အပိုင်း၆၅
Viewers 14k

Chapter 65

Chapter 65


-----------------------


ခြေလှမ်းနှစ်လှမ်းလောက် လှမ်းပြီးသောအခါ သူသည် တစ်စုံတစ်ခုကို သတိရသွားပုံ ပေါ်ပြီး ရုတ်တရက် ပြန်လှည့်လာကာ လီကျိုးကို ပေါ့ပါးသောအမူအရာဖြင့် ကြည့်ကာ မေးလိုက်သည်။


" ဒီနေ့ ငါ မင်းကို လာရှာတဲ့ ကိစ္စ ကျင်းစစ်ကို မပြောနဲ့နော် အိုကေလား"


"သိ...သိပါပြီ"


ယင်းကျောင်းသည် လက်တစ်ဖက်ကို အိတ်ထဲသို့ ထည့်လိုက်ပြီး သူ၏ ဖုန်းကို ထုတ်ကာ လမ်းလျှောက်ရင်း  wechat မှစာပို့လိုက်သည်။


[ကျောင်း] : ချောင်အန်းယန်ကို ငါ့အစား ကူကြည့်ပေးထား


[ဦးလေးဟယ့်] : အစ်ကိုစစ်နဲ့ ရန်ဖြစ်တဲ့ တစ်ယောက်လား...သူဘာလုပ်ပြန်ပြီလဲ...


[ကျန့်ချွယ်က မမှန်ဘူး] : အစ်ကိုကျောင်း  အစ်ကို ဒီနေ့ဘာဖြစ်နေတာလဲ... လီကျိုးကိုလည်း တွေ့ဖို့ရှာတယ် အခု ချောင်အန်းယန်ကိုလည်း စောင့်ကြည့်ခိုင်းပြန်ပြီ 


[ကျောင်း] : အတည်ပြုစရာ တစ်ခုရှိလို့


[ဖန်ချန်းချန်း] : အိုကေ တန်းခွဲ 11 မှာ ငါသိတဲ့ လူတစ်ယောက်ရှိတယ်" 


[ကျောင်း] : ကျေးဇူးပဲ


[ကျန့်ချွယ်ကမမှန်ဘူး] : အစ်ကိုကျောင်း မတရားဘူး ရှင်းရှင်းလင်းလင်း ပြောလေ ဘာလို့ ချောင်အန်းယန်ကို ရုတ်တရက်ကြီး ဘာလုပ်နေတယ် ဆိုတာကို စောင့်ကြည့်ချင်တာလဲ အစ်ကို ဖောက်ပြန်ချင်နေတာလား...ကျွန်တော်တို့ကိုပါ goodbye လုပ်ချင်နေတာလား...


(Eng T/n : ဒီနေရာမှာ ကျန့်ချွယ်က ယင်းကျောင်း ကျင်းစစ်ကို ကြိုက်တာကို သိတာလား ငါလည်း မသေချာဘူး)


[ကျောင်း] : ...


[ကျောင်း] : မင်း နိုးထဖို့ လိုနေပြီ


[ကျန့်ချွယ်က မမှန်ဘူး] : ကြည့်လေ...အဲ့ဒီမှာ ပြသနာ တစ်ခုခု ရှိနေတယ်လို့ ကျွန်တော် ပြောတယ်မလား...အစ်ကို လူရော ဟုတ်သေးရဲ့လား ...


[ဦးလေးဟယ့်] : အစ်ကိုကျောင်း ကျွန်တော့်ကို မခြောက်ပါနဲ့ 


[ကျောင်း] : မူးနေတဲ့ လူတွေက အခြေအမြစ် မရှိဆုံးဘဲ


[ဖန်ချန်းချန်း] : ...


[ကျန့်ချွယ်က မမှန်ဘူး] : _(:з」∠)_


ယင်းကျောင်းသည် သူ၏ ဖုန်းကို သိမ်းလိုက်ပြီး စာသင်ဆောင်ရှေ့တွင် အတော်ကြာသည်အထိ ရပ်နေလိုက်ပြီးနောက် ခြေထောက်ကို မြှောက်ကာ လမ်းလျှောက်၍ အတန်းထဲသို့ ပြန်သွားလိုက်သည်။


အတန်းထဲတွင် ရှားရှားပါးပါး တိတ်ဆိတ်နေပြီး အတန်းသားအားလုံးသည် ခေါင်းများကို ငုံ့ကာ သူတို့၏ ဖုန်းထဲမှ ဖိုရမ်ကို ကြည့်နေကြ၏။


မနက်ခင်းတုန်းက ကျင်းစစ်တို့နှင့် အားကစားသမားကျောင်းသားများ၏ ရန်ပွဲမှာ ကျယ်လောင်လွန်းပြီး အတန်းပြီးသွားချိန် ဖြစ်သောကြောင့် လူအများသည် ၎င်းကို တွေ့ခဲ့ရလေသည်။ ကျင်းစစ်ပါဝင်သောရန်ပွဲ ဖြစ်သောကြောင့် အချို့ကျောင်းသားကောင်းလေးများသည် တိတ်တဆိတ် ဓါတ်ပုံများပင် ရိုက်ယူကာ ဖိုရမ်ပေါ်တွင် တင်ကြတော့သည်။


[ဖာခ့် ဒီအားကစားသမားကျောင်းသားတွေက အစ်ကိုစစ်ကို ရိုက်ရဲတယ်ပေါ့...သူတို့ ရူးနေတာလား]


[အစ်ကိုစစ်ရဲ့ခေါင်းကို အဲ့ဒီအားကစားသမားကျောင်းသားတွေက ဘောလုံးနဲ့ ရိုက်တာကို ငါမျက်လုံးနဲ့ကိုယ်တိုင်တွေ့ခဲ့ရတာ]


[အဲ့ ဘတ်စကတ်ဘောဂိုးတိုင် အောက်မှာ ရပ်နေတဲ့ တစ်ယောက်က အခုရက်ပိုင်း ငါ့ကို လိုက်ပိုးပန်းနေတဲ့ တစ်ယောက်လေ ငါအစပိုင်းကတော့ သဘောတူတော့ မလို့ဘဲ ဒါပေမဲ့ အခုတော့ ... ဟီးဟီး သူကိုငရဲသာ ပို့လိုက်တော့ ! ]


[ငါသူတို့ကို တကယ်ဖျောင်းဖျချင်တာ အစ်ကိုစစ်ကို တိုက်ခိုက်တာက မကောင်းဘူးလို့လေ တကယ်လို့ လုပ်ရင်တောင် ခေါင်းမဟုတ်ရင်တော်သေး အခုတော့ သူတို့က ခေါင်းကိုမှ ရိုက်လိုက်တာ...အစ်ကိုစစ်ရဲ့ ဖိုင်နယ် ပြိုင်ပွဲက စတော့မှာလေ အား အား အား...ကျေးဇူးပြုပြီး ငါ့ကို မတားကြပါနဲ့ အိုကေ...]


[အမှန်အတိုင်းပြောရရင် ငါက ကျင်းစစ်ကို အရမ်းကြိုက်တာတော့ မဟုတ်ဘူး ဒါပေမဲ့ ငါတို့ကျောင်းကနေ နိုင်ငံ့အသင်းကို ဝင်နိုင်လောက်မယ့် ကျောင်းသားကို နောက်ဆုံးကျမှ ရလိုက်တာလေ ဒီတစ်ကြိမ်ရော သူပထမရဦးမှာလား...]


[ဘာပြသနာ ရှိလို့လဲ... ကျင်းစစ် ခေါင်းက စာရွက်နဲ့ လုပ်ထားလို့လား...တစ်ချက်လောက်ရိုက်တာနဲ့ ကွဲသွားမှာလား...ယင်းကျောင်းကရော အဲ့ဒီကျောင်းသားကို နောက်ပိုင်းမှာ မရိုက်ခဲ့လို့လား...မင်းတကယ်လို့ အရမ်း ရက်ရက်စက်စက် လုပ်ချင်ရင်လည်း ယင်းကျောင်းထက် ပိုပြီး ရက်စက်နိုင်မှရမယ်]


[အပေါ်က တစ်ယောက်အတွက်က ငါတို့နဲ့မတူဘူးဘဲ ကံကောင်းစွာနဲ့ အခု အရာရာ အဆင်ပြေသွားပြီ ဒါပေမဲ့ တစ်ခုခု ဖြစ်သွားရင် ဘယ်လိုလုပ်ပါ့မလဲ]


[အိုကေပါ ငါမင်းပြောတာ မှားတယ်လို့ မပြောပါဘူး  ဒါနဲ့ ကျောင်းသားကောင်းတွေကတော့ လုပ်ချင်တာ လုပ်လို့ ရနေတာပဲ ဟီးဟီး]


တန်းခွဲ 7 သည် အရာရာတွင် မပြည့်စုံသော်လည်း သူတို့တွင် အပေါဆုံးသည် အချိန် ဖြစ်လေသည်။ ကျင်းစစ် မကောင်းကြောင်းပြောသော မက်ဆေ့်ချ် အကြောင်းတွေ့လျှင် သူတို့သည် ၎င်းကို သွားရောက်တိုက်ခိုက်ပြီး အခြားလူများနှင့် ပူးပေါင်းကာ ဖိုရမ်ထဲတွင် တိုက်ခိုက်သူများကို ဝိုင်းဝန်းဆွဲဖြဲကြမည် ဖြစ်၏။


ဖိုရမ်၏ ပင်မစာမျက်နှာတွင် ကျင်းစစ် ရန်ဖြစ်သည့်ကိစ္စသည် ရက်အတော်ကြာသည်အထိ ရှိနေသောကြောင့် တတိယနှစ်များမှစ၍ ပထမနှစ်များအထိ ထိုအကြောင်းကို သိသွားကြလေသည်။


ထိုကဲ့သို့သော အခြေအနေတွင်  တရုတ်ပြည်အရှေ့ဘက် သင်္ချာပြုင်ပွဲအတွက် တုန်းဟိုင်ပြည်နယ်စုအသင်း၏စာရင်းကို တရားဝင်ကြေငြာကြလေသည်။


တုန်းဟိုင်ပြည်နယ်စုတွင် လူသုံးယောက် ဝင်ခွင့်ရလေသည်  ကျင်းစစ် ကျိုးချောင် နှင့် ကျန်းချုံးတို့ပင်။


ယခင်နှစ်က တစ်ယောက်တည်းနှင့် ယှဥ်လျှင် ယခုနှစ်သည် သုံးယောက် ဖြစ်သည်သာမက အရင်နှစ်ထက် အခြားအရာများတွင်လည်း ပို၍သာလေသည်။


တုန်းဟိုင်စီရင်စု အထက်တန်းကျောင်းသည် ပျော်ရွှင်သွားကြကာ သတင်းကောင်းကို ကြေငြာလိုက်ပြီး ကျောင်း၏ သတင်း ကြေငြာသည့် နေရာတွင် တင်ပြလိုက်သည်။


သို့သော် အလွန်ထူးဆန်းသော အရာသည် ကျောင်း၏ သတင်းကြေငြားသော ဘုတ်ပြားပေါ်တွင် ပေါ်လာလေ၏။


ဘယ်ဘက်တွင် ကျင်းစစ်၏ နိုင်ငံ့လေ့ကျင့်ရေး ဖိုင်နယ် ဝင်ခွင့်ပြိုင်ပွဲအတွက် ဝင်ခွင့်ဖြစ်ပြီး ညာဘက်တွင် အားကစားသမားကျောင်းသားများ၏ သုံးသပ်ချက် စာတမ်းများကို တွေ့လိုက်ရလေသည်။


ထို အကြောင်းအရာနှစ်ခုကို နှိုင်းယှဥ်ပြလိုက်ခြင်းသည် လူရှေ့သူရှေ့တွင် သေဒဏ်စီရင်လိုက်သကဲ့သို့ပင်။


တစ်စုံတစ်ယောက်သည် ၎င်းအား ဓါတ်ပုံရိုက်ကာ ဖိုရမ်ပေါ်သို့တင်လိုက်ချိန်တွင် လူတိုင်းသည် ထိုပို့စ်အား ဟဟ (haha) ပေးကြလေသည်။ ကျင်းစစ်ကို တိုက်ခိုက်ခဲ့သော အားကစားသမားကျောင်းသားများက ပို၍ပင် ကျော်ကြားသွားတော့သည်။ 


အားကစားသမားကျောင်းသားများသည် သူတို့၏ အတိတ်က လုပ်ရပ်ကို နောင်တရနေကြပြီး သူတို့က ကျောင်းသတင်းကြေငြာသော ဘုတ်ပြားရှိသော နေရာကို ဖြတ်သွားကြသည့်အချိန်တိုင်း သူတို့မှာ အခြားသူများထက် ပို၍ ခြေလှမ်းများကို မြန်မြန်ဆန်ဆန် လျှောက်သွားတတ်ကြ၏။


ထိုအချိန်တွင် တုန်းဟိုင်စီရင်စုအထက်တန်းကျောင်းအိုလံပစ်ပြိုင်ပွဲအတွက် ဆုချီးမြှင့်ငွေပမာဏသည် တရားဝင် သတ်မှတ်လိုက်ပြီဖြစ်သည်။ 


ကျင်းစစ်၏ ဆုချီးမြှင့်ငွေသည် ယွမ်သုံးထောင် ဖြစ်ပြီး ကျိုးချောင်အတွက် ယွမ်နှစ်ထောင်နှင့် ကျန်းချုံးအတွက် ယွမ်တစ်ထောင် ဖြစ်လေသည်။


မူလတွင် အိုလံပစ် ဖိုင်နယ် ဝင်ခွင့် ပြိုင်ပွဲအတွက် ဘောနပ်စ်များ မရှိသော်လည်း ယခုနှစ်အတွက် ကျင်းစစ်၏ လုပ်ဆောင်မှုသည် ကောင်းလွန်းသည့်အတွက် ကျောင်းသည် ပထမဆုံးအကြိမ်အဖြစ် ဆုချီးမြှင့်ရန် ဆုံးဖြတ်လိုက်သည်။


ဆရာလျိုက ကျင်းစစ်ကို ပြောလိုက်သည်။


" ကျောင်းက ဆုချီးမြှင့်တဲ့ပွဲကို တနင်္လာနေ့ နေ့လည်မှာ လုပ်မယ် မင်းကို စတိတ်စင်ပေါ်မှာ ဘောနပ်စ်တွေ စုဆောင်းခိုင်းလိမ့်မယ်"


သူက ခဏရပ်တန့်လိုက်ပြီးနောက် ပြုံးကာ ပြောလိုက်သည်။


" စိတ်ပူမနေပါနဲ့"


ကျင်းစစ်က သူသိကြောင်း ခေါင်းငြိမ့်ပြလိုက်သည်။


ဆရာလျိုသည် အတော်ကြာသည်အထိ တွေးနေလိုက်ပြီးနောက် သူ့တွင် တခြားအသိပေးစရာ မရှိတော့သောကြောင့် လက်ယမ်းပြလိုက်ကာ ကျင်းစစ်ကို သွားခွင့်ပေးလိုက်သည်။


ကျင်းစစ် ရုံးခန်းထဲမှ ထွက်လိုက်သည်နှင့် တပြိုင်နက် ယင်းကျောင်းက ကော်ရစ်ဒါတွင် စောင့်နေသည်အား တွေ့လိုက်ရ၏။


"တစ်ခုခု ဖြစ်လို့လား"


"မဖြစ်ပါဘူး" 


ယင်းကျောင်းသည် ပြုံးကာ ကျင်းစစ်၏ ပခုံးကို ဖက်လိုက်ပြီး ပြောလိုက်သည်။


" ကိုယ်နဲ့အတူ စတိုးဆိုင်ကို သွားရအောင်"


"အိုကေ"


ညနေခင်း ပထမပိုင်းကိုယ်ပိုင်စာကြည့်ချိန် ပြီးဆုံးသွားသောကြောင့် ကစားကွင်းတွင် လူများပြည့်နေကာ ဆူညံနေလေသည်။ ကျင်းစစ်နှင့် ယင်းကျောင်းသည် ဘေးဘက်ရှိ လျှောက်လမ်းလေးတွင် လမ်းလျှောက်နေကြပြီး ယင်းကျောင်းက ကျင်းစစ်ကို မေးလိုက်သည်။


" လူအိုကြီးလျိုက မင်းကို ဘာခေါ်ပြောတာလဲ"


ယင်းကျောင်းသည် ကျင်းစစ် ဘာတွေးနေသည်ကို မသိပေ။ သူ၏ မျက်လုံးများသည် အနည်းငယ် ခပ်တွေတွေလေး ဖြစ်နေကာ မဖြေပေ။ ယင်းကျောင်းသည် နောက်ထပ်တစ်ကြိမ် ထပ်မေးလိုက်သောအခါမှသာ ရုတ်တရက် ဖြေလိုက်လေသည်။


" ဘောနပ်စ်တွေအကြောင်း ပြောနေတာ"


"အတန်းဖော်လေး အဲ့ဒီမှာတင် မင်းတစ်ခုခုဖြစ်နေပြီ" 


ယင်းကျောင်းက နှာမှုတ်လိုက်ကာ သူ၏ မျက်နှာကို ဖျစ်ညှစ်ပြီး မေးလိုက်သည်။ 


" ကိုယ်နဲ့ အတူရှိနေတုန်း ဘယ်သူ့အကြောင်း တွေးနေတာလဲ"


ကျင်းစစ် မဖြေပေ။


ယင်းကျောင်း၏ နှလုံးသားထဲမှ ချဥ်တူးလာမှုသည် ကောင်းကင်အထိတိုင် ရုတ်တရက် မြင့်တက်သွားတော့၏။


နောက်ဆုံးမှာတော့ နှစ်ယောက်တည်း အတူရှိနေချိန်ကို ရလိုက်ပေမဲ့လည်း ကျင်းစစ်ကဂရုမစိုက်ဘဲ အခြားလူတစ်ယောက်အကြောင်းကို သူ့ရှေ့မှာ တွေးရဲတယ်ပေါ့လေ အဲ့ဒါက ကောင်းတဲ့ ကိစ္စလားလို့...


ယင်းကျောင်းသည် အသက်ပြင်းပြင်း ရှူလိုက်ပြီး ကျင်းစစ်၏ ပခုံးပေါ်မှ သူ၏လက်များကို ပိုမို တင်းကျပ်လိုက်သည်။


" မင်း..."


"မင်းလိုချင်တာ တစ်ခုခု ရှိလား"


ကျင်းစစ်က ခေါင်းငုံ့လိုက်ပြီး သာမန် ကိစ္စကို ပြောနေသလိုပင် ပေါ့ပေါ့ပါးပါးလေးပြောလာသည်။


" မင်းလိုချင်တာရှိရင် ငါဝယ်ပေးမယ်"


ယင်းကျောင်းသည် သူ့ကို ဗလာသက်သက်အကြည့်များဖြင့်ကြည့်နေမိပြီး မသိစိတ်အရ ခြေလှမ်းများကို ရပ်တန့်လိုက်မိ၏။


ကျင်းစစ်က ခေါင်းငုံ့လိုက်ပြီး သူ၏ ရှူးဖိနပ်များကို ကြည့်လိုက်သည်။


" ယွမ်သုံးထောင် ဘောနပ်စ်ရတယ် မှန်းထားတာထက်တောင် ပိုရတယ် မင်းလိုချင်တာ တစ်ခုခု ရှိလား... ငါဝယ်ပေးမယ်လေ"


သူတို့သည် အပေါ်ဘက် အုတ်လမ်းလေးပေါ်တွင် လျှောက်နေကြခြင်းဖြစ်ပြီး အတောမသတ်နိုင်သောရယ်မောသံများနှင့် အတန်းဖော်များ၏ ဆူညံသံများက သူတို့ကို ဖြတ်ကျော်သွားကြသည်။ ကျင်းစစ်က ထိုနေရာတွင် တိတ်တဆိတ် မတ်တတ်ရပ်နေပြီး ကစားကွင်းဆီမှ ခပ်မှိန်မှိန် မီးရောင်သည် သူ့ခေါင်းပေါ်သို့ ကျရောက်နေလေပြီး သူ၏ ခန့်ညားသော ဘေးတိုက် မျက်နှာတွင်


တောက်ပသော အရောင်အဝါလေး တစ်လွှာကဲ့သို့ ဖြစ်တည်နေလေသည်။ ၎င်းသည် သူ၏ အေးစက်သော အလွှာလေးကို ပျောက်ကွယ်သွားစေပြီး ယခင်ထက် အနည်းငယ် နူးညံ့နေပုံ ပေါ်စေသည်။


ယင်းကျောင်းသည် သူ၏ မျက်လုံးများကို မှိတ်ကာ ရုတ်တရက် ပြုံးလိုက်မိသည်။


ယင်းကျောင်းက ကျင်းစစ်၏ လက်ကောက်ဝတ်ကိုကိုင်လိုက်ပြီး ဘယ်သူမှ မရှိသော ပန်းခင်းဘက်သို့ ဆွဲခေါ်သွားလိုက်သည်။ သူ၏ နက်ရှိုင်းသောမျက်ဝန်းများသည် ကျင်းစစ်၏ မျက်နှာလေးကို စွဲစွဲမြဲမြဲ ကြည့်နေရင်းမှ စကားဆိုလိုက်သည်။


" ကိုယ်လိုချင်တာမှန်သမျှ မင်းပေးမှာလား"


ကျင်းစစ်က ခေါင်းငြိမ့်လိုက်သည်။


"အင်း"


ယင်းကျောင်း၏ လည်စေ့သည် အပေါ်အောက်ရွေ့လျားသွားပြီး ကျင်းစစ်ကို နံရံဖက်သို့ ဖိကာ တွန်းထားလိုက်ပြီး သူ့အနားသို့ကပ်လိုက်ကာ အနည်းငယ် အက်ရှရှ အသံဖြင့် ပြောလိုက်သည်။


" ဒါဆို... မင်းကို နမ်းမယ်ဆိုရင်ရော... ကိုယ်မင်းကို နမ်းချင်တယ် နမ်းလို့ရမလား..."


____

__


အဝေးရှိ ကစားကွင်းထံမှ ကျောင်းသားများ၏ ဆူညံသံများကို ကြားနေရသည်။


ကိုယ်ပိုင်စာကြည့်ချိန်ပြီးသွားသော ကျောင်းသားများသည် နှစ်ယောက်တစ်စု သုံးယောက်တစ်စု စုကာ ရယ်မောကစားနေကြပြီး တစ်ခါတစ်ရံ စိတ်လှုပ်ရှား၍ အော်သောအသံများကိုပင် ကြားနေရလေ၏။


စာသင်ဆောင်ဘေးနားရှိ ပန်းခန်းကြီးတွင်တော့ တိတ်ဆိတ်နေကာ လေထုသည်ပင် အေးခဲတော့မတတ်။


ကျင်းစစ်၏ မျက်လုံးများသည် ရုတ်တရက် ပြူးကျယ်သွားပြီး သူ၏ စိတ်သည်လည်း ဗလာဖြစ်သွားသည်။


ယင်းကျောင်းက သူ့ကို ငုံ့ကြည့်ကာ အက်ရှရှ အသံဖြင့် ပြောလိုက်သည်။


" မင်းစကားမပြောရင် ကိုယ် အဲ့ဒါကို ရတယ်လို့ ယူဆလိုက်တော့မယ်"


တုံးဆိုင်းမနေဘဲ ယင်းကျောင်းသည် ကျင်းစစ်၏ မေးကိုပင့်ကာ နမ်းရန် သူ၏ခေါင်းကို ငုံ့ကိုင်းလိုက်သည်။


ကျင်းစစ်၏ ခြေလက်များသည် အေးခဲသွားပြီး သူ၏ နှလုံးခုန်သံသည် မြန်ဆန်လာကာ ယင်းကျောင်း၏ နှုတ်ခမ်းများ ကျရောက်လာတော့မည့် အချိန်မှသာ သူ့ခေါင်းကို ဘေးသို့ အလျင်အမြန် ယိမ်းပြီး တုံ့ပြန်လိုက်သည်။


ယင်းကျောင်း၏ အနမ်းသည် သူ၏ ဘေးစောင်းမျက်နှာပေါ်သို့ ရုတ်တရက် ကျရောက်သွားတော့သည်။


သူတို့နှစ်ယောက်လုံး မလှုပ်ရှားပေ။


အပ်ကျသံပင် မကြားရသောနေရာတွင် သူတို့နှစ်ဦး၏ ပြင်းထန်သော နှလုံးခုန်သံများသည် ရောယှက်နေကြသည်။


ငါ့နှလုံးက ရင်ဘတ်ထဲကတောင် ခုန်ထွက်တော့မလို ခံစားနေရတယ်...


ယင်းကျောင်းသည် ခပ်ဖွဖွ ရယ်လိုက်ကာ ကျင်းစစ်၏ မျက်နှာကို ပွတ်သပ်ကြည်စယ်လိုက်သည်။


ယင်းကျောင်း၏ နှုတ်ခမ်းမှ အသက်ရှူငွေ့နွေးနွေးလေးသည် ကျင်းစစ်၏ ခန္ဓာကိုယ်ကို အနည်းငယ် တုန်ယင်သွားစေ၏။ တစ်ကိုယ်လုံးဆီမှ သွေးများသည် ဦးနှောက်ထဲသို့ ရောက်သွားသလိုပင် ခံစားလိုက်ရကာ သူ၏ အသိစိတ်များပင် အနည်းငယ် ဝေဝါးလာလေသည်။


ယင်းကျောင်းသည် သူ့အနားမှအနည်းငယ် ခွာလိုက်ကာ သူ့နှုတ်ခမ်းကို ကြည့်လိုက်ပြီး နမ်းရန် ရှေ့တိုးလာပြန်သည်။


ကျင်းစစ်၏ အသက်ရှူသံများသည် ပြတ်တောင်းပြတ်တောင်း ဖြစ်လာပြီး တွေးတောင်မတွေးနိုင်တော့ဘဲ အလိုအလျောက် ယင်းကျောင်းကို တွန်းထုတ်လိုက်သည်။


" မရဘူး မရဘူး ... မရဘူး"


"အိုကေ" 


ပထမဆုံးအကြိမ်အဖြစ် ယင်းကျောင်းသည် သူ့စကားကို နားမထောင်ဘဲ ကျင်းစစ်၏ ရုန်းကန်မှုများကို လျစ်လျူရှုလိုက်ကာ ကျင်းစစ် မလှုပ်နိုင်စေရန် သူ၏မေးစေ့ကို လက်တစ်ဖက်ဖြင့် ခပ်တင်းတင်းဖျစ်ထားပြီး ကျင်းစစ်၏ လက်ချောင်းထဲသို့ သူ့လက်ချောင်းများထိုးသွင်းကာ ယှက်နွယ်၍ ဆုတ်ကိုင်ထားလိုက်လေသည်။ သူ့ခေါင်းကို ငုံ့ကာ ရှေ့သို့ မှီချလာပြန်သည်။


ကျင်းစစ်၏ အသက်ရှူသံများသည် ပို၍ ပြင်းထန်လာပြီး ယင်းကျောင်း သူ့နားသို့ ဖြည်းဖြည်းချင်း တိုးလာသည့်အခါ ပို၍ သိသာလာလေသည်။ 


သူ၏အသက်ရှူသံများသည် လွှမ်းမိုးခံနေရကာ သူ့တွင် လွတ်မြောက်ရန် နေရာပင် မရှိတော့ချေ။ ထိတ်လန့်စွာဖြင့် ကျင်းစစ်သည် မသိစိတ်အရ သူ၏ လက်ခုံလေးဖြင့် နှုတ်ခမ်းကို ဖိထားကာ ကာကွယ်ထားလိုက်သည်။


ယင်းကျောင်းက ပေါ့ပေါ့ပါးပါးပင် ရပ်တန့်လိုက်ရသည်။


ယင်းကျောင်းက ပြုံးလိုက်ပြီးနောက် ကျင်းစစ်၏ လက်ဖဝါးလေးကို ဖွဖွလေး နမ်းလိုက်သည်။


ညနေခင်းလေပြေလေးသည် တိုက်ခတ်သွားပြီး ပန်းခင်းထဲမှ အစိမ်းရောင် အပင်လေးများသည် တရှဲရှဲ မြည်သံများဖြင့် ဘယ်ညာယိမ်းသွားကြလေသည်။ ယင်းကျောင်း၏ အသံခပ်အုပ်အုပ်သည် ညနေခင်းလေပြေလေးနှင့်အတူ ကျင်းစစ်၏ နားထဲသို့ ရောယှက်ကာ ပျံလွင့်သွားလေ၏။


"ကိုယ် မင်းကို သဘောကျတယ်" 


ယင်းကျောင်းက ပြောလာသည်။


ကျင်းစစ်၏ မျက်တောင်များသည် အနည်းငယ် တုန်ယင်သွားပြီး သူ၏ နှလုံးခုန်သံသည် ရုတ်တရက် ရပ်တန့်သွားသလို ခံစားလိုက်ရ၏။


ယင်းကျောင်း၏ နားများသည်လည်း နီရဲနေလေသည်။ သူကိုင်ထားသော ကျင်းစစ်၏ လက်လေးကို သူ့ရင်ဘတ်ပေါ်တွင် ဖိထားလိုက်ကာ ခေါင်းငုံ့ပြီး ထိုလက်ကလေးကို ငြင်သာစွာ နမ်းပြီး ပြောလိုက်သည်ဟ


" မင်း...မင်း ချစ်သူကောင်လေး တစ်ယောက်လောက် လိုချင်လား"


____


ကျင်းစစ်သည် သင်္ချာအိုလံပစ်အတန်းထဲသို့ မည်သို့ပြန်ရောက်လာသည်ကိုပင် မသိလိုက်ချေ။ သူ အသိပြန်ဝင်လာသောအခါ လီကျိုး၏ စိတ်ပူနေသော မျက်နှာကို တွေ့လိုက်ရသည်။


" အစ်ကိုစစ် ဘာဖြစ်လို့လဲ... အစ်ကို့မျက်နှာ နီနေတယ် ဖျားနေတာလား"


"မဟုတ်ပါဘူး" 


သူဖုံးကွယ်ရန် ကြိုးစားနေသော အရာသည် လူကြားထဲတွင် ပေါ်သွားသောကြောင့် သူက စာအုပ်တစ်အုပ်ကို သဘာဝမကျစွာ ယူလိုက်ပြီး သူ၏ စိတ်အခြေအနေကို ဖုံးကွယ်ရန် ကြိုးစားလိုက်သည်။


" ငါ အဆင်ပြေပါတယ်"


သူသည် ရှက်ရွံ့နေသောကြောင့် စာအုပ်ကိုတောင် မထိန်းနိုင်တော့ဘဲ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။


"ဒါလား အဆင်ပြေနေတယ်ဆိုတာ" 


ကျိုးချောင်က အမြန် ကုန်းလိုက်ကာ သူကိုကူညီ၍ စာအုပ်ကိုကောက်ပေးလိုက်သည်။ ထို့နောက် ကျင်းစစ်၏ နှဖူးကို လက်ဖြင့် စမ်းလိုက်သည်။


"ဘုရားရေ ပူချစ်နေတာပဲ...ကျောင်းဆေးခန်းကို သွားမလား"


"မလိုပါဘူး" 


ကျင်းစစ်သည် ရှက်ရွံ့စွာ ခေါင်းငုံ့လိုက်ပြီးနောက် သင်္ချာအိုလံပစ်စာအုပ်ကို လှန်ပြီး ပြောလိုက်သည်။


" ခဏလောက်ကြာရင် ကောင်းသွားမှာပါ"


ကျိုးချောင်သည် သူ့ကို မဖျောင်းဖျနိုင်သောကြောင့် လက်လျော့လိုက်လေသည်။


......


စာရေးဆရာမှာ ပြောစရာရှိတယ်~


ပြဇာတ်ရုံငယ်ထဲတွင် ~


ယင်းကျောင်း : ငါလည်း မထိန်းနိုင်တော့ဘူးလေ