်နှင့်တိကျအောင် စဉ်းစားထားသူပင်။


နေ့စဉ်ည ၈ နာရီဆိုလျှင်၊ 012 သည် "Zzzz..." ဆိုသည့် ဂြိုလ်သားအပင်များ ဟောက်နေသည့် အီမိုဂျီကို အားပိုင် အား ပေးပို့လိုက်ပါက ကလေးသွေးစပျစ်နွယ်ပင်သည် အိပ်ပျော်သွားပြီ ဖြစ်ကြောင်း ညွှန်ပြသည်။ သူ ဆက်သွယ်ရေးစက်ကို သုံးရသည်ကလည်း သိပ်မခဲယဉ်းတော့ပေ။


လင်းယောင်ယောင် သည် အိပ်ရာက မထလျှင် 012 သည် သူက အရင်ဆော့ကစားရန် နိုးလာလိမ့်မည်ဖြစ်သည်။ သက်ကြီးရွယ်အိုများကဲ့သို့ ပုံမှန်ကျန်းမာပြီး အနားယူသည့်လုပ်ရိုးလုပ်စဉ်မျိုးသည် ညဇီးကွက် အားပိုင် အား အလွန်ရူးသွပ်စေသည်။ အားပိုင်သည် သူ့ဘာသာသူ အင်တာနက်မှာသာ အချိန်ဖြုန်းတတ်သူပင်။ လူတို့၏ ချစ်စရာ အိမ်မွေးတိရစ္ဆာန်ကို ပြန်ပေးဆွဲခြင်းမှ တားဆီးရန် သို့မဟုတ် လူမျိုးပေါင်းစုံက အင်တာနက်ပေါ်မှ ချစ်ခြင်း၊ မုန်းတီးခြင်းများကို တားဆီးရန်အတွက် အိမ်မွေးတိရစ္ဆာန်များကို အလင်းဦးနှောက်က တခြားကြုံရာကျပန်းအိမ်မွေးတိရစ္ဆာန်များကို သူငယ်ချင်းအဖြစ် ထည့်ခွင့်မပြုချေ။ ပိုင်ရှင်၏ ဆွေမျိုးများနှင့် သူငယ်ချင်းများ၏အိမ်မွေးတိရစ္ဆာန်များကို ပိုင်ရှင်က ခွင့်ပြုမှသာ သူငယ်ချင်းများ ထည့်သွင်းနိုင်ပြီး ဆက်သွယ်နိုင်သည်။


ချိုက်ယူဟုန် သည် သူ၏အလုပ်တွင် ရာထူးကြီးသူဖြစ်၍ အားပိုင် ကြောင့် သူ့ပုံသဏ္ဍာန် မပျက်စီးစေရန်အတွက် အားပိုင် ၏ သူငယ်ချင်းများကို တွေ့ကရာ ထည့်ခွင့်မပြုခဲ့ပေ။


အစောပိုင်းက အားပိုင် သည် အစားအသောက်ကုထုံး သုတေသနသစခန်း တွင် သုတေသန ပညာရှင်တစ်ယောက်၏ အရပ်ရှည်၍ သန်မာပြီး ဖြူဖွေးသော ကြောင်လေးတစ်ကောင်အား ချောင်းကြည့်နေခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။ အားပိုင် သည် မစ္စတာ ချိုက် ၏ ခြေထောက်အား အချိန်အကြာကြီး ပွတ်သပ်ပြီး၊ အိမ်ရှိ ဆိုဖာသုံးလုံးကို ဆုတ်ဖြဲကာ ချော့လိုက်ခြောက်လိုက်နှင့် မစ္စတာချိုက် သည် နောက်ဆုံးတွင် ထိုသုတေသနပညာရှင်၏ ချောမောသော ကြောင်နှင့် သူငယ်ချင်းအဖြစ် ပေါင်းသင်းရန် သဘောတူခွင့်ပြုလိုက်သည်။


သို့သော် ချောမောသော မြောင်ကလေး သည် အားပိုင်၏ အနက်ရောင်အမွေးနှင့် အဖြူရောင်ခြေသည်းများကို မကြိုက်သဖြင့် သူငယ်ချင်းဖြစ်ခွင့်မက်‌ေဆ့ချ်ကို ပယ်ချခဲ့ခြင်းကြောင့် အပြင်းအထန်ခံစားခဲ့ရသည်။ စိတ်ထိခိုက်နေသော အားပိုင် သည် သူ၏ ဝမ်းနည်းမှုနှင့် ဒေါသကို အစာစားချင်စိတ်အဖြစ် ပြောင်းလဲလိုက်သည်။ ယခုအခါတွင် ငါးခြောက်နှင့် အရသာရှိသော ပင်လယ်စာ အမျိုးအစားအားလုံးသည် သူ့အတွက် အချစ်စစ်ဖြစ်လာရသည်။


အားပိုင် သည် 012 ကို အစားအသောက်စားခြင်းဖြင့် သိလာရခြင်းမှာ မတော်တဆမှုတစ်ခုသာဖြစ်သည်။ထို့အပြင် 012 တွင် အရသာအရှိဆုံးအစားအစာများကို ဖန်တီးပေးနိုင်သော လှပသောပိုင်ရှင်တစ်ဦးရှိသောကြောင့် သူက 012 ဆီသို့ မကြာခဏဆက်သွယ်နေခဲ့သည်။


ယခုလည်း၊ အားပိုင် က အရသာရှိသည့် ဟင်းတစ်ခွက်ကို အခမဲ့စားခွင့်ပြုဖို့ ပိုင်ရှင်ကို တောင်းဆိုလိုက်၏။ 012 က အားပိုင် သည် အိမ်တွင် ကြောင်စာကိုသာ စားရသည်ဟု ထင်နေမိသည်။ သူငယ်ချင်းတစ်ယောက်အနေနှင့် အတူတူစားဖို့ ငါးများကို ဝေမျှပေးသင့်သည်ဟု တွေးလိုက်မိသည်။ အားပိုင် က အမြင်ဦးနှောက်ကို အသုံးပြုနည်းကဲ့သို့သော အချက်အလက်များစွာကို သူ့အား သင်ကြားပေးခဲ့သည်။

ထို့ကြောင့် 012 ကလည်း သူ့ကို ဤနည်းဖြင့် ကျေးဇူးဆပ်နိုင်သည်။သို့သော်၊တစ်ခု အဆင်မပြေသည်က ဟင်းပွဲကအတော်နည်းနေတာကြောင့်ပင်။ အားပိုင်ကို အလကား ကျွေးချင်သော်လည်းနည်းနည်းတော့ အဆင်မပြေပေ။ အစားအသောက်သမားများ ကြားမှ ခင်မင်ရင်းနှီးမှုက ကွဲလွဲမှုတစ်ချို့ရှိသည်။ အစားအသောက်ကို အချင်းချင်း ဝေမျှပြီးအတူတူစားဖို့ အဖော်တစ်ယောက်ရှိချင်ကြသော်လည်း ကိုယ့် အစားအသောက်ကို တစ်‌ဖက်မှ လုစားသွားမှာကြောက်တတ်ကြသည်။


လင်းယောင်ယောင် သည် 012 ၏သူငယ်ချင်းများကို ငြင်းဆိုမှာမဟုတ်ပေ။ သူမသည် အခြေအနေကို ဆက်သွယ်ရေးစက်မှတစ်ဆင့် ချိုက်ယူဟုန် အား ရှင်းပြခဲ့သည်။ ချိုက်ယူဟုန် သည် အစားအသောက်ကုထုံး သုတေသနသစခန်း အဆောက်အဦးတွင် အကြီးတန်း မာစတာအစားအသောက်လက်ထောက်ကုထုံးပညာရှင်များနှင့်အတူ ရှိနေသည်။ ယခုနှစ် ကျောင်းသား ဖလား အရန်ကုထုံးပြိုင်ပွဲ ဒုတိယအကျော့၏ သီးခြားစည်းမျဉ်းများကို ဆွေးနွေးနေကြခြင်းဖြစ်သည်။ သူက အိမ်မွေးတိရစ္ဆာန် အားပိုင် ကံကောင်းနေခြင်းကို အလွန်ငြူဆူသံနှင့် ဒေါသတကြီးဖြင့် ပြောလာသည်။


"ဟုတ်တယ်... အဲဒါကို ပို့ဖို့ ငါ့စက်ရုပ်အထိန်းကို အဝေးကနေ ညွှန်ကြားပေးမယ်...မင်းစားပြီးရင်သာ ကြောင်ကိုလည်း ပြန်ပို့ဖို့ မမေ့နဲ့…ငါ့ကိုရော ကျွေးဦးနော်"


ပြောပြီးသည်နှင့် သူ ချက်ချင်း စိတ်ပြောင်းသွားပြီး


"မဟုတ်ဘူး…မဟုတ်ဘူး၊ အခု နောက်ထပ် ပိုလုပ်ပေးလို့ရမလား…ငါ့ဆီကို စန်စကနေတစ်ဆင့်အမြန်သာပို့ပေးလိုက်… အဲဒါလည်း အများကြီး မလိုပါဘူး…ငါတို့က နေ့လည်စာ စားပြီးသွားပြီ... ဟင်း နှစ်မျိုး၊သုံးမျိုးလောက် ချက်လိုက်ရုံပါပဲ... အဲဒီလူကြီးတွေက ငါ့ရဲ့ အနာဂါတ်တပည့်ကို ရယ်မောပြီး နောက်ပြောင်ကြတယ်...ဘယ်လိုမှ တော်နေတာမဖြစ်နိုင်ဘူး...သာမာန်ပဲဖြစ်ရမယ်တဲ့... ရှေးတရုတ်အစားအစာတွေကို ဘယ်လိုမျိုး လူစိတ်ဝင်စားအောင် ‌ကြော်ငြာနေတာလဲတဲ့... ငါအရမ်းဒေါသထွက်နေရတယ်"


လင်းယောင်ယောင် သည် ဆရာဖြစ်သူက ခေါင်းမာပြီး ရှေးရိုးဆန်သော အစားအစာ လက်ထောက်များကို ပြောပြရန် သူမ၏ ကျွမ်းကျင်မှုကို အသုံးချလိုကြောင်း သိလိုက်ရသည်။ တရုတ်ရှေးဟောင်းအစားအစာများကို အရောင်းမြှင့်တင်ရေးသည် တစ်ကယ်တော့ သူမ ၏ ခံယူချက်နှင့် ပန်းတိုင်ဖြစ်သော်လည်း သူမ၏ ကိုယ်ရေးကိုယ်တာ ခွန်အားမှာ သေချာပေါက် အလုပ်မဖြစ်နိုင်ပေ။ မမျှော်လင့်ဘဲ ချိုက်ယူဟုန် သည် ထိုအကြောင်းကို အစားအသောက်ကုထုံး သုတေသနသစခန်း အထိ သယ်ဆောင်သွားခဲ့သည်။ သို့သော်လည်း သူမအား ယုံကြည်စေချင်လျှင် Star Network မှာ ချက်ပြုတ်ထားသည့် ရှေးဟောင်း တရုတ်အစားအစာ အနည်းငယ်နှင့် သေချာပေါက် မလုံလောက်ပေ။လက်တွေ့ဘဝတွင်လည်း ခိုင်မာသော အထောက်အထားအချို့ကို ထုတ်ပြရန် လိုအပ်သည်။


ချိုက်ယူဟုန် သည် သူမအတွက် ဤအရာအားလုံးကို လုပ်ဆောင်ပေးခဲ့သောကြောင့် သူမ နောက်ထပ် ဟင်းအနည်းငယ်ကို ချက်ပြုတ်ရမည် ဖြစ်တော့သည်။ သူမလည်း တိုတိုတုတ်တုတ်ပြောလိုက်သည်။


"ကောင်းပြီ၊ စောင့်ပါဦး"


သူမ အဆောင်ရှိ အစားအသောက် သိုလှောင်သည့် ရေခဲသေတ္တာတွင် လတ်ဆတ်သော ငါးများစွာကို သိမ်းဆည်းထားသည်။ အစက ငါးဟင်းများချက်ရန် သိမ်းထားခြင်းပင်။


သူမသည် ငါးခေါင်းကို ငရုတ်ကောင်းဖြင့် ချက်လိုက်သည်၊ ဟင်းသီးဟင်းရွက်ချဉ်၊ ငါးကင်၊ နှင့် ငါးပုတ်သင်ငယ်ကြော်၊ အားလုံးကို ကြော်လှော်ချက်ပြုတ်ထားလိုက်သည်။ သူမသည် နောက်ထပ် ရှဉ့်မန်ဒရင်းငါးနှင့် ငါးကိုက်သိုးသားတို့ကိုလည်း ထပ်ချက်ကာ ဟင်းခြောက်မျိုးအထိ ပြုလုပ်ခဲ့သည်။ ထို့နောက် အလုံပိတ် အစားအသောက်ဘူးကြီးတစ်ခုထဲမှာ ထည့်ကာ ချိုက်ယူဟုန် ထံသို့ ပို့ပေးခဲ့သည်။ စခန်းအဆောက်အဦးသို့ ရောက်ရန် နာရီဝက်ခန့်ကြာမည်ဖြစ်သည်။


အားပိုင် ကို ချိုက်ယူဟုန်၏ အိမ်ထိန်းစက်ရုပ်မှတစ်ဆင့် ပေးပို့ရမည်ဖြစ်သည်။ အားပိုင် နှင့် သူငယ်ချင်း 012 တို့သည် စားပွဲဝိုင်းတွင် စုရုံးပြီး အရသာရှိသော ငါးများကို စားနေကြသည်။ ကြယ်တာယာခေတ်မှ ဂြိုလ်သား သားရဲကောင်များသည် ကိုယ်လုံးကိုယ်ပေါက် ကောင်းမွန်ပြီး လူစာကို စားနိုင်သည်။ အိမ်မွေးတိရိစ္ဆာန်များ၏ အစာချေဖျက်ဆေးများကို လစဉ် စားသုံးနေသရွေ့ သူတို့ ခန္ဓာကိုယ်ထဲမှာ ရှိသည့် စားသုံးရခက်သည့်အရာများကို ဖယ်ရှားပစ်နိုင်၏။


သူမ တွင် ဟင်းရှစ်မျိုးဖြစ်အောင် ပြုလုပ်ရန် သက်သတ်လွတ်ဟင်း နှစ်မျိုး ရှိနေသည်။ ဟင်းက သိပ်မများသဖြင့် လူတစ်ဦးနှင့် အိမ်မွေးတိရစ္ဆာန် နှစ်ဦးအတွက် လုံလောက်သည်။ ထို့နောက် သူမသည် အဝါရောင် ငါးပုတ်သင်များစွာကိုလည်း ကြော်ခဲ့သည်။ အားပိုင် ပြန်သောအခါ သရေစာအဖြစ် ပြန်ယူသွားနိုင်အောင်လည်း သူမ ပြင်ဆင်ထား၏။


သူငယ်ချင်းနှစ်ယောက်မှာ ပြီးပြည့်စုံသည့် ငါးဟင်းများကို စားလိုက်ကြ၍ ဗိုက်ပြည့်သွားသည်။ အားပိုင် သည် ကြောင်တစ်ကောင်က သရဖူဆောင်းထားသည့် အီမိုဂျီကို သူ၏ စခရင်မ်ပေါ်မှာ ပြထားရင်း ဗိုက်ကြီးဖောင်းကာ ဆိုဖာပေါ်တွင် လဲလျောင်းနေသည်။ သူ အတော်ပျော်နေသဖြင့် အိမ်ပြန်ဖို့ရာ ငြင်းဆန်နေသည်။သူ ညစာစားဖို့ ဤအိမ်မှာပဲ စောင့်နေမည်ဟု ဝမ်းသာအားရ ဆုံးဖြတ်လိုက်သည်။သူ ပြန်သွားလျှင် ကြောင်စာပဲ စားနိုင်မည်ဖြစ်သည်။ ချိုက်ယူဟုန် လုပ်သည့် အစားအသောက်များက သူ့အတွက် ကြောင်စာလောက် အရသာမကောင်းပေ။ ရိုးရိုးသားသားပြောရရင် အားပိုင် သူ့သခင်ကို နည်းနည်းလေး သစ္စာဖောက်ပြီး သခင်တောင် ပြောင်းပစ်ချင်နေသည်။


ဂြိုလ်သား သားရဲနှင့် ပိုင်ရှင်ကြားက ဆက်ဆံရေးသည် မတည်ငြိမ်ပေ။ ဂြိုလ်သားအိမ်မွေးတိရိစ္ဆာန်သည် မကောင်းသည့် အိမ်ရှင်နှင့်တွေ့ရသည့်အခါ၊ ဂြိုဟ်သားတိရစ္ဆာန်များသည် အရည်အချင်းရှိကြသည်။ အိမ်ရှင်ကို အနိုင်ယူနိုင်လျှင်တောင် ထွက်ပြေးဖို့ ကြိုးစားကြ၏။သူတို့ နေထိုင်ရန် တောထဲသို့ပြန်သွားခြင်း သို့မဟုတ် အခြားသင့်လျော်သော ပိုင်ရှင်ကိုရှာဖွေရန် ဂြိုဟ်သားတိရစ္ဆာန်အခွင့်အရေးကာကွယ်စောင့်ရှောက်ရေးဌာနသို့ သွားနိုင်သည်။ သို့သော်လည်း၊ အားပိုင် က ထို အကြောင်းကို တွေးကြည့်သည့်အခါ အဘိုးကြီး ချိုက် ခမျာ အဖော်မဲ့ပြီး သနားဖို့ကောင်းနေမှန်း သတိရသွား၏။


ထွက်သွားရင် ဘယ်လောက်သနားစရာ ကောင်းလိုက်မလဲ...


ထို့ကြောင့်၊ အားပိုင် သည် ၎င်းအကြံကို မေ့ပစ်ရန် ဆုံးဖြတ်ခဲ့ပြီး လက်ရှိပိုင်ရှင်ကို သည်းခံလိုက်သည်။ အမိုက်စား အဖြူရောင် 012 လိုစားနိုင်ဖို့က ကြီးကြီးမားမားတော့ မဟုတ်ချေ။ 012 ပိုင်ရှင် အဘိုးကြီး၏ အလုပ်သင် ဆီက အရသာရှိသည့် ဟင်းများကို စိတ်ကြိုက်စားခွင့်ရှိပေ၏။သူ ထိုအကြံအစည်ကို တွေးမိပြီး၊သူ၏ ကြည်လင်ပြတ်သားသောအပြာရောင်မျက်လုံးများသည် လက်ခနဲဖြစ်သွားကြသည်။


012 သည် ပန်းအိုးလေးကိုကိုင်ကာ စပျစ်နွယ်ပင်များကို ဆေးကြောပြီး နေရောင်အောက်တွင် ခိုရန် ပြတင်းပေါက်ဆီသို့ သွားနေသည်။သရဖူဆောင်းထားသော အီမိုဂျီပြထားသည့် ကြောင်ငတုံးနားမှာ သူ မနေချင်တော့‌ေပ။ထိုငတုံးကောင်မှာ ရုပ်ကချောသော်လည်း ကြောင်တောင်တောင်နိုင်လှပေသည်။


012 သည် အင်ပါယာကို အုပ်စိုးရသည်မှာ ဘယ်လောက်ပင်ပန်းလိုက်မလဲဆိုသည်ကို တွေးလိုက်သည်။ သခင်ကောင်းကို ရှာတွေ့ပြီး နေ့တိုင်း ကောင်းကောင်းစားပြီး ကောင်းကောင်းအိပ်၊ အစာကျွေးဖို့ စောင့်နေချိန်များက ဘယ်လောက်ပျော်စရာကောင်းမှန်း ထိုငတုံးသိမှာမဟုတ်ပေ။


လင်းယောင်ယောင် သည် လိုက်လျောညီထွေ နေထိုင်နေသော ချစ်စရာ သတ္တဝါလေးနှစ်ကောင်ကို ကြည့်ကာ သူမ၏ နှလုံးသား ပျော့ပျောင်းသွားသည်ကို ခံစားလိုက်ရသည်။ ထို့နောက် ဟင်းနံ့များပျောက်အောင် ရေချိုးလိုက်ပြီး အားပိုင်ကို ကောင်းကောင်းပွေ့ဖက်ထားသည့် 012 ၏ စပျစ်နွယ်ပင်ငယ်များကို နမ်းလိုက်သည်။ သူတို့နှင့် အချိန်အတော်ကြာ ကစားပြီးနောက် သူမလည်း Star Network သို့ သွားခဲ့သည်။


အားပိုင် သည် အများအားဖြင့် ခပ်ချေချေ အေးစက်စက်ပုံနှင့် လူများနှင့် နီးကပ်စွာ မနေချင်သော်လည်း စောစောက အရသာရှိသည့် ဟင်းပွဲများအတွက် သူမကို ငြင်းဆန်ဖို့ မဝံ့ရဲသဖြင့် လက်သည်း၊ခြေသည်းများကို အတင်းကုပ်ကပ်ထား၏။ ရလဒ်အနေနှင့်၊သူ့ကိုယ်ပေါ်က အမွှေးများဖွာလန်ကျဲသွားကြသည်။ သူမ ထွက်သွားပြီးနောက်၊ အားပိုင် သည် မျှော်လင့်ချက်မဲ့စွာဖြင့်


"မင်းရဲ့သခင်က အရမ်းကြောက်စရာကောင်းတာပဲ...ငါ့အသားတွေတော့ နာနေပြီကွာ… ငါက ရေခဲနဲ့ နှင်းတွေကို ထိန်းချုပ်နိုင်စွမ်းရှိတဲ့ အဆင့်-၄သိက္ခာရှိတဲ့ နှင်းကြောင်တစ်ကောင်ပါ....ကမ္ဘာပေါ်မှာ ဘာမှ အလကား မရှိဘူးဆိုတာ သိပ်မှန်တာပဲ... "


012 အတော်ဒေါသထွက်သွားပြီး အားပိုင် ၏ ခန္ဓာကိုယ်ပေါ်ရှိအမွှေးများကို အသာအယာ ပွတ်တိုက်လိုက်၏။


"သခင်က ငါ့သခင်လေ… ကြောင်ဆိုးလေး၊မင်းကများ ငါ့သခင်ကိုလိုချင်နေသေးတာလား...မင်းက မကြိုက်ဘူးပြောရအောင် ဘယ်လောက်တောင် သတ္တိရှိနေလို့လဲ"


"ဘာဖြစ်လဲ မင်း ငါ့ကို ရိုက်ရဲလား… ဒီသခင် ကြောင် စိတ်ဆိုးနေတယ်လေ… မင်းက တစ်ကယ်ပဲ ငါ့ကို ငါးပဲစားတတ်တဲ့ အိမ်မွေးတိရစ္ဆာန် မြောင်‌ေတွလို ဆက်ဆံနေတာလား"


ချက်ချင်း အားပိုင် ၏ခြေသည်းများတွင် ရုတ်တရက် နှင်းခဲများ ထွက်သွားသည်ကို မြင်လိုက်ရသောအခါမှာလည်း၊ ကလေးသွေးစပျစ်နွယ်ပင် 012 လုံးဝမကြောက်သွားပေ။


"မင်းထက် ငါ့အဆင့်မြင့်တယ်... ငါက အဆင့် 5 ကိုရောက်တော့မှာ… မင်းငါ့ကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး၊ မင်းငါ့ကို ထိုးသတ်ရင် မင်းအနိုင်ရမှာမလို့လား…မင်း ဆက်ပြီးဆိုးနေမယ် ဆိုရင် ငါးစားဖို့ ငါ့သခင်အိမ်ကို လာဖို့တောင် မစဉ်းစားနဲ့တော့"


အားပိုင် သည် သုံးစက္ကန့်ကြာအောင် တွေးပြီးနောက် ခြေသည်းများကို ပြန်ဆုတ်လိုက်သည်။


"...အစ်ကိုကြီး…ကျေးဇူးပြုပြီး ငါ လာပါရစေနော်"

အားပိုင် သည် အစာစားရန် မလွန်ဆန်နိုင်သော ကြောင်တစ်ကောင်ဖြစ်သည်။


လင်းယောင်ယောင်က ထိုကိစ္စတွေကို လုံးဝမသိပေ။ သူမ စာသင်ခန်းထဲဝင်ပြီးနောက်၊ အပြင်မှာ ချစ်စရာ အိမ်မွေးတိရစ္ဆာန်လေးနှစ်ကောင်မှာ ပြန်တည့်သွားကြတော့သည်။ သူမသည် Star Network သို့သွားပြီးနောက် ရှဉ့်မန်ဒရင်းငါး၊ ငါးကိုက်သိုးသငယ်၊ ပုဇွန်ခြောက်အရေခွံ၊ ရှာလကာရည်စိမ် ဂေါ်ဖီထုပ်တို့ကို Weibo တွင် တင်ခဲ့ပြီး "ရှေးတရုတ်စားစရာအိမ်" အတွက် အပ်ဒိတ်လုပ်ခဲ့သည်။


တပြိုင်နက်တည်း ဟင်းပွဲများသည် အလွန်နည်းပါးသောကြောင့် ဟင်းတိုင်းကို အများဆုံး ဆယ်ပွဲမှ ၊ပွဲနှစ်ဆယ်အထိသာ ဝေခွဲနိုင်ပြီး ပိုများလာပါက ဖောက်သည်များ၏ လိုအပ်ချက်ကို မဖြည့်ဆည်းနိုင်ပေ။ ရှောင်ချီလို အချိန်အတော်ကြာစားသုံးခဲ့သော ဖောက်သည်အား သီးခြားပေးခြင်းမှ လွဲ၍ ကျန်အပိုင်းများကို အမြင့်ဆုံးလေလံတင်သူအား ရောင်းချနိုင်ရန် လေလံတင်ခဲ့သည်။ ဟင်းလျာများသည် အသစ်ဖြစ်ပြီး နောက်ဆယ်မိနစ်အတွင်း လွတ်လပ်စွာ လေလံဆွဲနိုင်မည်ဖြစ်သည်။ အမြင့်ဆုံး လေလံဆွဲသူသည် အစားအစာကို အနိုင်ရသွားမည်။


သို့သော်လည်း အမြင့်ဆုံးစျေးနှုန်းသည် သတ်မှတ်ထားသော ကြမ်းခင်းစျေးနှုန်း၏ ဆယ်ဆထက် မပိုနိုင်ပေ။ လူအရေအတွက်သည် သတ်မှတ်ထားသော ခွဲတမ်းထက်ကျော်လွန်သွားပါက၊ အမြင့်ဆုံးလေလံဖြင့် အောင်မြင်သူများကို ကျပန်းရွေးချယ်မည်ဖြစ်သည်။ ဆယ်မိနစ် သတ်မှတ်ရသည့် အကြောင်းရင်းမှာ သူမ၏ဟင်းလျာအသစ်အတွက် noti ဖွင့်ထားသည့် ပရိသတ်များအတွက် ပိုမိုလွယ်ကူစေရန်ဖြစ်သည်။ Star Network သို့သွားရန်အတွက် အချိန်လုံလောက်စွာ ရအောင်လုပ်မည်ဖြစ်သည်။


သူမ၏ လှုပ်ရှားမှုကို လူသိများသော မာစတာပညာရှင်များနှင့် ကျွမ်းကျင်သော အစားအသောက်ကုထုံးပညာရှင်များက လက်ခံခဲ့ကြသည်။ တစ်ချို့ကလည်း သူမသည် လူသစ်တစ်ယောက်အနေဖြင့် အနည်းငယ်ယုံကြည်မှုလွန်ကဲပုံပေါ်သည်ဟု အကြောင်းပြချက်ပေးသည်။ သို့သော်လည်း သူမကို နှစ်သက်သော ဖောက်သည်များသည် ပို၍ ဂုဏ်သိက္ခာရှိပြီး ကျွမ်းကျင်သော အစားအစာ လက်ထောက် ကုထုံးများထက် သူမ၏ အစားအစာကို ပိုနှစ်သက်ကြသည်။


အထူးသဖြင့် "Eleven" သည် ကျောင်းသားသစ်ဖလား ၏ အစားအသောက်ကုထုံးအဖွဲ့တွင် ထိပ်တန်းငါးဦးတင်သွင်းသည့် ပြိုင်ပွဲဝင်ဖြစ်နိုင်သည်ဟု ထုတ်ဖော်ပြီးနောက်တွင်၊ "ရှေးတရုတ်စားစရာအိမ်" ရှိ ဟင်းပွဲအသစ်များသည် ဝယ်ရခက်လာကြသည်။ လူများစွာသည် အမြင့်ဆုံးစျေးနှုန်းထက် ဆယ်ဆပိုမိုမြင့်မားသောစျေးနှုန်းကို ပေးဆောင်ရန်လည်း မငြိုမငြင် ဆန္ဒရှိကြသည်။ လင်းယောင်ယောင် သည် နောက်ဆုံးရှာလကာရည်စိမ်ဂေါ်ဖီကို တင်ပြီးနောက် ပထမငါးဟင်းနှစ်မျိုး၏ ဝယ်ယူမှုစာရင်းကို တစ်ချက်ကြည့်လိုက်သည်။


ပထမဟင်း၊ ရှဉ့်မန်ဒရင်းငါး၏ ပထမဝယ်သူမှာ "ကျန်း" ဖြစ်ပြီး ဒုတိယဝယ်သူမှာ "ကမ္ဘာကျော်" ဖြစ်သည်... ဒုတိယဟင်း၊ ငါးကိုက်သိုး၏ ပထမဝယ်သူမှာ "ကမ္ဘာကျော်" နှင့် ဒုတိယဝယ်သူမှာ "ကျန်း"...


လင်းယောင်ယောင် အံ့သြသွားသည်။


'ဖာ့ခ် အခြေအနေက ဘယ်လိုကြီးလဲ'


ဤနာမည်နှစ်ခု၏ အပြင်ကလူများကို မပြောခင်၊ ပိုအရေးကြီးသည်က... သူမသည် "ကျန်း" ကို ဝယ်ယူ၍မရအောင် blacklist သွင်းခဲ့ပြီးဖြစ်သည်။


သူ ဘယ်လိုဝယ်နိုင်နေတာလဲ..


ဆိုလိုချင်တာက သူတို့ညီအကိုနှစ်ယောက်သည် အစားအစာကို အပ်ဒိတ်တင်သည့် အချိန်တိုင်း အတင်းဝယ်ခိုင်းဖို့ Star Network ကို ဟက်ခ်ဖို့ ဟက်ကာတစ်ယောက်ကို ရှာတွေ့ခဲ့တာဖြစ်နိုင်သည်။ "ကျန်း" သည် ရှောင်ကျန်း ဖြစ်သည်။


သူဘာကြောင့် ယခုလိုလုပ်ရသလဲဆိုသည်ကို သူမ နားမလည်နိုင်လောက်အောင်ပင်။


သူမကို လိုက်လို့မရတာကြောင့် သူမလုပ်ထားတဲ့ ဖြည့်စွက်စာတွေကို စားချင်နေတာလား...


ရှောင်ကျန်း ၏ သုံးသပ်ချက်ကိုလည်း ကြည့်လိုက်ရာ ကြယ်ငါးပွင့်ပေးထား၏။


မှတ်ချက်- "Eleven ရေ…တောင်းပန်ပါတယ်… Star Network မှာ မင်းကို စောစောစီးစီး မကောင်းပြောမိတာ ဆောရီးပါ…မင်း ပူစီနံ သခွားသီးကြော်ကို စစလုပ်တုန်းက ကိုယ် မကောင်းပြောခဲ့ဖူးတယ်…အခုလည်း ကိုယ်က မင်းရဲ့ဘဝကို မနှောက်ယှက်ပါဘူး… မင်းရဲ့တိုးတက်မှုကို တိတ်တိတ်လေးစောင့်ကြည့်နိုင်ဖို့ ဒီနည်းလမ်းကို သုံးခွင့်ပြုမယ်လို့ ကိုယ်မျှော်လင့်ပါတယ်"



xxxxx

Ei Thet Hmue