အပိုင်း၁၀၅
Viewers 31k

Chapter 105

Chapter 105

လူတစ်စုကို ကယ်တင်ခြင်း



ဤနေရာတွင် လူထောင်ပေါင်းများစွာရှိကြောင်းပြောခြင်းမှာ ကျိုးကြောင်းဆီလျော်ပြီး ၎င်းတို့အနက်မှ တစ်ဦးကပင် ကျန်းကျန့်နှင့် သူ၏လူများကို သတ်ပစ်နိုင်သော်လည်း ဤလူများက. . . သူတို့မှာ တိုက်ခိုက်ရေးစိတ်ဓာတ် လုံးဝမရှိကြပေ။


အရင်က ဖြစ်ပျက်ခဲ့သမျှတွေကို တွေးရင်း ကျန်းကျန့် နှုတ်ခမ်းတွန့်သွားသည်။


သူ့တွင် အသုံးချရန် လှည့်ကွက်ကောင်းများစွာ ရှိနေသေးသော်လည်း ထိုဓါးပြများက ထွက်၍ပင်ပြေးသွားခဲ့သည်. . .


"ဘော့စ်...ကျွန်တော် လူတွေကို မေးကြည့်တယ်... အဲဒီနေ့မှာ ပင်လယ်ဓားပြတွေက ကျွန်တော်တို့ကို လုယက်ဖို့ကြိုးစားတဲ့အခါ တိုက်ပွဲက လွတ်မြောက်ပြီးတဲ့ နောက်မှာတော့ ဒီနေရာက ရုန်းရင်းဆန်ခတ်ဖြစ်သွားတယ်... ရွာရဲ့ဒုတိယခေါင်းဆောင်နဲ့တတိယခေါင်းဆောင်က​တစ်ယောက်မှ မရှိတော့ဘဲ ကျန်လူတွေက အာဏာရရှိရေးအတွကိ စတင်တိုက်ခိုက်ခဲ့ကြတယ်... ရလဒ်အနေနဲ့ကတော့ ရလဒ်မထွက်သေးတဲ့ တိုက်ပွဲရဲ့အစမှာ ကျွန်တော်တို့ရောက်လာခဲ့တာ..."


ဟယ်ချွန်းရှန့်က ကျန်ူကျန့်ကိုပြောသည်။


"ဒုတိယခေါင်းဆောင် နဲ့ တတိယခေါင်းဆောင်က ထွက်သွားပြီလား"


ကျန်းကျန့် အနည်းငယ်အံ့သြသွားကာ မေးလိုက်သည်။ သူ ထိုပင်လယ်ဓားပြခေါင်းဆောင်ကို သတ်လိုက်သောအခါ ထိုသင်္ဘောပေါ်တွင် ဒုတိယနှင့် တတိယခေါင်းဆောင်များ ရှိနေသည်ကို သူမကြားမိလိုက်ပေ. . .


"ဘော့စ် ဒုတိယခေါင်းဆောင် နဲ့ တတိယခေါင်းဆောင်က ခေါင်းဆောင်ရဲ့ ညီအစ်ကိုတွေပါ...အဲဒီတုန်းက အတင်းလိုက်ရှာနေတဲ့ လူအနည်းငယ်ကို ငါတို့သတ်ခဲ့တာမဟုတ်ဘူးလား"


ဝမ်ဟိုင်ရှန်းက ပြောသည်။


သူတို့သည် ထိုညက လူပေါင်းများစွာကို သတ်ခဲ့ကြသော်လည်း ဒုတိယနှင့် တတိယခေါင်းဆောင်ကိုပါ သတ်ခဲ့မိမှန်း အမှန်တကယ်ပင် မမျှော်လင့်ထားပေ။


သတင်းအချက်အလက်တောင်းပြီးနောက် ကျန်းကျန့် ပင်လယ်ဓားပြစခန်း၏ သီးခြားအခြေအနေကို သိရှိလာခဲ့သည်။


မြစ်၏တစ်ဖက်ခြမ်းတွင် မူလက ပင်လယ်ဓားပြများစွာရှိ၍ ကျယ်ပြန့်စွာ ပြန့်ကျဲနေခဲ့သည်။ လူတစ်စုစီသည် ရာနှင့်ချီ သို့မဟုတ် ဒါဇင်နှင့်ချီ၍ ရှိကြသည်။ သန်မာမှုမရှိသော သက်ကြီးရွယ်အိုများနှင့် လူငယ်အချို့လည်း ရှိသောကြောင့် ယေဘုယျအားဖြင့် လှေငယ်အချို့ကိုသာ လုယက်ကြသည်။


သို့ပေမဲ့ သိပ်မကြာခင်ကပဲ သူသတ်ခဲ့သည့် ဤပင်လယ်ဓားပြအဖွဲ့၏ခေါင်းဆောင် ပေါ်ထွက်လာပြီး အနီးနားက ပင်လယ်ဓားပြအဖွဲ့အားလုံးကို ပေါင်းစည်းလိုက်၏။


သူတို့သည် ကြီးကြီးမားမား လုယက်မှုများစွာကို အဆက်မပြတ်ပြုလုပ်ခဲ့ပြီး သူတို့၏ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုလည်း တိုးပွားလာသောကြောင့် ကြီးမားသောသင်္ဘောများကို လုယက်ပြီး ပိုကြီးသောစီးပွားရေးကို လုပ်လိုကြသည်။ သူတို့ယခုလိုလုပ်လိုက်သည်နှင့် ငုတ်မာမာနှင့်ပြေးဆောင့်မိမည်ဟု မထင်ထားမိကြ၊ခေါင်းဆောင်အပြင် ဒုတိယခေါင်းဆောင်နှင့် တတိယခေါင်းဆောင်လည်းလုံး၀ ပျောက်ကွယ်သွားခဲ့သည်။


ယခင်က ပင်လယ်ဓားပြဂိုဏ်းငယ်များ၏ ခေါင်းဆောင်များသည် အခြေခံအားဖြင့် ယခင်ခေါင်းဆောင်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး ယင်းကြောင့် ပင်လယ်ဓားပြများ၏ အမာခံစခန်းသည် ခေါင်းဆောင်မရှိ၍ ဖရိုဖရဲဖြစ်

သွားခဲ့သည်။


လွန်ခဲ့သည့် နှစ်ရက်အတွင်း စခန်းမှ လူအများအပြား တိတ်တဆိတ်ထွက်ပြေးခဲ့ကြသည်၊ ဆိုလိုသည်မှာ ၎င်းတို့အားလုံးသည် တပ်သားငယ်များဖြစ်သောကြောင့် ၎င်းတို့နှင့် ဘာမှယူသွားခြင်းမရှိပေ။ကျန်းကျန့်သာ နောက်မှလာခဲ့ပါက . . စခန်းတစ်ခုလုံး ဗလာ ဖြစ်နေပြီးသား ဖြစ်ကောင်းဖြစ်လိမ့်မည်။


သူ ကံကောင်းခဲ့သည်. . . သော့ကိုဘယ်သူမှမကိုင်သဖြင့် စခန်း၏သိုလှောင်ရုံက မထိမကိုင်ရသေးကြောင်းသိလိုက်ရသောအခါ ကျန်းကျန့်၏ စိတ်အခြေအနေက ချက်ချင်းပိုကောင်းလာသည်။


ဤတစ်ခါ မဟာရိတ်သိမ်းမှုကြီးဟုခေါ်နိုင်၏။


ဤအပိုငွေဖြင့် သူသည် သူ၏လူများအား ဘောနပ်စ်များ ပေးနိုင်သည်။သေသူအား ပင်စင်လစာများ များများပေးကာ သင်္ဘောကြီး အချို့ကိုပင် ဝယ်နိုင်သည်၊ ထို့နောက် သူ ကိုယ်ရံတော်အဖြစ် လုပ်စရာ မလိုသောအခါတွင် လှေငှားရန် မလိုတော့ပေ။


ပြီးတော့ သူ့ မိသားစု. . . သူ ပြန်ရောက်ရင် ကျောက်ဖူကွေ့တို့လင်မယားအတွက် အိမ်ကြီးတစ်လုံးဆောက်ပေးပြီး ကျောက်ကျင်းကောကိုလည်း သူလိုချင်သမျှရအောင်လုပ်ပေးမယ်. . .


ကျန်းကျန့် ထိုအကြောင်းကို ပိုတွေးလေ ပိုပျော်လေလေဖြစ်သည်။သို့ပေမဲ့ နောက်ဆုံးမှာ သူအနည်းငယ် လည်းရှုပ်ထွေးလာခဲ့သည်။


အဲဒီအကြောင်းပြောရရင် သူ့အလေးအနက်ထားတဲ့လုပ်ငန်းထက် ဒီမှောင်ခိုလုပ်ငန်းက ပိုရတယ်လို့ ဘာကြောင့်ခံစားရပါလိမ့်...


မှောင်ခိုစီးပွားရေးလုပ်ငန်းကို ရရှိရန် အခွင့်အလမ်းများစွာမရှိသောကြောင့် မျှော်လင့်ချက်ကို တွယ်တာခြင်းထက် တရားဝင်စီးပွားရေးလုပ်ငန်းသို့ ဝင်ရောက်ခြင်းက ပိုကောင်းပါသည်။


ကျန်းကျန့် ခဏလောက်သာ စဉ်းစားပြီးနောက် အတွေးကို စွန့်လွှတ်လိုက်ပြီး ပင်လယ်ဓားပြရွာကို တိုက်ခိုက်ခြင်း၏ နောက်ဆက်တွဲကို စတင်ကိုင်တွယ်ခဲ့သည်။


သူသည် ပင်လယ်ဓားပြများ၏ သိုလှောင်ရုံကို လူအချို့အား ဖွင့်ခိုင်းခဲ့ပြီး ရွာရှိ ပင်လယ်ဓားပြအားလုံးကို ရှင်းလင်းရန်နှင့် လက်နက်ချသော လူများကို စုရုံးရန် စီစဉ်ခဲ့သည်။ကျန်းကျန့် ဒဏ်ရာရသူမည်မျှရှိသည်ကိုလည်း သိချင်သည်။


ကျန်းကျန့်၏အမြင်တွင် ပင်လယ်ဓားပြများနှင့် တိုက်ပွဲသည် လုံးဝပြင်းထန်ခြင်းမရှိပေ။


အများစုမှာ တိုက်ခိုက်လိုစိတ်မရှိကြဘဲ လက်နက်ချကုန်ပြီး ထွက်ပင်မပြေးဝံ့ကြသည်ကို မြင်သောအခါ ကျန်သူများမှာထွက်ပြေးသွားကြသည်။


မှန်ပေသည်၊ သူတိုက သေးငယ်သည့် တိုက်ပွဲပေါင်းများစွာကို ဖြတ်သန်းခဲ့ဖူး၏။သို့ပေမဲ့ ကျန်းကျန့်က သူ့တပ်တွေကို မခွဲထားသောကြောင့် အားလုံးက တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်ရန် စုရုံးနေကြပြီး အားလုံးက တစ်ယောက်နှင့်တစ်ယောက် ဂရုစိုက်ရုံသာမက အလှည့်ကျလည်းလေ့ကျင့်ကြသည့်အတွက် ဘယ်သူမှ ဒဏ်ရာအပြင်းအထန် မရခဲ့ပါချေ။


သို့သော်လည်း ကျန်းကျန့်၏ အမြင်တွင် ထိုဒဏ်ရာများသည် သေးငယ်သော်လည်း ယခုအချိန်တွင် လူအများ၏ အမြင်တွင် ပြင်းထန်သော ဒဏ်ရာတစ်ခု ဖြစ်နေသည်မှာ သေချာသည်။


အရင်က ဒဏ်ရာရသူတွေဟာ အော်ဟစ်ငိုယိုခဲ့ကြပေမဲ့ ကျန်းကျန့်က သူတို့၏ဒဏ်ရာတွေကို ကုစားနိုင်သည်ကို သူတို့သိပြီးကတည်းက သူတို့၏ စိတ်ခံစားမှုတွေက ပိုသန်မာလာပြီး တချို့က လူတွေနှင့် ရယ်မောရန်ပင် တွန်းအားပေးခဲ့ကြသည်။


"ငါ ဘော့စ်ကျန်းကို ငါ့ကို ချုပ်ခိုင်းလိုက်မယ်... ထူးထူးဆန်းဆန်း ကောင်းတယ်လို့ ခံစားရတယ်"


"ငါတို့ လှေပေါ်ပြန်ရောက်ရင် ငါ့ဒဏ်ရာကို လူတော်တော်များများ မြင်ခွင့်ပေးမယ်... တစ်ချို့က မနာလိုတောင်ဖြစ်နိုင်တယ်"


"နည်းနည်းပဲ နာတယ် ...ပြီးတော့ အနာဂါတ်မှာ အမာရွတ်ကသေချာပေါက် ကြည့်ကောင်းနေလိမ့်မယ်"


. . .


ကျန်းကျန့် ဒဏ်ရာရသူတစ်ဦးကို ရင်ဘတ် ဒဏ်ရာကို ချုပ်ပေးပြီးနောက် ထိုစကားကိုကြားပြီး စကားမပြောနိုင်ဖြစ်သွားသည်။


ပြောရမည်ဆိုလျှင် ဤလူအများစုက အပြင်းအထန် ဒဏ်ရာမရပဲ နည်းနည်းပါးပါးသာ ဒဏ်ရာရကြသည်။ယင်းက လက်ရှိခေတ်မှာ လက်နက်တွေက သိပ်မချွန်ထက်သည့် အချက်နှင့်အများကြီးဆိုင်၏။လက်ရှိအချိန်မှာ ချွန်ထက်သည့်ဓားတစ်ချောင်းလုပ်ရန်အတွက် အလုပ်အများကြီးလုပ်ရပြီး လူတိုင်းက ထိုကဲ့သို့ဓားထက်ထက်ကို မည်သို့ ပိုင်ဆိုင်နိုင်မည်နည်း။


ပင်လယ်ဓားပြများ ကိုင်ဆောင်ထားသော လက်နက်အများစုမှာ မီးဖိုချောင်သုံးဓားနှင့်ပေါက်ပြားများဖြစ်သည်။ ဥပမာအားဖြင့် ရင်ဘတ်တွင် ဒဏ်ရာရရှိသူသည် ပင်လယ်ဓားပြအား ဝါးလုံးဖြင့် ထိုးခဲ့ပြီး၊ ပင်လယ်ဓားပြ မသေမီတွင် သူ့ဆီပစ်ခဲ့သည့်သစ်ခုတ်ပုဆိန်ဖြင့် အခုတ်ခံလိုက်ရခြင်းဖြစ်သည်။


"ဒဏ်ရာက ချုပ်ထားပြီးပြီ...ဒီရက်ပိုင်း အနာအပြင်က အညစ်အကြေးတွေကို သတိထားသင့်တယ်"


ကျန်းကျန့်က ဆိုလိုက်၏။


သူ ဤလူတွေကို ဘက်တီးရီးယားတွေအကြောင်း ပြောပြလျှင် သူတို့ နားမလည်နိုင်သည့်အတွက် ညစ်ပတ်သည့်အရာတွေအဖြစ် ပြောင်းလိုက်သည်။


ပိုးသတ်ဆေးအဖြစ်သုံး၍ရသည့် အရက်လိုမျိုး တစ်ခုခုရှိမှသာ ဖြစ်ပေမည်။


"ဟုတ်ကဲ့ ဘော့စ်"


ထိုလူကဆိုသည်။ ဒဏ်ရာရရှိခဲ့သော်လည်း အချိန်မီကုသမှုခံယူနိုင်ခြင်းကြောင့် အခြေအနေကောင်းနေပုံရသည်။


ဒဏ်ရာရသူများကို ကုသပြီးနောက် ကျန်းကျန့် သိုလှောင်ရုံဆီသို့ လျှောက်သွားခဲ့သည်။ လမ်းတစ်လျှောက်တွင် သူ့လူများဆီက မောင်းထုတ်ခံရသော လူများစွာကို သူတွေ့လိုက်ရသည်။ ၎င်းတို့ထဲတွင် ပင်လယ်ဓားပြများနှင့် ပင်လယ်ဓားပြများ၏ ပြန်ပေးဆွဲခြင်းခံခဲ့ရသူများလည်း ပါဝင်သည်။


ပင်လယ်ဓားပြရွာသည် နှစ်အတော်ကြာခဲ့ပြီဖြစ်သောကြောင့် အလွန်ခိုင်မာသော သိုလှောင်ရုံ၊တစ်ခုရှိခဲ့သည်။ကျန်းကျန့် ဖြတ်သွားသောအခါ သူ့လူများသည် သိုလှောင်ရုံတံခါးကိုဖွင့်ရန် ရုန်းကန်နေရဆဲဖြစ်ပြီး မဖွင့်နိုင်ပေ။


ဤသည်က ပုံမှန်ပါပင်၊ သစ်သားတံခါးကြီးကို ပုဆိန်၊ ဓားတွေနှင့် ခွဲရန်က သိပ်မလွယ်ပေ။


"တစ်နေရာတည်းမှာ ခုတ်ထစ်ပြီး အပေါက်ဖောက်ပြီး လွှကိုသုံးပါ"


ကျန်းကျန့်ရောက်သွားသောအခါ လုတက အခြားသူများအား တံခါးဖွင့်နည်းကို ညွှန်ကြားနေသည်။ ထင်ရှားသည်မှာ၊ သူ့မှာ အတွေ့အကြုံအချို့ရှိနေသည်။


ကျန်းကျန့် ချဉ်းကပ်လာသည်နှင့်အမျှ တံခါးမှတွဲလောင်းကျနေသာ ကြေးဝါသော့ခတ်ထားသော ကြီးမားသောသော့ချိတ်ကို ချက်ချင်းမြင်လိုက်ရပြီး လူများ တံခါးကိုခုတ်ထစ်မှုကြောင့် ယင်းမှ တဘန်းဘန်းအသံများထွက်ပေါ်လာသည်။


"ဘာလို့ ဖွင့်မရတာလဲ"

ကျန်းကျန့်က မေးလိုက်သည်။


"ငါတို့မှာ သော့မရှိဘူး"

လုတက ကျန်းကျန့်ကို အရူးတစ်ယောက်ကို ကြည့်နေပုံပေါ်သည့် အကြည့်နှင့် ကြည့်၏။


သူ့မှာသော့ရှိရင် တံခါးကို ဖျက်နေရဦးမှာလား...


ကျန်းကျန့်​က သူ့ဆီ လျှောက်သွားပြီး သူ့ကို တိုက်ရိုက် ကန်ထုတ်လိုက်ကာ သူ့ခါးမှာ ချည်ထားသည့် အဝတ်ခါးပတ်ကို ရှာလိုက်၏။


ယခင်ဘဝ၏ အတွေ့အကြုံအရ ကျန်းကျန့် သူ့ခန္ဓာကိုယ်ပေါ်မှာ ပစ္စည်းသေးသေးလေးများ သယ်ဆောင်လာလေ့ရှိပြီး ယခုတစ်ကြိမ်တွင်မူ သူ့ခါးမှ သံတူတစ်စုံကို ထုတ်ယူလိုက်သည်။


သံတူချောင်းများကို အစွန်းနှစ်ဖက်စလုံးတွင် ထက်မြက်အောင်ပြုလုပ်ထားပြီး ၎င်းကို သံချောင်းအဖြစ်သာမက အသားကင်ပြုလုပ်ရန်၊ ဆံထိုးလုပ်ရန်နှင့်လျှို့ဝှက်လက်နက်အဖြစ်လည်း အသုံးပြုနိုင်သည်. . .


ကျန်းကျန့်က ၎င်းကိုယူကာ သော့ပေါက်ထဲသို့ ထိုးထည့်လိုက်သည်။


ဤရှေးဟောင်းသော့ခလောက်သည် မော်ဒန်ခေတ်နှင့် ကွဲပြားပြီး ဖွင့်ရအလွန်လွယ်ကူသည်။


ကျန်းကျန့် သော့ဖျက်ဝိဇ္ဇာပညာများကို မည်သည့်အခါမှ မသင်ယူဖူးသော်လည်း ထိုသော့ကိုဖွင့်ရန် အလွန်လွယ်ကူနေဆဲ​ဖြစ်သည်။


ကြီးမားသော ကြေးနီသော့က ကလစ်တစ်ချက်နှိပ်ရုံဖြင့် ပွင့်သွားပြီး ကျန်းကျန့် အနီးရှိလူများက သူ့ကို ပိုပို၍လေးစားစွာ ကြည့်နေကြသည်။


မြေကြီးပေါ်ကနေ ထလာသည့် လုတတစ်ယောက်အနေဖြင့်မူ. . . သူသည် အရူးတစ်ယောက်ဖြစ်ကြောင်း ရုတ်တရက် သိလိုက်ရသည်။ သူက ကျန်းကျန့်ကို လျှော့တွက်မိပြန်၏။


"ဝင်ကြည့်ကြ"


ကျန်းကျန့် တံခါးကိုတွန်းဖွင့်ရင်း ပြောလိုက်သည်။


သိုလှောင်ရုံထဲ၌ ဆန်၊ ပစ္စည်းမျိုးစုံ၊ ငွေသေတ္တာတွေ အပါအဝင် ပစ္စည်းတွေ အများကြီးရှိသည်။


ကျန်းကျန့် သေတ္တာတစ်လုံးကိုဖွင့်လိုက်သောအခါ ငွေအမြောက်အမြားကို တွေ့လိုက်ရသည်။ သူက သူ့ပညာနှင့်သူ အတော်လေး အေးဆေးနေသော်လည်း သူ့လက်အောက်ငယ်သားများက သူ့ကို အားကျစွာ ကြည့်နေကြသည်။


"ဒီတစ်ကြိမ် စစ်ဆင်ရေးမှာ ပါဝင်ခဲ့သူတွေအားလုံးက ငွေငါးဆယ် အရင်ယူမယ်... ငါတို့ မြို့တော်ကနေ ပြန်ရောက်ရင် မင်းတို့ကို လုပ်ဆောင်ချက်ပေါ်မူတည်ပြီးပေးဦးမယ်"


ကျန်းကျန့်က ထိုငွေတွေကို ကြည့်ပြီး တိုက်ရိုက်ပြောလိုက်သည်။


"ကျေးဇူးတင်ပါတယ် ဘော့စ်"

လူအုပ်ကြီးက အတူတူအော်ကြသည်။ငွေငါးဆယ်...သူတို့ ချောမောလှပသော ဇနီးနှင့် လက်ထပ်နိုင်တော့မည်။


ဤလူတွေထဲက တစ်ယောက်မှ မကျေနပ်သူမရှိကြ။ကျန်းကျန့်ကြောင့်သာမဟုတ်ရင် သူတို့ဒီလိုလုပ်နိုင်မှာ မဟုတ်ဘူး၊ ဒီတော့ မကျေမနပ်ဖြစ်စရာဘာရှိလဲ...


လုတသည်ပင် ယခုတစ်ကြိမ်တွင် ကွန်ပလိန်းတက်ခြင်းမရှိခဲ့ပေ။ကျန်းကျန့်ကို သူ သဘောမကျဆဲဖြစ်ပေမဲ့ နောက်ဆုံးမှာ သူ ကျန်းကျန့်ကို ယုံကြည်လက်ခံရမြဲဖြစ်လေသည်။


သို့သော်ကျန်းကျန့်တစ်ယောက် အနည်းငယ် ပြဿနာတက်သွားသည်။ သူနှင့်အတူ ဤမျှလောက်များစွာသော အရာများကို မည်သို့ယူဆောင်နိုင်မည်နည်း။


ကျန်းကျန့် အပြင်ဘက်တွင် ထိုင်နေသူများကို အာရုံမစိုက်မီ စက္ကန့်အနည်းငယ်မျှသာ ကြာသွားခဲ့သည်။


ဤရွာမှာ လူတွေအများကြီးရှိပြီး ရောထွေးနေကြ၏။ အများစုမှာ အနီးနားကျေးရွာများမှ ဒုက္ခသည်များဖြင့် ဖွဲ့စည်းထားသော ပင်လယ်ဓားပြများ ဖြစ်ကြသော်လည်း အခြားလူအချို့လည်း ပါဝင်သည်။


ဒေသခံဒုက္ခသည်အများစုသည် ရေကူးနည်းကို မသိကြသောကြောင့် သင်္ဘောအနည်းငယ်ကို လုယက်ပြီးနောက် ၎င်းတို့အတွက် သင်္ဘောသားများကို သင်္ဘောပေါ်မှာ အလုပ်ခိုင်းစေခဲ့သည်။မှန်ပေသည်၊ သင်္ဘောပေါ်ကလူတွေမှာ တခြားအရည်အချင်းတွေရှိရလျှင် သူတို့လည်း နောက်မှာအချန်ခံရလိမ့်မည်။


သူတို့ထဲက တချို့က အမျိုးသမီးနှင့်ကောများဖြစ်၏။


ဤဓါးပြများသည် အမျိုးသမီးများနှင့် ကောများကို မသတ်ဘဲ ၎င်းတို့ကို ၎င်းတို့၏ နေအိမ်များမှ လုယူခြင်း သို့မဟုတ် ၎င်းတို့နှင့်အတူ ထွက်ပြေးခဲ့ကြခြင်းဖြစ်သည်။ ဤရွာတွင် အမျိုးသမီးနှင့်ကောနှစ်ရာခန့်ရှိပြိး အားလုံးကို ကစားစရာအဖြစ် မှတ်ယူကြသည်။


ယခုဆိုလျှင် ထိုမိန်းမနှင့်ကောနှစ်ရာ နှင့်ထွက်ပြေး လွတ်မြောက်ရန် မစဉ်းစားဘဲ လက်နက်ချခဲ့ကြသည့် ယောကျာ်းငါးရာတို့ကို လူဒါဇင်ပေါင်းများစွာက စောင့်ကြည့်နေခဲ့ကြသည်။


ကျန်းကျန့် သိုလှောင်ရုံတံခါးကို ပြန်ပိတ်လိုက်ပြီး သူ့ရှေ့မှလူများကို စတင်ဖြေရှင်းသည်။


သူက ဤလူများကို အချင်းချင်း အထောက်အထား ခွဲခြားသတ်မှတ်ခိုင်းခဲ့ပြီး အခြားသူများကို ထိခိုက်စေခဲ့သော ပင်လယ်ဓားပြများအားလုံးကို ကြိုးဖြင့် ချည်နှောင်ထားကြောင်း တွေ့ရှိခဲ့သည်။


အနှီကြောက်ရွံ့နေကြသောသူများက မလိမ်ဝံ့ကြပေ။အခြေခံအားဖြင့် သူတို့ခွဲထုတ်ထားသောလူများ အားလုံးသည် ဒေသဆိုင်ရာ လေယူလေသိမ်းများ တူညီကြပြီး ၎င်းတို့အားလုံးသည် အချိန်အတော်ကြာ ဗိုက်ဆာမနေခဲ့ရပုံရသည်။တစ်ချက်ကြည့်လိုက်သည်နှင့် သူတို့က ပင်လယ်ဓားပြတွေမှန်း သေချာပေါက် သိလိမ့်မည်။


ထို့နောက် ကျန်းကျန့် ဤလူများကို၊ အထူးသဖြင့် အမျိုးသမီးများနှင့် ကောများကို ဆက်နေမနေ ဆုံးဖြတ်ခိုင်းလိုက်သည်။ သူတို့ထွက်သွားချင်လျှင် ငွေနှင့်ဆန်ပေးမှာဖြစ်၏။


ကျန်းကျန့်၏စကားကိုကြားသောအခါ အနီးနားရွာများမှ မိသားစုများနှင့် ပင်လယ်ဓားပြများ၏ဖမ်းဆီးခေါ်ဆောင်မှုကြောင့် ဤနေရာသို့ ရောက်လာကြသူများ ရုတ်တရက် စိတ်လှုပ်ရှားသွားကြသည်။


ကျန်းကျန့် သူတို့ကို သတ်နိုင်စွမ်းရှိသည်ဖြစ်ရာ သဘာဝအတိုင်း လိမ်စရာ မလိုပါချေ... သူတို့ တကယ်ပြန်သွားနိုင်မှာလား...


သို့ပေမဲ့ ဒေသခံတွေက အိမ်ပြန်ချင်ပေငြား ပြန်ပေးဆွဲခံရသူတွေက လောလောဆယ် မထွက်ခွာချင်ကြပေ။


ဒီရွာက ထွက်သွားရင်တောင် ...သူတို့ဘေးကင်းမယ်လို့ ဘယ်သူအာမခံနိုင်မှာလဲ...သူတို့ ဒီပင်လယ်ဓားပြရွာက ထွက်သွားရင် နောက်တစ်ကြိမ် ဓားပြတိုက်ခံရလိမ့်မယ်...


"အရှင်...အရှင်က အစိုးရအဖွဲ့ဝင်လား”

သူ့ဘေးမှာ မြေပြင်ပေါ်ထိုင်နေသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က ရုတ်တရက် မေးလိုက်၏။


ဤလူလတ်ပိုင်းအရွယ်ယောကျ်ားက အရင်က လူကောင်ကြီးကြီး ဝတုတ်တုတ်ဖြစ်သည်။သို့ပေမဲ့ ယခုအချိန်မှာ အချိန်အတော်ကြာ အစာငတ်ပြီးသည့်နောက်မှာ ပိန်လာပြီး သူ့အရေပြားက ကိုယ်ထည်ကကနေ တွဲကျနေပြီး သူ့ကို အနည်းငယ်ရယ်စရာဖြစ်စေ၏။


"မဟုတ်ဘူး...ကျုပ်က ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းကပါ"


ကျန်းကျန့်က ပြောလိုက်၏။


လူဝကြီးက ကျန်းကျန့်အကြောင်းကို တစ်ခါမှ မကြားဖူးသဖြင့် ကျန်းကျန့်ကို အကြိမ်အနည်းငယ် ကြည့်ကာဆိုသည်။


"အရှင်...ကျွန်တော်တို့ထွက်မသွားခဲ့ရင် အရှင် ကျွန်တော်တို့ကို ခေါ်သွားလို့ရမလား...အရှင်သာ ကျွန်တော့်ကို အိမ်ခေါ်သွားပေးချင်ရင် ကျွန်တော် ပိုက်ဆံအများကြီးပေးနိုင်ပါတယ်"


လူဝကြီးက ကျန်းကျန့်ကို မျှော်လင့်တကြီးကြည့်လျက် ကျန်းကျန့်သဘောတူမည်ဟု မျှော်လင့်နေသည်။ဘုရားသခင်ကပဲ သူဘယ်လောက်အိမ်ပြန်ချင်တယ်ဆိုတာ သိလိမ့်မယ်...


"ကောင်းပြီ"


ကျန်းကျန့်က မဆိုင်းမတွ သဘောတူလိုက်ပေမဲ့ ပြောလိုက်သည်။


"ကျုပ် ခင်ဗျားကိုချက်ချင်း အိမ်ပြန်မပို့နိုင်ဘူး...ကျုပ်တို့က မြို့တော်ကို သွားမှာ”


"အရှင် အရှင်...ကျွန်တော်က မြို့တော်ကပါ အရှင်"


လူဝကြီးက ကျန်းကျန့်အနားသို့ အံ့အားသင့်စွာဖြင့် ခုန်ပေါက်သွားကာ ကျန်းကျန့်၏ပေါင်ကို ပွေ့ဖက်လိုက်သည်။


ကျန်းကျန့်က သူ့ခြေထောက်ကို အမြန်ဆွဲထုတ်လိုက်ပြီး ၎င်းနောက် ထိုလူထပ်ပြောလာသည်ကိုကြားလိုက်ရပြန်သည်။


"အရှင် စားစရာတစ်ခုခု ပေးလို့ရမလား... ကျွန်တော်ဗိုက်ဆာနေတယ်"


ကျန်းကျန့်:" ... "

အဲဒါကို သူမြင်တယ်...


ကျန်းကျန့် နှင့်အတူ ထွက်ခွာရန် စီစဉ်နေသူများ အများအပြားရှိခဲ့သည်။ အမျိုးသားနှစ်ရာနှင့် အမျိုးသမီးတစ်ရာခန့်ရှိပြီး ၎င်းတို့အားလုံးတွင် တူညီသောအရာတစ်ခုရှိသည်၊ ဆိုလိုသည်မှာ ၎င်းတို့အားလုံး ပင်လယ်ဓားပြများ၏ ပြန်ပေးဆွဲခြင်းခံခဲ့ရသည်။


ကျန်းကျန့်၏နောက်ကိုလိုက်ရုံအပြင် သူတို့မှာ တခြားနည်းလမ်းမရှိတော့ပေ။


"ကျုပ် ခင်ဗျားတို့ကို ကျုပ်နဲ့လိုက်ခွင့်ပြုမယ်... ဒါပေမဲ့ ခင်ဗျားတို့အလုပ် လုပ်ရမယ်"


ကျန်းကျန့်က တိုက်ရိုက်ပြောပြီး သိုလှောင်ရုံ၏ တစ်ဖက်ကို ညွှန်ပြလိုက်သည်။


"ခဏစောင့်ပြီး ထမင်းအရင်စားပြီးမှ အားလုံးကို အပြင်ဘက် သင်္ဘောဆီရွှေ့လိုက်"


ထိုပင်လယ်ဓားပြများ၏ သင်္ဘောများသည် ယခုအခါ သူ၏ သင်္ဘောများ ဖြစ်လာခဲ့သည်။